အခန်း (၅၈) ဒဲလ်ကုမ္ပဏီ၏ သူဌေးကြီး
ကျိုးမေက ခေါင်းအနည်းငယ် ညိတ်လိုက်၏။
"ဟုတ်တယ် သူ ဝန်ခံမှာ မဟုတ်ဘူး ရှင့်မှာ ခိုင်လုံတဲ့ အထောက်အထား ရှိမှပဲ"
"ငွေသား လက်လွှဲတဲ့ ကိစ္စမှာ ခိုင်လုံတဲ့ အထောက်အထား ဆိုတာ ရှားပါတယ် ကျွန်တော့်မှာ အထောက် အထား မရှိဘူး"
"ဒါဆို... ကျွန်မတို့ ဒီကို ဘာလာလုပ်တာလဲ ရှင်က မေးတယ် သူက ဖြေတယ် ပြီးသွားတာပဲ ဒါက လုံးဝ အသုံးမဝင်သလို ပစ်မှတ်ကိုလည်း သတိပေးလိုက်သလို ဖြစ်သွားနိုင်တယ်"
လင်ရှောင်စုက ရယ်မောလိုက်၏။
"ခင်ဗျား ဒီစကားကို ယုံလား အခွင့်အရေးဆိုတာ ဖြစ်စဉ်ထဲမှာပဲ ဖန်တီးယူရတာ"
ကျိုးမေက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။
"ဘာလို့များ ရှင်နဲ့ အတူရှိတိုင်း ကျွန်မကို မြောင်းထဲ ပို့တော့မလို ခံစားနေရတာလဲ"
"ဟေ့ ဒါက ရက်စက်လွန်းရာ ရောက်တယ် ဟားဟား စဉ်းစားကြည့်ပါဦး ကျွန်တော်တို့ သိကျွမ်းလာ ကတည်းက ခင်ဗျား ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့မှာ ရာထူးတက်ဖို့ အရှိန်အဟုန်နဲ့ မမြင့်တက် လာဘူးလား"
"အရှိန်အဟုန်နဲ့ တက်တာကတစ်မျိုး ရှင်နဲ့ တွေ့ပြီးကတည်းက ကျွန်မ ငြိမ်းချမ်းတဲ့ နေ့တစ်နေ့မှ မရှိခဲ့ဘူး"
"ကျွန်တော်တို့ အလုပ်များခဲ့ပေမဲ့ အကျိုးအမြတ်တော့ ရခဲ့တယ် မဟုတ်လား ခင်ဗျားရဲ့ ရဲတံဆိပ်က တောက်ပနေပြီ မဟုတ်လား"
"အဲ့ဒီစကားကို ကြိုက်တယ် ဒုက္ခပင်လယ်ထဲမှာ တောက်ပနေတဲ့ ကြယ်တစ်ပွင့်လိုပဲ"
ကျိုးမေ အနည်းငယ် ကျေနပ်သွားသည်။
"ဒါဆို ဒီနေ့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ ခင်ဗျား ပခုံးပေါ်က တောက်ပနေတဲ့ ကြယ်ပွင့်လေး နောက်တစ်ခု ထပ်တိုးလာနိုင်တယ်"
"တော်စမ်းပါ ဒီနေ့ ရှင်က ကျွန်မကို လူသားဒိုင်း ဒါမှမဟုတ် လှေကားထစ်လို အသုံးချနေတာ တစ်ယောက်ယောက်က အာဏာအလွဲသုံးစားမှုနဲ့ တိုင်ကြားလို့ ကျွန်မ ဒုက္ခရောက်ရင် ကံကောင်း တယ်ပဲ မှတ်ရမှာ အောင်မြင်ဖို့ဆိုတာ ဝေးပါသေးတယ်"
"ဒီလိုလုပ်ရင်ကော ဒီနေ့ ဘာမှ မရခဲ့ရင် ကျွန်တော် ခင်ဗျားကို တခြားဟာ တစ်ခု ပေးမယ်"
လင်ရှောင်စုက ပြောလိုက်သည်။
ကျိုးမေ၏ မျက်လုံးများ အရောင်လက်သွား၏။
"ဘာလဲ"
"၅.၁၆ အမှုကြီးရဲ့ အဓိက သော့ချက် တစ်ခု"
