အခန်း (၅၂) ဖြောင့်မတ်သော နည်းလမ်းများ
ထိုစကားလုံးများကို ပြောဆိုလိုက်ပြီးနောက် လင်ရှောင်စုသည် သူမ၏ ပုံရိပ်မှာ တစ်ဖန် ပြောင်းလဲ သွားသည်ဟု ခံစားလိုက်ရ၏။
သူမ၏ မျက်ဝန်းထဲတွင် ရှိနေသော ဆော့ကစားတတ်သည့် အပြုအမူနှင့် အနည်းငယ်သော ခေါင်းမာမှုတို့က တစ်ကိုယ်တည်း လှပနေသော သစ်ခွပန်း၏ ပုံရိပ်ကို အနည်းငယ် ဝေဝါးသွားစေ လေ၏။
ထိုအချိန်တွင် လင်ရှောင်စု၏ ဖုန်း မြည်လာလေသည်။
ဖုန်းကို ဖြေလိုက်သည့်အခါ မြောင်ရိုလန်၏
"ရှောင်စု၊ မြန်မြန်ပြန်လာခဲ့ပါ" ဟူသော အသံကို ကြားလိုက်ရသည်။
သူမ၏ အသံတွင် စိုးရိမ်မှု အရိပ်အယောင်လေးများ ပါနေ၏။
လင်ရှောင်စု၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားပြီး ထရပ်လိုက်ကာ
"ငါ့မှာ လုပ်စရာလေးရှိလို့ အခုပဲ သွားရတော့မယ်၊ နောက်တစ်ခါမှ ထပ်ပြောကြတာပေါ့" ဟု ဆိုလိုက်သည်။
အမျိုးသမီးမှာ သူမ၏ ပန်းချီကားကို မေ့ကျန်ခဲ့ကြောင်း ပြောလိုဟန် ရှိသော်လည်း လင်ရှောင်စုမှာ စာကြည့်တိုက်မှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု ဖြစ်လာတော့ မည်ဟု လင်ရှောင်စု ကြိုတင် အာရုံခံလိုက်မိခြင်း ဖြစ်၏။
မြောင်ရိုလန်မှာ ရှေးဟောင်း ကိုယ်ခံပညာကို လေ့ကျင့်ထားသူ ဖြစ်ပြီး ပုံမှန်အားဖြင့် တည်ငြိမ်သူ ဖြစ်ရာ အလွယ်တကူ စိုးရိမ်တတ်သူ မဟုတ်ပေ။
လမ်းကို ဖြတ်ကျော်ပြီး စုံထောက်ရုံးသို့ ရောက်သောအခါ လင်ရှောင်စုသည် ဝင်လိုက်သည်နှင့် ထူးဆန်းသော လေထုကို ခံစားလိုက်ရ၏။
ယူနီဖောင်း ဝတ်ဆင်ထားသူ နှစ်ဦးမှာ ဆိုဖာပေါ်တွင် ထိုင်နေကြ၏။
ဘယ်ဘက်မှ လူမှာ အသက် ၄၀ ဝန်းကျင်ရှိပြီး ညာဘက်မှ လူမှာ အသက် ၂၀ သို့မဟုတ် ၃၀ ဝန်းကျင် ဖြစ်သည်။
ယူနီဖောင်း ဝတ်ဆင်ထားသူများတွင် ပင်ကိုယ် ပါလာတတ်သော ဂုဏ်သရေရှိနေသကဲ့သို့ ပုံစံပေါက်ကာ စားပွဲဘေးတွင် ရပ်နေသည့် မြောင်ရိုလန်မှာလည်း တင်းမာနေပုံ ပေါက်နေလေသည်။
လင်ရှောင်စုကို မြင်သောအခါ မြောင်ရိုလန်က အမြန် ချဉ်းကပ်လာပြီး
"သူတို့... သူတို့က မြို့တော် လုံခြုံရေး ဗျူရိုကပါ"
မြို့တော် လုံခြုံရေး ဗျူရို ဆိုသည်မှာ ဈေးကွက် စည်းကမ်းထိန်းသိမ်းရေးနှင့် ကုန်ပစ္စည်း အရည်အသွေး မှစ၍ ဆိုင်လုပ်ငန်းဆောင်ရွက်မှု အားလုံးကို ကြီးကြပ်ရသောဌာန ဖြစ်ပေသည်။
