အခန်း (၅၆) တစ်ချက်တည်းဖြင့် အဆုံးသတ်ခြင်း
လင်ရှောင်စုက မတ်တပ်ရပ်လိုက်ပြီး
"ဒါရိုက်တာ ရန် ဒီအကြောင်းကြားစာကို ခင်ဗျားဆီ ပေးထားခဲ့မယ် ကျွန်တော်က ဥပဒေအတိုင်း လုပ်ဆောင်တယ်လို့ ခံယူထားပေမဲ့ မြို့တော် လုံခြုံရေး ဗျူရိုက ကျွမ်းကျင်သူတွေကတော့ တခြားနည်းနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချင် ဖွင့်ဆိုကြလိမ့်မယ် ခင်ဗျားက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရိုက်ဖို့ လိုအပ်နေသေးတယ်လို့ ထင်နေရင်လည်း ရပါတယ် ဆောင်လေးကို ဒုက္ခပေးပြီး နောက်တစ်ခါ ထပ်ဒဏ်ရိုက်ခိုင်းလိုက်ပါ"
ဒါရိုက်တာ ရန်၏ မျက်နှာမှာ ခါးသက်သော ဗူးသီးတစ်လုံးကဲ့သို့ ရှုံ့မဲ့သွားသည်။
ထိုစကားကြားတော့ ဆောင်လေး တုန်ယင်သွား\။
လင်ရှောင်စုက သူ့ပခုံးကို ပုတ်လိုက်ပြီး
" မကြောက်ပါနဲ့ မင်း အလုပ်လုပ်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ် မဟုတ်လား မင်း ဘာမှ မမှားခဲ့ရင်တောင် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ တကယ်ကို ဆိုးရွားတဲ့ အမှားမျိုး လုပ်မိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"
ဆောင်လေးက သူ့ကို မြင်လိုက်ရသည့် အသွင်မှာ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေ၏။
လင်ရှောင်စုက ဒါရိုက်တာ ရုံးခန်းကနေ ထွက်လာတဲ့အခါ တန်းစီနေတဲ့ ရဲအရာရှိ အနည်းငယ်နဲ့ တိုးမိလေသည်။
သူတို့က အထူးအမှု စုံစမ်းရေးအဖွဲ့က ဖြစ်၏။
အတွင်းမှာတော့ ကျိုးလူပင်၏ ခြေထောက်တွေ ခွေယိုင်သွားပြီး အမှု စုံစမ်းရေးအဖွဲ့ဝင် နှစ်ယောက်၏ အကူအညီနဲ့ အောက်ထပ်ကို ဆင်းသွားရလေသည်။
သူက စိတ်ဓာတ် ခိုင်မာတဲ့သူ မဟုတ်မှန်း ထင်ရှားနေလေသည်။
သူက ဒီအချိန်မှာ တည်ငြိမ်နေသင့် တယ်ဆိုတာ သိပေမဲ့ သူ့ခြေထောက်တွေက မလိုက်လျောတော့ ဘယ်လိုမှပင် မတတ်နိုင်ချေ။
မြို့တော် လုံခြုံရေး ဗျူရိုတစ်ခုလုံး ထိတ်လန့်သွားလေသည်။
လင်ရှောင်စုက အဆောက်အဦးနဲ့ ဝင်းထဲကနေ ထွက်လာတဲ့အခါ သူ့ရှေ့တည့်တည့်မှာ ယီရွှေမြစ် ရှိပြီး သူ့လျှပ်စစ်ဆိုင်ကယ် ဘေးမှာ ကားအနက်ရောင် တစ်စီး တိတ်တိတ်ဆိတ်ဆိတ် ရပ်ထား၏။
ကားပြတင်းပေါက်မှန် ချထားပြီး အတွင်းက အမျိုးသမီး လှလှတစ်ယောက်က သူ့ကို စိုက်ကြည့်နေ၏။
