အခန်း (၅၁)စာကြည့်တိုက်မှ ပြေပြစ်လှပသော ပန်းတစ်ပွင့်
ကျိုးမေသည် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့သော်လည်း
မြောင်ရိုလန်ကမူ "သတိထား..." ဟု တိုးညင်းစွာ အော်ဟစ်လိုက်၏။
လင်ရှောင်စု၏ လက်သည် စတီယာရင်ကို ဘေးသို့ ရုတ်တရက် ဆွဲလှည့်လိုက်ရာ ကားမှာ ရုတ်ချည်း တိမ်းစောင်းသွားလေသည်။
ကျည်ဆန်တစ်တောင့်မှာ သူ၏ မျက်နှာအနီးမှ တရွှီရွှီဖြင့် ဖြတ်သန်း သွား၏။
သူတို့၏ ကားမှာလည်း တိုက်ခိုက်သူအား ဒုတိယအကြိမ် ပစ်ခတ်ချိန် မရရှိစေရန် ချက်ချင်းပင် အရှိန်ဖြင့် မောင်းနှင်ကာ တတိယလူကို တိုက်မိစေခဲ့သည်။ တတိယလူမှာ မြင့်မားစွာ လွင့်စင်သွားပြီး ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားလေ၏။
တိုက်မိပြီးနောက် ကားမှာ ထိန်းမရဘဲ လည်ထွက်သွားလေသည်။
သို့သော် လင်ရှောင်စုသည် စတီယာရင်ကို အမြန်ပင် လှည့်လိုက်ပြီး တစ်ခဏချင်းအတွင်း လမ်းကြောင်းကို ပြင်လိုက်လေ၏။
ညာဘက်ဘီးမှာ ချောက်ကမ်းပါးအစွန်းရှိ ကျောက်စရစ်ခဲများစွာကို လွင့်စင်သွားစေပြီး ကားမှာ သင့်လျော်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူတို့သည် ရှေ့ရှိ ဖိုးဝှီးကားနှင့် မီတာ (၅၀) အကွာတွင်သာ ရောက်ရှိနေပြီ ဖြစ်၏။
သူဌေးကြီးဟူးသည် နောက်ဆုံးတွင် ယာဉ်မောင်းသူကို အနီးကပ် မြင်လိုက်ရသည်။
သူဌေးကြီးဟူးက ဒေါသတကြီး အော်ဟစ်လိုက်၏။
" လင်ရှောင်စု ငါ မင်းရဲ့ ဘိုးဘေးတွေကို... "
သူဌေးကြီးဟူး၏ ယာဉ်မောင်းသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် လီဗာကို အရှိန်ဖြင့် နင်းလိုက်လေသည်။
သူတို့သည် လမ်းပိတ်ဆို့မှုကို ချောမွေ့စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး ကားပေါ်မှ ဆင်းကာ ပစ်ခတ် လုပ်ကြံခဲ့ရာတွင်လည်း ဘာမျှ မတားဆီးနိုင်ခဲ့သလို တိုက်မိပြီး လွင့်စင်သွားသော သေနတ်သမား ကိုလည်း မကယ်တင်နိုင်ခဲ့ပေ။
လင်ရှောင်စု ကဲ့သို့သော ကြောက်စရာကောင်းလေသော လူမျိုးက လိုက်လာသည့်အခါ သူတို့မှာ ကား၏ အားသာချက်ကိုသာ အားကိုးပြီး အမြန် ထွက်ပြေးနိုင်တော့မည်သာ ဖြစ်လေ၏။
ကံမကောင်းစွာဖြင့် သူတို့သည် ဤအချက်ကို နောက်ကျမှ သဘောပေါက်သွားကြပေသည်။
ယခုအခါ ကားနှစ်စီးမှာ အတည့်အတိုင်း မီတာ (၅၀)သာ ကွာတော့၏။