"ဘယ်သူလဲ"
"အစ်ကိုဟူးရဲ့ လက်ရုံးတဆူ ဖြစ်တဲ့ ချင်းဟဲ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်း လီခိုင်ယွမ်"
ကျိုးမေ တုန်လှုပ်သွား၏။
လီခိုင်ယွမ်
ချင်းဟဲ ကုမ္ပဏီရဲ့ အဓိက ပုဂ္ဂိုလ်
သူ့ကို ဖမ်းမိရင် သူဌေးကြီးဟူးရဲ့ ကွင်းဆက်အားလုံး အဆင်ပြေသွားမည်ဖြစ်၏။
ဒါကြောင့် စုံစမ်းရေးအဖွဲ့က ဒီလူကို အရမ်း အရေးပေးပြီး ဆုငွေ ယွမ် ၃၀၀,၀၀၀ နဲ့ ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပေသည်။
စုံစမ်းရေးအဖွဲ့က အတွင်းပိုင်းမှာလည်း ဆုကြေး အစီအစဉ် ကြေညာထားလေသည်။
‘အဓိက သဲလွန်စ ရှာတွေ့သူကို ရာထူး တစ်ဆင့် တိုးပေးမယ်တဲ့ ရာထူး တစ်ဆင့် တိုးတယ်ဆိုတာ ရဲတံဆိပ် တစ်ခုနဲ့ ညီမျှတာပဲ’
ရဲတံဆိပ်... ကျိုးမေ အနှစ်သက်ဆုံး အရာ...
"သူ ဘယ်မှာလဲ"
ကျိုးမေ တကယ်ကို စိတ်လှုပ်ရှားနေလေသည်။
"ကျွန်တော် ပြောခဲ့တာက ဒီနေ့ ဘာမှ မရရင် ဒါကို ပေးမယ်လို့ ပြောတာ"
"စကားဝေ့မနေနဲ့တော့ ရဲကိစ္စတွေက အရေးကြီးမှန်း မသိဘူးလား ရှင် သိထားတာ အကုန်ထုတ် ပြောစမ်းပါ ဒီစက္ကန့်ကစပြီး ကျွန်မက ရှင့်အပိုင်ပဲ ကြိုက်သလို အသုံးချလိုက်တော့"
"ဟေ့ ဟေ့ အဲ့ဒီလို ပေါ့ပေါ့တန်တန် မပြောနဲ့လေ..."
"ဘာကြောက်တာလဲ ရှင်က ကျွန်မကို ဒိုင်းကာအဖြစ် သုံးမှာ မဟုတ်လား တခြား ဘာများ ထပ်ပြီး သုံးဦးမှာလဲ"
လင်ရှောင်စုက သူမနားကို ကပ်ပြီး တစ်ခုခု တိုးတိုးလေး ပြောလိုက်၏။
ကျိုးမေ၏ ရဲရင့်မှုတွေ မျက်နှာပေါ်ကနေ ပျောက်ကွယ်သွားလေသည်။
"ရှင် ဘယ်လိုသိတာလဲ"
လင်ရှောင်စု သက်ပြင်းအသာ ချလိုက်မိသည်။
"ကျွန်တော်က သဘာဝအရ သတိရှိတတ်တယ် ၅.၁၆ အမှုက ခင်ဗျားကို ဆွဲထားတော့ ကျွန်တော့်ကို ပစ်မှတ်ထားတဲ့ လူတွေကို သတိထားဖို့ လိုတယ်လေ ဒါနဲ့ ညဘက်မှာ လူတချို့ အမြဲပြောနေတဲ့ ဘိုင်လူ စားသောက်ဆိုင်ကို သွားခဲ့တယ် ကျွန်တော့်အပေါ် ဘာကြံစည်နေလဲ သိချင်လို့... ကံကောင်း ထောက်မစွာနဲ့ပဲ လီခိုင်ယွမ်နဲ့ ကျိုးလူပင်တို့ အခန်းထဲ ဝင်သွားတာ တွေ့လိုက်ရတယ်
