အခန်း (၅၀)
မင်္ဂလာဆောင်ကုမ္ပဏီမှ ထွက်ခွာလာပြီးနောက် မိမိ၏ မူလဇာတ်ရုပ်သို့ ပြန်လည်ရောက်ရှိလာသော ကျိုးမေသည် နောက်ကိုလှည့်ကြည့်ကာ သက်ပြင်းချလိုက်၏။
" မင်္ဂလာဆောင်ကုမ္ပဏီထဲကို ပထမဆုံးအကြိမ် ခြေချရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး အခုလိုပဲ ဇာတ်လမ်းဆန်လိမ့်မယ်လို့လည်း မထင်ထားမိဘူး ငါ့ရဲ့ တကယ့်မင်္ဂလာဆောင်ကော အခုလိုမျိုး ခမ်းနား ထည်ဝါပါ့မလား "
" အဲလောက်လည်း မခက်ခဲပါဘူး သုံးထောင် ရှစ်ရာပဲ ကုန်တာလေ " ဟု လင်ရှောင်စုက ပြောလိုက်၏။
" သုံးထောင် ရှစ်ရာက ဘာမှမဟုတ်ပါဘူး ဒါပေမဲ့ ဒီနေ့ လက်ဝတ်ရတနာဆိုင်မှာ သန်းနဲ့ချီပြီး ပေါ့ပေါ့ပါးပါး သုံးစွဲသွားတာကတော့ တကယ်ကို အိပ်မက်ဆန်လွန်းတယ် ဒါပေါ့ ရိုလန်ရေ " ဟု ကျိုးမေက ပြန်လိုက်ပြောသည်။
မြောင်ရိုလန်က နူးညံ့စွာ ပြုံးလိုက်ပြီး
" ငါ့မှာတော့ အဲဒီလို အိပ်မက်တွေ မရှိပါဘူး အဲဒီလိုအရာတွေအတွက် သန်းနဲ့ချီ သုံးတာက မိုက်မဲ တယ်လို့ပဲ ထင်တယ် သူဌေးတွေလို အတုအယောင်တွေလုပ်ပြီး တစ်ရက်တောင် မနေနိုင်ဘူး "
" ကဲပါ မာနကြီးမနေနဲ့တော့ " ဟု ကျိုးမေက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
" ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့တော့ နေ့လယ်စာ ကျွေးရမယ် "
ကျိူးမေ၏ စကားကို ကြားလိုက်ရသောအခါ လင်ရှောင်စု၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး
" ငါဘာလို့ ကျွေးရမှာလဲ မင်းရဲ့အမှုတွေကို ကူညီပေးထားတာတောင် အခကြေးငွေ မရသေးဘူး မင်းပဲကျွေးရမှာ "
" အိုကေ အိုကေ ငါ့ဝမ်းကွဲညီမက အရှေ့ဘက်တံခါးဝမှာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားပြီး စိုက်ပျိုးရေး ခရီးသွားလုပ်ငန်း လုပ်နေတာ အဲဒီကို သွားစားကြမယ် သူက ကုန်ကျစရိတ်ကို လျှော့ပေးလိုက်လိမ့်မယ် "
ကျိုးမေက ပြောပြီးနောက် ကားကို အရှိန်မြှင့်လိုက်ရာ မြို့ထဲမှ ထွက်ခွာသွားပြီး ကမ်းခြေတွင် ဖွင့်ထားသော စားသောက်ဆိုင်ဆီသို့ ဦးတည်သွားလိုက်၏။
ထိုအချိန်တွင် ခရိုင်မြို့တော်အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေ၏။
ပြည်နယ်ရုံး၏ အစည်းအဝေးကို အလွန်လျင်မြန်စွာပင် ခေါ်ယူခဲ့ပြီး အစည်းအဝေးတွင် ခရိုင်ပါတီ၏ ထိပ်တန်းခေါင်းဆောင်လေးဦး၊ ပြည်နယ်အနှံ့မှ ရဲအရာရှိများ၊ လမ်းပန်းဆက်သွယ်ရေးဌာနနှင့် တရားစီရင်ရေးစနစ်တစ်ခုလုံး ပါဝင်ပေသည်။