လင်ရှောင်စု၏ လက်ချောင်းများမှာ ညင်သာစွာ လှုပ်ရှားလိုက်ရာ ကျောက်စရစ်ခဲတစ်လုံးမှာ မီတာ (၅၀)အကွာမှ လေထုကို ဖြတ်သန်းသွား လေတော့သည်။ ကျောက်ခဲသည် နောက်မှန်ကို ဖောက်ထွင်းသွား၏။ နောက်ထပ် ကျောက်စရစ်ခဲ တစ်လုံးမှာလည်း ချက်ချင်းပင် နောက်မှ လိုက်ပါသွားလေသည်။
ပထမ ကျောက်တုံးက အပေါက်တစ်ခု ဖောက်လိုက်ပြီး ဒုတိယ ကျောက်တုံးမှာ ၎င်းအပေါက်မှတစ်ဆင့် ဖြတ်သန်းသွားကာ ယာဉ်မောင်း၏ ဦးခေါင်းနောက်စေ့သို့ တိကျစွာ ထိမှန်သွားလေ၏။
ယာဉ်မောင်းမှာ ရှေ့သို့ ပြင်းထန်စွာ ယိုင်သွားပြီး လီဗာကို အရှိန်ဖြင့် နင်းမိလိုက်သဖြင့် ကားမှာ ထိန်းမရဘဲ ချောက်ထဲသို့ ထိုးကျသွားသည်။
ဖိုးဝှီးကားမှာ လေထဲတွင် လည်ထွက်သွား၏။
တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်...
အကြိမ်ပေါင်းများစွာ လည်ပြီးနောက် ချောက်ကမ်းပါး၏ အောက်ခြေ ပေတစ်ရာအနက်သို့ အရှိန်ဖြင့် ပြင်းထန်စွာ ထိုးကျသွားတော့သည်။ မီးတောက်များမှာ ကောင်းကင်သို့ တောက်လောင်သွားလေ၏။
လင်ရှောင်စု၏ ကားမှာ ရပ်တန့်သွားပြီး ကျိုးမေသည် ကားတံခါးကို ရုတ်တရက် ဖွင့်လိုက်ပြီး ချောက်ကမ်းပါးအစွန်းသို့ အပြေးသွားကာ အောက်ရှိ မီးတောက်များကို ငေးကြည့်နေမိ၏။
သူမ၏ မျက်နှာမှာ သွေးရောင်လွှမ်းပြီး ဖြူဖျော့သွားလေသည်။
မြောင်ရိုလန်သည် လင်ရှောင်စု၏ ဘေးသို့ ပြေးလာပြီး "မင်း အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်" ဟု လင်ရှောင်စုက သူမကို ပြုံးပြလိုက်၏။
ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကျိုးမေ၏ ခံစားချက်မှာ မြောင်ရိုလန်နှင့် မတူပေ။
ကျိုးမေသည် ကျည်ဆန်၏ လမ်းကြောင်းကို မမြင်နိုင်သလို သူ ကျောက်စရစ်ခဲ နှစ်လုံးကို ပစ်လွှတ် လိုက်သည်ကိုလည်း မမြင်ခဲ့ပေ။
သို့သော် မြောင်ရိုလန်ကား မြင်ခဲ့ပေ၏။
ကျည်ဆန် ပျံသန်းလာသည့်အချိန်တွင် လင်ရှောင်စုသည် မျက်နှာကို အနည်းငယ် စောင်းလိုက်သဖြင့် ကျည်ဆန်မှာ နှာခေါင်းဖျားကို ပွတ်သီးပွတ်သပ်ဖြင့် ကျော်သွားသည်ကို သူမ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
ထို့ပြင် လင်ရှောင်စု၏ လက်ထဲမှ ကျောက်စရစ်ခဲ နှစ်လုံးသည် မီတာ (၅၀) အကွာရှိ ကား၏ နောက်မှန်ကို တည့်တည့် ထိမှန်သည်ကိုလည်း သူမ မြင်တွေ့ခဲ့ရ၏။
