အခန်း (၅၇) မျိုးရိုးဗီဇ ဒုတိယအကြိမ် နိုးထခြင်း
သူက ဒီပန်းချီကားကို အရင်က မြင်ဖူး၏။
သူ မြင်တုန်းက ခေါင်းစဉ်လည်း မရှိသလို စာသား ၁၀ လုံးလည်း ရေးထားခြင်း မရှိချေ။
ထိုနေ့မနက်က စာကြည့်တိုက်မှာ သူမနဲ့ တွေ့ခဲ့ပြီး သူမက ဒီပန်းချီကို သူ့ကို ပေးချင်ပေမဲ့ သူက တခြား ကိစ္စရှိတာနဲ့ ထွက်လာခဲ့ပြီး ပန်းချီကားကို မယူခဲ့မိပေ။ အခုတော့ ဒီအမျိုးသမီးက ပန်းချီကားကို ခေါင်းစဉ်တပ်၊ ကဗျာ ရေးသားပြီး စုံထောက်ရုံးကို ပို့လိုက်ပြီ ဖြစ်ပေသည်။
"ဒီပန်းချီကားထဲက လူက ဘယ်သူလဲ" မြောင်ရိုလန်က မျက်တောင်ခတ်ကာ မေးလိုက်သည်။
"ကြည့်ကောင်းလား" လင်ရှောင်စုက ပြန်မေးလိုက်၏။
"နည်းနည်းတော့... တော်တော် ကြည့်ကောင်းတယ်"
"နည်းနည်း ကြည့်ကောင်းတယ်ဆိုတော့ ကျွန်တော်ပဲ ဖြစ်ရမှာပေါ့"
မြောင်ရိုလန်၏ မျက်လုံးများက ဟိုသည် ကြည့်လိုက်ပြီး
"ဒါဆို... ခင်ဗျားအတွက် ပန်းချီဆွဲပေးတဲ့သူက ဘယ်သူလဲ"
"တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်း အဲ့ဒီမေးခွန်းကို မေးဖို့ ပြင်နေတာပဲ"
မြောင်ရိုလန်က "ခင်ဗျား သူ့ကို မသိဘူးလား"
"လုံးဝ မသိဘူးလို့ ပြောရင် လိမ်ရာကျလိမ့်မယ် စာကြည့်တိုက်မှာတော့ အကြိမ်အနည်းငယ် မြင်ဖူးတယ် ဒါပေမဲ့ စကားတောင် မပြောဖူးဘူး ဒီမနက်မှ သူမက ရုတ်တရက် 'ဟေ့' လို့ ခေါ်ပြီး ပန်းချီကား ပေးချင်တယ်လို့ ပြောတာပဲ"
"ကျွန်မထင်တယ် သူမက နည်းနည်း လျှို့ဝှက်တယ်"
မြောင်ရိုလန်က ထပ်ပြောလိုက်၏။
"သူမ ပြတင်းပေါက်အပြင်ဘက်မှာ ကားစောင့်နေတုန်းက နောက်ကို လှည့်ကြည့်သွားတာ အဲ့ဒီအကြည့်က နည်းနည်း ရှုပ်ထွေးနေသလိုပဲ"
မြောင်ရိုလန်က သူမလက်ကို မြှောက်ပြီး ပြတင်းပေါက်အပြင်က သစ်ပင်တစ်ခုကို ညွှန်ပြလိုက်၏။
အဲ့ဒါက စိန်ပန်းပြာပင် ဖြစ်သည်။
‘အကြည့်က ရှုပ်ထွေးနေတယ် ဘယ်လောက်တောင် ရှုပ်ထွေးလို့လဲ’
လင်ရှောင်စုက ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်လိုက်ပြီး သူ့အကြည့်တွေ ရုတ်တရက် လွတ်မြောက်သွားလေ၏။
သူ မြင်ရတဲ့ လမ်းမပေါ်က ကားတွေနဲ့ မြင်းတွေက တိပ်ခွေတစ်ခုလို ပြန်လည် နောက်ပြန်ပြေး နေသလိုပင်။
သူက စိန်ပန်းပြာပင်အောက်မှာ ရပ်နေတဲ့ အမျိုးသမီးကို မြင်လိုက်ရ၏။ သူမ အကြည့်က...
