အခန်း (၅၄) ဌာနဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း
"လင်ရှောင်စု ရုံးကိစ္စဆိုရင် ရုံးကိုပဲ လာသင့်တာပေါ့ ဒါကို ကိုယ်ပိုင်နေအိမ်ထဲကို ကျူးကျော်ဝင်ရောက် တယ်လို့ ခေါ်တယ်"
လျူဒေါင်က သားရေအိတ်ငယ်ကို ကိုင်ထားရင်း လင်ရှောင်စုကို လက်ညှိုးထိုးကာ ပြင်းထန်သော လေသံဖြင့် ပြောလိုက်၏။
"စုံထောက်တစ်ယောက်အနေနဲ့ ဥပဒေကို နားလည်တာပေါ့"
လင်ရှောင်စုက ပြန်ပြော၏။
"မဖြစ်မနေ လိုအပ်တဲ့ အခြေအနေ မဟုတ်ရင် ဘယ်သူက ဒီလို နည်းလမ်းမျိုးကို သုံးမှာလဲ"
"ဒါက နောက်ဆုံးနည်းလမ်းမှန်း သိတယ်ပေါ့"
"သိတာပေါ့"
လင်ရှောင်စုက သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ခင်ဗျားက မှန်ကန်တဲ့ လမ်းကြောင်းကို မရွေးဘဲ ကျွန်တော့်ကို အောက်လမ်းနည်းသုံးအောင် တွန်းပို့နေတာလေ ခင်ဗျားလို လူမျိုးနဲ့ တွေ့တဲ့အခါ ကျွန်တော် ဘာလုပ်နိုင်မှာလဲ"
"လူမိုက်" ဟူသော စကားလုံးကို ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ
လျူဒေါင်မှာ ချက်ချင်း ဒေါသထွက်သွားပြီး
"ဆွေးနွေးစရာ မရှိဘူး၊ ထွက်သွား" ဟု အော်လိုက်သည်။
"ဟဲဟဲ၊ ကျွန်တော် မထွက်ဘူး ခင်ဗျား ဘာလုပ်နိုင်မှာလဲ"
"ရဲခေါ်"
လျူဒေါင်က လက်ကို ခပ်ဖျော့ဖျော့ ဝှေ့ယမ်းလိုက်၏။
ပြတင်းပေါက်နားတွင် ရပ်နေသော အမျိုးသမီးက ချက်ချင်း ဖုန်းခေါ်ဆိုလိုက်ပြီး ဖုန်းကို ပြန်ချလိုက်ရသည်။
အခန်းထဲရှိ လူသုံးဦးမှာ တစ်ဖန် ပြန်လည် ထိပ်တိုက်တွေ့နေကြပြီး လေထုမှာ ရေခဲပြင်ကဲ့သို့ အေးစက်သွား၏။
ထိုစဉ် တံခါးခေါက်သံ ညင်သာစွာ ထွက်ပေါ်လာလေသည်။
လျူဒေါင် ရုတ်တရက် လှည့်ကာ တံခါးကို ဖွင့်လိုက်သည်။
သူ ရုတ်တရက် အေးခဲသွားလေသည်။
တံခါးဝတွင် ရပ်နေသူမှာ ရဲစခန်းမှ ရင်းနှီးသော အရာရှိ မဟုတ်ဘဲ ယူနီဖောင်း ဝတ်ဆင်ထားသူ သုံးဦး (အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး) ဖြစ်နေ၏။
"ခင်ဗျားတို့က..."
"အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဗျူရိုကပါ"
တစ်ဦးက သူ၏ ဝတ်စုံတံဆိပ်ကို ပြသလိုက်၏။
"ခုနက ဘယ်သူ ဖုန်းဆက်တာလဲ"
လင်ရှောင်စု ဆိုဖာမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"ကျွန်တော်ပါ"
"ခင်ဗျားက ဘယ်သူလဲ"
"ဖုန်းချန်း စုံထောက်ရုံးက လင်ရှောင်စုပါ"
လင်ရှောင်စုက ကြေငြာလိုက်လေသည်။
"ကျွန်တော် ဒုတိယညွှန်ကြားရေးမှူး လျူနဲ့ ပတ်သက်တဲ့ အထောက်အထား တချို့ ရှာတွေ့ထားလို့ နေရာကို ထိန်းသိမ်းဖို့ စောစော ရောက်နေတာပါ အခု ခင်ဗျားတို့ ရောက်လာပြီဆိုတော့ ဒုတိယညွှန်ကြားရေးမှူး လျူဒေါင်ရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်ပြီ"
လျူဒေါင်၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွား၏။
"ကျွန်တော် လျူဒေါင် ခြစားမှု မရှိကြောင်းကို ခရိုင်တစ်ခွင်လုံး သိတယ် ခင်ဗျား စိတ်ကြိုက် စွပ်စွဲနိုင် မလား"
"ဟဲဟဲ အရာရှိတစ်ယောက် ခြစားမှု ရှိ မရှိဆိုတာ ခင်ဗျားတို့ မေးရမယ့် ကိစ္စလား"
လင်ရှောင်စုက ထပ်ပြောလိုက်လေသည်။
"ဘာလို့ စစ်ကြည့်လို့ မရ မှာလဲ"
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဗျူရိုမှ သုံးဦးသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။
အိမ်မှာ အမှန်ပင် ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားသော်လည်း ၎င်းတစ်ခုတည်းဖြင့် ဘာမျှ သက်သေမပြနိုင်ပေ။
ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ချမ်းသာသူများလည်း ရှိကြရာ ဤမျှလောက် အလှဆင်ခြင်းမှာ လစာဖြင့်ပင် ရနိုင်ပေသည်။
"ကျွန်တော်တို့ကို ဘယ်နေရာကို စစ်ကြည့်ခိုင်းမှာလဲ"
အသက် ၄၀ အရွယ် အရာရှိတစ်ဦးက မေးသည်။
လင်ရှောင်စုက လက်ညှိုးထိုးပြလိုက်၏။
"အခန်းထဲမှာ ငွေသေတ္တာ ရှိတယ် ဖွင့်ကြည့်လိုက်"
ထိုစကား ကြားလိုက်သည်နှင့် ပြတင်းပေါက်နားရှိ အမျိုးသမီးမှာ တုန်လှုပ်သွားသည်။
လျူဒေါင်၏ မျက်နှာမှာလည်း တောင့်တင်းသွား၏။
"အခန်းထဲမှာ ငွေသေတ္တာ မရှိဘူး... မရှိဘူး..." ဟု အမျိုးသမီးမှာ တံခါးဝကို ပိတ်ဆို့ရန် ပြေးသွားသည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဗျူရိုမှ လူများမှာ စိတ်ဝင်စားသွား၏။
လင်ရှောင်စုက ညင်သာစွာ ပြုံးလိုက်မိသည်။
"ကျွန်တော် ပြောသားပဲ လျူဒေါင် ခင်ဗျား ခေါ်လာတဲ့ မိန်းမက တော်တော် မိုက်မဲတာပဲ သူ ကြောက်လန့်နေတာ သိသာနေပြီ မဟုတ်လား"
"ဖယ်"
အဖွဲ့ခေါင်းဆောင်က အမျိုးသမီးကို တွန်းဖယ်လိုက်သည်။
သူတို့ သုံးဦးစလုံး၏ ရင်ဘတ်တွင် တပ်ဆင်ထားသော စောင့်ကြည့်ကင်မရာများမှာ အလုပ်လုပ်နေ လေသည်။
အခန်းတွင်းရှိ ဗီရိုကြီးထဲတွင် ငွေသေတ္တာ တစ်လုံး ရှိနေလေသည်။
"ဖွင့်"
အဖွဲ့ခေါင်းဆောင်က အမိန့်ပေးသည်။
လျူဒေါင်၏ နှုတ်ခမ်းများ ခြောက်သွေ့နေ၏။
"ဒါ... ဒါ ကျွန်တော့်သား အခန်းပါ သေတ္တာက သူ့ရဲ့ ဂိမ်း အရုပ်စုတွေ ထည့်ထားတာပါ စကားဝှက် ကျွန်တော် မသိဘူး..."