အစည်းအဝေး၏ အဓိကအချက်မှာ ၅.၁၆ အမှုကြီးပင် ဖြစ်ချေသည်။
ချက်ချင်းဆောင်ရွက်ရန် အထူးအမှုတွဲအဖြစ် စီမံခန့်ခွဲရန်နှင့် ပါဝင်သူအားလုံးကို ဖမ်းဆီးရန် တောင်းဆိုထား၏။ အထူး စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ရဲအရာရှိများကို နေရာချထားကာ လမ်းမကြီးအားလုံးကို ပိတ်ဆို့ထားလိုက်လေတော့သည်။
ဖုန်းချန်းမြို့ကို တုန်လှုပ်စေနိုင်သည့် လူကြီးလူကောင်းများမှာ တစ်ဦးပြီးတစ်ဦး အဖမ်းခံနေရပြီး ရဲကားများ ရောက်ရှိလာသဖြင့် လူတိုင်း ကြောက်လန့်နေကြ၏။
ဘယ်သူ့ကို ဖမ်းဆီးလိုက်မှန်း မသိရဘဲ သူတို့ရဲ့ အဖွဲ့အစည်းအတွင်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံလိုက်ရမှသာ သူတို့ အဆုံးသတ်သွားပြီဆိုတာကို သဘောပေါက်သွားကြ လေသည်။
ကမ်းခြေရှိ စားသောက်ဆိုင် ပြင်ပတွင်မူ ငြိမ်းချမ်းနေဆဲပင်ဖြစ်၏။
အိမ်ချက်ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာနေသည်။
ကျိုးမေသည် ဂရုဖွဲ့ထားသော ဖုန်းထဲတွင် မက်ဆေ့ချ်များကို စောင့်ကြည့်နေမိလေ၏။
၅.၁၆ အမှုကြီးမှာ ပြည်နယ်တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး သူမသည် ဤအမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့ရသူပင် ဖြစ်လေ၏။
ရုတ်တရက် မက်ဆေ့ချ်တစ်ခု ပေါထွက်လာပြီးနောက် ကျိုးမေ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။
လင်ရှောင်စုက မေးလိုက်သည်။
" ဘာဖြစ်တာလဲ "
" ကျား၅ကောင်ထဲက လေးဦး ဖမ်းမိပြီ သူဌေးကြီးဟူးပဲ ပြဿနာတက်သွားတယ် သူက ဂျင်ဟီ ဗီလာကနေ ထွက်ပြေးသွားပြီး လူသုံးဦးကို သတ်ပစ်လိုက်တယ် မြစ်လမ်းကြောင်းအတိုင်း မြောက်ဘက်ကို ထွက်ပြေးသွားတယ် "
" မြစ်ရဲ့ မြောက်ဘက်ဆိုတာ တောင်ထူထပ်တဲ့နေရာလေ "
မြောင်ရိုလန်က ဝင်ပြောလိုက်လေသည်။
အလွန်အကြမ်းဖက်သော လူသတ်သမားတစ်ဦးသည် ရှုပ်ထွေးသော တောင်တန်းများထဲသို့ ဝင်ရောက် သွားပါက ဖမ်းဆီးရန် အလွန်ခက်ခဲပေလိမ့်မည်။
လင်ရှောင်စုက ပြောလိုက်လေသည်။
" ဂျင်ဟီ ဗီလာက ဒီနားကနေ ဆယ်မိုင်လောက်ပဲ ဝေးတယ် နောက်ကနေ လိုက်ကြမယ် "
" အဲဒါပဲ ကျွန်မတို့က သူ့နဲ့အနီးဆုံး ဖြစ်နိုင်တယ်... သွားကြမယ် "
ကျိုးမေတို့သည် စားသောက်ဆိုင်မှ အမြန်ထွက်ခွာလာပြီး ကားကို အရှိန်ပြင်းစွာ မောင်းနှင်လိုက်၏။
ငါးမိနစ်အကြာတွင် ရဲမှူးကြီးကျန်း လိုက်ပါလာသည့် ရဲကားနှစ်စီး ရောက်ရှိလာပေသည်။
ကျိုးမေ၏ ကားသည် အရှိန်အလွန်မြန်နေပေသည်။