သာမန်လူများအတွက် ကျောက်စရစ်ခဲတစ်လုံးမှာ ကားမှန်ကို ဖောက်ထွင်းရန် မဖြစ်နိုင်ပေ။
သို့သော် သူ လုပ်နိုင်ခဲ့၏။
ဤသည်မှာ ရှေးဟောင်း ကိုယ်ခံပညာ၏ စွမ်းအားပင်ဖြစ်ပေသည်။
သူမသည် သူ့ကို ရှေးဟောင်း ကိုယ်ခံပညာ သင်ပေးခဲ့သူ ဖြစ်သော်လည်း ယနေ့တွင် သူ၏ အောင်မြင်မှုမှာ သူမထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်လေ၏။ အနည်းဆုံးတော့ သူမ ကျည်ဆန်ကို မရှောင်နိုင်သော်လည်း သူ ရှောင်နိုင်ခဲ့၏။
ဤလူသည် အံ့ဖွယ်များကို မည်မျှအထိ ဖန်တီးရန် စီစဉ်ထားသနည်း။
ခဏတာ သူမ စိတ်အာရုံ လွင့်ပါးသွားလေသည်။
ကျိုးမေသည် ရဲမှူးကြီးကျန်းကို ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သည်။
ရဲမှူးကြီးကျန်းမှာ လမ်းမှားသွားခဲ့ပြီး သူသည် လမ်းသစ်ပေါ်တွင် ရှိနေပြီး ဂျင်ရှန်းတံတားကို ဖြတ်ကျော်ကာ တင်းရှီးပြည်နယ်သို့ ရောက်နေချိန်တွင် ကျိုးမေထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက် လေသည်။
သူဌေးကြီးဟူးသည် လမ်းဟောင်းမှ သွားပြီး ကားမှာ ချောက်ထဲသို့ ပြုတ်ကျသွားကြောင်း ကျိုးမေက ဖုန်းထဲတွင် ပြောပြလိုက်၏။
ရဲမှူးကြီးကျန်းက ရဲကားနှစ်စီးကို အရေးပေါ် ပြန်လှည့်ခိုင်းလိုက်သည်။
သူ၏ မျက်ခုံးများမှာ တစ်လျှောက်လုံး မျက်မှောင်ကြုတ်နေ၏။
ကားမောင်းနေသော ဝမ်တုန်းဟက
"ရဲမှူးကြီးကျန်း၊ ကျိုးမေက ကျွန်တော်တို့ထက် ဘယ်လိုလုပ်ပြီး ရှေ့ရောက်နေရတာလဲ ပြီးတော့ သူဌေးကြီးဟူးကိုလည်း မတော်တဆ တွေ့သွားပြီး လိုက်မှီသွား သေးတယ်..."
ရဲမှူးကြီးကျန်းက သက်ပြင်းချကာ ပြောလိုက်သည်။
"မတော်တဆ တွေ့တာလား ဒါ မတော်တဆ ဖြစ်ခဲ့တယ်ဆိုတာ မင်း ဘယ်လိုသိလဲ"
"သူ ဘယ်သူနဲ့ အတူရှိနေလဲဆိုတာ မမေ့နဲ့"
နောက်ခုံမှ ရဲသားလေးရှောင်စွန်းက "လင်ရှောင်စု" ဟု အော်လိုက်မိလေသည်။
"ဟုတ်တယ်၊ အဲဒီလူ... သူက ငါ့ရဲ့ နားလည်မှုကို အမြဲတမ်း စိန်ခေါ်နေတာ" ဟု ရဲမှူးကြီးကျန်းက ပြော၏။
"ရှောင်စွန်း ငါတို့ ရောက်ရင် ကားကို သေချာစစ်ဆေးလိုက် ချောက်ထဲ ပြုတ်ကျတာ မတော်တဆလား ဒါမှမဟုတ် ပြင်ပအားတစ်ခုခုကြောင့်လား ဆိုတာကို သိရအောင်"