လီခိုင်ယွမ်က ကျိုးလူပင်ကို ပြောတာက အခြေအနေတွေ မကောင်းတော့လို့ ထွက်သွားရမယ်တဲ့ ဖုန်းချန်မှာ သူက ကျိုးလူပင်မှလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူး ဘာလို့လဲဆိုတော့ ကျိုးလူပင်က လီခိုင်ယွမ်ရဲ့ အောက်မှာ တစ်ယောက်တည်း ကျန်နေခဲ့လို့ပဲ လီခိုင်ယွမ် အဖမ်းခံရရင် ကျိုးလူပင်လည်း ပါသွားမှာ သေချာတယ် လီခိုင်ယွမ် လွတ်နေရင် ကျိုးလူပင်လည်း စိတ်ပူစရာ မလိုဘူး ဒါက အထူး အခြေအနေမှာ တည်ဆောက်ထားတဲ့ ထူးခြားတဲ့ ယုံကြည်မှုပဲ
သူတို့နှစ်ယောက်ကြားမှာ ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ခုလို ဖြစ်နေတယ် လီခိုင်ယွမ် မဖမ်းမိသရွေ့ ကျိုးလူပင် လုံခြုံမယ် ကျိုးလူပင်က စုံစမ်းရေးအဖွဲ့ရဲ့ အာရုံထဲမှာ မရှိသရွေ့ လီခိုင်ယွမ် လည်း အဖမ်းမခံရနိုင်ဘူး ဒါကြောင့် လီခိုင်ယွမ်က သူ့ရဲ့ အရေးပေါ် ဆက်သွယ်ရေး နည်းလမ်းတွေကို ကျိုးလူပင်ကို ပေးပြီး ၅.၁၆ အမှုရဲ့ အခြေအနေတွေကို အပ်ဒိတ်လုပ်ခိုင်းကာ သူ ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို တိတ်တဆိတ် စီမံခိုင်းလိုက်တာပါ’’
လင်ရှောင်စု၏ စကားများကို ကြားပြီးနောက် ကျိုးမေ၏ မျက်နှာ နီရဲလာ၏။
လီခိုင်ယွမ် သုံးတဲ့ ပုန်းခိုရာ လူမှုရေး ဆက်ဆံရေး အလွှာတွေက ဘယ်သူမှ မသိတဲ့ အရာတွေပင် ဖြစ်၏။
ဖိုင်တွေထဲမှာ လုံးဝ ရှိမနေပဲ စုံစမ်းရေးအဖွဲ့တွေသာ ရှာမယ်ဆိုရင် မြေပြင်ကို ၃ ပေလောက် တူးရင်တောင် ဘာသဲလွန်စမှ ရနိုင်မည် မဟုတ်ပေ။
ကျိုးမေက တစ်စက္ကန့်မှ မနှောင့်နှေးဘဲ တခြားဖုန်းနဲ့ စုံစမ်းရေးအဖွဲ့ကို ဖုန်းဆက်လိုက်၏။
စုံစမ်းရေးအဖွဲ့ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွား၏။
ဂျန်းချန်မြို့ဆီ ချက်ချင်းဆိုသလို ပိုက်စိပ်တိုက် ရှာဖွေရေးတွေ ပြုလုပ်တော့သည်။
ကျိုးမေ ဖုန်းမချခင်မှာတင် စုံစမ်းရေးအဖွဲ့က လှုပ်ရှားနေပြီ။
စုံစမ်းရေးအဖွဲ့ ခေါင်းဆောင်က ဖုန်းထဲမှာ အသက်ပြင်းပြင်း ရှူလိုက်၏။
"ရဲအရာရှိ ကျိုးမေ ခင်ဗျားပေးတဲ့ သတင်းက မှန်ကန်ပြီး ထိရောက်ရင် ခင်ဗျားရဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော်တို့ အသိအမှတ်ပြုပေးမယ်"
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ကျွန်မရဲ့ တာဝန်ပါ"
ဖုန်းချလိုက်ပြီးနောက် ကျိုးမေ အသက်ပြင်းပြင်း ရှူလိုက်လေသည်။
"အခု ကျွန်မ ကတိအတိုင်း လုပ်လိုက်ပြီ ကျွန်မက ရှင့်ရဲ့အပိုင်ပဲ"