‘အဲ့ဒီအကြည့်ကို ဘယ်လို ဖော်ပြရမလဲ ရှုပ်ထွေးတယ်လို့ ပြောရင် တိကျမှာ မဟုတ်ဘူး ရှုပ်ထွေးပုံ မပေါက်ဘူး ဒါပေမဲ့ ထူးဆန်းနေတာတော့ အမှန်ပဲ သူမက သူ့ရှေ့မှာ ရှိတာကို ကြည့်နေသလိုပဲ ဒါပေမဲ့ သူမ အကြည့်ရဲ့ အဓိက အချက်ကတော့ ဝေးလံတဲ့ မိုးကုပ်စက်ဝိုင်းမှာ ရှိနေသလိုပဲ အဲ့ဒီလို အကြည့်မျိုးကို ဘာလို့ ခေါ်မလဲ လွတ်မြောက်ခြင်း’
ဆွဲဆောင်ခြင်းခံလိုက်ရတဲ့ ခြင်တစ်ကောင်
ထိုကောင်က သူမ၏ ဖြူစင်နုနယ်ပြီး ကျောက်စိမ်းလို လည်ပင်းဆီသို့ ဦးတည်သွားလိုက်၏။
ဝတ်ရည် စုပ်ယူဖို့ အောင်မြင်တော့မလိုပင်။
ရုတ်တရက် ဆံပင်တစ်မျှင် လွင့်ဝဲလာပြီး ခြင်ကို ရိုက်ချလိုက်ရာ မျက်စိနဲ့တောင် မမြင်နိုင် လောက်အောင် နှစ်ခြမ်းကွဲသွားလေတော့သည်။
လင်ရှောင်စု၏ နှလုံးသား တစ်ချက် ခုန်သွားပြီး သူ့မျက်လုံးတွေ မသိလိုက်ဘဲ မှိတ်သွား၏။
အဲ့ဒီမှိတ်လိုက်တဲ့ အချိန်မှာ သူ 'အချိန်နောက်ကြောင်းပြန်ကြည့်ခြင်း'ကနေ သဘာဝအတိုင်း ထွက်လာ ခဲ့ပေသည်။
မြောင်ရိုလန်က အံ့အားသင့်စွာ မေးသည်။
"ဘာဖြစ်တာလဲ"
သူမက လင်ရှောင်စုနဲ့ အတူနေလာတာ ကြာပြီမို့ သူ့မျက်နှာအမူအရာ အပြောင်းအလဲကို အာရုံခံနိုင် ပေသည်။
ခုနက သူ တုန်လှုပ်စရာ တစ်ခုခုကို မြင်လိုက်တာ သေချာလှ၏။
လင်ရှောင်စု သက်ပြင်းချလိုက်မိလေသည်။
"မေလကုန်ခါနီးတော့ ခြင်တွေ ပိုများလာပြီ ရိုလန် ရှေးဟောင်း ကိုယ်ခံပညာရှင်တွေ အနေနဲ့ ခြင်တွေကို နှင်ထုတ်ဖို့ စိတ်ကူးမယဉ်နိုင်တဲ့ နည်းလမ်းတွေ ရှိလား"
မြောင်ရိုလန် ရယ်မောလိုက်ပြီး သူမခြေထောက်ဆီ လက်ကို လျင်မြန်စွာ ဆန့်လိုက်ကာ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူမလက်ဖဝါးထဲမှာ ခြင်တစ်ကောင် ရှိနေပြီး သူမလက်ချောင်း တွေကြားမှာ ခြေထောက်တွေ ပိတ်မိနေသည်။
"ဒီလိုမျိုးလား"
မြောင်ရိုလန်က ပြုံးပြီး မေးလိုက်သည်။
လေထဲက ခြင်ကို လက်ဆန့်လိုက်ရုံနဲ့ ဖမ်းနိုင်တာက ရှေးဟောင်း ကိုယ်ခံပညာရှင်တွေရဲ့ စွမ်းအား တစ်မျိုးပင် ဖြစ်လေတော့သည်။