"စကားဝှက် မသိလည်း ပြဿနာ မရှိဘူး"
လင်ရှောင်စုက ဆက်၍ ပြောလိုက်ပြန်လေသည်။
"စုံထောက်ဆိုတာ ဒါမျိုးတွေအတွက် ရှိတာလေ သော့ဖွင့်တာက စုံထောက်တွေရဲ့ ကျွမ်းကျင်မှု တစ်ခုပဲ"
လျူဒေါင်၏ မျက်နှာမှာ ဖြူဖျော့သွား၏။
လင်ရှောင်စုက သူ့ဘေးမှ ဖြတ်သွားသည်။
"ဒုတိယညွှန်ကြားရေးမှူး လျူ ထူးဆန်းလိုက်တာနော် သားရဲ့ အရုပ်တွေက ခင်ဗျားကို ဒီလောက်တောင် စိုးရိမ်စေတာလား နဖူးမှာ ချွေးတွေတောင် ပြန်နေပြီ" ဟု ပြောကာ အခန်းထဲသို့ ဝင်၍ သေတ္တာကို ဖွင့်လိုက်၏။
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ပြသည်။
သေတ္တာထဲတွင် ငွေစက္ကူ အထပ်လိုက် ရွှေနှင့် ကျောက်မျက်ရတနာများ ရှိနေပေသည်။ အပေါ်တွင် ဖုံးကွယ်ထားသော အကန့်တစ်ခုတွင် ဘဏ်စာအုပ်များ၊ ရှယ်ယာလက်မှတ်များ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ရှိနေပြီး လျူဒေါင်၊ ဒန်လန်နှင့် သားဖြစ်သူ လျူရှောင်ယူတို့၏ အမည်များ ပါဝင်နေသည်။
လျူဒေါင်နှင့် ဒန်လန်မှာ တုန်ရီနေကြလျှက်ရှိနေလေသည်။
"ဒါရိုက်တာ လီ ငွေသားနဲ့ တန်ဖိုးရှိတဲ့ စာရွက်စာတမ်းတွေက ၆.၅၈ သန်း ဖိုး ရှိတယ် အိမ်ခြံမြေနဲ့ ရတနာတွေပါ ပေါင်းရင် အနည်းဆုံး သန်း ၂၀ ရှိတယ်"
လင်ရှောင်စုက သက်ပြင်းချလိုက်၏။
"ဒုတိယညွှန်ကြားရေးမှူး လျူ ခင်ဗျား လစာက ဘယ်လောက်လဲ တစ်လ ၇,၅၀၀ မဟုတ်လား နှစ်ပေါင်း ၃၀၀ လောက် အလုပ်လုပ်မှ စုနိုင်မယ့် ပမာဏမျိုးကို ဘယ်လို လုပ်ပြီး စုမိတာလဲ"
"ခင်ဗျား... ဒါက လက်စားချေတာ လက်စားချေတာ"
"ဘယ်လို ပြောရမလဲ လက်စားချေတာလို့လည်း ခေါ်နိုင်မှာပေါ့... ကျွန်တော် ကပ္ပတိန် ကျိုးကို ခင်ဗျားရဲ့ ပြဿနာတွေအကြောင်း ပြောခိုင်းခဲ့တာလေ သူ မပြောပြဘူးလား"
"လျူဒေါင် ကျွန်တော်တို့နဲ့ လိုက်ခဲ့"
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အရာရှိလီက ပြောလိုက်လေတော့သည်။
လင်ရှောင်စု ထွက်သွားစဉ် လျူဒေါင်မှာ သူ့ကို အလွန်ပင် မုန်းတီးနေလေ၏။
လင်ရှောင်စုကမူ ဂရုမစိုက်ချေ။
ဓာတ်လှေကားမှ ထွက်လာစဉ် အပြင်တွင် ရဲကားများ ရောက်ရှိနေပြီး အရာရှိများမှာ အဆောက် အအုံထဲသို့ အပြေးလာနေကြသည်။
လင်ရှောင်စုက သူတို့ဆီ တည့်တည့် လျှောက်သွား၏။
"ဘယ်သူက ကျိုးယွမ်ချင်းလဲ"
အလယ်မှ အရာရှိက "ခင်ဗျားက ဘယ်သူလဲ"ဟု ပြန်မေးလိုက်ရာ