သူက ထွက်လာတာကို မြင်လိုက်ရတဲ့အခါ သူမ သက်ပြင်းချလိုက်သည်ကို လင်ရှောင်စု သတိထားမိ လိုက်လေသည်။
သူမက ကျိုးမေပင် ဖြစ်၏။
ကျိုးမေက ပြောလိုက်သည်။
"ရဲတွေ ဝင်သွားတာ မြင်တော့ ရှင့်ကို ဖမ်းဖို့ လာတာလို့ ကျွန်မရဲ့ နောက်ဆုံး ကျန်တဲ့ ယွမ် ၈၀၀၀ စုဆောင်းငွေနဲ့တောင် လောင်းရဲတယ်"
"ယွမ် ၈၀၀၀ ပဲ စုထားတာ ခင်ဗျားက အဲ့လောက်တောင် ဆင်းရဲတာလား"
လင်ရှောင်စုက သူမကို တစ်ချက် ကြည့်လိုက်၏။
"တခြားသူတွေ ရှေ့မှာတော့ ကျွန်မမှာ အိမ်ရော ကားပါ ရှိပေမဲ့ ခင်ဗျားရှေ့မှာတော့ ဆင်းရဲတဲ့အတိုင်း ဟန်ဆောင်ရမှာပေါ့ ဘာလို့လဲ သိလား"
ကျိုးမေက အသံကို လျှော့ချလိုက်ပြီး "ရှင်က ကျွန်မကို ဒုက္ခပေးမှာ ကြောက်လို့လေ"
“ဟားဟား”
လင်ရှောင်စု ရယ်မောလိုက်ပြီး သူမ၏ ဘေးကထိုင်ခုံမှာ ဝင်ထိုင်လိုက်လေ၏။
"ခင်ဗျား တစ်ခုခု သိပြီးသား ဖြစ်ပုံရတယ်"
"ကျွန်မ ပေါက်ကွဲမယ့် သတင်းတစ်ခု ရထားတယ် မြို့တော် လုံခြုံရေး ဗျူရိုရဲ့ ဒုတိယညွှန်ကြားရေးမှူး လျူဒေါင်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရုံးက လက်ဖက်ရည် သောက်ဖို့ ခေါ်သွားပြီ သူ့ကို ပို့လိုက်တဲ့သူက ခင်ဗျားပဲ ပြီးတော့ ချက်ချင်းဆိုသလိုပဲ အထူးအမှု စုံစမ်းရေးအဖွဲ့က ခင်ဗျားကြောင့် ကျိုးလူပင်ကို ဝင်ဖမ်းသွားတယ်"
"ဒါက မြို့ငယ်လေးတွေရဲ့ ထူးခြားတဲ့ ဂေဟစနစ်ပဲ အရာရှိတစ်ယောက် ပြုတ်သွားရင် သတင်းက အမြန်ဆုံး ပျံ့နှံ့တာပဲ"
ကျိုးမေက ပြောလိုက်၏။
"ဒီမြို့ငယ်လေးမှာ ပျော်စရာ မရှိပေမဲ့ ဒီလို ကိစ္စတွေကတော့ စိတ်ဝင်စားဖို့ ကောင်းတယ် ဒီလို ပေါက်ကွဲလောက်တဲ့ သတင်းမျိုးကို ဘယ်သူကများ မဖြန့်ချင်ဘဲ နေနိုင်မှာလဲ"
"တကယ်တော့ ဒါက နောက်တစ်ဖက်ကနေ ကြည့်ရင် ပြည်သူတွေက အကျင့်ပျက် အရာရှိတွေကို ဘယ်လောက်တောင် ရွံရှာကြလဲဆိုတာ ပြနေတာပဲ ဒီလို သတင်းမျိုး ကြားတာနဲ့တင် သူတို့တွေ အကြီးအကျယ် ပျော်ရွှင်နေကြတာ"
လင်ရှောင်စုက ထပ်ပြောလိုက်လေသည်။
"ဒါဆို ခင်ဗျားက ဒီနေ့ ပြည်သူတွေအတွက် တရားမျှတမှုကို တောင်းဆိုပေးနေတာပေါ့"
"မဟုတ်ဘူးလား"
"ဟုတ်ပါတယ်"
ကျိုးမေက ပြုံးလိုက်မိပြီး မေးမြန်းလိုက်လေသည်။
"ဒါပေမဲ့ သမိုင်းမှာ ပြည်သူတွေအတွက် တောင်းဆိုပေးတဲ့သူတွေက ဘာကြောင့် အဆုံးသတ် ဆိုးဝါးကြလဲဆိုတာ သိလား"
"ကျွန်တော် နားလည်ပါတယ်"