လင်ရှောင်စုက သူမ၏ ဆံပင်ကို ကြည့်လိုက်၏။
"လက်တစ်ချောင်းမှ မလှုပ်ဘဲ ဆံပင်တစ်မျှင်နဲ့ ခြင်ကို ရိုက်သတ်နိုင်လား"
မြောင်ရိုလန်က သူ့ကို ကြည့်လိုက်မိသည်။
"ကျွန်မကို နတ်သမီးလို့ ထင်နေတာလား ကျွန်မရဲ့ အတွင်းအားက အဆင့်တစ်ခု တက်သွားပြီး တခြားသူတွေကို ထိခိုက်နိုင်တဲ့ 'ပန်းခူး အရွက်ကောက်'အဆင့်ထိ ရောက်သွားရင်တောင် ကိုယ့်ဆံပင်ကို ဒီလောက်တိကျအောင် ဘယ်လို ထိန်းချုပ်မလဲ"
"ဒါဆို အမိလေးရဲ့ နားလည်မှုအရ လူတစ်ယောက်က ဆံပင်တစ်မျှင်နဲ့ ခြင်ကို ရိုက်သတ်နိုင်ရင် အဲ့ဒါ နတ်သမီးရဲ့ နည်းလမ်းပေါ့"
"ရှေးဟောင်း ကိုယ်ခံပညာ စနစ်မှာတော့ ဒီအဆင့်က နတ်သမီး နည်းလမ်းနဲ့ ညီမျှလောက်တယ် ဒါပေမဲ့ အဲ့ဒါ ရှေးဟောင်း ကိုယ်ခံပညာ စနစ်ပဲ ခေတ်သစ် လူ့အဖွဲ့အစည်းမှာ ရှေးဟောင်း ကိုယ်ခံပညာတွေ ကျဆင်းသွားပြီး မျိုးရိုးဗီဇက နေရာယူထားတယ် မျိုးရိုးဗီဇ စနစ်မှာ အဲ့ဒီလို အံ့သြစရာ နည်းလမ်းမျိုး ရှိမရှိ ကျွန်မ တကယ် မသိဘူး... ဘာလို့ ရုတ်တရက် ဒီမေးခွန်းကို မေးတာလဲ"
"ဘာမှ မဟုတ်ပါဘူး... နွေရာသီ ဖြစ်လို့ ခြင်တွေ ပိုများလာလို့ပါ"
မြောင်ရိုလန် ရယ်မောလိုက်သည်။
"ရှင်က ခြင်ရိုက်ဖို့အတွက်နဲ့ ဦးရေပြားထဲက အကြောတစ်ခုကို ဖွင့်ဖို့ 'ပြန်လည်နုပျိုခြင်း အတွင်းအား' ကို သုံးဖို့တော့ မကြံနဲ့နော် စိတ်ကူးယဉ်နေတာလျော့ဦး ကျွန်မ ခြင်ဆေးခွေ ဝယ်ထားပြီးသား သံလွင်ပန်းရနံ့နဲ့မို့ အနံ့ အရမ်းကောင်းတယ် နမ်းကြည့်ပါဦး"
သူမက ခြင်ဆေးခွေ တစ်ဘူးကို တကယ် ထုတ်ပေးပြီး လင်ရှောင်စုကို နမ်းခိုင်းလိုက်လေသည်။
လင်ရှောင်စုက မျက်လုံးမှိတ်ပြီး နမ်းရှိုက်လိုက်၏။
သူ့စိတ်ထဲမှာတော့ ခုနက ကြက်သီးထစရာ မြင်ကွင်းကို ပြန်တွေးနေမိ၏။
‘အဲ့ဒီအမျိုးသမီးက ဆံပင်တစ်မျှင်နဲ့ ခြင်ကို သတ်နိုင်တယ် တစ်လျှောက်လုံး ခြင်က သူမ အမြင်အာရုံ ထဲမှာတောင်ရှိမနေခဲ့ဘူး ဒါ ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ နည်းလမ်းလဲ’
