အခန်း (၅) ခရိုင်မြို့လေးထဲက ပြန်ပေးဆွဲမှု
ဟူယား ဖုန်းကိုထုတ်ပြီး ဖုန်းဖြေလိုက်လေ၏။ သူမ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"သူက ကိုယ်ခံပညာသင်တန်းကျောင်းက ထွက်လာတာ... ဒါပေမဲ့ အိမ်မရောက်သေးဘူးတဲ့... မင်းအိမ်က နည်းနည်းလေးပဲ ဝေးတာကို ဘာလို့ တစ်နာရီလောက် ကြာနေတာလဲ... အေးအေး အဲဒီမှာပဲ စောင့်နေ ငါ အခုချက်ချင်း လာခဲ့မယ်"
"ဘာဖြစ်တာလဲ"
ဟူယား၏ အိမ်ဝင်းထဲသို့ ခြေတစ်လှမ်းဝင်ထားသည့် လင်ရှောင်စုက ရပ်တန့်လိုက်ပြီး မေးလိုက်၏။
"ကိုယ်ခံပညာသင်တန်းကျောင်းက ကျောင်းသားလေးတစ်ယောက်လေ ကျောင်းဆင်းပြီးကတည်းက အိမ်မရောက်သေးဘူး အခု ပျောက်ဆုံးနေတယ်"
သူမပြောသော သင်တန်းကျောင်းမှာ သူမကိုယ်တိုင် တည်ထောင်ထားသော ကျောင်းပင် ဖြစ်၏။ ဟူယားက တိုက်ခိုက်ရတာကို ဝါသနာပါပြီး တခြားအလုပ်ဆိုသည်မှာလည်း သိပ်မလုပ်တတ် သူဖြစ်သောကြောင့်ပင်။
"အသက် ဘယ်လောက်လဲ"
"ဆယ်နှစ်"
"ဆယ်နှစ်ဆိုတော့ အိမ်ပြန်တတ်တဲ့ အရွယ်ပါ တစ်နေရာရာမှာ ဈေးဝယ်ထွက်နေတာများလား"
"ဖြစ်စေချင်တာပေါ့ ဒါပေမဲ့ ဒီရက်ပိုင်း ခရိုင်မြို့လေးမှာ ထူးဆန်းနေတယ် ပြီးခဲ့တဲ့အပတ်ကလည်း ကလေးတစ်ယောက် ပျောက်သွားတာ တစ်ပတ်ကြာတဲ့အထိ ရှာမတွေ့ဘူး မိဘတွေက ကျောင်းရှေ့မှာ နေ့တိုင်း ဆူညံနေကြတယ် ငါ သွားကြည့်မှ ဖြစ်တော့မယ်..."
"ငါလည်း လိုက်မယ်" လင်ရှောင်စုက ပြောလိုက်၏။
ဖုန်းချန်မြို့မှာ အဆင့်ရှစ်မြို့နယ်မျှသာရှိသော သေးငယ်သည့် မြို့လေးဖြစ်၏။ သီအိုရီအရဆိုလျှင် တာရှန်ရွာဟောင်းနှင့် တောင်တစ်လုံးသာ ခြားထားသော်လည်း ဤတောင်မှာ အတော်လေး မြင့်ပြီး ကြီးမားသည်။ ထို့ကြောင့် ဤရွာငယ်လေးမှကြည့်လျှင် မြို့မှာ အလွန်ဝေးကွာသလို ဖြစ်နေ၏။ ဤရွာမှ မြို့သို့ သွားမည်ဆိုလျှင် ရှီလီပုရွာကို ပတ်သွားရသဖြင့် အတော်လေး ဝေးလေသည်။ ကံကောင်းသည်မှာ နှစ်များစွာအတွင်း ကျေးလက်လမ်း ဖောက်လုပ်ရေး စီမံကိန်းများ ရှိခဲ့သောကြောင့် အဝေးဆုံးရွာများ အထိ လမ်းများမှာ ခိုင်ခံ့ပြီး ချောမွေ့နေသဖြင့် လျှပ်စစ်ဆိုင်ကယ်လေးဖြင့် စီးရသည်မှာ အတော်လေး သက်သောင့်သက်သာ ရှိလှသည်။