လင်ရှောင်စုက သူ၏ ကောင်းကင်တာအိုဉာဏ်ပညာမျက်လုံးဖြင့် အဝေးမှနေ၍ ဂျင်ဟီ ဗီလာ၏ တံခါးဝရှိ ရဲကားကို မြင်နေရလေသည်။
ကျိုးမေက မေးလိုက်၏။
" ဘယ်လိုဆက်လုပ်ကြမလဲ "
ဂျင်ဟီ ဗီလာရှေ့တွင် လမ်းနှစ်လမ်းရှိနေပြီး လမ်းနှစ်လမ်းစလုံးမှာ တောင်တန်းများဆီသို့ ဦးတည် နေလေသည်။ သို့သော် တစ်လမ်းမှာ အသစ်တည်ဆောက်ထားသောလမ်းဖြစ်ပြီး အခြားတစ်လမ်းမှာ လမ်းဟောင်းပင် ဖြစ်ချေသည်။
လမ်းအသစ်မှာ သွားလာရ ပိုမိုလွယ်ကူပြီး ရှေ့တွင် ချောက်ကမ်းပါးကို ဖြတ်ကျော်ကာ တင်းရှီးပြည်နယ်သို့ ဦးတည်သွားမည့် တံတားတစ်စင်း ရှိလေ၏။ လမ်းဟောင်းမှာမူ တောင်များကို ဖြတ်သန်းသွားပေသည်။
သူဌေးကြီးဟူးသည် မည်သည့်လမ်းကို ရွေးချယ်မည်ကို သူမ မသေချာပေ။
လင်ရှောင်စုက
" လမ်းဟောင်းအတိုင်း "
ကျိုးမေသည် မူလက လမ်းအသစ်ဆီသို့ အရှိန်ဖြင့် မောင်းနှင်နေခြင်းဖြစ်သော်လည်း လင်ရှောင်စု၏ လမ်းညွှန်ချက်ကို ကြားလိုက်ရသည့်အခါ စတီယာရင်ကို အားပြင်းစွာ လှည့်လိုက်လေတော့၏။
ကျောက်တုံး တစ်တုံးကို ပွတ်သီးပွတ်သပ်ဖြင့် ကျော်ဖြတ်သွားပြီးနောက် လမ်းဟောင်းအတိုင်း အရှိန်ဖြင့် မောင်းနှင်သွား၏။
မြောင်ရိုလန်၏ မျက်နှာမှာ ဖြူရော်သွားလေသည်။
ဤလမ်းအနေအထားတွင် ဤမျှအရှိန်ဖြင့် မောင်းနှင်နေခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။ အကယ်၍သာ သူတို့ ကားမှောက်ခဲ့ပါက သူမနှင့် လင်ရှောင်စုတွင် ခုန်ချနိုင်ရန် အခွင့်အရေး အနည်းငယ် ရှိနိုင်သော်လည်း ကျိုးမေအတွက်မူ အန္တရာယ်ကြီးမားသည်မှာ သေချာပေသည်။
လမ်းဟောင်းတွင် ယာဉ်သွားလာမှု နည်းပါးပြီး အရွက်များ ကြွေကျပြန့်ကျဲလျှက် ရှိနေသဖြင့် အလွန်ဆိတ်ငြိမ် ခြောက်ကပ်နေလေတော့သည်။
ကားကို အရှိန်ဖြင့် မောင်းနှင်သွားစဉ် အရွက်များ လွင့်စင်သွားရာ နွားအိုတစ်ကောင်မှာ ကြောက်လန့်ပြီး နောက်သို့ ဆုတ်လိုက်သဖြင့် နွားကို ကျောင်းလာသည့် သက်ကြီးရွယ်အို လူတစ်ယောက်မှာ မြောင်းထဲသို့ နီးကပ်စွာ ဆွဲခေါ်ခံလိုက်ရလေသည်။
ဤနေရာမှာ တကယ့်ကို ကျေးလက်ဒေသ၏ အငွေ့အသက်များ ရှိနေ၏။
ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သောနှစ်များအတွင်း နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများကြောင့် လမ်းများကို နေရာတိုင်းတွင် ခိုင်ခံ့အောင် ပြုပြင်ခဲ့ကြ၏။ အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် ငွေကြေးကို အလဟဿ မဖြစ်စေဘဲ ကောင်းစွာ အသုံးပြုထားသောကြောင့် ဤလမ်းမှာ အတော်လေး ချောမွေ့နေလေသည်။