လုပ်ငန်းခွင် ဖွင့်လှစ်ထား သမျှ မည်သူမျှ သူတို့၏ ကြီးကြပ်မှုကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ဘယ်ဘက်မှ လူက ခြေချိတ်ထိုင်ရင်း မေးလိုက်သည်။
"ခင်ဗျားက လင်ရှောင်စေ စုံထောက်ရုံးရဲ့ တာဝန်ခံလား"
"ဟုတ်ပါတယ်"
လင်ရှောင်စုက ပြန်ဖြေလိုက်၏။
"ဆောင်လေး သူ့ကို အထောက်အထားပြလိုက်"
လူငယ်မှာ သူ၏ ID ကတ်ကို ထုတ်ပြလိုက်၏။
ထိုအပြုအမူက ဥပဒေ စိုးမိုးရေး၏ အာဏာကို ပြသနေပြီး မြောင်ရိုလန်ကို ပိုမို စိုးရိမ်စေခဲ့၏။
လင်ရှောင်စုသည် ID ကို အမူအရာမဲ့စွာ ကြည့်လိုက်ပြီး
"မြင်ပါပြီ ဘာကိစ္စလဲ ပြောပါ"
"ဘယ်လုပ်ငန်းမဆို ဈေးနှုန်းစာရင်း ရှင်းလင်းစွာ ပြထားရမယ် ခင်ဗျားရဲ့ ဈေးနှုန်းကတ် ဘယ်မှာလဲ"
ထိုလူက မေးရာ နံရံတွင် ဈေးနှုန်းစာရင်း မရှိသည်ကို တွေ့လိုက်ရ၏။
လင်ရှောင်စုက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော်တို့မှာ ဈေးနှုန်းစာရင်း မရှိပါဘူး"
"ဆောင်လေး အထောက်အထားအဖြစ် ဓာတ်ပုံရိုက်ထားလိုက်"
လူငယ်မှာ ကင်မရာဖြင့် နံရံလေးဘက်ကို ရိုက်ကူးနေသလို အလယ်အလတ်အရွယ် လူ၏ ရှေ့တွင်ရှိသော စက်ပစ္စည်းမှာလည်း မှတ်တမ်းတင်နေလေသည်။
လင်ရှောင်စု၏ အဖြေမှာ အထောက်အထားအဖြစ် မှတ်တမ်းတင်ခံလိုက်ရ၏။
"ဆောင်လေး သူတို့ရဲ့ စာရင်းဇယားကို စစ်ဆေးလိုက်"
လူငယ်မှာ မြောင်ရိုလန်ထံ ချဉ်းကပ်လာပြီး
"စာရင်းစာအုပ် ထုတ်ပေးလိုက်"
မြောင်ရိုလန်၏ ရင်ထဲမှာ တုန်လှုပ်သွား၏။
သူမကိုယ်တိုင်ပင် ထိုစာရင်းဇယားကို ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းနေပေ၏။
အလယ်အလတ်အရွယ် လူက သူမကို အေးစက်ပြီး အာဏာပါသော အကြည့်ဖြင့် ကြည့်ကာ
"ဥပဒေ စိုးမိုးရေးကို တွန်းလှန်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိမယ်ဆိုတာ သတိပေးထားမယ် ထုတ်ပေးလိုက်"
နောက်ဆုံး စကားလုံးသုံးလုံးတွင် အသံမှာ ရုတ်တရက် မြင့်တက်သွား၏။
လမ်းပေါ်ရှိ လူအချို့မှာ ရပ်ကြည့်ပြီး နားမလည်နိုင်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြ၏။