ဟူယားမှာ အလွန် စိုးရိမ်နေသဖြင့် မြန်မြန် မောင်းနှင်နေ၏။
လင်ရှောင်စုမှာမူ မစိုးရိမ်ပါ။
ဟူယား၏ နောက်တွင် ထိုင်ကာ သူမ၏ ခါးကို ဖက်ထားရင်း လမ်းတစ်လျှောက် ရှုခင်းများကို ငေးကြည့်နေ၏။ အခုဆိုလျှင် မတ်လ၏ နေသာသော နေ့ရက်များပင်ဖြစ်သည်။ လမ်းဘေးတစ်လျှောက် မြက်ခင်းများမှာ စိမ်းလန်းလာပြီး၊ ဝါးပင်များမှာ နုပျိုလာသည်။ ဝါးပင်များအောက်တွင်မူ ယီချွမ်းမြစ် သည် တာရှန်တောင်ကို ရောင်ပြန်ဟပ်ကာ တောက်ပနေ၏။
တာရှန်ရေကန်ကို ဖြတ်ကျော်ပြီးနောက် မြို့နယ်၏ တောင်ဘက်ပိုင်းသို့ ဝင်ရောက်သွားသည်။ လင်ရှောင်စု ငယ်စဉ်က မြို့၏ တောင်ဘက်မှာ အလွန် လူသူရှင်းပြီး ဆင်ခြေဖုံး ရွာသာသာသာ ဖြစ်သော်လည်း ယခုအခါတွင်မူ မြို့နယ်မြေပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကာ နေ့စဉ်နှင့်အမျှ စည်ကားလာလေသည်။
ဤမြေနေရာမှာ ယခင်မြို့နယ် ကော်မတီ အတွင်းရေးမှူးဟောင်း "လျူဖုန်းဇီ"ဟု လူသိများသော လျူကုံး၏ ကြီးကျယ်သော လက်ရာပင် ဖြစ်လေသည်။ သူသည် အလွန်မာနကြီးပြီး အလုပ်လုပ်ရာတွင် ပြတ်သား၏။ ဖိအားများစွာအောက်တွင် သူသည် မြို့ကို သုံးဆအထိ ချဲ့ထွင်ခဲ့သည်။ သူ၏ နာမည်ကျော် စကားစုမှာ "ရွှံ့မြေကို ရွှေဖြစ်အောင်လုပ်၊ စာရွက်ကို ငွေဖြစ်အောင်လဲ" ဟူ၍ ဖြစ်၏။ ဆိုလိုသည်မှာ မြေရောင်းခြင်းဖြင့် ရွှံ့မြေကို ရွှေဖြစ်အောင် လုပ်ခြင်းဖြစ်ပြီး ကြွေးမြီစာချုပ်များ ထုတ်ပေးခြင်းဖြင့် စာရွက်ကို ငွေဖြစ်အောင် လဲခြင်းဖြစ်လေသည်။ ကြုံတွေ့ရသည့် အခက်အခဲများကို မမှုဘဲ အလုပ်ကို အရင်ပြီးအောင် လုပ်ခြင်းဖြစ်ပေ၏။