လင်ရှောင်စုက သက်ပြင်းအသာ ချလိုက်၏။
"ဒီနေ့ကစပြီး ရာဇဝတ်သားတွေတင် မကဘဲ ညစ်ပတ်တဲ့ အရာရှိတွေကလည်း ကျွန်တော့်ကို ဖုန်းချန်ကနေ အမြန်ဆုံး ထွက်သွားစေချင်နေကြပြီ"
"ရှင် တကယ် နားလည်သားပဲ"
ကျိုးမေက သက်ပြင်းချလိုက်ပြီး
"ဒါပေမဲ့ ရှင့်လို ရှင်းရှင်းလင်းလင်း တွေးတတ်တဲ့သူက ဘာလို့ ဒီလို မုန်တိုင်းထဲကို ကိုယ့်ကိုကိုယ် ပစ်ထည့်နေရတာလဲ"
"ဒီလို ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေး စီးပွားရေး လုပ်ဖို့ဆိုရင် အာဏာကို တည်ဆောက်ရမယ် မဟုတ်ရင် နောက်တစ်ခါ ဘယ်သူက ဒဏ်ရိုက်မလဲဆိုတာ မသိနိုင်သလို ငွေနဲ့ မပတ်သက်ပေမဲ့ အဆတစ်ရာ ပိုဒုက္ခပေးမယ့် ကိစ္စတွေ ထပ်ပေါ်လာပြီး ကျွန်တော့် စုံထောက်ရုံးကို မလည်ပတ်နိုင်အောင် လုပ်သွားနိုင်တယ်"
တားဆီးခြင်း
အာဏာ တည်ဆောက်ခြင်း
ဒါတွေက ဒီနေ့ သူ အလျှော့မပေးဘဲ လုပ်ဆောင်ရတဲ့ အကြောင်းရင်း အစစ်အမှန်တွေ ဖြစ်ပေသည်။ သူက တစ်ချက်တည်းနဲ့ ဩဇာအာဏာ ရှိစေချင်လေသည်။ သူ့အပေါ် မကောင်းတဲ့ အကြံအစည် ရှိသူတွေအားလုံးကို လှုပ်ရှားဖို့တောင် မဝံ့ရဲအောင် လုပ်ချင်နေ၏။ အဲ့ဒါကို အစပျိုးမှာတင် တားဆီခြင်း လို့ ခေါ်ဆိုနိုင်လေ၏။
မြို့ကြီးတွေမှာ အရာရှိ တစ်ယောက်နှစ်ယောက် ပြုတ်သွားတာက ဘာမှ မဖြစ်ပေမဲ့ ဒီလို ထူးခြားတဲ့ ဂေဟစနစ် ရှိတဲ့ မြို့ငယ်လေးမှာတော့ အနည်းငယ် လှုပ်ခတ်မှုက တစ်မြို့လုံးကို နာရီပိုင်းအတွင်း သိသွားစေ၏။
အရာရှိတွေက ဖုန်းချန် စုံထောက်ရုံးကို သတိနဲ့ ကြည့်လာလိမ့်မယ်ဖြစ်ပေ၏။
‘သူ့ကို ဆန့်ကျင် လုပ်ဆောင်တာက အန္တရာယ် ကြီးတယ်ဆိုတာ သူတို့ သိသွားလိမ့်မယ် ဒီလောကမှာ ဘယ်သူမှ မပြည့်စုံဘူး ဘယ်သူမှ ကိုယ့်မှာ ဘာမှ အပြောမခံရမယ့် အပြစ်မရှိဘူးလို့ ရဲရဲကြီး မပြောနိုင်ဘူး ဒါကြောင့် သူက ဖုန်းချန်မှာ တားမြစ်ထားတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်တယ်’
ကျိုးမေက တွေးတောရင်းနှင့် အဝေးကို ငေးကြည့်နေရာကနေ အကြည့်ကို ပြန်ရွှေ့လိုက်ပြီး
"ဒဏ်ရိုက်တဲ့ ကိစ္စကို ဒါရိုက်တာ ရန်က ဘာပြောလဲ"
"အဲ့ဒီ ဒဏ်ရိုက်တဲ့ ကိစ္စက အရေးမကြီးပါဘူး သူ မှတ်ချက်ပေးဖို့ မလိုပါဘူး"
"ဘာကို ဆိုလိုတာလဲ"