မြောင်ရိုလန်သည် အပြင်ဘက်ရှိ အိမ်နီးချင်းများကို မြင်သောအခါ စိုးရိမ်မှု ပိုတိုးလာပြီး လင်ရှောင်စုထံ အကူအညီမဲ့စွာ ကြည့်လိုက်မိလေသည်။
လင်ရှောင်စုက ပြောလိုက်၏။
"သူ့ကို ပေးလိုက်ပါ"
မြောင်ရိုလန်က အံဆွဲကို ဖွင့်ကာ စာရင်းစာအုပ်ကို ထုတ်ပေးလိုက်ရလေသည်။
စာရင်းစာအုပ်ကို ဖွင့်လိုက်သည့်အခါ လူငယ်၏ မျက်လုံးမှာ အရောင်တောက်သွားပြီး
"ကပ္ပတိန်ကျိုး ဒါ ကြည့်လိုက်ပါ" ဟု ဆိုကာ စာရင်းစာအုပ်ကို ပေးလိုက်၏။
ထိုလူက စစ်ဆေးကြည့်ရှုပြီးနောက် သူ၏ အမူအရာမှာ ပို၍ အာဏာရှင်ဆန်သွားပြီး
"ခွေးရှာပေးတာ တစ်နာရီကို သုံးသောင်း ဖောက်ပြန်မှု စုံစမ်းတာ တစ်ရက်နဲ့ အမှုပိတ် တစ်သိန်း ကျတယ် ဒါကြောင့် နံရံမှာ ဈေးနှုန်း မကပ်ရဲတာကိုး" ဟု ဆိုလိုက်လေသည်။
လမ်းပေါ်ရှိ လူအုပ်မှာလည်း ပိုများလာပြီး ဤနှုန်းထားများကို ကြားရသောအခါ တစ်ယောက်နှင့် တစ်ယောက် အံ့အားသင့်စွာ ပြောဆိုနေကြ၏။
ဖုန်းချန်းမြို့ကဲ့သို့ နေရာသေးသေးတွင် တစ်လကို သုံးထောင်ရသည့် အလုပ်ပင် ရှာရခက်ရာ တစ်ရက်တည်းနှင့် တစ်သိန်းရနေသည်မှာ သာမန် လူတို့အတွက် အံ့အားသင့်စရာပင် ဖြစ်ချေသည်။
အလယ်အလတ်အရွယ်လူ ကပ္ပတိန်ကျိုးက
"ဒီလို တရားမဝင် လုပ်ငန်းတွေကို သည်းမခံနိုင်ဘူး ဆောင်လေး အမြင့်ဆုံး ဒဏ်ငွေ ရိုက်လိုက်"
"ခေါင်းဆောင်..."
မြောင်ရိုလန်မှာ အားကိုးရာမဲ့စွာဖြင့် တောင်းပန်လိုက်သည်။
"ကျွန်မတို့က တရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပါ ကျွန်မတို့..."
သူမမှာ တကယ်ပင် စိုးရိမ်နေလေ၏။
သူမသည် ရှေးဟောင်း ကိုယ်ခံပညာတွင် ကျွမ်းကျင်ပြီး အဆိုးရွားဆုံး လူဆိုးများကိုပင် ခြေတစ်ချက်ဖြင့် အနိုင်ယူနိုင်သော်လည်း ယခုကိစ္စမှာ လူဆိုးများနှင့် မသက်ဆိုင်ပေ။
တရားဝင် ဥပဒေ စိုးမိုးရေးအဖွဲ့ကို အင်အားသုံး၍ တုံ့ပြန်နိုင်ပါ့မလား။
သို့ဖြင့် သူမသည် ယခင်က ထုတ်ဖော်မပြဖူးသော နိမ့်ချသည့် အမူအရာဖြင့် တောင်းပန်နေလေ၏။
သို့သော် အရာရှိနှစ်ဦးမှာ လက်မခံဘဲ ဒဏ်ငွေ စာရွက်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
စာရွက်ပေါ်ရှိ အနီရောင် တံဆိပ်တုံးတွင် ဒဏ်ငွေ ၁.၃ သန်းဟု ရေးသားထား၏။