ဤပြင်းထန်ပြီး ပြတ်သားသော လုပ်ရပ်များကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရပြီး တိုင်ကြားစာများ ပလူပျံခဲ့သည်။ အချို့က သူသည် တစ်ကိုယ်တော် ရှိုးပွဲလုပ်နေသည်ဟု ပြောကြပြီး အချို့က အမျိုးသမီးများနှင့် ရှုပ်သည်ဟု ပြောကြ၏။ အချို့က ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ တိုက်ခန်း တစ်ခန်းလျှင် စာအိတ်နီတစ်လုံးစီ ယူသည်ဟု ပြောကြလေသည်။ သို့သော် တောင်ဘက်မြေပုံ ချဲ့ထွင်လာသည်နှင့်အမျှ မြို့နယ်လေး တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ လူများစွာသည် လျူကုံးကို ပြန်လည် အသိအမှတ်ပြုလာကြ၏။ အထူးသဖြင့် သူ ရာထူးမှ ဆင်းသွားပြီးနောက်တွင် ဖြစ်ေသည်။
တောင်ဘက်ပိုင်း၏ ကျယ်ဝန်းသော လမ်းမကြီးများပေါ် လမ်းလျှောက်နေသည့် လူများသည် တစ်ခါတစ်ရံ သက်ပြင်းချကာ -
"လျူဖုန်းဇီက တကယ်ပဲ ကြီးကျယ်တဲ့အလုပ်တစ်ခု လုပ်သွားတာပါလား" ဟု ဆိုကြသည်။
ဟူယား ပူးတွဲတည်ထောင်ထားသော ကိုယ်ခံပညာကျောင်းမှာ မြို့၏တောင်ဘက်တွင် တည်ရှိ၏။ တခြားရွေးချယ်စရာ မရှိပါ၊ တောင်ဘက်ကို အခုမှ ဆောက်ထားသဖြင့် ငှားရမ်းခ သက်သာ၍ ဖြစ်သည်။ အကယ်၍သာ မြို့ဟောင်း စီးပွားရေးဇုန်တွင်သာ ဖြစ်ပါက ငှားရမ်းခမှာ သူမ၏ ရင်းနှီးမြှုပ်နှံမှု စွမ်းအားထက် ကျော်လွန်နေပေလိမ့်မည်။
ကိုယ်ခံပညာကျောင်းသို့ ရောက်သောအခါ လူအုပ်ကြီး စုဝေးနေလေသည်။ ဟူယား၏ လုပ်ဖော်ကိုင်ဖက် အဘိုးအိုကျိုး မှာ ဆေးလိပ်ဖွာရင်း စိတ်ပူပန်စွာ လမ်းလျှောက်နေ၏။
သူ့ဘေးတွင် ရဲအရာရှိနှစ်ဦးက အချက်အလက်များ စုဆောင်းနေပြီး အမျိုးသမီးငယ်တစ်ဦးမှာ ချွေးပြန်နေကာ စိတ်ငြိမ်မရ ဖြစ်နေသည်။
ဟူယား ရောက်လာသည်ကို မြင်သောအခါ သူမ ပြေးလာပြီး
"ဆရာမလီ ကျွန်မက ရှင့်ရဲ့ ဂုဏ်သတင်းကို ယုံလို့ ကလေးကို ပို့ထားတာပါ အခုတော့ ကလေးက ပျောက်သွားပြီ တစ်ခုခုလုပ်ပေးပါဦး..."
"စိတ်မပူပါနဲ့ မစ္စဝမ် ရဲတွေ ရှိနေတာပဲလေ ငါတို့ ရှာနေကြတယ်..."
အဘိုးအိုကျိုးက ဆေးလိပ်တိုကို ပစ်လိုက်ပြီး ဝင်ပြောလိုက်သည်။
"ဘာဖြစ်တာလဲ"
ဟူယားက အဘိုးအိုကျိုးကို စိုက်ကြည့်လိုက်သည်။
"တကယ် ထူးဆန်းတယ် အတန်းပြီးသွားတော့ ကလေးက ဒီမှာပဲ ရှိသေးတယ် ပုံမှန်အတိုင်းပဲ တံခါးကနေ ထွက်သွားတာ ဒါပေမဲ့ နောက်တော့ လေထဲ ပျောက်သွားသလိုပဲ..."