၁၀ မိုင်
၂၅ မိုင်
မိုင် ၃၀
မိုင်၄၀... သူတို့သည် ဂျင်ရှန်းတောင်နှင့် ပိုမိုနီးကပ်လာသော်လည်း ကျိုးမေမှာ ရှေ့တွင် မည်သည့် ကားမျှ ဖြတ်သန်းသွားသည့် အရိပ်အယောင်ကို မတွေ့ရသေးပေ။ သူမသည် သူမ၏ ရွေးချယ်မှုမှားသွားပြီလားဟု စတင် သံသယဝင်လာတော့သည်။
အကယ်၍ သူမသာ မှားယွင်းနေပါက သူတို့ သူဌေးကြီးဟူးကို ဖမ်းမိလိမ့်မည်မဟုတ်ပေ။
ပြည်နယ်အစည်းအဝေးမှာ အခုလေးတင် ပြီးဆုံးသွားခဲ့သော်လည်း ဤပြည်နယ်နှင့်သာ သက်ဆိုင်ပေ ၏။ တင်းရှီးပြည်နယ်က ပူးတွဲ ကာကွယ်ရေးအတွက် အကြောင်းကြားစာ ရရှိခဲ့လျှင်ပင် သူတို့၏ တုံ့ပြန်မှုမှာ နှေးကွေးလိမ့်မည် ဖြစ်ချေသည်။
သူဌေးကြီးဟူးက ဤအချိန်အခွင့်အရေးကို အသုံးချပြီး တင်းရှီးပြည်နယ်ထဲသို့ ဝင်ရောက်သွားကာ ကားလဲလှယ်ပြီး လူအုပ်ထဲတွင် ပုန်းခိုသွားပါက သူ့ကို ဖမ်းမိဖို့ဆိုသည်မှာ ကောင်းကင်သို့ တက်ရသလောက် ခက်ခဲလိမ့်မည်ဖြစ်ပေ၏။
ရုတ်တရက် သူမသည် တကယ်ပဲ ရွေးချယ်မှုမှားသွားပြီဟု ခံစားလိုက်ရ၏။
သူဌေးကြီးဟူးသာဆိုပါက တင်းရှီးပြည်နယ်ထဲသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန်အတွက် လမ်းဟောင်းကို လုံးဝမယူဘဲ လမ်းသစ်ကိုသာ ရွေးချယ်လိမ့်မည်ဖြစ်သည်။
‘ငါ ဘာလို့ သူ့ကို ယုံကြည်လိုက်မိတာလဲ သူသည် သူဌေးကြီးဟူးနှင့် ယခင်က နီးကပ်စွာ ဆက်ဆံဖူးခြင်းမရှိသလို သူ၏နှာခေါင်းက ရဲခွေးထက် ပို၍ အနံ့ခံနိုင်စွမ်းရှိသည်ဟု ဆိုလျှင်ပင် သူဌေးကြီးဟူး၏ အနံ့ကို အနံ့ခံနိုင်မည်မဟုတ်ပေ’
ကျိုးမေ တွေးတောနေစဉ်မှာပင်
ထိုစဉ် လင်ရှောင်စုက မော့ကြည့်လိုက်ပြီး
" ဟိုမှာ "
ကျိုးမေသည် အကြည့်ကို ရောက်လိုက်ရာ တောင်ပေါ်လမ်းတွင် ကားတစ်စီးကို မြင်လိုက်ရ၏။
၎င်းမှာ ဖိုးဝှီးကားပင် ဖြစ်လေသည်။
ဖိုးဝှီးကားမှာ အရွယ်အစား ကြီးမားပြီး စွမ်းအားကောင်းကာ အလွန်ကောင်းမွန်သော လမ်းကြမ်းတွင် မောင်းနှင်နိုင်စွမ်းရှိလေ၏။ ၎င်းမှာ သူဌေးကြီးဟူး၏ အကြိုက်ဆုံး ကားပင်ဖြစ်လေသည်။
ကားမှာ တောင်ပေါ်လမ်း၏ အလယ်မျဉ်းကို အခုလေးတင် ဖြတ်ကျော်သွားလေသည်။
သူမ၏ ကားမှာလည်း တောင်ခြေသို့ ရောက်ရှိလာ၏။
အကွာအဝေးကို တိုက်ရိုက်ကြည့်လျှင် အများဆုံး ခုနစ်ရာမီတာခန့်သာ ဝေးသည်ဟု ထင်ရသော်လည်း ကားနှစ်စီးကြားရှိ တကယ့်အကွာအဝေးမှာ ဆယ်ကီလိုမီတာကျော် ရှိနေပေ၏။