သို့ဖြင့် ရှောင်စွန်းသည် ဤလျှို့ဝှက် တာဝန်ကို ပေးအပ်ခံလိုက်ရ၏။
ကံမကောင်းစွာဖြင့် သူ၏ တာဝန်မှာ ပျက်စီးရန် သေချာနေပေသည်။
သူတို့ ရောက်သည့်အချိန်တွင် ကားမှာ သတ္တုဘောင်သာ ကျန်သည်အထိ မီးလောင်ကျွမ်းသွားပြီး အတွင်းမှ လူများမှာလည်း အလောင်းကောင်များ ဖြစ်နေပြီ ဖြစ်ချေ၏။
မီးလောင်၍ ကွဲအက်သွားသော နောက်မှန်တွင် အပေါက်တစ်ခု ရှိခဲ့သည်ကို ဘယ်သူ သိနိုင်မည်နည်း။
ယာဉ်မောင်း၏ ခေါင်းထဲရှိ ကျောက်တုံးမှာ လူတစ်ယောက်ယောက်က ထုရိုက်ခဲ့ခြင်းလား၊ ပြုတ်ကျစဉ်က ထိခိုက်ခြင်းလား သို့မဟုတ် ကားပေါက်ကွဲမှုကြောင့်လားဆိုတာ ဘယ်သူ သိနိုင်မည်နည်း။
စစ်ဆေးချက်များက ဘာမှ မထူးခြားပါက ကျိုးမေ၏ အစီရင်ခံစာမှာ အဖြေမှန်သာ ဖြစ်ရပေမည်။
ကျိုးမေ၏ အစီရင်ခံစာတွင် လူတိုင်းက ရှင်းလင်းသည့် သတင်းစကားကို ရရှိခဲ့သည်။
"လင်ရှောင်စု၏ မောင်းနှင်မှု အရည်အချင်းမှာ သူမထက် အမှန်ပင် သာလွန်သည်"
ထိုမျှသာ ဖြစ်၏။
ဖုန်းချန်းမြို့၏ ၅.၁၆ အမှုကြီးမှာ ဤနေ့တွင် စတင်ပြီး သုံးရက်အကြာတွင် အဆုံးသတ်သွားခဲ့လေသည်။ ထိုသုံးရက်တာအတွင်း အမျိုးမျိုးသော ပါတီများအတွက် ဝမ်းနည်း ဝမ်းသာများ ရောထွေးနေခဲ့၏။ ဆောက်လုပ်ရေး၊ ရေလုပ်ငန်း၊ ဟိုတယ်နှင့် ကုန်သွယ်ရေး အပါအဝင် လူပေါင်း သုံးရာကျော်မှာ ဥပဒေအရ အပြစ်ပေးခံခဲ့ရသည်။ ဒေသတွင်း ကောလာဟလများတွင် ကျော်ကြားသော "ကျားငါးဦး" ကို ဖြေရှင်းပြီးဖြစ်ရာ ကျားသုံးဦးမှာ အပြစ်ပေးခံရပြီး ကျားနှစ်ဦးမှာ သေဆုံးသွားလေသည်။
သူဌေးကြီးဟူး အပြင် သူဌေးကြီးရှု ဆိုသူမှာလည်း သေဆုံးသွားသည်။
သူသည် လှေငယ်တစ်စင်းဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း လှေမှာ မှောက်သွားပြီး ရေထဲသို့ ပြုတ်ကျသွားသည်။ သူ့ကို ဆယ်ယူသည့် အချိန်တွင် ၎င်းမှာအလောင်းဖြစ်နေပြီ ဖြစ်၏။ သူဌေးကြီးရှုမှာ အမှန်တကယ်တွင် ရေမကူးတတ်ပေ။
၎င်းတို့အပြင် သူတို့၏ နောက်ကွယ်မှ အကာအကွယ်ပေးသူများစွာမှာလည်း အာဏာကျဆင်း သွားလေသည်။ လူများကို ဖမ်းမိသွားသည့်အခါ စီရင်ချက်မှာလည်း အလိုအလျောက် ရောက်လာ၏။ စီရင်ချက်မှာ အချိန်ယူရမည်ဖြစ်ရာ အထူးအမှုစုံစမ်းရေးအဖွဲ့မှာ သုံးနှစ်တာ ကြိုးပမ်းရန် ပြင်ဆင်ထား သည်ဟု ဆိုကြသည်။