အဘိုးအိုကျိုးက နဖူးပေါ်က ချွေးတွေကို သုတ်ရင်း အခြေအနေကို ပြောပြသည်။
အခြားရဲအရာရှိနှစ်ဦးက တစ်ဖက်မှ ရောက်လာပြီး
"ရဲမှူးကြီး ကျန်း ဒီပတ်ဝန်းကျင်က လမ်းဆုံတွေမှာ ကင်မရာတွေ ရှိပါတယ် ကျွန်တော်တို့ သီးခြားစီ စစ်ဆေးကြည့်တာ ကလေး ဖြတ်သွားတာကို တကယ်ပဲ မတွေ့ရဘူး"
"ယာဉ်တွေကော"
အသက်လတ်ပိုင်း ရဲမှူးကြီး၏ မျက်နှာမှာ မှောင်မည်းသွား၏။
ပျောက်ဆုံးမှု အမှုတွဲများတွင် အကြောက်ဆုံး အခြေအနေမှာ ကလေးကို ကင်မရာ မမြင်နိုင်သည့် နေရာတစ်ခုတွင် ကားထဲသို့ အတင်းသွတ်သွင်းကာ ခေါ်သွားခြင်းဖြစ်ပေသည်။ ယာဉ်များသည် အလွန်မြန်ဆန်သဖြင့် အနည်းငယ် ကြန့်ကြာရုံနှင့် လူအုပ်ထဲတွင် ပျောက်ဆုံးသွားနိုင်၏။
"ကျွန်တော်တို့ အဲဒီအချိန်မှာ ဒီနေရာကို ဖြတ်သွားတဲ့ ကားနံပါတ်တွေ အကုန်စာရင်းပြုစုထားပြီးပြီ ဒါပေမဲ့ သူတို့ သွားမယ့်နေရာကို အတိအကျ လိုက်ဖို့က အချိန်လိုတယ်"
"စစ်ဆေး ဘယ်လောက်ကြာကြာ စစ်ဆေး စစ်ဆေးရမယ်"
မစ္စဝမ်က ရဲမှူးကြီး ကျန်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ရဲအရာရှိ ကျွန်မသားကို ရှာပေးပါ သူသာ ပျောက်သွားရင် ကျွန်မ... ကျွန်မ ဆက်မနေနိုင်တော့ဘူး ကျွန်မ..."
ရုတ်တရက် ဆူညံနေသည့်ကြားထဲတွင်... လင်ရှောင်စုက ဟူယား၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
"မင်းတို့ ကိုယ်ခံပညာကျောင်း အဝင်ဝမှာ ကင်မရာ မရှိဘူးလား မှတ်တမ်းကို ပြပါဦး"
"အဲဒါ... အဲဒါက အဝင်ဝကနေ ဆယ်မီတာအထိပဲ ဖမ်းနိုင်တာ ဒီအထိ မရောက်ဘူး"
"ကိစ္စမရှိပါဘူး ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ..."
ဟူယားက ဖုန်းကို လော့ခ်ဖွင့်လိုက်ပြီး မှတ်တမ်းစနစ်ထဲသို့ ဝင်ကာ တစ်နာရီအကြာက အခြေအနေကို ပြန်ကြည့်လိုက်၏။ လင်ရှောင်စုက သူမပြောသော ကလေးကို တွေ့လိုက်ရသည်။ အပြာရောင် ဟူဒီအင်္ကျီကို ဝတ်ထားပြီး တုတ်တုတ်အိအိနှင့် ချစ်စရာကောင်းသည်။ ဤကလေးကို သိလိုက်ရသဖြင့် ကျန်ကိစ္စများမှာ ပိုမို လွယ်ကူသွားတော့မည်။
လင်ရှောင်စု၏ မျက်လုံးများမှာ အနည်းငယ် ပြောင်းလဲသွားပြီး "အချိန်နောက်ကြောင်းပြန်ကြည့်ခြင်း" သို့ ဝင်ရောက်သွား၏။
သူ၏ နှလုံးသားမှာ အနည်းငယ် ခုန်သွားပြီး... သူ မြင်လိုက်ရသည်မှာ... ရဲမှူးကြီး ကျန်းတို့ ဘက်တွင် အခြေအနေမှာ ရှုပ်ထွေးနေသည်။ မစ္စဝမ်မှာ ရဲမှူးကြီး ကျန်း၏ ရှေ့တွင် ဒူးထောက်ကာ မရပ်မနား ငိုယိုနေပြီး စိတ်ဓာတ်ကျနေသည်။
ရဲမှူးကြီး ကျန်းမှာလည်း စိတ်မကောင်းဖြစ်ကာ
"မစ္စဝမ် ကလေးက မိဘတွေအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ် စိတ်ချပါ မျှော်လင့်ချက် ရှိသရွေ့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ အခုတော့ အိမ်ပြန်ပြီး စောင့်ပါ..."
