အခန်း (၅၃) နေအိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း
ကျိုးမေသည် ထိုသူငယ်ချင်းထံ ဖုန်းဆက်လိုက်၏။
ထိုသူငယ်ချင်းက ဒဏ်ငွေပမာဏမှာ ညှိနှိုင်းနိုင်ကြောင်း လူငယ် စွန့်ဦးတီထွင်သူများ၏ အခက်အခဲကို အာဏာပိုင်များအား ရှင်းပြပါက လျှော့ပေါ့ပေးနိုင်ကြောင်း ပြောဆိုလိုက်သည်။
သို့သော် ဒဏ်ငွေ ၁.၃ သန်း ဖြစ်ကြောင်းနှင့် ဆိုင်ငယ်လေး၏ ဝင်ငွေမှာ ၁၀၀,၀၀၀ ပင် မရှိကြောင်း သိလိုက်ရသည့်အခါ ဖုန်းတစ်ဖက်တွင် တိတ်ဆိတ်သွား တော့ပေသည်။
ဒဏ်ငွေကို လျှော့ချပေးနိုင်သော်လည်း ဤမျှ ပမာဏကြီးမားသည့် ဒဏ်ငွေကို အရင်းအမြစ်မှ စတင်ဖြေရှင်းရန်မှာ မလွယ်ကူပေ။
ဤသည်မှာ ဒဏ်ငွေနှင့် ပတ်သက်သည့် အထွေထွေ စည်းမျဉ်း ဖြစ်၏။ ပမာဏကို လျှော့ချနိုင်သော်လည်း တစ်ဝက်လောက် လျှော့ချနိုင်လျှင်ပင် ကောင်းမွန်နေပြီဖြစ်ပြီး ဆယ်ပုံတစ်ပုံ အထိ လျှော့ချနိုင်ခြင်းမှာမူ အလွန်ပင် စံပြဆန်လွန်းနေပေသည်။
ဖုန်းပြောပြီးနောက်တွင် ကျိုးမေသည် ယခင်ကဲ့သို့ စိတ်အေးလက်အေး မရှိတော့ပေ။
"ရဲမှူးကြီး ကျန်းကို သူတို့ ဒါရိုက်တာဆီ ဖုန်းဆက်ခိုင်းမလား" ဟု သူမက မေးလိုက်သည်။
မြောင်ရိုလန်၏ ပြာဖြစ်လုနီးပါး ဖြစ်နေသော ရင်ထဲတွင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ပြန်လည် ပေါ်လာပြန်လေသည်။
သို့သော် ဖုန်းကို ထုတ်စဉ် ကျိုးမေမှာ ခဏရပ်သွားပြီး
"ဒါလည်း အဆင်မပြေဘူး ရဲမှူးကြီး ကျန်းက ဖုန်းဆက်ရင်တောင် အများဆုံး ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းပဲ လျှော့ပေးလိမ့်မယ် ဒါပေမဲ့ ဒီပမာဏကို မင်းတို့ မတတ်နိုင်သေးဘူး ဒီတစ်ခါတော့ တကယ်ကို ဒုက္ခရောက်ပြီ..."ဟု ဆိုသည်။
"ရှောင်စုက ပြောတယ် ဥပဒေမှာ ပြဋ္ဌာန်းထားတာက... အစ်မကျိုး ဥပဒေမှာ တကယ်ပဲ ဘယ်လို ပြဋ္ဌာန်းထားတာလဲ"
"ငါက ရာဇဝတ်မှုဆိုင်ရာ ဥပဒေကိုပဲ အဓိက လေ့လာတာ ဈေးကွက် ဥပဒေအကြောင်းကိုတော့ တကယ်ပဲ သေချာ မလေ့လာရသေးဘူး အကောင်အထည်ဖော်တဲ့သူတွေမှာ လိုက်နာရမယ့် ဥပဒေတွေ ရှိပြီးသားဆိုတော့ လိုအပ်ချက်တွေကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး"
ဤသည်မှာလည်း အထွေထွေ စည်းမျဉ်း တစ်ခုပင်။
‘ဥပဒေ စိုးမိုးရေး အရာရှိများသည် ဥပဒေကို အကောင်အထည်ဖော်ရင်း ဥပဒေကို ချိုးဖောက်နိုင် ပါ့မလား’
ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူအများစုမှာ ဥပဒေဘောင်အတွင်းမှ ထိခိုက်မှု နည်းအောင်သာ စဉ်းစားကြပြီး ဥပဒေ၏ အရင်းအမြစ်မှ စတင်ဖြေရှင်းရန် မကြိုးစားကြပေ။
အဘယ်ကြောင့်ဆိုသော် ဈေးကွက် ဥပဒေများသည် သူတို့၏ ကျွမ်းကျင်မှု ဖြစ်သောကြောင့် ဖြစ်၏။
"ဒါပေမဲ့..."