အရေးကြီးဆုံး ပြဿနာမှာ ဤတောင်ပေါ်လမ်းတွင် အရှိန်မြှင့်၍ မရခြင်းပင် ဖြစ်နေသည်။ အတွေ့အကြုံရင့် ကျွမ်းကျင်သော ယာဉ်မောင်းတစ်ဦးပင်လျှင် အလွန်သတိထား ရမည်ဖြစ်၏။ မဟုတ်ပါက ခြေလှမ်းတစ်လှမ်း မှားသည်နှင့် ချောက်ထဲသို့ ပြုတ်ကျသွားနိုင်ပြီး ထိုသို့ဖြစ်ပါက အသက်ရှင်ရန် ကိုးဆယ့်ကိုးရာခိုင်နှုန်း အခွင့်အရေး မရှိတော့ပေ။
လင်ရှောင်စုက ပြောလိုက်သည်။
" ကျိုးမေ ငါမောင်းမယ် "
" ဒါက... "
ကျိုးမေ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားပြီး တွေးလိုက်မိလေသည်။
‘မင်းရဲ့ ကားမောင်း အရည်အချင်းက ဘယ်လောက်တောင် ကောင်းလို့လဲ ငါတောင် အရှိန်မြှင့်ပြီး မမောင်းနိုင်တဲ့နေရာမှာ မင်းက ထိန်းနိုင်ပါ့မလား’
" မင်းမောင်းရင်တော့ သူ့ကို ဘယ်တော့မှ မှီမှာမဟုတ်ဘူး ကားရပ်လိုက် "
ကားမှာ ပြင်းထန်စွာ ရပ်တန့်သွားပြီး လင်ရှောင်စုနှင့် ကျိုးမေတို့ နေရာချင်း လဲလိုက်ကြ၏။
နေရာချင်း လဲလိုက်သော်လည်း ကျိုးမေမှာ စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
မြောင်ရိုလန်ကလည်း ကြားဖြတ်ဝင်မေးလိုက်လေသည်။
" ရှောင်စု၊ မင်းမှာ မောင်းနှင်ခွင့်လိုင်စင် မရှိဘူးမဟုတ်လား "
‘သောက်ကျိုးနည်း’
ကျိုးမေသည် သူမ၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားသည်။
‘မင်းမှာ လိုင်စင်တောင် မရှိဘဲနဲ့ အခု စတီယာရင်ကို ကိုင်ထားတယ် အို ဘုရား ငါတော့ ရူးနေပြီ ထင်တယ်...’
" လိုင်စင်ကိစ္စကတော့... လုပ်ရိုးလုပ်စဉ်ပါ "
လင်ရှောင်စုသည် လီဗာကို နင်းလိုက်ရာ ကားသည် အရှိန်ဖြင့် ပစ်လွှတ်လိုက်သကဲ့သို့ ထွက်သွားသည်။ ရှေ့တွင် ကွေ့တစ်ခုရှိ၏။ သူသည် စတီယာရင်ကို ရုတ်တရက် လှည့်လိုက်ရာ ကားသည် ရှေ့ရှိ ကျောက်ဆောင်ကို ပွတ်သီးပွတ်သပ်ဖြင့် ကျော်သွားသဖြင့် အမျိုးသမီးနှစ်ဦးလုံး တစ်ပြိုင်နက် အော်ဟစ်မိလိုက်ကြလေတော့သည်။
နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များမှာ သူတို့ ဖော်ပြနိုင်စွမ်းထက် ကျော်လွန်နေပေ၏။
လင်ရှောင်စု၏ မောင်းနှင်မှုမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး တစ်ကြိမ်တိုင်းတွင် ဘေးအန္တရာယ်နှင့် တစ်လက်မသာ လိုတော့သည့်အထိ နီးကပ်နေလေသည်။
သူတို့၏ ကျောပြင်တွင် ချွေးစများ စတင်ထွက်ပေါ်လာချိန်တိုင်း နောက်ထပ် အန္တရာယ်တစ်ခုက ပေါ်လာပြန်၏။