"ဥပဒေအရ ရှင်းရှင်းလင်းလင်း ရှိတယ် စုံထောက်လုပ်ငန်းက အထူးလုပ်ငန်း ဖြစ်ပြီး 'ဈေးကွက် စီမံခန့်ခွဲမှု ဥပဒေ' နဲ့ မသက်ဆိုင်ဘူး 'ဒက်ရှာ အထူးလုပ်ငန်း စည်းမျဉ်းများ' ကသာ အကျုံးဝင်တယ် ပုဒ်မ ၇၈ မှာ ဝန်ဆောင်ခကို စာချုပ်အရ ကောက်ခံရမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်"
ကျိုးမေ၏ မျက်လုံးများ တောက်ပသွားသည်။
"ဥပဒေ အထောက်အထား ရှိတာလား"
"ဥပဒေ စိုးမိုးရေး လုပ်နေတဲ့သူတွေက ဥပဒေ မလေ့လာကြတာလား"
လင်ရှောင်စုက သူမကို အထင်သေးစွာ ကြည့်လိုက်၏။
"မဟုတ်ပါဘူး" ကျိုးမေက ထပ်ပြောလိုက်လေသည်။
"ရှင် လျှပ်စစ်ဆိုင်ကယ်နဲ့ ဒေါသတကြီး မောင်းထွက်သွားတုန်းက ဥပဒေအရ ပြဿနာ မရှိဘူးဆိုတာ သိနေတာလား"
"သိတာပေါ့ ကျွန်တော့်လက်သာ မသန့်ရင် ကျိုးလူပင်ကို စိန်ခေါ်ဖို့ ရဲရဲကြီး လုပ်ရဲပါ့မလား"
"ဘာလို့ ချက်ချင်း ရှင်းမပြတာလဲ တစ်ခွန်းတည်းနဲ့ ပြီးသွားမယ့် ကိစ္စကို"
"ကျွန်တော် ရှင်းမပြခဲ့ဘူးလား တားဆီးဖို့လေ ဒီအဖြစ်အပျက်ကို သုံးပြီး ဘက်ပေါင်းစုံက မကောင်းတဲ့ အကြံအစည်တွေကို ပိတ်ပင်ချင်တာ သူက သူ့အလိုလို ထွက်လာပြီး ဒီလို သတိပေးချက် သင်္ကေတ ဖြစ်လာတာကို ကျွန်တော် ဘာလို့ မပျော်ရမှာလဲ"
သတိပေးချက် သင်္ကေတ။
ဘာလို့ မပျော်ရမှာလဲ။
ကျိုးမေက ဘာတွေးရမှန်း မသိတော့ပေ။
‘ဒီလူပွေ၊ တကယ်ကို လည်လွန်းတယ် ဒီမနက် ကျွန်မ လူတွေနဲ့ ဘယ်လောက်တောင် ပြောခဲ့ရလဲ၊ ကျွန်မ စိတ်တွေ ဘယ်လောက် လှုပ်ရှားခဲ့လဲ ခင်ဗျား မသိဘူး ရှင်က အရာအားလုံး ကြိုတင် စီစဉ်ထားပြီးသား အဲ့ဒီ ဒဏ်ရိုက်တဲ့ ကိစ္စထက် ကျော်လွန်နေပြီ ဆိုတာ ရှင် မသိဘူးလား’
"အမြန် ပြန်ရအောင် ခင်ဗျားရဲ့ ချစ်သူလေးက အိမ်ခေါင်မိုးပေါ် တက်တော့မလို ဖြစ်နေပြီ ဒီသတင်း ကောင်းကို ပေးပြီး သူ့ကိုလည်း စိတ်ချမ်းသာစေလိုက်ပါဦး"
ကျိုးမေ ပြောတာ မှန်ပေသည်။
သူမ စိုးရိမ်နေ၏။
သို့သော် မြောင်ရိုလန်က ပိုပြီး စိုးရိမ်နေပေ၏။
ကျိုးမေမှာ စကားပြောဖို့ လမ်းကြောင်းလေးတွေ ရှိသေးပေမဲ့ မြောင်ရိုလန်ကတော့ ဘာမှ မသိဘဲ စိုးရိမ်နေရသည်။
သူမက ဒီသတင်းကို အသိဆုံး ဖြစ်သင့်သူပင် ဖြစ်ချေ၏။
လင်ရှောင်စုက လျှပ်စစ်ဆိုင်ကယ်ပေါ် တက်ပြီး စက်နှိုးလိုက်သည်။
ကျိုးမေ ထိုသို့ စနောက် ပြောဆိုလိုက်ပေမဲ့ သူ ငြင်းခုံခြင်း မရှိသလို ရှင်းပြခြင်းလည်း မရှိတာကို ကျိုးမေ တစ်ခုခု ထူးခြားသလို ခံစားလိုက်ရ၏။