ဖုန်းချန်းမြို့မှ ပြည်သူများမှာ အစပျိုးမှုအသစ်အတွက် အောင်ပွဲခံကြလေသည်။ လူပေါင်းများစွာ လမ်းပေါ်ထွက်ကာ ဤလူမိုက်များ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရပုံကို ပြောပြကြ၏။ အတိတ်တွင် သူတို့ ပြောရန် မဝံ့ရဲသော်လည်း ယခုအခါ ပြောရဲဆိုရဲ ရှိသွားကြပြီ ဖြစ်သည်။ ရုတ်တရက် အတင်းအဓမ္မ ရောင်းဝယ်မှုမှသည် အမျိုးသား၊ အမျိုးသမီးများကို စော်ကားခြင်း၊ အသေးစား ခိုးမှု သို့မဟုတ် ကုန်ပစ္စည်း လိမ်လည်ရောင်းချခြင်း အထိ ရာဇဝတ်မှု အမျိုးအစားအားလုံးမှာ ကင်းရှင်းသွားလေသည်။
အကြောင်းမှာ လူတိုင်းက ရာဇဝတ်ဘေးမှ ပြေးမလွတ်နိုင်မည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ၅.၁၆ အမှုကြီးနှင့် အနည်းငယ်မျှ ဆက်စပ်မှု ရှိသူတိုင်းမှာ အရေခွံနှင့် အသားများ ဒဏ်ရာရမည်ဖြစ်၏။ သို့မဟုတ်ပါက သင့်ကို ဖမ်းရန် လာမည့်သူမှာ ရဲများ မဟုတ်ဘဲ လက်နက်ကိုင် ရဲများ ဖြစ်လာလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ခေါင်းမာသူများပင်လျှင် နိမ့်ချနေမှ ဖြစ်ပေမည်။
ဖုန်းချန်းမြို့မှာ စည်းကမ်းနှင့် သမာဓိ ပြန်လည်ရရှိခြင်း၏ ပထမဆုံး လက္ခဏာများကို ပြသနေလေ၏။
လင်ရှောင်စုမှာ သုံးရက်တိုင်တိုင် စာကြည့်တိုက်တွင် ပုန်းအောင်းကာ စာအုပ်များ ဖတ်ရှုနေလိုက်သည်။
ကောင်းကင်တွင် တိမ်တိုက်များ လွင့်မျောနေပြီး ပြတင်းပေါက်ပြင်ပတွင် လေပြင်းများ တိုက်ခတ် နေသော်လည်း သူ့အတွက်မူ စာကြည့်တိုက်တွင် အေးအေးဆေးဆေး စာဖတ်နေခြင်းမှာ သူနှင့် မသက်ဆိုင်ပေ။
သုံးရက်အတွင်း သူသည် အထူးအမျိုးအစား စာအုပ်များကိုသာ အာရုံစိုက် ဖတ်ရှုနေ၏။ ဘူမိဗေဒနှင့် သတ္တုသယံဇာတနှင့် သက်ဆိုင်သော စာအုပ်များ ဖြစ်၏။
အထူးပြုထားသော ဗဟုသုတများစွာမှာ သူ၏ ဦးနှောက်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာပြီး လျင်မြန်စွာ ပေါင်းစပ်သွားသည်။ သူသည် အတိတ်က လျစ်လျူရှုခဲ့သော သာမန် ကျောက်စရစ်ခဲတို့မှာ နက်နဲသော လျှို့ဝှက်ချက်များ ဖြစ်သည့် သံရိုင်း၊ တန်စတင်ရိုင်း၊ ဂရပ်ဖိုက်၊ စိန်၊ ကျောက်စိမ်းတို့ကို ဝှက်ထားကြောင်း သဘောပေါက်သွား၏။ သာမန်လူတို့ တစ်သက်လုံး နားမလည်နိုင်သော အရာများကို သူ သုံးရက်အတွင်း အခြေခံအားဖြင့် နားလည်သွားခဲ့လေသည်။