အဲ့ဒါက ရှေးဟောင်း ကိုယ်ခံပညာ ဆိုရင် မြောင်ရိုလန် ပြောသလို နတ်သမီး နည်းလမ်းသာ ဖြစ်နိုင်မည်။ သို့သော် ရှေးဟောင်း ကိုယ်ခံပညာတွေက ပျောက်ကွယ်သွားချေပြီ။
လင်ရှောင်စုက သူမကို မျိုးရိုးဗီဇပြောင်း လူသားတစ်ယောက် ဖြစ်ဖို့ ပိုပြီး မျှော်လင့်ထားလေသည်။
‘မျိုးရိုးဗီဇနဲ့ တကယ်ပဲ ဒီလို အံ့ဖွယ်မျိုး လုပ်နိုင်တာလား မျိုးရိုးဗီဇက အရာအားလုံးကို ထိန်းချုပ် ထားတယ်ဆိုတာ သေချာပါတယ် သတ္တဝါတချို့ရဲ့ ဆံပင်တွေက ဆံပင်တွေ မဟုတ်ဘဲ အတက်တွေ ဖြစ်နေတာမျိုး ဒီလို မျိုးရိုးဗီဇမျိုးကို လူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်ရင် လူ့ဆံပင်တွေက အတက်တွေ ဖြစ်သွားမလား’
မည်သို့ပင် ဖြစ်နိုင်ခြေ များပါစေ၊ ဒီနည်းလမ်းကတော့ တုန်လှုပ်စရာကောင်းပြီး ထူးခြားလှသည်။
သူမရဲ့ အံ့သြဖွယ် အဆင့်က ချန်ယဲ့နဲ့ ၈၈ တို့ထက် အဆပေါင်းများစွာ သာလွန်၏။
ချန်ယဲ့၊ ရှင်းယွဲ့၊ ၈၈ တို့က မည်သူပဲ ဖြစ်ပါစေ၊ သူတို့က လူတွေပဲ ဖြစ်နေကြသေးသည်။
သို့သော် သည်အမျိုးသမီးကတော့ လူလို့တောင် မဆိုသာ နိုင်တော့ချေ။
‘ဒါက မျိုးရိုးဗီဇရဲ့ ဒုတိယနယ်ပယ် 'နိုးထခြင်း'ဖြစ်နိုင်မလား’
‘သူမက တကယ်ပဲ ဒုတိယနယ်ပယ်မှာ ရှိနေတယ်ဆိုရင် ပြဿနာ တစ်ခု ရှိလာပြီ နိုးထသူတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ လွှမ်းမိုးထားတဲ့ ပုဂ္ဂိုလ်တွေပဲ ဖုန်းချန် မြို့ငယ်လေးမှာ ဒီလို နတ်ဘုရားမမျိုးကို ဆွဲဆောင်နိုင်လောက်တဲ့ ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ သူမက ဘာလို့ သူ့ကို တမင်တကာ မိတ်ဆွေဖွဲ့နေတာလဲ’
လင်ရှောင်စုက ပြောလိုက်သည်။
"နေ့လည်စာ စားချိန်ရောက်ပြီ အပြင်သွားစားကြရအောင်"
မြောင်ရိုလန်က အော်ပြောလိုက်၏။
"ဟုတ်တယ် ဒီနေ့တော့ အကောင်းဆုံး စားကြမယ်"
သူမရဲ့ စိတ်အခြေအနေက ဒီနေ့ အကြီးအကျယ် လှုပ်ခတ်ခဲ့လေသည်။
အန္တရာယ် ကျော်လွန်သွားတော့ ကောင်းကင်ကြီး ကြည်လင်သွားသလိုဖြစ်ပြီး ဒီဒုက္ခကို ကျော်ဖြတ် နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆုချဖို့ ထိုက်တန်တယ်လို့ ခံစားလိုက်ရ၏။