မြောင်ရိုလန်မှာ ခြေထောက်များ တုန်ရီသွားပြီး
"ခေါင်းဆောင် ကျွန်မတို့... ကျွန်မတို့ ဆိုင်ဖွင့်တာ တစ်လတောင် မရှိသေးဘူး စုစုပေါင်း ၁၈,၀၀၀၀ ပဲ ရသေးတာပါ ၁.၃ သန်းကို ဘယ်လို လုပ်ပေးနိုင်မှာလဲ"
ထိုပမာဏကို ကြားသောအခါ အပြင်ဘက်မှ လူများမှာလည်း အံ့အားသင့်သွားကြ၏။
ဒဏ်ငွေ တစ်သန်းကျော် မည်သူမျှ ဤမျှ ကြီးမားသော ဒဏ်ငွေမျိုး မမြင်ဖူးပေ။
ဤစုံတွဲမှာ လုပ်ငန်းစရုံသာ ရှိသေးရာ ဤမျှ ကြီးမားသော ဒဏ်ငွေမှာ သူတို့ကို အပြီးတိုင် ပျက်စီးစေလိမ့်မည် ဖြစ်၏။
မြောင်ရိုလန်မှာ တကယ်ပင် စိတ်ဓာတ်ကျသွားသည်။
၁.၃ သန်းဆိုသည်မှာ ဆိုင်ငယ်လေး အတွက်သာမက လင်ရှောင်စုနှင့် သူမနောက်က ရှိသမျှကို ရောင်းချလျှင်ပင် မလုံလောက်ပေ။
"တရားမဝင် လုပ်ငန်းများ တရားမဝင် ရရှိတဲ့ အမြတ်ငွေတွေကို သိမ်းဆည်းမယ် ဒဏ်ငွေက သုံးဆကနေ ဆယ်ဆအထိ ဥပဒေမှာ ရှင်းရှင်းလင်းလင်း ရေးသားထားတယ်"
ကပ္ပတိန်ကျိုးက အေးစက်စက် ပြောကာ
"လက်မှတ်ထိုး" ဟု ဆိုလိုက်၏။
မြောင်ရိုလန်က ခေါင်းကို တရမ်းရမ်းဖြင့် ငြင်းဆန်လိုက်လေသည်။
"ရှင်တို့ ဒီလို မလုပ်ရဘူး ကျွန်မတို့... ကျွန်မတို့ ဘာမှ တရားမဝင်တာ မလုပ်ခဲ့ဘူး၊ ကျွန်မတို့..."
"မင်းတို့ လက်မှတ် ထိုးမှာလား၊ မထိုးဘူးလား" ဟု ကပ္ပတိန်ကျိုးက ဖြတ်ပြောလိုက်ပြီး
လင်ရှောင်စုကို အမိန့်ပေးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
လူတိုင်းမှာ လင်ရှောင်စုကိုသာ ကြည့်နေကြသည်။
ဤအချိန်ထိမှ လူတိုင်းမှာ ဤတာဝန်ခံ ပုဂ္ဂိုလ်တွင် ထူးဆန်းနေသည်ကို သတိပြုမိလိုက်ကြသည်။ ဆိုင်တွင် ဤမျှ ကြီးမားသော အဖြစ်အပျက် ဖြစ်ပွားနေသော်လည်း သူမှာမူ လက်ဖက်ရည် သောက်လျက် တံခါးပြင်ပရှိ လမ်းကိုသာ ငေးကြည့်ကာ တည်ငြိမ်နေပြီး အရာရှိများ၏ စစ်ဆေးမှုကို ဆန့်ကျင်ခြင်း မရှိဘဲ ခွင့်ပြုပေးထား၏။
ကပ္ပတိန်ကျိုးက သူ့ကို တိုက်ရိုက် လှမ်းပြောမှသာ သူက ခေါင်းကို ညင်သာစွာ ခါပြလိုက်လေသည်။
"လက်မှတ် မထိုးဘူး"
ကပ္ပတိန်ကျိုးက ပြောလိုက်လေ၏။
"ကျွန်တော်တို့က အကြောင်းကြားစာ ပေးပြီးကြောင်း မှတ်တမ်းတင်ဖို့ပဲ လိုတာပါ ဆောင်လေး သွားမယ်"