ဒဲလ် ကုမ္ပဏီက မြို့ရဲ့ တောင်ဘက်မှာ ရှိ၏။
ကျယ်ဝန်းတဲ့ မြေဧရိယာက ဒေသန္တရ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးမှာ ကြိုးပမ်းမှုကို အပြည့်အဝ ပြသနေလေသည်။
ဒဲလ်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ အလွန်ပင် ထူးခြားဆန်းကြယ်လှသည်။
၎င်းတို့သည် မြေဧက တစ်ရာခန့်ကို ရယူပြီးနောက် လုပ်ထုံးလုပ်နည်းအားလုံးကို အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ခဲ့ကြ၏။ မြေယာအငြင်းပွားမှုများ ရှိခဲ့လျှင်ပင် စက်ရုံလည်ပတ်ရေးကိုသာ အာရုံစိုက်နိုင်စေရန်အတွက် အစိုးရဘက်မှ တာဝန်ယူ ဖြေရှင်းပေးထားသည်။
ထို့အပြင် မြေယာလွှဲပြောင်းခများကို မယုံနိုင်လောက်အောင် သက်သာသောနှုန်းထားဖြင့် သတ်မှတ် ပေးထားပြီး စက်ရုံစတင်လည်ပတ်ချိန်မှ ၃ နှစ်အထိ အခွန်ကင်းလွတ်ခွင့်နှင့် နောက် ၅ နှစ်အထိ အခွန်တစ်ဝက် သက်သာခွင့်များဖြင့် အထူးအစီအစဉ်များ ချမှတ်ပေးထားလေသည်။
ဒဲလ်ကုမ္ပဏီ၏ လုပ်ဆောင်ပုံမှာလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လုံးဝကွဲပြားခြားနားသည်။ ၎င်းတို့သည် သာမန်လုပ်ငန်းရှင်များကဲ့သို့ ဈေးဆစ်ခြင်းမျိုး မရှိသည့်အပြင် ပေးအပ်သမျှ အခြေအနေ အားလုံးကို ဝမ်းမြောက်စွာ လက်ခံလေ့ရှိသည်။
အခွန်ကိစ္စရပ်များတွင်လည်း အလွန်သန့်ရှင်းပြီး ဒေသန္တရအစိုးရ၏ ငွေကြေးအခက်အခဲများကို သိရှိပါက အခွန်များကိုပင် ကြိုတင်ပေးဆောင်၍ ကူညီတတ်သူများပင် ဖြစ်လေသည်။
ဤသို့သော စီးပွားရေးသမားမျိုးကို အစိုးရအဖွဲ့အစည်းများအနေဖြင့် အထူးပင် လေးစားချစ်ခင်ကြ၏။
ဤလုပ်ဆောင်ချက်များကြောင့် နှစ်အနည်းငယ်အတွင်းမှာပင် ဒဲလ်ကုမ္ပဏီသည် စံပြစီးပွားရေး လုပ်ငန်းရှင်အဖြစ် သတ်မှတ်ခံရပြီး အစိုးရဌာနအသီးသီး၏ အထူးဧည့်သည်တော်အဖြစ် ရောက်ရှိလာ ခဲ့လေသည်။ ၎င်းတို့၏ စီးပွားရေးပုံစံသည် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးအတွက် အောင်မြင်သော နမူနာပုံစံတစ်ခု ဖြစ်လာတော့သည်။
လင်ရှောင်စုနဲ့ ကျိုးမေတို့ ကားနဲ့ စက်မှုဇုန်ထဲ ဝင်လာခဲ့လေသည်။
သူတို့ရှေ့မှာတော့ ထူးခြားတဲ့ စက်ရုံ အဆောက်အဦးတွေ ရှိနေကြ၏။