"ကျိုးယွမ်ချင်း ဖြစ်ရမယ် ကျွန်တော် လင်ရှောင်စုပါ ဒန်လန်က ခင်ဗျားကို ဖုန်းခေါ်ပြီး လူတစ်ယောက်ကို ဖမ်းခိုင်းတယ်ဆိုတာက ကျွန်တော့်ကို ပြောတာနေမှာ"
အရာရှိ သုံးဦးက သူ့ကို ဝိုင်းထားလိုက်ကြသည်။
လင်ရှောင်စုက ထပ်မံပြောဆိုလိုက်၏။
"သတင်း နှစ်ခု ရှိတယ် တစ်ခုက ကောင်းတယ် တစ်ခုက မကောင်းဘူး ဘယ်တစ်ခု အရင် ကြားချင်လဲ"
ကျိုးယွမ်ချင်းက သူ့ကို အေးစက်စက် ကြည့်လိုက်သည်။
လင်ရှောင်စုက ကိုယ်တိုင်ပင် ပြန်ဖြေလိုက်၏။
"ကောင်းတဲ့ သတင်းကတော့ အပေါ်ထပ်ကို တက်စရာ မလိုတော့ဘူး ဖုန်းခေါ်တဲ့သူကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးက ဖမ်းသွားပြီ ကျွန်တော်က အဲဒီနေရာကို ထိန်းသိမ်းပေးနေတာ သူတို့က ကျွန်တော့်ကို နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်တယ်လို့ ယူဆကြတယ်"
ထိုစဉ် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ဝင်များ ထွက်လာသည်။
အရာရှိ လီက လင်ရှောင်စုကို လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
ရဲအရာရှိများမှာ ကြောင်သွားကြ၏။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့သည် လျူဒေါင်ကို ခေါ်၍ ထွက်ခွာသွားသည်။
"အရာရှိ ကျိုး၊ ကောင်းတဲ့သတင်းတော့ ကြားပြီးပြီ၊ မကောင်းတဲ့သတင်း ကြားချင်သေးလား"
"ဘာလဲ"
"အဲဒီ မိုက်မဲတဲ့ ဒန်လန် ဖုန်းခေါ်တုန်းက အရေးပေါ်နံပါတ်ကို မခေါ်ဘဲ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးရာ နံပါတ်ကို ခေါ်သွားတယ်ဆိုတော့ မေးစရာရှိတယ် ခင်ဗျားက အဲဒီ ခြစားနေတဲ့ လျူဒေါင်နဲ့ အရမ်း ရင်းနှီးနေတာလား အရေးပေါ် ဝန်ဆောင်မှုထက် ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေး နံပါတ်ကို ပိုယုံကြည်ရ လောက်တဲ့အထိပေါ့"
ကျိုးယွမ်ချင်း၏ မျက်နှာမှာ မည်းမှောင်သွား၏။
"ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာက ဘာသက်သေပြနိုင်မှာလဲ"
"ဟုတ်ပါပြီ လူ့အဖွဲ့အစည်းမှာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာက ပုံမှန်ပါပဲ ဒါပေမဲ့ ခင်ဗျား စစ်ဆေးတာကို ခံနိုင်ရည် ရှိမှပေါ့"
လင်ရှောင်စုက ဖုန်းဆက်လိုက်သည်။
"ရဲမှူးကြီး ကျန်းလား ရှောင်စုပါ အနောက်မြို့ ရဲစခန်းမှာ ကျိုးယွမ်ချင်းဆိုတဲ့သူ ရှိတယ် ခင်ဗျား သိတယ်မလား သူက ခြစားနေတဲ့သူနဲ့ အရမ်း ရင်းနှီးနေလို့ပါ ကျွန်တော် စစ်ဆေးရင်တော့ သူ့ရဲ့ ဘိုးဘွားအထိ အကုန်တူးဆွမှာ ကိစ္စက တော်တော်ကြီးသွားနိုင်တယ်... ဟုတ်ပြီ အထက်ကို တင်ပြလိုက်ပါ"