ထိုသို့ ပြောဆိုပြီးနောက် အနီရောင် တံဆိပ်တုံးပါသော ဒဏ်ငွေစာရွက်ကို မြောင်ရိုလန်၏ ရှေ့တွင် ပစ်ချလိုက်၏။
အရာရှိနှစ်ဦးမှာ လှည့်ထွက်သွား၏။
သူတို့ ဖြတ်သန်းသွားသော လေက စာရွက်ကို လွင့်သွားစေသော်လည်း မြောင်ရိုလန်၏ စိတ်ထဲတွင်မူ ပြိုလဲသွားစေရန် လုံလောက်နေပေသည်။
သူမသည် ဤကဲ့သို့ ဘယ်သောအခါမျှ မကြုံဖူးပေ။
သူမမှာ ဤကိစ္စကို လျစ်လျူရှုမထားနိုင်။
ဤဆိုင်ငယ်လေးမှာ သူမအတွက် အရေးကြီးလှ၏။
ဤနေရာတွင် သူမသည် ဘဝ၏ တန်ဖိုးကို တွေ့ရှိခဲ့ပြီး ညဘက်တွင် အိမ်မက်များ၊ နေ့ဘက်တွင် စိတ်အားထက်သန်မှုများ ရှိခဲ့သည်။ သူမသည် ပြတင်းပေါက်ဘေးတွင် ဟွားရှီးတံတားကို ငေးကြည့်ရင်း လှပသော ဆုတောင်းများ မည်မျှ ပြုခဲ့ပါသနည်း။ သို့သော် ယခုမူ တစ်သန်းကျော် ဒဏ်ငွေစာရွက်မှာ သူမရှေ့တွင် ရှိနေပြီး အားလုံးမှာ ပျက်စီးသွားပြီ ဖြစ်ချေ၏။
သူတို့ ဆိုင်ကို ဆက်ဖွင့်၍ မရတော့ပေ။
သူမ၏ အိမ်မက်မှာ စတင်ခြင်းပင် မရှိသေးခင် ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။ ဘဝမှာ မခန့်မှန်းနိုင်စရာပင်။
ဆိုင်အပြင်ဘက်မှ လူများမှာလည်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။
အချို့က ဤကဲ့သို့သော အမြတ်ထုတ်သည့် လုပ်ငန်းမျိုးကို ပြင်းထန်စွာ အရေးယူသင့်ကြောင်း ပြောကြ၏။
အချို့ကမူ မြောင်ရိုလန်၏ အားကိုးရာမဲ့မှုကို မြင်ပြီး ဝမ်းနည်းနေကြလေသည်။
ကပ္ပတိန်ကျိုးနှင့် ဆောင်လေးတို့မှာ လူအုပ်ကို ကြည့်ကာ ဂုဏ်ယူနေမိကြ၏။
သူတစ်ပါး၏ ကံကြမ္မာကို အမိန့်ပေးနိုင်သူ ဖြစ်ရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
စုံထောက်ရုံးမှ ထွက်ခွာခါနီးတွင် အသံတစ်သံမှာ ညင်သာစွာ ထွက်ပေါ်လာ၏။
"ခဏစောင့်ဦး"
၎င်းမှာ လင်ရှောင်စု၏ အသံ ဖြစ်၏။
သူ နောက်ဆုံးတွင် ပြောလိုက်ပြီ။
၎င်းမှာ အရာရှိနှစ်ဦး ရောက်လာပြီးနောက် သူ ပထမဆုံးအကြိမ် စကားပြောလိုက်ခြင်းပင် ဖြစ်သည်။
ကပ္ပတိန်ကျိုးနှင့် ဆောင်လေးတို့ ရပ်သွားသော်လည်း နောက်လှည့်မကြည့်ပေ။
လင်ရှောင်စုက "သက်ဆိုင်ရာ ဥပဒေတွေကို ခင်ဗျားတို့ကို ရှင်းပြဖို့ စိတ်မဝင်စားဘူး ဘာလို့လဲဆိုတော့ ခင်ဗျားတို့က နားမလည်ဖို့ ရွေးချယ်မှာမို့လို့ပဲ" ဟု ပြောလိုက်၏။