မြောင်ရိုလန်က
"သူက ပြောတယ် စုံထောက်ရုံးကို ဖုန်းချန်းကနေ မောင်းထုတ်ဖို့ ကြိုးစားနေတဲ့ ရာဇဝတ်သားတွေက သူတို့ရဲ့ အသေအချာဆုံး အန်စာတုံးကို ကြဲလိုက်တာ ဖြစ်နိုင်တယ်တဲ့ အဲဒီလိုဆိုရင် သူတို့က တကယ်ပဲ ဥပဒေကို သိလျက်နဲ့ ချိုးဖောက်နေတာ ဖြစ်နိုင်တယ်"
ကျိုးမေက ချက်ချင်း တုံ့ပြန်လိုက်၏။
"မင်းတို့ကို ဖုန်းချန်းကနေ မောင်းထုတ်ဖို့... လင်ရှောင်စု ဘယ်မှာလဲ သူ လာခဲ့ပါစေ ငါတို့ ဒါကို ဆွေးနွေးဖို့ လိုတယ်"
မြောင်ရိုလန်သည် ဖုန်းကို ကောက်ကိုင်ကာ လင်ရှောင်စုထံ ဖုန်းခေါ်လိုက်၏။
အချိန်ကြာမြင့်စွာ မြည်သော်လည်း မည်သူမျှ မဖြေကြားပေ။
ကျိုးမေကလည်း သူမ၏ ဖုန်းဖြင့် ခေါ်ကြည့်သော်လည်း မဖြေကြားပေ။
"ဘာတွေဖြစ်နေတာလဲ"
ကျိုးမေ မျက်မှောင်ကြုတ်လိုက်၏။
မြောင်ရိုလန်က "သူ ထွက်သွားတုန်းက သူ ကပ္ပတိန်ကျိုးကို သွားဖြေရှင်းမယ်လို့ ပြောသွားတာ သူ ကပ္ပတိန်ကျိုးရဲ့ ရှေ့မှာပဲ ပြောသွားတာ..."
"အို ဘုရားသခင်"
ကျိုးမေက "ငါတို့ ခုနကပဲ ဥပဒေကို သိလျက်နဲ့ ချိုးဖောက်တဲ့အကြောင်း ဆွေးနွေးနေတာ သူ ဒီလို အရေးကြီးတဲ့ အချိန်မှာ ဒီလိုမျိုး လုပ်ရပ်မျိုး မလုပ်မိပါစေနဲ့..." ဟု အော်လိုက်မိ၏။
မြောင်ရိုလန်လည်း စိုးရိမ်လာလေသည်။
သူမသည် လင်ရှောင်စု၏ စွမ်းရည်များကို ကောင်းစွာ သိရှိထားပေသည်။ သူသည် ရှေးဟောင်း ကိုယ်ခံပညာကို ကျွမ်းကျင်သည်။ သူ၏ ကျောက်ခဲ တစ်လုံးတည်းဖြင့်ပင် လူတစ်ယောက်၏ အသက်ကို နုတ်ယူနိုင်သည်။ ထိုစွမ်းရည်မျိုးမှာ စစ်မြေပြင်တွင် အလွန်စိတ်ချ ရသော်လည်း ငြိမ်းချမ်းရေးနှင့် ဥပဒေ စည်းမျဉ်းများ ရှိနေသည့်အချိန်တွင် သူ၏ ဒေါသထွက်နေသည့် အချိန်များသည် အန္တရာယ်အရှိဆုံး ဖြစ်နိုင်ပေ၏။
‘ဘာမှ မိုက်မဲတဲ့ အလုပ်မျိုး မလုပ်ပါစေနဲ့...’