ဤဗဟုသုတများသည် ချက်ချင်း အသုံးချနိုင်မည် မဟုတ်သော်လည်း အနာဂတ်တွင် အသုံးဝင်လာ လိမ့်မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ စုံထောက်ခရီးစဉ်မှာ အခုမှ စတင်နေသောကြောင့် ဖြစ်သည်။
စုံထောက်လုပ်ငန်းမှာ အမှန်တကယ်ပင် ဗဟုသုတ အစုံအလင် လိုအပ်သည်။ ပေါ်လာသည့် ကျောက်စရစ်ခဲ တစ်လုံးမှာပင် အမှုအခင်းကို ဖောက်ထွက်နိုင်မည့် အဖြေကို ပေးစွမ်းနိုင်ရှိ၏။ မြို့တွင် ရံဖန်ရံခါ အသုံးဝင်နိုင်သလို တောရိုင်းထဲတွင်မူ ပြောရန်ပင် လိုမည် မဟုတ်ပေ။
အမှန်တကယ်ပင် အတော်လေး ထူးဆန်းနေသည်။
ယခင်က သူ စာဖတ်စပြုသည်နှင့် အိပ်ငိုက်တတ် သော်လည်း ယခုမူ သင်ယူခြင်း၏ ပျော်ရွှင်မှုကို အမှန်တကယ် ရှာတွေ့နေပြီ ဖြစ်သည်။
အဘယ်ကြောင့်နည်း။
ယခင်က ကြိုးစားသော်လည်း တိုးတက်မှု နည်းပါးသဖြင့် စိတ်အားထက်သန်မှု မရှိခဲ့ပေ။ ယခုမူ စာအုပ် အနည်းငယ် ဖတ်ပြီးနောက် သူ၏ စိတ်ထဲတွင် ဗဟုသုတနယ်ပယ်သစ်တစ်ခု ရရှိသွားပြီး ကမ္ဘာကြီးကို မြင်သည့် အမြင်မှာလည်း ပြောင်းလဲသွား၏။
သူသည် သင်ယူခြင်းကို ပို၍ စိတ်ဝင်စားလာပြီ ဖြစ်ချေသည်။
စာအုပ်ကို ပိတ်လိုက်ချိန်တွင် လင်ရှောင်စုသည် မျက်လုံးတစ်စုံကို ရုတ်တရက် မြင်လိုက်ရ၏။
ဤမျက်လုံးများကို သူ မကြာသေးမီက မကြာခဏ မြင်နေရသည်။ သူ စာကြည့်တိုက်သို့ စာဖတ်ရန် လာတိုင်း ဤမျက်လုံးပိုင်ရှင်မှာလည်း ရှိနေလေသည်။ ဤအမျိုးသမီးမှာ လင်ရှောင်စု ယခင်က သတိထားမိသည့်အတိုင်း သင်ယူခြင်းကို ချစ်မြတ်နိုးသူတစ်ယောက်ပင် ဖြစ်၏။ သူမတွင် ဘဲဥပုံ မျက်နှာ၊ ပြတ်သားသော မျဉ်းကြောင်းများ၊ နှုတ်ခမ်းနီ လုံးဝမဆိုးဘဲ ထင်ရှားနေသော နှုတ်ခမ်းများ ရှိပြီး လွန်စွာ ဆွဲဆောင်မှုရှိသော အရောင်ကွဲပြားမှု တစ်ခုကို ပေးစွမ်းနိုင်လေသည်။
ပထမဆုံးအကြိမ် မြင်သည့်အခါ လင်ရှောင်စုက သူမမှာ အလှတရားကိုသာ အားကိုးနိုင်သည်ဟု ထင်ခဲ့သော်လည်း သူမက သူမ၏ အရည်အချင်းကိုလည်း ပြုစုပျိုးထောင်နေသူဖြစ်ပြီး အလွန် ရှားပါးသော အမျိုးသမီးမျိုးပင် ဖြစ်ပေ၏။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူမမှာ သာမန် အမျိုးသမီးများ တစ်ချက်ပင် မကြည့်သည့် "ဒဿနိကဗေဒ" စာအုပ်ကို စွဲစွဲလမ်းလမ်း ဖတ်ရှုနေသောကြောင့်ပင် ဖြစ်လေသည်။ ထို့နောက် သူ သူမကို အကြိမ်အနည်းငယ် ထပ်တွေ့ပြန်သည်။ အကြိမ်တိုင်းတွင် သူမ ဖတ်သည့် စာအုပ်မှာ မတူညီဘဲ "ပန်းချီ" "အနုပညာ" ကဲ့သို့သော အလွန်ရှားပါးသည့် စာအုပ်များသာ ဖြစ်နေ၏။