သံမဏိ တည်ဆောက်ပုံ အဆောက်အဦး ဆယ်ဂဏန်းလောက် ရှိနေပြီး ကုန်ကြမ်း အလုပ်ရုံ၊ အမျိုးအစား ခွဲခြားရေး အလုပ်ရုံ၊ အချိုးအစား ပေါင်းစပ်ရေး အလုပ်ရုံ၊ ထုတ်လုပ်ရေး အလုပ်ရုံ၊ ကုန်ချော အလုပ်ရုံ၊ ထုပ်ပိုးရေး အလုပ်ရုံ စသည့်အလုပ်ရုံတိုင်းမှာ အလုပ်သမား အများအပြား ရှိနေကြသည်။
စက်ရုံမှာ လုံခြုံရေး အစောင့် ရှိ၏။
ကျိုးမေ ပြလိုက်တဲ့ ရဲတံဆိပ်ကို မြင်တော့ အဘိုးကြီးရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး
"ရဲအရာရှိကြီးတို့ ဝင်ခဲ့ကြပါ"
သူတို့ ရုံးခန်း အဆောက်အဦးထဲကို ဘာပြဿနာမှ မရှိဘဲ ဝင်သွားကြ၏။
တတိယ ထပ်မှာ ဥက္ကဋ္ဌ ရုံးခန်း ရှိပြီး အတွင်းရေးမှူးနဲ့ တွေ့ခဲ့ကြလေသည်။
ဒီအတွင်းရေးမှူးက သူတို့ ထင်ထားတာထက် ပိုသာနေ၏။
သူဌေးရဲ့ အတွင်းရေးမှူး ရာထူးဆိုတာ အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေမှာ အလှပြသက်သက် ဖြစ်လေ့ရှိပေမဲ့ ဒီအတွင်းရေးမှူးကတော့ အလှပြ မဟုတ်တာ သေချာလှသည်။
လှပပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထား၏။
မိတ်ကပ် အပြင်းစား မလိမ်းထားပေမဲ့ ထက်မြက်ပြီး စွမ်းဆောင်ရည် ရှိပုံပေါက်နေလေသည်။
သူတို့ လာတဲ့ ရည်ရွယ်ချက်ကို ကြားတော့ အတွင်းရေးမှူးက ချက်ချင်း လက်ဖက်ရည် ဖျော်ပေး လိုက်၏။
လက်ဖက်ရည် ငှဲ့တဲ့ သူမရဲ့ လှုပ်ရှားမှုတွေက လုံးဝကို ရိုးရှင်းပြီး သန့်ရှင်းပြီး မလိုအပ်တဲ့ လှုပ်ရှားမှု တစ်ခုမှ ရှိမနေချေ။
လက်ဖက်ရည်ခွက် ပေးတဲ့အခါ သူမမျက်နှာမှာ အရမ်း တည်ငြိမ်တဲ့ အပြုံးတစ်ခု ပြုံးလိုက်ပြီး
"သူဌေးက စီးပွားရေး ဧည့်သည် လက်ခံနေပါတယ် နည်းနည်းတော့ ကြာလိမ့်မယ် ပြီးရင် ကျွန်မ ရှင်တို့ကို ခေါ်သွားပေးမယ်"
လင်ရှောင်စု ခေါင်းအသာ ညိတ်လိုက်သည်။
"ဘယ် စီးပွားရေး ဧည့်သည်ကို လက်ခံနေတာလဲ"
"ချန်ရှန်း အုပ်စု "
လင်ရှောင်စုက မှတ်ချက်ပေးလိုက်၏။
"ချန်ရှန်း အုပ်စုက နိုင်ငံတော် အဆင့် ကုမ္ပဏီကြီးလေ သူတို့က ခင်ဗျားတို့ရဲ့ ဖောက်သည်တွေလား"
"ချန်ရှန်း အုပ်စုရဲ့ စီးပွားရေး နယ်ပယ်က အကုန် အကျုံးဝင်ပါတယ် သူတို့နဲ့ လက်တွဲဖော် ဖြစ်ဖို့ အခွင့်အရေး ရှိရင် ဘာလို့ အမိအရ မဖမ်းရမှာလဲ"
ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ စကား အနည်းငယ်ပေမဲ့ အတွင်းရေးမှူးရဲ့ အရည်အချင်းကို ဖော်ပြနေ၏။
ချန်ရှန်း အုပ်စုဆိုတာ လွန်ခဲ့တဲ့ နှစ် ၃၀ က တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခု လွန်ခဲ့တဲ့ ၁၀ နှစ်က မျိုးရိုးဗီဇ လုပ်ငန်းမှာ နာမည်ကြီးလာပြီး နိုင်ငံတကာအထိ ကျော်ကြားလာတာပင် ဖြစ်လေသည်။ ဒီလို ကမ္ဘာကျော် ကုမ္ပဏီက ဒဲလ် ကုမ္ပဏီရဲ့ လက်တွဲဖော် ဖြစ်နေတာက ဂုဏ်ယူစရာ ကောင်းပေမဲ့ အတွင်းရေးမှူးကတော့ အရမ်း တည်ငြိမ်တဲ့ အသံနဲ့ ပြောနေတာ ဖြစ်ပြီး ချန်ရှန်း အုပ်စုကို သုံးပြီး ကိုယ့်ကုမ္ပဏီ ဂုဏ်ကို မြှင့်တင်ဖို့ စိတ်ကူးလည်း မရှိပုံရ၏။
တံခါး ပွင့်လာပြီး အလယ်အလတ်အရွယ် အမျိုးသားတစ်ယောက် ထွက်လာ၏။
ဒီလူက ချန်ရှန်း အုပ်စုရဲ့ စီးပွားရေး ကိုယ်စားလှယ် ဖြစ်ပြီး ဒူလီဖန်းက သူ့ကို ကိုယ်တိုင် လိုက်ပို့ပေးတာ ဖြစ်လေသည်။
သူက လင်ရှောင်စုနဲ့ ကျိုးမေကို ခေါင်းညိတ် ပြုံးပြပြီး ဧည့်သည်ကို ဓာတ်လှေကားအထိ လိုက်ပို့ပေးပြီး ပြန်လာခဲ့လေ၏။
ဒူလီဖန်းက အသက် ၅၀ ဝန်းကျင်
ဆံပင်ကို နောက်ပြန် ဖီးထားပြီး ကျယ်ပြန့်တဲ့ မျက်နှာက သူဌေး တစ်ယောက်ရဲ့ အရှိန်အဝါ ရှိနေသလို သူ့ရဲ့ သန်မာမှုနဲ့ တက်ကြွမှုကလည်း သိသာထင်ရှားလှသည်။
"ခင်ဗျားတို့က..."
"သူဌေး ဒါက ဖုန်းချန် ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့က ရဲအရာရှိ ကျိုးနဲ့ ဖုန်းချန် စုံထောက်ရုံးက စုံထောက် လင်ပါ"
အတွင်းရေးမှူးက ရှေ့ကို တိုးပြီး သူမသူဌေးကို မိတ်ဆက်ပေးလိုက်၏။
"တွေ့ရတာ ဝမ်းသာပါတယ် တွေ့ရတာ ဝမ်းသာပါတယ်"
ဒူလီဖန်းက သူတို့နဲ့ လက်ဆွဲနှုတ်ဆက်လိုက်၏။
"ကျွန်တော့် ရုံးခန်းထဲမှာ စကားပြောကြရအောင်"
သုံးယောက်သား ထိုင်လိုက်ပြီး ဒူလီဖန်းက ပြုံးပြီး စတင်ပြောဆိုလိုက်သည်။
"ကျွန်တော်က ဥပဒေ စိုးမိုးရေးနဲ့ သိပ်မဆက်ဆံတတ်ဘူး ဒီရုံးခန်းက ရဲအရာရှိတွေကို ပထမဆုံး အကြိမ် လက်ခံတာ ဖြစ်မယ်"
"တကယ်လား"
လင်ရှောင်စုက မေးလိုက်သည်။
ဒူလီဖန်း ရယ်မောလိုက်ပြီး
"နောက်ထပ် အကြောင်းရင်း တစ်ခု ရှိနိုင်တယ် ကျွန်တော် အရင်က အနောက်ဘက် အဆောက်အဦးမှာ အလုပ်လုပ်တာ ဒီလမှ ဒီကို ပြောင်းလာတာ"
"သူဌေးဒူက ဟာသဉာဏ် ရှိတာပဲ..."