သို့သော် ယခုအချိန်တွင်မူ မြားမှာ လေးမှ ထွက်သွားပြီ ဖြစ်ပြီး စွန်မှာလည်း ကြိုးပြတ်သွားပြီ ဖြစ်ချေပြီ။
လင်ရှောင်စုသည် စုံထောက်ရုံးမှ ထွက်ခွာသွားပြီး ဖုန်းချန်း၏ လူဦးရေ ၂၀၀,၀၀၀ ကြားရှိ မသိနိုင်သော ထောင့်ပေါင်းစုံတွင် ပျောက်ကွယ်သွားပြီး ဖုန်းဖြင့်လည်း ဆက်သွယ်၍ မရနိုင်သဖြင့် သူနှင့် ညှိနှိုင်းရန် လမ်းစမရှိပေ။
တစ်ခုတည်းသော ရွေးချယ်မှုမှာ မက်ဆေ့ချ် ပို့ခြင်းသာ ဖြစ်ပေသည်။
မက်ဆေ့ချ်မှာ ရောက်သွားသော်လည်း သူ မြင်၊ မမြင်ကိုမူ မသိနိုင်ပေ။
လင်ရှောင်စုသည် လျှပ်စစ်စကူတာကို စီး၍ လမ်းဆုံ လေးခုကို ဖြတ်ကျော်လာပြီး ရံဖန်ရံခါတွင် ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။
သူ၏ မျက်ဝန်းတို့မှာ တည်ငြိမ်နေသော်လည်း တစ်ဖက်တွင်မူ သိမ်မွေ့သော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်လာလေ၏။
ည ၁၀ နာရီခန့်တွင် သူသည် လျှပ်စစ်စကူတာကို စီး၍ အဆောက်အအုံတစ်ခုရှိ အနောက်တံခါးအနီးသို့ ရောက်ရှိသွားသည်။
ဆိုင်ကယ်တက္ကစီ နောက်တွင် လိုက်ပါ၍ နေအိမ် အဆောက်အအုံအတွင်းသို့ ဝင်သွားလိုက်လေ၏။ ဆိုင်ကယ်တက္ကစီမှာ အဆောက်အအုံ (၁၂) ထဲ ဝင်သွားပြီး လင်ရှောင်စုမှာမူ အဆောက် အအုံ (၁၀) ထဲ ဝင်သွားသည်။
ဓာတ်လှေကားဖြင့် (၇) လွှာသို့ တိုက်ရိုက်တက်သွားပြီး အခန်း (၇၀၁) ၏ တံခါးခေါက်လိုက်၏။
တံခါးပွင့်လာပြီး အသက် ၄၀ ဝန်းကျင်ရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက အံ့အားသင့်စွာဖြင့် "ဘယ်သူ့ကို ရှာတာလဲ" ဟု မေးလိုက်လေသည်။
"ဒုတိယညွှန်ကြားရေးမှူး လျူ"
"သူ ရုံးမှာ ရှိတယေ အိမ်ပြန်မရောက်သေးဘူး"
"ပြဿနာမရှိပါဘူ ကျွန်တော် သူ့ကို စောင့်နေမယ်"
လင်ရှောင်စုက သူ၏ လက်ကို ညင်သာစွာ မြှောက်ကာ တံခါးကို ဖမ်းဆုပ်ပြီး တွန်းဖွင့်ကာ ဝင်သွား၏။
အမျိုးသမီး၏ အမူအရာ ပြောင်းလဲသွားပြီး
"ရှင် ဘာဖြစ်တာလဲ ကျွန်မ ရှင့်ကို မဝင်ခိုင်းဘူး"
"ကျွန်တော် ဝင်တာ မဝင်တာ ခင်ဗျား ခွင့်ပြုချက် လိုလို့လား"
လင်ရှောင်စုသည် ကော်ဖီစားပွဲဆီသို့ လျှောက်သွားပြီး ယုံကြည်ချက်ရှိစွာ ဝင်ထိုင်လိုက်၏။
"ကျွန်တော် ဝင်ဖို့ ရွေးလိုက်တဲ့ နေရာတိုင်းကို ဘယ်သူမှ မတားနိုင်ဘူး"
"ထ မဟုတ်ရင် ကျွန်မ ရဲခေါ်လိုက်မယ်"
အမျိုးသမီးက ဆိုဖာပေါ်တွင် ထိုင်နေသော လင်ရှောင်စုကို လက်ညှိုးထိုးကာ အသံကို ရုတ်တရက် မြှင့်ပြောလိုက်သည်။