လမ်းလျှောက်ရင်း သူတို့တွေ အသစ်ဖွင့်ထားတဲ့ မုန့်ဆိုင်တစ်ဆိုင်ကို တည့်တည့် သွားကြလေသည်။
လင်ရှောင်စုက တံခါးအပြင်မှာ ရပ်လိုက်ပြီး လမ်းမကြီးရဲ့ အဆုံးကို ကြည့်လိုက်၏။
အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက ထွက်ခွာသွားခဲ့ပြီဖြစ်ချေ၏။
ဖုန်းချန်ကနေ ကားနဲ့ ထွက်သွားပြီး ၁၀ မိုင်အကွာက အဝေးပြေးလမ်းမပေါ် တက်သွားလေသည်။
နေ့လည်စာ စားပြီးနောက် မြောင်ရိုလန်က လျှပ်စစ်ဆိုင်ကယ်နဲ့ အမှုတစ်ခုကို သွားရောက် ကိုင်တွယ်လိုက်၏။
‘ဒီအမှုကို မနေ့က လက်ခံထားတာ၊ ပုံမှန် ပိုင်ဆိုင်မှု စုံစမ်းစစ်ဆေးရေး အမှုပဲ’
သူမက လင်ရှောင်စုကို ဒီလို အမှုမျိုးကို သူမဘာသာ ကိုင်တွယ်နိုင်တယ်လို့ ပြောပြီး လင်ရှောင်စုလည်း သူမကို လုပ်ခိုင်းရတာ ဝမ်းသာနေလေသည်။ ဒီကောင်မလေးက စုံထောက် သီအိုရီတွေကို အပြည့် လေ့လာထားပြီး သူ့နောက်မှာ အမှုအချို့ကိုလည်း လိုက်ပါလာခဲ့သည်။ အခုတော့ သူမကို သေးငယ်တဲ့ အမှုတွေကို လွတ်လပ်စွာ ကိုင်တွယ်ခိုင်းဖို့ အချိန်တန်ပြီဖြစ်ပေသည်။ လူတွေက တဖြည်းဖြည်းချင်း ကြီးပြင်းလာကြရတာပဲ မဟုတ်ပေလော။
လင်ရှောင်စုကတော့ စုံထောက်ရုံးရဲ့ ဧည့်ခန်းထဲမှာ ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက်ပေါ် တင်ပြီး အပြင်က ကားဟွန်းသံ မကြားမချင်း အေးအေးဆေးဆေး ထိုင်နေ၏။
လင်ရှောင်စုက မော့ကြည့်လိုက်တော့ ကျိုးမေ၏ ကားကို မြင်လိုက်ရ၏။
သူ အပြင်ထွက်ပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။
ဘေးထိုင်ခုံမှာ ထိုင်လိုက်တဲ့ လင်ရှောင်စုက မျက်လုံးရှေ့မှာ တောက်ပနေသလို ခံစားလိုက်ရသည်။
ဒီနေ့ ကျိုးမေက ရဲယူနီဖောင်း မဝတ်ထားဘဲ အပြာရောင် ဆောင်းဦးဝတ်စုံနဲ့ ပန်းရောင် အင်္ကျီ အပေါ်ထပ် ဝတ်ထား၏။
သူမ ဆံပင်တွေကို ချထားပြီး သူသာ မှားမပြောရင် သူမ မျက်နှာမှာ မိတ်ကပ် အပါးလေး တစ်ထပ် ရှိနေလေသည်။