ဖုန်းချသွား၏။
ကျိုးယွမ်ချင်း၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားပြီး ချွေးစက်များ ထွက်လာသည်။
လင်ရှောင်စုက "အရာရှိ ကျိုး၊ အအေးပတ်နေတာလား"
ကျိုးယွမ်ချင်းမှာ ကျောရိုးထဲအထိ အေးစက်သွား၏။
"နောက်နေတာလား"
"ဟုတ်ပါလိမ့်မယ် ကျွန်တော် သွားပြီ"
လင်ရှောင်စုက လက်ဝှေ့ယမ်းကာ ထွက်ခွာသွားသည်။
နောက်တစ်နေရာမှာ မြို့တော် လုံခြုံရေး ဗျူရိုပင် ဖြစ်ချေသည်။
လင်ရှောင်စုက နံရံပေါ်ရှိ "ဖြောင့်မတ်တည်ကြည်၊ ဥပဒေ စိုးမိုး" ဟူသော စာတန်းကို ကြည့်ကာ ရုံးခန်းသို့ တက်သွားလိုက်၏။
(၅) လွှာ ဒါရိုက်တာ ရုံးခန်းတွင်
ကွန်ပျူတာရှေ့ရှိ အမျိုးသမီးတစ်ဦးက
"ရှင်က ဘယ်သူလဲ"
"စုံထောက်ရုံးက လင်ရှောင်စုပါ ဒါရိုက်တာ ရန်ကို တွေ့ချင်တယ်"
"မှတ်ပုံတင်ပြီး ကြိုတင်ချိန်းဆိုထားမှ တွေ့ရမှာပေါ့"
အမျိုးသမီးက မကျေမနပ် ဖြစ်နေလေသည်။
လင်ရှောင်စုက ပြုံးလိုက်မိသည်။
"ကျွန်တော့်ကို အလုပ်ရှုပ်အောင် လုပ်တဲ့ နောက်ဆုံးလူက ခင်ဗျားတို့ ဗျူရိုက ဒုတိယညွှန်ကြားရေးမှူး လျူဒေါင်ပဲ သူ အခု ဘယ်ရောက်နေလဲ သိလား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးက ခေါ်သွားပြီ သူ့ကို ပို့ပေးခဲ့တာ ဘယ်သူလဲ ကျွန်တော်လေ"
အမျိုးသမီး၏ မျက်နှာမှာ ပြောင်းလဲသွား၏။
ရုံးခန်းအတွင်းမှ ကုလားထိုင် ရွှေ့သံ ကြားလိုက်ရပြီး ဒါရိုက်တာ ရန်၏ အသံ ထွက်လာသည်။
"သူ့ကို ဝင်ခိုင်းလိုက်"
လင်ရှောင်စု ဝင်သွားလိုက်လေ၏။
ဒါရိုက်တာ ရန်မှာ အသက် ၅၀ ကျော်ပြီ ဖြစ်ပြီး ဆံပင်များ ဖြူနေသော်လည်း တည်ကြည်သော အရှိန်အဝါ ရှိပေသည်။
လင်ရှောင်စုသည် စားပွဲကို ကြည့်လိုက်မိသည်။
စားပွဲမှာ အလွန် သန့်ရှင်းနေပြီး စက္ကန့် ၅၀ ခန့်လောက်မှ ဆေးလိပ်ဘူးနှင့် ပြာခွက်ကို ဖယ်ထားပုံ ရလေသည်။
"ဒါရိုက်တာ ရနေ ကျွန်တော့်ကို မိတ်ဆက်စရာ မလိုတော့ဘူး မဟုတ်လား"
"ထိုင်ပါ"
"ဒုတိယညွှန်ကြားရေးမှူး လျူရဲ့ အခြေအနေအကြောင်း ကြားပြီးပြီလား"
ဒါရိုက်တာ ရန်က သက်ပြင်းချကာ "အခုပဲ ကြားတယ်၊ တကယ်ကို စိတ်မကောင်းစရာပါ..."
အပြင်မှ အမျိုးသမီးက လက်ဖက်ရည် လာချပေးသည်။
လင်ရှောင်စုက လက်ဖက်ရည်ကို ယူ၍ စားပွဲပေါ် တင်လိုက်၏။
အမျိုးသမီး ထွက်သွားပြီး တံခါးကို ပိတ်လိုက်လေသည်။
ဒါရိုက်တာ ရန်က မေးလိုက်လေသည်။
"ခင်ဗျား ဒီကို ဘာကိစ္စ လာတာလဲ"