"ဖုန်းက အဲဒီမှာ"
လင်ရှောင်စုက အခန်းကန့်လန့်ကာ ဘေးရှိ နံရံဆီသို့ လက်ညှိုးထိုးပြလိုက်၏။
ကျောက်နက်ဖြင့် ပြုလုပ်ထားသော ထိုအခန်းကန့်လန့်ကာမှာ အလွန်ပင် တန်ဖိုးကြီးပုံ ပေါက်နေပေ၏။
သူမ၏ မိုဘိုင်းဖုန်းမှာ အတွင်းတွင် ရှိနေပြီး သတိမပြုမိနိုင်သော်လည်း လင်ရှောင်စုက ၎င်းကို တိုက်ရိုက် ညွှန်ပြလိုက်လေသည်။
အမျိုးသမီးက ဖုန်းကို ဆွဲယူလိုက်ပြီး တုံ့ဆိုင်းနေဆဲ ဖြစ်၏...
လင်ရှောင်စုသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး
"အင်း အလှဆင်ထားတာ လှတယ် ဒီအလှဆင်ဖို့ ပိုက်ဆံတွေက လာဘ်ပေးလာဘ်ယူထားတာတွေက လာတာ မဟုတ်လား"
"ရှင်... ရှင် ဘာပြောတာလဲ"
ရဲခေါ်ဖို့ ကြောက်ရွံ့နေသော အမျိုးသမီးမှာ သူ့ရှေ့က လူကို ဘယ်လို တိုင်းတာရမှန်း မသိတော့ပေ။
"ဆိုလိုတာက ရှင်းမနေဘူးလား ခင်ဗျား နားမလည်ဘူးလား"
လင်ရှောင်စုသည် ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။
"ရှင်... ရှင် တကယ်ပဲ ဘယ်သူလဲ ကျွန်မတို့ အဘိုးကြီး လျူကို ဘာလုပ်ဖို့လဲ"
"ကျွန်တော်က ဖုန်းချန်း စုံထောက်ရုံးက လင်ရှောင်စုပါ"
လင်ရှောင်စုက "ဒုတိယညွှန်ကြားရေးမှူး လျူက ကျွန်တော့်ကို မနက်အစောကြီးကတည်းက ဒဏ်ငွေ အများကြီး ရိုက်ထားလို့ ကျွန်တော် မတတ်နိုင်ဘူး ဖြစ်နေလို့" ဟု ပြောသည်။
အမျိုးသမီးမှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွား၏။
ဒဏ်ငွေကိစ္စနှင့် ပတ်သက်၍ အကူအညီ တောင်းခံခြင်း ဖြစ်သည်ဟု သူမ ထင်လိုက်မိ၏။ သူမသည် ဤကဲ့သို့သော ကိစ္စမျိုးကို အရင်ကလည်း ကြုံဖူးပြီး ဖြစ်သည်။ သို့သော် ယခင်က လူများမှာ လက်ဆောင်ပစ္စည်းများဖြင့် ဂရုတစိုက် လာရောက်တောင်းဆိုကြခြင်း ဖြစ်ပြီး ယနေ့ကဲ့သို့ ယဉ်ကျေးမှုမဲ့စွာ ဝင်ရောက်လာခြင်းမှာ တစ်ခါမျှ မကြုံဖူးပေ။ ယဉ်ကျေးသူကို ယဉ်ကျေးစွာ ဆက်ဆံတတ်သော်လည်း လင်ရှောင်စုကဲ့သို့ လူမျိုးကိုမူ ထိုသို့ ဆက်ဆံရန် မလိုပေ။
အမျိုးသမီးက အေးစက်စက်ဖြင့်
"အလုပ်ကိစ္စဆိုရင် ရုံးကို သွားရှာပါ အပြင်ထွက်"
"ခင်ဗျား ကျွန်တော့်စကား မဆုံးသေးဘူး"
လင်ရှောင်စုက ဆက်ပြောလိုက်လေသည်။
"ကျွန်တော် ခင်ဗျားကို ပြောချင်တာက... ကျွန်တော် သူ့ ဒဏ်ငွေ မတတ်နိုင်ဘူး ဒါကြောင့် သူ့ကို အရင် အထဲပို့ဖို့ စဉ်းစားထားတာ"
"ရှင် ဘာပြောတာလဲ"