‘မြောင်ရိုလန်ကို တကယ်ပဲ ချစ်သူလို သဘောထားတာလား ကျွန်မ စမ်းပြီး မေးကြည့်တာကို ရှင် မငြင်းဘူးပေါ့’
လင်ရှောင်စုက သူမ၏ ပြတင်းပေါက် ရှေ့မှာ ဆိုင်ကယ်ကို ရပ်လိုက်ပြီး ကားမှန်ကို ခေါက်လိုက်သည်။
ကျိုးမေ၏ နှလုံးသား တစ်ချက် ခုန်သွားလေသည်။
‘အခုမှ ရှင်းပြဖို့ သတိရတာလား’
ပြတင်းပေါက် ပွင့်လာပြီး လင်ရှောင်စုက ပြုံးပြီး နှုတ်ဆက်လိုက်၏။
"ဒီနေ့ နေ့လည်အားလား"
"ဘာလုပ်ဖို့လဲ" ကျိုးမေက မေးလိုက်သည်။
"အတူတူ အပြင်သွားပြီး ပျော်ရွှင်ကြမယ်လေ"
"ကျွန်မတို့ နှစ်ယောက်တည်းလား"
"ဟုတ်တယ်"
ကျိုးမေ၏ နှလုံးသား တစ်ချက် လှုပ်ရှားသွားလေ၏။
‘ဒါ ရှင့်ရဲ့ အဖြေလား မြောင်ရိုလန်က ခင်ဗျား ချစ်သူ ဟုတ်မဟုတ် မငြင်းဘဲ ကျွန်မကို အပြင်သွားဖို့ တိုက်ရိုက် ခေါ်တယ်၊ အဲ့ဒါလည်း ကျွန်မတို့ နှစ်ယောက်တည်း...’
ကျိုးမေ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး အချိန်အတော်ကြာ စဉ်းစားပြီးမှ ခေါင်းညိတ် လိုက်လေသည်။
"ကျွန်မ အလုပ်တွေ ပြီးသွားပြီ ဘယ်သွားကြမလဲ"
"နေ့လည် နှစ်နာရီခွဲလောက်ဆို လာခဲ့လိုက် အသေးစိတ် ပြောပြမယ်"
လင်ရှောင်စုက လျှပ်စစ် ဆိုင်ကယ်နဲ့ ထွက်သွားသည်။
ကျိုးမေက ထိုနေရာတွင် တုန်လှုပ်စွာ ရပ်နေမိ၏။
‘ဒီနေ့ ကျွန်မမှာ အလုပ်တွေ ပုံနေတာကို ဘာလို့ ဒီလောက် အပူတက်ပြီး သူနဲ့ အပြင်သွားဖို့ သဘောတူလိုက်တာလဲ အလုပ်ပျက်ပြီး ယောက်ျားလေး တစ်ယောက်နဲ့ အပြင်သွားတာ တကယ်ပဲ ဖြစ်ပါ့မလား ဒါပေမဲ့ သဘောတူပြီးသွားပြီ ပြန်ငြင်းလိုက်ရင် မကောင်းတော့ဘူး အဲ့ဒီအပြင် လွန်ခဲ့တဲ့ တစ်လအတွင်းမှာ အံ့အားသင့်စရာ အလုပ်တွေ အများကြီး လုပ်ပြထားတာမို့ တစ်ရက်လောက် ခွင့်ယူတာ ဌာနမှူး ကျန်း ဘာမှ ပြောမှာ မဟုတ်ပါဘူး’ ဟု ကျိုးမေ တွေးနေမိလိုက်တော့သည်။
လင်ရှောင်စု စုံထောက်ရုံးကို ပြန်ရောက်လာ၏။
မြောင်ရိုလန်က ရုံးခန်းထဲမှာ ဟိုသည် လမ်းလျှောက်နေပြီး သူ့ကို မြင်တော့ ငိုတော့မလို ဖြစ်သွားလေ သည်။
ဒါပေမဲ့ လင်ရှောင်စုက ပြုံးပြလိုက်တဲ့အခါ မြောင်ရိုလန်၏ နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။
"ဘယ်လို ဖြစ်သွားလဲ"
"အဆင်ပြေပါတယ်"
"ပြေပါတယ်... ဘာကို ဆိုလိုတာလဲ"
"ဒဏ်ငွေ ကိစ္စက ပြဿနာ မဟုတ်ဘူး တစ်ပြားမှ ပေးစရာ မလိုဘူး၊ ကျွန်တော်တို့မှာ လိုက်နာရမယ့် ဥပဒေတွေ ရှိတယ်..."