သို့သော် သူတို့၏ မျက်လုံးများမှာ မဆုံခဲ့ပေ။
တိုတောင်းသော အကြည့် တစ်ချက်မျှသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အပြန်အလှန် လေးစားမှု ရှိပုံရသည်။ သို့သော် ယနေ့မှာတော့ မတူညီပေ။
သူမ၏ အကြည့်မှာ သတိပေးချက် မရှိဘဲ သူ့အကြည့်နှင့် ရုတ်တရက် တွေ့ဆုံသွား၏။
သူမ၏ မျက်လုံးများမှာ လှိုင်းထသွားပြီး ပန်းလေးနှစ်ပွင့်ကဲ့သို့ ဖြစ်သွားလေသည်။
သူမ ပြုံးလိုက်ရာတွင် မျက်နှာတွင် သိမ်မွေ့သော အပြုံး၊ မျက်လုံးတွင်မူ လှုပ်ရှားနေသော အပြုံးတစ်ခု ရှိ၏။
"ဟိုင်း ငါ နင့်အတွက် လက်ဆောင်တစ်ခု ရှိတယ်"
သူမ၏ အသံမှာ ညင်သာပြီး လန်းဆန်းမှု အရိပ်အယောင်များဖြင့် နူးညံ့နေ၏။
လင်ရှောင်စုက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ငါ့အတွက်လား"
"အင်း လာကြည့်ပါဦး"
ထိုအမျိုးသမီးက ညင်သာစွာ ခေါ်လိုက်လေ၏။
လင်ရှောင်စု ချဉ်းကပ်သွားရာ အမျိုးသမီး၏ ရှေ့တွင် ပန်းချီကား တစ်ချပ်ကို မြင်တွေ့လိုက်ရ၏။
၎င်းပေါ်တွင် နေရောင်ခြည် နူးညံ့စွာ ကျရောက်နေသည့် ပြတင်းပေါက်ဘေးတွင် ထိုင်နေသော လူငယ်တစ်ဦး ရှိနေသည်။ ထိုလူမှာ သူကိုယ်တိုင်ပင် ဖြစ်၏။
လင်ရှောင်စုအတွက် ပုံဖော်ထားသော ပုဂ္ဂိုလ်မှာ သူ့ထက်ပင် ပိုမိုချောမောပုံရပြီး စာမျက်နှာများမှာ လေတိုက်သကဲ့သို့ လှုပ်ရှားနေသည့် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။ ပြတင်းပေါက် အပြင်ဘက်တွင် ကားများ အရှိန်ဖြင့် ဖြတ်သန်းနေလေသည်။
လှုပ်ရှားမှုနှင့် ငြိမ်သက်မှုတို့သည် ဤနေရာတွင် ရောယှက်နေ၏။
"ဒါ ငါ့ကိုပေးတဲ့ လက်ဆောင်လား" လင်ရှောင်စု ပြုံးလိုက်သည်။
"ငါ မင်းကို ပေးတာလို့ ပြောရင် မှားလိမ့်မယ် တကယ်တော့ ဒီပန်းချီကားကို ဖန်တီးတာ မင်းလေ" ဟု ထိုအမျိုးသမီးက ပြုံးရယ်ကာ တင့်တယ်စွာ ပြော၏။
"ဖန်တီးတာ"
"ဟုတ်တယ် ဖန်တီးတာ ပြတင်းပေါက်အပြင်ဘက်မှာ ကားတွေက လာလိုက် သွားလိုက်နဲ့ လမ်းသွားလမ်းလာတွေကလည်း အလောတကြီးပါပဲ မြို့ထဲမှာ ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ် စာဖတ်တဲ့သူက ရှားတယ်လေ"