ကျိုးမေသည် သူမ၏ ထိုင်ခုံခါးပတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ရှေ့မှ အလျင်အမြန် ကျော်ဖြတ် သွားသော ကျောက်ဆောင်များကိုသာ စိုက်ကြည့်နေကာ အသက်ကိုပင် မရှူဝံ့ပေ။
မြောင်ရိုလန်လည်း တင်းမာနေ၏။
သို့သော် မကြာမီတွင် သူမသည် လင်ရှောင်စု၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရသည့်အခါ တစ်မျိုးတစ်ဖုံ စိတ်အေးသွားရပြန်သည်။ ဤအမူအရာက သူမကို စိတ်သက်သာရာ ရသွားစေလေသည်။ လင်ရှောင်စုသည် ဘေးဘက်ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး လေတိုးဝင်လာချိန်တွင် သူ၏ဆံပင်များ လွင့်စင်သွားကာ သူ၏ တစ်ဖက်မျက်နှာမှာ လေပြင်းနှင့် လှိုင်းများကို ရင်ဆိုင်နေသော်လည်း အပန်းဖြေနေသည့်အလား လွတ်လပ်ပေါ့ပါးနေလေ၏။
ထိုမျက်နှာကို ကြည့်ရင်း မြောင်ရိုလန်၏ အတွေးများမှာ လွင့်ပျံ့သွားလေသည်။
ယခုလေးတင် ပြီးဆုံးသွားသည့် ထိုနံနက်ခင်းဆီသို့ ပြန်ရောက်သွား၏။
သူမ "ကိုကို"ဟု ခေါ်လိုက်သည့်အခါ လင်ရှောင်စုက မမှတ်မိနိုင်သော်လည်း သူမကတော့ မှတ်မိနေပေသည်။
ထိုအချိန်က သူမ၏ ရင်ခုန်သံကို သူမ ပြန်အမှတ်ရနေမိ၏။
တောင်ပေါ်လမ်းတွင် ဖိုးဝှီးကားမှာ သူတို့ခေါင်းပေါ်ကို နောက်တစ်ကြိမ် အရှိန်ဖြင့် ဖြတ်ကျော်သွား ပြန်လေသည်။
အကွာအဝေးမှာ တစ်ဝက်ခန့် လျော့ကျသွားပြီ ဖြစ်ပေသည်။
ဖိုးဝှီးကားပေါ်မှ သူဌေးကြီးဟူးသည် အောက်ရှိ ကားကို မြင်လိုက်ရသောအခါ သူ၏ မုတ်ဆိတ်မွေး များဖြင့် ဖုံးလွှမ်းနေသော မျက်နှာမှာ ပြာနှမ်းသွား၏။
" သူဌေး အဲဒါ ကျိုးမေရဲ့ကားပဲ "
" ကျိုးမေ အဲဒီ လင်မျိုးရိုး စောက်သုံးမကျတဲ့ကောင်နဲ့ ပေါင်းပြီး ငါတို့ကို အကျပ်ကိုင်နေတာ "
နောက်တစ်ဦးက အော်ဟစ်လိုက်သည်။
" အဲလို အမှိုက်ကားနဲ့ ငါတို့ကို လိုက်ရဲတယ်ပေါ့ သတ်ပစ်လိုက်မယ် "
သူဌေးကြီးဟူးက ရက်စက်စွာ ပြောလိုက်သည်။
" ရှေ့ကကွေ့မှာ ရပ်လိုက် ထောင်ချောက်ဆင် "
မကြာမီတွင် ထောင်ချောက်ကို ဆင်ပြီးနောက် ဖိုးဝှီးကားမှာ အရှိန်ဖြင့် ထွက်ခွာသွား၏။
ထိုမျှ ကြန့်ကြာပြီးနောက် လင်ရှောင်စုသည် ကားနှစ်စီးကြား အကွာအဝေးကို ထပ်မံ လျော့ကျ သွားအောင် လုပ်ဆောင်နိုင်လိုက်လေသည်။
ဖိုးဝှီးကား ထွက်ခွာသွားပြီး သုံးမိနစ်အကြာတွင် သူ၏ ကားငယ်လေးမှာ အရှိန်ဖြင့် ဖြတ်ကျော်သွားပြီး ရှေ့ရှိ ကွေ့ကို ကျော်ဖြတ်လိုက်၏။
သူတို့ ကျော်ဖြတ်လိုက်သည့်အချိန်တွင် ကျိုးမေက အော်ဟစ်လိုက်သည်။
" လမ်းပိတ်ထားတယ် "
ရှေ့ရှိ လမ်းတွင် ကျောက်တုံးကြီးနှစ်တုံး ရှိနေ၏။