ကွန်ပျူတာထဲကနေ ရှာဖွေထားတဲ့ ဥပဒေ ပုဒ်မတစ်ခု မြောင်ရိုလန်၏ ခံစားချက်တွေ တကယ်ကို လှုပ်ရှားသွား၏။
အကြာကြီး နေပြီးမှ သူမ သက်ပြင်းချလိုက်သည်။
"ဒါဆို ဒီလိုပဲ ရှင်းလိုက်တာပေါ့"
"ဟုတ်တယ်"
"အေးအေးဆေးဆေး ရှင်းလိုက်တာ အကောင်းဆုံးပါ ကျွန်မတို့က စီးပွားရေး လုပ်နေတာ သူတို့နဲ့ တည့်တည့် မရင်ဆိုင်သင့်ဘူး သူတို့က ဥပဒေ စိုးမိုးရေး လုပ်နေတဲ့သူတွေပဲ တကယ် သေတဲ့အထိ တိုက်ခိုက်လို့ မရဘူး"
"အမိလေးက ကျွန်တော့်ကို အကြံပေးနေတာလား"
"ဟုတ်ပါတယ်"
မြောင်ရိုလန်က တိုက်ရိုက် ဝန်ခံလိုက်လေသည်။
“ဖုန်းချန်မှာ စီးပွားရေးကို လှိုင်းမထအောင် လုပ်ဖို့က ကောင်းတယ်၊ အစိုးရဌာနတွေနဲ့ ရင်ဆိုင်ရင် တိုက်ရိုက် မရင်ဆိုင်တာ ပိုကောင်းတယ်”
လင်ရှောင်စုက "နောက်ကျသွားပြီ ကျိုးလူပင်ကို ဖမ်းသွားပြီ သူနဲ့အတူ လာတဲ့ ဆောင်လေးကတော့ အချိန်အတော်ကြာတဲ့အထိ ဥပဒေ ကြောက်စိတ် ဝင်နေလိမ့်မယ် သူတို့ကို ခိုင်းတဲ့ ဒုတိယညွှန်ကြား ရေးမှူး လျူဒေါင်ကတော့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရဲ့ အရေးယူခြင်း ခံလိုက်ရပြီ"
မြောင်ရိုလန် တုန်လှုပ်သွားပြီး အသက်ရှူနှုန်း မြန်လာ၏။
လင်ရှောင်စုက သူမ၏ ပခုံးကို အသာ ပုတ်လိုက်သည်။
"ကျွန်တော် ဒါကို ပြောပြတာ ခင်ဗျား သူတို့ကို ယုံကြည်မှု မရှိဘဲ မရင်ဆိုင်စေချင်လို့ပါ ကျွန်တော်တို့ လုပ်ရမှာ တစ်ခုတည်းရှိတယ် ဥပဒေနဲ့အညီ လုပ်ဆောင်ပြီး အခွန်ဆောင်ဖို့ပဲ ကျွန်တော်တို့ မှန်ကန်နေသရွေ့ ဘယ်သူ့ရှေ့မှာမှ မကြောက်ဖို့ မလိုဘူး ဒီနေ့ကစပြီး ဘယ်သူပဲ ကျွန်တော်တို့ရှေ့မှာ ဘယ်သူက အာဏာပြပြ အမိလေး ခင်ဗျား ခါးဆန့်ပြီး ရပ်နိုင်တယ်"
"တကယ်ပြောရရင် ငွေတွေ အများကြီးနဲ့ဆိုတော့ ယုံကြည်မှု မရှိဘူး..."