"မင်းကလည်း... အလွန် တိတ်ဆိတ်တာပဲ"
ထိုအမျိုးသမီးမှာ တောက်ပစွာ ပြုံးလိုက်၏။
"လာပါ စုတ်တံကို ယူပြီး ငါ့အတွက် တစ်ပုံလောက် ဆွဲပေးပါဦး"
လင်ရှောင်စုက ခေါင်းကုတ်လိုက်လေသည်။
"ငါ မင်းအတွက် ဓာတ်ပုံရိုက်ပေးရင်ရော ဘယ်လိုလဲ အဲဒါကတော့ စုတ်တံကိုင်တဲ့ ငါ့ထက် ပိုစိတ်ချရတာ သေချာတယ်လေ"
သူ လက်ကို မြှောက်လိုက်ပြီး သူမကို ဓာတ်ပုံရိုက်လိုက်၏။
ထိုအမျိုးသမီးမှာ ရယ်မောလိုက်ပြီး ယခုတော့ ပန်းများမှာ အမှန်တကယ် ပွင့်လန်းသွားသည်။
"မင်း ဒီနားက မဟုတ်ဘူးနဲ့ တူတယ်" ဟု လင်ရှောင်စုက ပြောသည်။
"အင်း၊ ဟုတ်တယ် ငါ ဒီကို အနုပညာ စိတ်ကူးသစ်တွေ ရှာဖို့ လာတာ..."
"မင်းက ပန်းချီ သင်တာလား"
"ငါက ဂျန်နန်တက္ကသိုလ်မှာ ပန်းချီမေဂျာနဲ့ သင်ခဲ့ဖူးတယ် ငါ သုံးနှစ်လောက်က ပြည်ပမှာ ပညာသွား သင်တယ် ငါ့မိဘတွေက ကမ္ဘာ့အဆင့် ပန်းချီဆရာတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတာ ဒါပေမဲ့ ငါက အဲဒီလမ်းကြောင်းကနေ သွေဖည်သွားတာ ဖြစ်နိုင်တယ် ပြည်ပမှာ အကြီးအကျယ် လှည့်ပတ်ပြီး တဲ့နောက် ဒေသတွင်း ပတ်ဝန်းကျင်ကို ပိုပြီး စွဲဆောင်မှု ရှိတယ်လို့ တွေ့ခဲ့ရတယ် ဒါကြောင့် ရူလီ တော်ဝင်အကယ်ဒမီမှာ ပညာသင်ကြားမှုကို ရပ်ဆိုင်းပြီး ပြန်လာခဲ့တာ"
"ရူလီ တော်ဝင်အကယ်ဒမီ ငါ သိပါတယ် အဲဒါက အနောက်တိုင်း အနုပညာအတွက် ထိပ်တန်း အဖွဲ့အစည်းတစ်ခုပါ ပြီးတော့ အဲဒီနေရာက ကုန်ကျစရိတ်လည်း ကြီးတယ် မင်း မိဘတွေကို စိတ်ပျက်အောင် လုပ်လိုက်သလို မခံစားရဘူးလား"
"ဒုက္ခလား ငါ့ကို ပြည်ပပို့တာက ငါ့ကို အမှန်တကယ် ပြုစုပျိုးထောင်ဖို့ ကြိုးစားတာလို့ မထင်ပါဘူး သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် သက်သက်ပါ..."
လင်ရှောင်စုက သူမကို ကြည့်လိုက်သည်။
"မင်း မိဘတွေ ရှေ့မှာ အဲဒီလို ပြောရဲလား"
"ငါ သူတို့မျက်နှာကို တည့်တည့် မပြောရဲဘူးလို့ ထင်လား ငါ့အဖေက ဒေါသထွက်လွန်းလို့ နှာခေါင်းတောင် စောင်းသွားတယ် သူက ခေါင်းအုံးကို ကောက်ကိုင်ပြီး ငါ့ကို ရိုက်ချင်နေပြီး ငါ့ကို ကျေးဇူးကန်းတဲ့ကောင်မလေးလို့လည်း ခေါ်တယ် ငါလည်း ညတွင်းချင်း ထွက်ပြေးခဲ့တာပေါ့..."