"ခင်ဗျား နားမလည်သေးဘူး ဒုတိယညွှန်ကြားရေးမှူး လျူက လာဘ်ပေးလာဘ်ယူ လုပ်တာတော့ ကျွမ်းကျင်တယ် မိန်းမတွေနဲ့ ပတ်သက်ရင်တော့ သိပ်မကျွမ်းကျင်ဘူးနဲ့ တူတယ်"
လင်ရှောင်စုက "ရှင်းရှင်းပြောရရင် ဒုတိယညွှန်ကြားရေးမှူး လျူကို ထောင်ထဲမှာ တစ်နှစ် နှစ်နှစ်လောက် နေစေချင်တယ် ဒီနေ့ လာတာက သူ့အတွက် ဆောင်းရာသီ အဝတ်အစားတွေ ကြိုပြင် ဆင်ထားဖို့ အကြောင်းကြားတာပါ" ဟု ဆိုလိုက်၏။
အမျိုးသမီးက သူ့ကို စူးစိုက်ကြည့်နေသည်။
ဆိုဖာပေါ်တွင် ထိုင်နေသော လင်ရှောင်စုက သူမကို ညင်သာစွာ ပြုံးပြကာ
"ခင်ဗျား မျက်လုံးတွေက အများကြီး ပြောပြနေတယ် ခင်ဗျားလည်း သူ့ရဲ့ တရားမဝင် လုပ်ရပ်တွေကို သိနေတာပဲ"
ရုတ်တရက် ဆိုလိုက်သော စကားကြောင့် အမျိုးသမီးမှာ ချွေးအေးများပင် ပြန်လာလေသည်။
"ခင်ဗျား ခင်ပွန်းကို ဖုန်းဆက်တော့မယ်ဆိုတာ ကျွန်တော် သိတယ် ခင်ဗျားကို သီးသန့် အချိန်ပေး လိုက်မယ် အခန်းထဲ သွားပြီး ဖုန်းဆက်လိုက်ပါ..."
"ရှင်... စောင့်နေ ကျွန်မ ရဲခေါ်တော့မယ်"
အမျိုးသမီးက လှည့်၍ အခန်းထဲသို့ ဝင်သွားပြီး တံခါးဖွင့်လိုက်သည့် အခိုက်တွင် လင်ရှောင်စု၏ မျက်ဝန်းတို့မှာ တည်ငြိမ်နေပေသည်။
တံခါးပွင့်သွားပြီး ပြန်ပိတ်သွားသော်လည်း အထဲတွင် ဖြစ်ပျက်သမျှအားလုံးမှာ သူ၏ စိတ်ထဲတွင် စွဲထင်နေလေသည်။
သူ့ရှေ့က ကိစ္စသာမက ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများပါ အပါအဝင် ဖြစ်၏...
မြို့တော် လုံခြုံရေး ဗျူရို၏ (၇) လွှာတွင် ဒုတိယညွှန်ကြားရေးမှူး လျူ၏ ရုံးခန်းမှာ ကျယ်ဝန်းပြီး သန့်ရှင်းပေသည်။
ဒုတိယညွှန်ကြားရေးမှူး လျူ
အမည်မှာ လျူဒေါင် အသက် ၄၆ နှစ်
အကောင်းဆုံး အချိန်ကာလတွင် ရှိနေသူပင် ဖြစ်ချေသည်။
မကြာသေးမီက ဒါရိုက်တာ ရန် အငြိမ်းစားယူတော့မည် ဖြစ်ပြီး ဤ ဝါရင့် ဒုတိယညွှန်ကြားရေးမှူးမှာ ရာထူးတိုးတော့မည်ဟု ကောလာဟလများ ထွက်ပေါ်နေ၏။ သူ၏ လက်အောက်ငယ်သားများကပင် ပုဂ္ဂိုလ်ရေးအရ ဂုဏ်ပြုထားကြပြီး ဖြစ်ရာ လျူဒေါင်မှာ မကြာသေးမီကပင် စိတ်အားထက်သန် နေလေသည်။
သို့သော် ယခုအချိန်တွင် သူ၏ အမူအရာမှာ အလွန် မှောင်မည်းနေ၏။
အဘယ်ကြောင့်ဆိုသော် သူ၏ ယုံကြည်ရသော လက်အောက်ငယ်သား ကပ္ပတိန် ကျိုးလူပင်းက ယနေ့ လူတစ်ယောက်၏ ရဲဝံ့မှုအကြောင်း တိုင်ကြားထားသောကြောင့်ပင် ဖြစ်၏။
"ငါ့ဆီ ပြဿနာ ရောက်လာပြီ..."