အနံ့ ခပ်ဖွဖွ ရှူကြည့်လိုက်တော့ သူ မမှားဘူးပေ။
မုန့်ညက်နံ့တောင် ရနေသေး၏။
ဒီလို ဝတ်စုံနဲ့ဆို သူမက တကယ်ကို လှပတဲ့ အမြင့်ဆုံး အဆင့်ကို ရောက်သွားပြီလို့ ပြောရမည်ဖြစ်၏။
ကျိုးမေက အခြေခံအားဖြင့် အရမ်း လှပတဲ့သူဖြစ်ပြီး သူမရဲ့ အလုပ်အကိုင်ကြောင့် ရာသီဥတုဒဏ်ကို ခံရလို့ အရေပြားနည်းနည်း ညိုနေပြီး ဆံပင်ကိုလည်း အမြဲတမ်း စည်းနှောင်ထားတတ်လို့ ထက်မြက်တဲ့ပုံ ပေါက်ပေသည်။
သို့သော် ဒီနေ့တော့ အဲ့ဒါတွေကို ကျော်လွန်ပြီး လုံးဝ တခြားပုံစံမျိုးနဲ့ လှပနေသည်။
ကျိုးမေ၏ အကြည့်က စုံထောက်ရုံးကို ဝေ့ကြည့်လိုက်၏။
"ရိုလန် ဘယ်မှာလဲ"
"အမှုတစ်ခု သွားလိုက်နေတယ်"
"ရိုလန်ကို အမှု တစ်ယောက်တည်း လုပ်ခိုင်းပြီး ရှင်ကတော့ အပြင်သွားကစားတာလား"
လင်ရှောင်စု ပြုံးလိုက်မိသည်။
"ကျွန်တော် ဒီနေ့ အပြင်သွားကစားတာလို့ တကယ် ထင်နေတာလား"
ကျိုးမေ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားလေသည်။
"ရှင် ဘာကို ပြောချင်တာလဲ"
"ဒီမနက် ခင်ဗျား ကျွန်တော့်ကို မေးဖို့ မေ့သွားတဲ့ မေးခွန်း တစ်ခု ရှိသေးတယ် လျူဒေါင်က ဘာလို့ ကျွန်တော့်ကို ဒုက္ခပေးချင်တာလဲ"
ကျိုးမေ၏ ရင်ထဲမှာ တစ်ချက် ခုန်သွား၏။
"သူ့နောက်မှာ နောက်ထပ် လူတစ်ယောက် ရှိနေတာပဲ"
"ဟုတ်တယ် မနေ့ညက တစ်ယောက်ယောက်က သူ့ကို ယွမ် ၅၀၀၀၀ ပေးပြီး ကျွန်တော့်ကို ဖုန်းချန်ကနေ မောင်းထုတ်ခိုင်းတာ အဲ့ဒါကနေ ဒီနေ့ ကိစ္စတွေ ဖြစ်လာတာပဲ"
ကျိုးမေ သက်ပြင်းချလိုက်လေ၏။
"အခုမှပဲ နားလည်တော့တယ် လျူဒေါင်က ခင်ဗျားနဲ့ ဘာမှ မပတ်သက်ဘဲ ဘာလို့ ရုတ်တရက် ပေါ်လာပြီး ဆပ်ဖို့တောင် မလွယ်တဲ့ ဒဏ်ငွေတွေ ရိုက်တာလဲလို့ စဉ်းစားနေတာ ဒါဆို နောက်ကွယ်က နောက်ထပ် အကြောင်းရင်း တစ်ခု ရှိသေးတာပေါ့ သူ့နောက်မှာ ဘယ်သူလဲ"
"အဲ့ဒါ ကားသမားပဲ ဒဲလ် ကုမ္ပဏီက သူဌေး ဒူလီဖန်းရဲ့ ကိုယ်ပိုင် ကားသမား သူက ကိုယ်ရံတော်လည်း လုပ်တယ်"
ကျိုးမေ အံ့သြသွား၏။