မြောင်ရိုလန်က မျက်တောင် ခတ်လိုက်ပြီး ဆက်ပြေလိုက်လေသည်။
"အနာဂတ်မှာ ကျွန်မ သေချာပေါက် လေ့လာမယ် ဥပဒေရော ရှင် လုပ်တဲ့ ပုံစံမျိုးပါ လေ့လာမယ် တစ်နေ့နေ့မှာ ကျွန်မလည်း သူတို့နှာခေါင်းကို လက်ညှိုးထိုးပြီး 'မင်းကို ငါ ကိုင်တွယ်မယ်' လို့ ရဲရဲကြီး ပြောနိုင်လိမ့်မယ်"
‘ဒီကောင်မလေး ပြောင်းလဲသွားပြီ နည်းနည်းတော့ ဆိုးလာပြီ...’
မြောင်ရိုလန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
"ဒီနေ့ တစ်ယောက်ယောက်က စာရွက် တစ်ရွက် ပို့လိုက်သေးတယ်"
လင်ရှောင်စု၏ မျက်လုံးများ ပြူးကျယ်သွား၏။
"နောက်ထပ် ဘာရှိသေးလဲ"
"ဟုတ်တယ် ကြည့်ကြည့်လိုက်"
မြောင်ရိုလန်က စားပွဲပေါ်ကနေ အလျား သုံးပေ အနံ နှစ်ပေရှိတဲ့ စာလိပ်ကို ကောက်ကိုင်လိုက်သည်။
"သေရော ဒီလောက် ကြီးတဲ့ ဒဏ်ငွေ ကျွန်တော်တို့ကို ဒေဝါလီ ခံခိုင်းဖို့ မဟုတ်လောက်ပါဘူး"
"ကျွန်မတို့ကို ဒေဝါလီ ခံခိုင်းဖို့ဆိုရင် ဒီလောက် ကြီးတဲ့ စာရွက် မလိုပါဘူး၊ A4 စာရွက် တစ်ရွက်တည်းနဲ့တင် ကျွန်မတို့ကို ဆယ်ဆလောက် ဒေဝါလီ ခံခိုင်းလို့ ရပါတယ်"
မြောင်ရိုလန်က စာရွက်ကို ပေးလိုက်၏။
လင်ရှောင်စုက စာရွက်ကို ယူပြီး ဖြန့်ကြည်လိုက်မိလေသည်။
သူ မှင်သက်သွားလေ၏။
အတွင်းမှာ ဘယ်ဌာနကမှ ပို့တဲ့ ဒဏ်ရိုက်စာ မဟုတ်ပေ။
ပန်းချီကား တစ်ချပ်သာ ဖြစ်ပေသည်။
ပန်းချီကားထဲမှာ လူတစ်ယောက်ကို ဘေးကနေ မြင်ရအောင် ရေးဆွဲထားပြီး ပြတင်းပေါက်နားမှာ မှီပြီး စာဖတ်နေသည်။ ပြတင်းပေါက် အပြင်မှာတော့ လှည်းတွေနဲ့ မြင်းတွေ သွားလာနေတဲ့ ရှုပ်ထွေးလှုပ်ရှားမှုကို ပြသထားပြီး အထဲမှာတော့ အေးချမ်းတဲ့ စာဖတ်ချိန်ကို ပြသထား၏။
အရာတွေ အများကြီး မပါဝင်ပေမဲ့ လှုပ်ရှားမှုနဲ့ ငြိမ်သက်မှုကို ဒဿန အပြည့်နဲ့ ဖော်ပြထားလေသည်။ ပန်းချီကားပေါ်မှာ စာလုံးကြီး တစ်လုံး ရှိပြီး ခေါင်းစဉ်မှာ "ပြတင်းပေါက်" လို့ ရေးသားထား၏။ ဘေးနားမှာတော့ စာလုံးသေး ၁၀ လုံး ရှိနေလေသည်။
"မျက်လုံးအောက်က တိမ်ဝင်သွားတဲ့ လှိုင်းတံပိုး ပြတင်းပေါက် အပြင်ဘက်က ရှည်လျားတဲ့ နေ့ရက်များ"