လျူဒေါင်က အေးစက်စက် ပြောကာ
"ဒါဆိုရင် သူ တကယ်ပဲ ဘယ်လောက် စွမ်းအား ရှိသလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကပ္ပတိန် ကျိုးလူပင်းက ပြန်ပြောလိုက်လေသည်။
"သူက ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့မှ ရဲမှူးကြီး ကျန်းဟောက်ကုန်းနဲ့ ဆက်ဆံရေး ကောင်းပုံရတယ် ရဲမှူးကြီးရဲ့ ကျောထောက်နောက်ခံ ရှိရင် ဖုန်းချန်းမှာ ဘယ်သူ့ကိုမှ မကြောက်ဘူးလို့ ထင်နေပုံပဲ"
"ဟဲဟဲ အဲဒါ သူ့ရဲ့ အမြင်ကျဉ်းမြောင်းမှုပဲ သူ့အမြင်မှာ ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့ ရဲမှူးကြီးဆိုတာ ဧကရာဇ်လို ဖြစ်နေမယ် ဒါပေမဲ့ ရဲမှူးကြီးဆိုတာက ရာထူးတစ်ခုပဲ ငါနဲ့ အဆင့်တူပဲဆိုတာ သူ မသိဘူး ဒီလို မိုက်ရူးရဲ လုပ်ရင် မိနစ်ပိုင်းအတွင်းမှာပဲ ဒါရိုက်တာ ဖြစ်တော့မှာ မဟုတ်ဘူး"
"ဟုတ်တယ် အခု အဆင့်တူပဲ ဒါပေမဲ့ နောက်ရက်အနည်းငယ်မှာ ခင်ဗျားက သူ့ရဲ့ အထက်လူကြီးတွေနဲ့ တွေ့ရတော့မှာ လင်ရှောင်စုကတော့ ဧကရာဇ်လိုပဲ ထင်ပြီး ယုံကြည်နေတာ တကယ့် အရိုင်းအစိုင်းလေးပါပဲ..." ဟု ကပ္ပတိန် ကျိုးလူပင်းက ရယ်မောရင်း ပြောလိုက်လေတော့သည်။
ထိုအချိန်တွင် လျူဒေါင်၏ စားပွဲပေါ်ရှိ ဖုန်း မြည်လေ၏။
ကျိုးလူပင်းက ရယ်မောကာ
"ဒီ ရဲမှူးကြီး တကယ် ဖုန်းဆက်လာတာလား"
"မဟုတ်ဘူး ငါ့ မိန်းမ..."
လျူဒေါင်က ဖုန်းကို ကောက်ကိုင်ကာ
"မိန်းမ"
"မြန်မြန် ပြန်လာခဲ့ပါ" ဖုန်းထဲမှ အသံတစ်ခု ထွက်လာ၏။
"ဘာဖြစ်တာလဲ"
"အိမ်ကို လူတစ်ယောက် ရောက်နေတယ် ဖုန်းချန်း စုံထောက်ရုံးက လင်ရှောင်စု..."
"ဟဲဟဲ သူ ငါတို့ အိမ်ကိုတောင် ရှာတွေ့သွားတာပဲ သူ့ကို ထွက်သွားခိုင်းလိုက်"
လျူဒေါင်က ဂရုမစိုက်စွာ ပြောသည်။
"..."