ဒဲလ် ကုမ္ပဏီ
ဒီခရိုင်ထဲမှာ မဟုတ်ပေ။
မြို့ထဲမှာ အကြီးဆုံး ဆေးဝါး ကုမ္ပဏီဖြစ်ပြီး လွန်ခဲ့သော ရှစ်နှစ်လောက်က ခရိုင်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကနေ ခေါ်ယူထားတဲ့ အကြီးဆုံး ကုန်သည် ကုမ္ပဏီဖြစ်ပေသည်။
အခွန်စာရင်းရဲ့ ထိပ်ဆုံး သုံးခုထဲမှာ ပါဝင်နေပြီး ခရိုင် အစိုးရက နှစ်တိုင်း ထူးချွန်တဲ့ လုပ်ငန်းအဖြစ် ရွေးချယ်ခံထားရတဲ့ လုပ်ငန်းဖြစ်ကာ အစိုးရ လုပ်ငန်း အစီရင်ခံစာတွေမှာ ကဏ္ဍတစ်ခုလုံး ပါဝင်နေတဲ့ ကုမ္ပဏီပင် ဖြစ်၏။
ကုမ္ပဏီ ပိုင်ရှင်ကလည်း ခရိုင်ထဲမှာ အထင်ရှားဆုံး စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေ စုဝေးတဲ့အခါ ရှေ့ဆုံး ဒါမှမဟုတ် စင်ပေါ်မှာ အမြဲတမ်း ထိုင်နေရသူ ဖြစ်ပေသည်။
ဒီလောက် ဂုဏ်ပုဒ်တွေ၊ နာမည်ကျော်မှုတွေနဲ့ဆိုရင် သူက ခေတ်သစ် "သူဌေး" တစ်ယောက် ဖြစ်သင့်တဲ့ ဂုဏ်ပုဒ် အားလုံးကို ပိုင်ဆိုင်ထားသူပင် ဖြစ်ချေ၏။
‘သူ ဖြစ်နေတာလား သူက ဖုန်းချန် စုံထောက်ရုံးကို ဖုန်းချန်ကနေ မောင်းထုတ်ချင်နေတာလား’
"သူက ဘာလို့လဲ ရှင်နဲ့ သူနဲ့ ဘာ... ဘာရန်ငြိုးတွေ ရှိလို့လဲ"
ကျိုးမေ တကယ်ကို နားမလည် ဖြစ်နေလေသည်။
"ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးသလို ကျွန်တော့် မိသားစုမှာလည်း သူ့ဘိုးဘေးတွေနဲ့ ဘာမှ မပတ်သက်ဘူး ဘာရန်ငြိုးမှ ရှိစရာ မလိုပါဘူး"
လင်ရှောင်စု၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်။
"အဲ့ဒါကို ဒီနေ့ သူ့ဆီ သွားပြီး သိအောင် လုပ်ရမှာပဲ"
"သူက သူဌေးကြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနမှူးတောင် သူ့ကို တွေ့ဖို့ ချိန်းဆိုမှု လုပ်ရမှာ"
လင်ရှောင်စု မျက်တောင် ခတ်လိုက်၏။
"အဲ့ဒါကြောင့် ခင်ဗျားကို အတူတူ လိုက်ခဲ့ဖို့ ဖိတ်တာပေါ့"