ကပ္ပတိန်ကျိုးမှာ ရုတ်တရက် နောက်လှည့်ကြည့်သည်။
လင်ရှောင်စုက သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ
"ပြန်သွားပြီး ခင်ဗျားတို့ရဲ့ နောက်ကွယ်က လူကို ပြောလိုက်ပါ သူ့ရဲ့ ပြဿနာတွေ ရောက်လာ တော့မယ်လို့" ဟု ဆိုလိုက်လေ၏။
ဤစကားများ ပြောလိုက်သည်နှင့် ဆိုင်အတွင်း အပြင်ရှိ လူတိုင်း ထိတ်လန့်သွားကြသည်။
ကပ္ပတိန်ကျိုး၏ မျက်နှာမှာ မှောင်မည်းသွားပြီး
"ခင်ဗျား ဥပဒေ စိုးမိုးရေး အရာရှိကို ခြိမ်းခြောက်နေတာလား"
"ခြိမ်းခြောက်တာ မဟုတ်ဘူး အကြံပေးတာပဲ"
လင်ရှောင်စု ဆက်ပြောလိုက်၏။
"ငါ့ရဲ့ တည်ရှိမှုက လူယုတ်မာတွေကို ကြောက်ရွံ့စေပြီး ဖုန်းချန်းကနေ ထွက်သွားအောင် အရာရာ လုပ်မယ်ဆိုတာ ငါ သိတယ် ဒါပေမဲ့ ရာဇဝတ်သားတွေရဲ့ ခွေးလို အလုပ် လုပ်ပေးပြီး ငါ့ကို ရှင်းထုတ်ဖို့ ဓားလို လုပ်နေတဲ့ သူတွေကတော့ ငါ့ ဒေါသကို ခံရလိမ့်မယ်"
လင်ရှောင်စု၏ စကားများကို ကြားလိုက်ရပြီးနောက် ကပ္ပတိန်ကျိုးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေတော့သည်။
"ဥပဒေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖို့ ရဲဝံ့တယ် စိုးမိုးရေးကို စော်ကားဖို့ ရဲဝံ့တယ် လင်ရှောင်စု ခင်ဗျား ဒဏ်ငွေ ညှိနှိုင်းခွင့်ကို ခင်ဗျားကိုယ်တိုင် ပိတ်လိုက်တာပဲ ခင်ဗျား ၁.၃ သန်းထက် တစ်ပြားမှ လျော့ပြီး လွတ်မသွားဘူးဆိုတာ တာဝန်ယူပြီး ပြောနိုင်တယ်"
မြောင်ရိုလန်၏ မျက်နှာမှာ ဖြူဖျော့သွား၏။
အနီးအနားမှ အခြားကုန်သည်များမှာလည်း ထိတ်လန့် နေကြသည်။
ဒဏ်ငွေမှာ စီးပွားရေးလုပ်ငန်းရှင်တိုင်း ကြုံတွေ့ရသည့်ကိစ္စပင် ဖြစ်လေ၏။
ကောင်းမွန်သည့် သဘောထား ပြသလျှင် ဒဏ်ငွေ လျှော့ပေါ့ပေးနိုင်သည်။
၁.၃ သန်းကို တစ်သိန်း သို့မဟုတ် သောင်းဂဏန်းအထိ လျှော့၍ ရနိုင်သည်။
မဖြစ်နိုင်တာ မဟုတ်ပေ။
သို့သော် လင်ရှောင်စုကဲ့သို့ ပြုမူသူမှာ မည်သူရှိပါသနည်း။
ကပ္ပတိန်ကျိုး ပြောသကဲ့သို့ပင် ညှိနှိုင်းခွင့်ကို ပိတ်လိုက်ခြင်း ဖြစ်၏။
လင်ရှောင်စု ထရပ်လိုက်ပြီး "ရိုလန် လျှပ်စစ်စကူတာ သော့ပေး" ဟု ဆိုသည်။
"ဘယ်... ဘယ်သွားမလို့လဲ"
မြောင်ရိုလန်က သော့ပေးလိုက်၏။