ဖုန်းထဲမှ အသံမှာ တိုးသွားပြီး အကြောင်းအရာများ ပြောပြနေ၏...
လျူဒေါင်၏ မျက်ခုံးတို့မှာ တဖြည်းဖြည်း တွန့်ချိုးလာသည်။ နောက်ဆုံးတွင် သူက
"ငါ ချက်ချင်း ပြန်လာခဲ့မယ်"
ဖုန်းချသွားပြီး သူ၏ အမူအရာမှာ အလွန်ပင် မှောင်မည်းသွား၏။
"ဒုညွှန် လျူ လင်ရှောင်စု တကယ်ပဲ ခင်ဗျား အိမ်ကို ရောက်နေတာလား"
ကျိုးလူပင်း၏ မျက်နှာပေါ်တွင်လည်း ပြုံးရယ်ခြင်း အရိပ်အယောင် ပျောက်ကွယ်သွားလေသည်။
"ဟုတ်တယ်"
လျူဒေါင် ခေါင်းညိတ်လိုက်သည်။
"သူ တကယ့်ကို ဥပဒေမဲ့ပဲ ရဲခေါ်လိုက်ရအောင် ကျွန်တော် အနောက်မြို့ ရဲစခန်းနဲ့ ပြောလိုက်မယ် သူ့ကို တိုက်ရိုက် ဖမ်းခိုင်းလိုက်မယ် အမှုက အသင့်ပဲ ကျူးကျော်မှု"
"အခုတော့ မလိုသေးဘူး ငါ အရင် သွားကြည့်ဦးမယ်"
လျူဒေါင်သည် စားပွဲပေါ်မှ ပစ္စည်းများကို အမြန်သိမ်းကာ ထရပ်လိုက်သည်။
" ကျွန်တော် လိုက်ခဲ့ရမလား"
"မလိုဘူး"
လျူဒေါင်သည် ရုံးခန်းမှ ထွက်သွားပြီး အောက်ထပ်သို့ ဆင်းသွား၏...
ပုံမှန်အခြေအနေတွင် သူသည် ကျိုးလူပင်း၏ အကြံပြုချက်တစ်ခုခုကို ရွေးချယ်သင့်ပေသည်။
ရဲခေါ်ခြင်း သို့မဟုတ် လက်အောက်ငယ်သားများကို ခေါ်သွားခြင်း ဖြစ်၏။
စုံထောက်တစ်ဦးက မိမိအိမ်ကို ကျူးကျော်ဝင်ရောက်လာခြင်းမှာ ထိန်းချုပ်နိုင်သော ကိစ္စဖြစ်သည်။ သို့သော် သူသည် အကြံပြုချက် နှစ်ခုစလုံးကို ပယ်ချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် လင်ရှောင်စု၏ "မကောင်းသော ရည်ရွယ်ချက်" ကို သူ၏ မျက်နှာပေါ်တွင် ရှင်းလင်းစွာ မြင်နေရသောကြောင့် ဖြစ်သည်။
သူသည် လာဘ်ပေးလာဘ်ယူမှု အကြောင်းကိုလည်း အကြိမ်ကြိမ် ပြောဆိုနေ၏။
လျူဒေါင်သည် သူ၏ လက်ထဲတွင် အထောက်အထား ဘယ်လောက်ရှိသလဲ မသိသဖြင့် လူများစွာကို ခေါ်သွားပါက သူ၏ လျှို့ဝှက်ချက်များကို အခြားသူများ ကြားသွားမည်ကို စိုးရိမ်လေသည်။
ဤသည်မှာ မကောင်းမှု မကြာခဏ လုပ်သူတို့၏ အလေ့အထ ဖြစ်ပေမည်။
လျူဒေါင် အိမ်ပြန်ရောက်သောအခါ လင်ရှောင်စုမှာ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေပြီး ထပင် မထရဲပေ။
သူ၏ ဇနီးဖြစ်သူ ဒန်လန်မှာ ဖုန်းချန်းမှ အမျိုးသမီးများကြားတွင် လူသိများသူ ဖြစ်ပြီး ပြတင်းပေါက် ဘေးတွင် လက်ပိုက်ကာ တင်းမာသော အမူအရာဖြင့် ရပ်နေလေ၏။