ကျိုးမေ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါက ရှင် ဒီနေ့ ကျွန်မကို အပြင်ခေါ်တဲ့ အဓိက ရည်ရွယ်ချက်ပေါ့ ရှင်က ကျွန်မရဲ့ ရဲယူနီဖောင်းကို အသုံးချနေတာ ရှင့်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ မရိပ်မိဘဲ ရှင် ဂရုစိုက်တဲ့ အဝတ်အစားတွေကိုတောင် ချွတ်ပြီး ဝတ်လာမိတယ် ကျွန်မတို့ကြားမှာ တကယ်ကို နားလည်မှု မရှိတာပါလား"
သူဌေးကြီး ခရိုင်အထက်ပိုင်းက လူကြီးတွေတောင် တန်ဖိုးထားတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ကို သာမန်လူတွေက တွေ့ဖို့ ဘယ်လောက် ခက်မလဲဆိုတာကို တွေးကြည့်နိုင်ပေသည်။
သာမန် အစိုးရဝန်ထမ်း တစ်ယောက်တောင် သူ့ကို တွေ့ဖို့ မလွယ်ပေမဲ့ ရဲအရာရှိကတော့ ချွင်းချက်ပင်။
အမှု စုံစမ်းရန်ဆိုသည့် ခေါင်းစဉ်နဲ့ မည်သည့်နေရာ မည်သူနှင့်မှ မသွားနိုင် မတွေ့နိုင်ဆိုခြင်း မရှိပေ။
‘လင်ရှောင်စု ငပွေကောင် ရိုးရိုးရှင်းရှင်း "အပြင်သွား စားမယ်" လို့ ပြောလိုက်တာနဲ့ သူမ တစ်နေ့လည်လုံး စဉ်းစားခဲ့ရတာ တစ်နေ့လည်လုံး ရင်တုန်ခဲ့ရတာ ရေချိုး အဝတ်အစားလဲ မိတ်ကပ်တောင် လိမ်းခဲ့သေးတယ် အဆုံးသတ် ရလဒ်က ဘာလဲ’
သူမ စိတ်ကူးထားတဲ့ အရာတွေနဲ့ လုံးဝ မသက်ဆိုင်ပဲ လင်ရှောင်စုက သူမကို ဘန်ကာ တစ်ခုလို အသုံးချပြီး သူမရဲ့ ထူးခြားတဲ့ ဝိသေသကို သုံးပြီး သူဌေးကြီးရဲ့ ရုံးခန်းတံခါးကို ခေါက်ဖို့ပင် ဖြစ်နေလေသည်။
တကယ်ကို ကျိုးမေကို စကားမပြောနိုင်အောင် ဖြစ်သွားစေ၏။
လင်ရှောင်စုက ပြောသည်။
"ခင်ဗျား ရဲယူနီဖောင်း ဝတ်စရာ မလိုဘူး တံဆိပ် ပြစရာလည်း မလိုဘူး ခင်ဗျားရဲ့ အစစ်အမှန် ဝိသေသကိုပဲ ပြောလိုက် မစ္စတာ ဒူက ကျွန်တော်တို့ကို ဝမ်းသာအားရ ကြိုဆိုလိမ့်မယ်"
"အဲ့ဒါတော့ ဟုတ်တယ် တစ်ယောက်ယောက်ရဲ့ ဖင်က ညစ်ပတ်လေ သူတို့က ပိုပြီး ပွင့်လင်းပြီး ဖော်ရွေပြလေပဲ သူက ကျွန်မတို့ကို သေချာပေါက် တွေ့မှာပါ ဒါပေမဲ့ ပြီးရင်ရော ဘာလုပ်မလဲ
ကျိုးမေက ဆက်ပြောလိုက်လေ၏။
"ပြီးရင် ရှင်က ရှင့်ရဲ့ တွေ့ရှိချက်တွေကို ထုတ်ပြောမှာပေါ့"
"ဟုတ်တယ်"
"သူက ဝန်ခံလိမ့်မယ်လို့ ထင်လား"
"သူသာ ဝန်ခံရင် ရူးနေတာပဲပေါ့"