ကျောက်တုံးများကို အန္တရာယ်ရှိစွာ ပိတ်ဆို့ထားသည်။
တောင်ပေါ်လမ်း၏ ဤဘက်ခြမ်းမှ ကြည့်လျှင် မမြင်နိုင်ဘဲ ကွေ့ကို ကျော်လိုက်သည်နှင့် လမ်းပိတ်သည်ကို တောင်ခြေရင်းရောက်မှ သိလိုက်ရလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် အရှိန်မလျှော့ပါက ကားမှာ ကျောက်တုံးတစ်ခုခုနှင့် တိုက်မိမည်မှာ သေချာပြီး မည်သည့် တိုက်မိမှုမဆို အောက်ရှိ ပေတစ်ရာနက်သော ချောက်ထဲသို့ ပြုတ်ကျသွားစေမည်ဖြစ်၏။
ကျိုးမေ အော်လိုက်ချိန်တွင် ကားမှာ လမ်းကြောင်းပြင်ရန် အချိန်မမီတော့ပေ။
သူမ၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွား၏။
သို့သော် လင်ရှောင်စုသည် စတီယာရင်ကို အနည်းငယ်သာ လှည့်လိုက်သည်။
ပြင်းထန်သော အသံတစ်ခုနှင့်အတူ ဘီးဘက်မှာ ကျောက်တုံးတစ်ခုကို တိုက်မိလိုက်ပြီး ကားမှာ တစ်ဖက် လေထဲသို့ မြောက်တက်သွား၏။ သို့သော် ဤသို့ မြောက်တက်သွားခြင်းကြောင့်ပင် ကားမှာ ဘေးစောင်းဖြင့် ကျောက်တုံးနှစ်တုံးကြားရှိ နှစ်မီတာထက် မပိုသော လမ်းကျဉ်းလေးထဲသို့ တိုးဝင်သွားနိုင်ခဲ့ပေ၏။
တောင်ပေါ်လမ်းတွင် သူဌေးကြီးဟူးမှာ မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်နေသည်။
‘ငလူး သောက်ကျိုးနည်း အဲဒီလောက်အထိ ဖြစ်နိုင်တာလားဟ’
" ဒါက ကံကောင်းတာလား ဒါမှမဟုတ် သူက တကယ်ပဲ အဲလောက် ထူးချွန်တဲ့ မောင်းနှင်မှု အရည်အချင်း ရှိတာလား "
နောက်ခုံမှ လူနှစ်ဦးမှာ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။
" မစဉ်းစားနဲ့တော့... သူဌေး သေနတ်ပေး ကျွန်တော် သူ့ကို ရှင်းပစ်မယ် "
နောက်ခုံမှ လူတစ်ယောက်က အော်ဟစ် ပြောဆိုလိုက်သည်။
" ဆန်ဇူ အဲဒီစိတ်ဓာတ်ပဲ "
သူဌေးကြီးဟူးက လက်ကို ဆန့်ထုတ်ကာ သေနတ်တစ်လက်ကို သူ၏ တပည့်ကျော်ဆီသို့ ပေးလိုက်၏။
ကားမှာ ရှေ့ရှိ လမ်းဘေးတွင် ရပ်တန့်သွားသည်။
ထိုဆန်ဇူမှာ ကားပေါ်မှ ဆင်းလိုက်၏။
လင်ရှောင်စုမှာ ၎င်းကို မမြင်လိုက်ရပေ။
သို့သော် သူသည် ကွေ့တစ်ခုကို အရှိန်ဖြင့် ကျော်ဖြတ်လိုက်ချိန်တွင် ရုတ်တရက် ပုံရိပ်တစ်ခုမှာ ရှေ့တွင် ပေါ်လာ၏။
အမည်းရောင် သေနတ်ပြောင်းတစ်ခုကို မြှောက်လိုက်ပြီး လင်ရှောင်စု၏ ကားငယ်လေးမှာ အကွေ့ကို ကျော်လိုက်သည်နှင့် ထိုသူမှာ ပစ်ခတ်လိုက်လေသည်။
အလွန်တိကျသော ပစ်ခတ်မှုပင် ဖြစ်လေသည်။
လင်ရှောင်စု၏ ဦးခေါင်းကို တည့်တည့်ချိန်ရွယ်၍ ပစ်ခတ်လိုက်ခြင်းပင် ဖြစ်လေတော့သည်။