လင်ရှောင်စုက ကပ္ပတိန်ကျိုး၏ မျက်နှာကို တည့်တည့်ထိုးကာ
"သူ့ကို ဖြေရှင်းလိုက်မယ်"
ဤလက်ညှိုးကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြလေသည်။
ကပ္ပတိန်ကျိုး ကိုယ်တိုင်လည်း မြင်လိုက်ပြီး သူ၏ မျက်နှာမှာ အပြာရောင်သမ်းသွား၏။
လင်ရှောင်စုမှာ သူ့ဘေးမှ ဖြတ်သွားပြီး လျှပ်စစ်စကူတာပေါ် တက်ကာ ဖုန်းချန်းမြို့၏ ယာဉ်သွားလာမှု များထဲတွင် ပျောက်ကွယ်သွားသည်။
ကပ္ပတိန်ကျိုးနှင့် ဆောင်လေး ထွက်ခွာသွားကြ၏။
အပြင်မှ လူအုပ်မှာလည်း လူစုခွဲသွား၏။
မြောင်ရိုလန်မှာ အမြန်ပင် ဖုန်းခေါ်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။
နာရီဝက်ခန့်အကြာတွင် ကျိုးမေ အလောတကြီး ရောက်လာ၏။
မြောင်ရိုလန်၏ ငိုသံပါသော ပြောပြချက်ကို နားထောင်ပြီးနောက် ကျိုးမေမှာ စာရင်းစာအုပ်ကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါလိုက်မိ၏။ သူမ၏ ခေါင်းခါမှုကြောင့် မြောင်ရိုလန်၏ ရင်ထဲမှာ ပျံထွက်လုနီးပါး ဖြစ်သွားသည်။
ကျိုးမေက သက်ပြင်းချကာ
"ဒီလို လုပ်နေရင် ပြဿနာ တက်မယ်လို့ ပြောခဲ့သားပဲ ဝန်ဆောင်မှု တစ်ခုကို သုံးသောင်း ဖောက်ပြန်မှုကို ဖြေရှင်းတာသူ့ကို ဘယ်လောက် ကောက်လဲ မေးတော့လည်း မပြောဘူး ပမာဏ အများကြီးမှန်း ငါ သိတယ် တစ်သိန်းအထိ တက်သွားလိမ့်မယ်လို့ ဘယ်သူထင်မလဲ အမြတ်နည်းနည်းနဲ့ အမြန် လည်ပတ်တာကို အာရုံမစိုက်နိုင်ဘူးလား ဒီလို တစ်ကြိမ်တည်း လုပ်တဲ့ အလုပ်က ကောင်းရဲ့လား"
"အခုက လုပ်ငန်းပုံစံ ဆွေးနွေးမယ့်အချိန် မဟုတ်ဘူး ပြောပါ... ဘာလုပ်ကြမလဲ"
မြောင်ရိုလန်မှာ စိုးရိမ်နေ၏။
တကယ်တော့ သူမ၏ အမြင်မှာ ကျိုးမေနှင့် တူပေသည်။
စျေးများခြင်းမှာ မကောင်းဟု ထင်သော်လည်း လင်ရှောင်စုက လုပ်နေသည့်အတွက် သူမသည်လည်း မည်သို့မျှပင် မတတ်နိုင်ပါချေ။
အပြင်လူများ ရှေ့တွင် လင်ရှောင်စုကို မကောင်းမပြောနိုင်သဖြင့် အကျိုးဆက်ကိုသာ ရင်ဆိုင်ရမည်သာ ဖြစ်ပေ၏။
"မြို့တော် လုံခြုံရေး ဗျူရိုရဲ့ အာဏာကို မတားဆီးနိုင်ဘူး ငါ့မှာ မြို့တော် လုံခြုံရေး ဗျူရိုမှာ သူငယ်ချင်း တစ်ယောက်ရှိတယ် ဖုန်းဆက်ကြည့်မယ်..."
"အခုပဲ ဆက်လိုက်ပါ"