လင်ရှောင်စုလည်း ပြုံးလိုက်သည်။
ဒူလီဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။
လေထုက ပြေလျော့သွားလေသည်။
အတွင်းရေးမှူးက လက်ဖက်ရည် နှစ်ခွက် ယူလာပေးလိုက်သည်။
လက်ဖက်ရွက်တွေကလည်း အသစ်၊ လက်ဖက်ရည်ကလည်း လတ်ဆတ်နေ၏။
သူတို့ရှေ့မှာ သဟဇာတ ဖြစ်နေတဲ့ လေထုကို မြင်တော့ အတွင်းရေးမှူးလည်း ပြုံးလိုက်မိလေသည်။
ဒူလီဖန်းက "ပြောပါဦး၊ ဒီနေ့ ဘာကိစ္စနဲ့ ရောက်လာတာလဲ"
သူ့အကြည့်က ကျိုးမေဆီမှာ ရှိနေပေမဲ့ ကျိုးမေက စကားမပြောဘဲ လင်ရှောင်စုကပဲ ပြောလိုက်သည်။
"ဒီမနက် မြို့တော် လုံခြုံရေး ဗျူရိုက ကျွန်တော့် စုံထောက်ရုံးကို ရုတ်တရက် လာပြီး ဒဏ်ငွေ အကြီးကြီး ရိုက်သွားတယ် ကျွန်တော့်ကို ဖုန်းချန်ကနေ ထွက်သွားစေချင်တဲ့သူ ရှိတယ်ဆိုတာ ကျွန်တော် သိလိုက်တယ် ဒါကြောင့် စုံထောက် နည်းလမ်းနဲ့ စုံစမ်းတော့ သူဌေးဒူနဲ့ ပတ်သက်တဲ့ ကောက်ချက်တစ်ခု ရလာတယ်"
"အို"
ဒူလီဖန်း၏ အပြုံးက တသမတ်တည်း ရှိနေပေမဲ့ ဒီအချိန်မှာတော့ အပြုံး ပျောက်ကွယ်သွား၏။
လင်ရှောင်စုက သူ့မျက်လုံးကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မြို့တော် လုံခြုံရေး ဗျူရိုက ဒုတိယညွှန်ကြားရေးမှူး လျူဒေါင် ပြောတာက မနေ့ည ၈ နာရီလောက်မှာ ခင်ဗျားရဲ့ ကားသမားကို စေလွှတ်ပြီး ယွမ် ၅၀၀၀၀ ပေးလိုက်တယ် ကျွန်တော့်ကို ဖုန်းချန်ကနေ မောင်းထုတ်ဖို့တဲ့"
"ဘာ ကျွန်တော်က လျူဒေါင်ကို ပိုက်ဆံ ပို့ခိုင်းတယ် ခင်ဗျားကို ဖုန်းချန်ကနေ မောင်းထုတ်ဖို့"
ဒူလီဖန်း ရယ်မောလိုက်၏။
"ကျွန်တော်က ဒုတိယညွှန်ကြားရေးမှူး လျူဒေါင်ကို သိပေမဲ့ အသိမိတ်ဆွေ အဆင့်လောက်ပဲ ရှိပါတယ် ကျိုးကြောင်း ဆီလျော်တဲ့သူ ဘယ်သူမဆို ဒါက ဘယ်လောက်တောင် အဓိပ္ပာယ် မရှိလဲဆိုတာ သိမှာပါ"