မစ္စဝမ်က ငိုရင်း
"ကျန်းယန်မပါဘဲ ကျွန်မ ဘယ်လို အိမ်ပြန်ရမှာလဲ ပြန်သွားရင် ကျွန်မယောက်ျားက ကျွန်မကို သတ်မှာပဲ ကျွန်မ... ကျွန်မ သေသင့်တယ် ဘာလို့ တံခါးဝမှာပဲ မစောင့်ခဲ့တာလဲ ကျွန်မ..."
အမှုမှတ်တမ်းယူနေသော အမျိုးသမီး ရဲအရာရှိက သူမကို ဖက်ထားပြီး
"အစ်မဝမ် အဲဒီလို မလုပ်ပါနဲ့ ကျွန်မတို့ အရင်က ဖြတ်သွားတဲ့ ကားတွေကို စစ်ဆေးနေပါပြီ၊ သတင်းရတာနဲ့ ချက်ချင်း အကြောင်းကြားပေးပါမယ်..."
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။
"ရဲမှူးကြီး ကျန်း ခင်ဗျားတို့ ဦးတည်ရာ မှားနေတာ ဖြစ်နိုင်တယ်"
ဤသည်မှာ လင်ရှောင်စု၏ အသံဖြစ်၏။ သူသည် အခု အဆောက်အဦးနှစ်ခုကြားတွင် ရပ်နေသည်။ လူတိုင်း၏ အကြည့်များမှာ ရုတ်တရက် သူ့မျက်နှာပေါ်သို့ ကျရောက်သွားပြီး အားလုံးမှာ မျက်မှောင်ကြုတ်လိုက်ကြလေ၏။
"ဒါက လုံခြုံရေးကင်မရာ မမြင်နိုင်တဲ့နေရာ ဖြစ်တယ် ကလေးကို ဒီနေရာမှာ ကားပေါ် တင်သွားတာ ဖြစ်နိုင်သလို ကားပေါ် မတက်ဘဲ ဒီကြားထဲကို လျှောက်သွားတာလည်း ဖြစ်နိုင်တယ်"
သူသည် သူ၏ နောက်ကွယ်မှ ကွာဟချက်ကို လက်ဖြင့် ညွှန်ပြ၏။ ထိုကြားမှာ အလွန်ကျဉ်းမြောင်းပြီး ရှေ့တွင် သစ်ပင်တစ်ပင်နှင့် ကြီးမားသော ကြော်ငြာဘုတ်တစ်ခု ရှိသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
ရဲအရာရှိ အမျိုးသမီးက ပြောလိုက်သည်။
"ဒါက လမ်းကြားတောင် မဟုတ်ဘူး တစ်မီတာတောင် မကျယ်တဲ့ နေရာ အမှိုက်တွေနဲ့ ပြည့်နေတာ ဘယ်သူက ဒီထဲ လျှောက်သွားမှာလဲ"
"ပုံမှန်အားဖြင့်တော့ မဟုတ်ဘူးပေါ့ ဒါပေမဲ့ အခုက ပုံမှန်အခြေအနေမှ မဟုတ်တာ"
ဟူယားက တစ်လှမ်း ရှေ့တိုးလိုက်သည်။
"မင်း ဘာကို သတိထားမိလို့လဲ"
"ဒီမှာ လတ်လတ်ဆတ်ဆတ် ခြေရာတွေ ရှိတယ် အရာရှိ ပြောသလိုပဲ ပုံမှန်အားဖြင့်ဆိုရင် ဘယ်သူက ဒီထဲ လျှောက်သွားမှာလဲ ဒါကြောင့် ခြေရာတွေကိုယ်တိုင်က ပုံမှန်မဟုတ်ဘူး"
ရဲအရာရှိများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ရဲမှူးကြီး ကျန်းက ရှေ့သို့ တိုးကာ လင်ရှောင်စု ညွှန်ပြသည့် နေရာကို စိုက်ကြည့်လိုက်၏။ တကယ်ပင် ခြေရာ တစ်စိတ်တစ်ပိုင်း ရှိနေသည်။
"ဒါက အရွယ်ရောက်ပြီးသူ ခြေရာပဲ ကလေးခြေရာ မဟုတ်ဘူး"
"ကလေးကို ပွေ့ချီသွားတာဆိုရင်ကော"
ရဲမှူးကြီး ကျန်းမှာ တုန်လှုပ်သွားလေသည်။
"အဟမ်း... ရဲမှူးကြီး ကျန်းကို ဖုံးကွယ်မထားပါဘူး ကျွန်တော်က တောင်ပေါ်ကလာတာ အနံ့ခံတဲ့ ထူးခြားတဲ့ စွမ်းရည် ရှိတယ် ကလေးကို ဒီကြားထဲကနေ ခေါ်သွားတာ သေချာတယ်"
ရဲအရာရှိ အမျိုးသမီးမှာ မျက်မှောင်ကြုတ်လိုက်၏။
"အနံ့ခံတယ် မင်းက ခွေးလား"
ဟူယားမှာ နားမလည်စွာ ကြည့်လိုက်သည်။
‘မင်းမှာ ဒီစွမ်းရည် ရှိတယ်လား ဘာလို့ ငါ မသိတာလဲ’
မစ္စဝမ်မှာ မျှော်လင့်ချက် ရလာလေသည်။
"ရဲအရာရှိ သူပြောတာ မှန်ပါတယ် ရဲခွေး ခေါ်ပြီး စမ်းကြည့်ပါလား ရဲခွေးတွေက အနံ့ခံတာ အတော်ဆုံး မဟုတ်ဘူးလား"
"အစ်မဝမ်က ရဲခွေးတွေကို အထင်ကြီးလွန်းနေတာ မြို့ထဲမှာဆိုရင် ရဲခွေးတွေက အသုံးမဝင်ဘူး ကလေးမှာ မူးယစ်ဆေးဝါးလို ထူးခြားတဲ့ အနံ့မျိုး ပါနေမှ ရမှာ..."
လင်ရှောင်စုမှာ နံရံကြားထဲသို့ ဝင်သွားပြီး အမြန် လျှောက်သွားနေ၏။ ထိုကြားမှာ နောက်လမ်းတစ်ခုသို့ ရောက်သွားပြီး ဟူယားမှာ အနောက်ကနေ လိုက်လာပြီး
"မင်း ဘာလုပ်နေတာလဲ ဘယ်တုန်းက အနံ့ခံတတ်သွားတာလဲ"
လင်ရှောင်စုမှာ အဖြေ မရှိပါ။ သူသည် ကလေး ဘယ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ သော်လည်း တခြားသူများကို လက်ခံအောင် လုပ်ဖို့မှာ အတော်လေး ခက်ခဲသည်။ မုဆိုးမဖန်း၏ ရေချိုးခန်း အမှုတုန်းကဆိုရင် ခြေရာများနှင့် လုပ်ဆောင်ချက်များကို သုံး၍ ဖုံးကွယ်နိုင်သေး၏။
သို့သော် ဒီမှာ ဘယ်လို ဖုံးကွယ်မလဲ။ ထိုလူက ကားပေါ် တိုက်ရိုက်တက်သွားပြီး လုပ်ငန်းစဉ်မှာ အလွန် လျှို့ဝှက်လှသည်။ ဗင်ကားတစ်စီးက ဒီကြားထဲမှာ ရပ်လိုက်ပြီး တံခါးဖွင့်ကာ ကလေးကို သွတ်သွင်းပြီး မောင်းထွက်သွား၏။ တစ်ဖက်မှာ ကင်မရာ ရှိရင်တောင် ထိုလုပ်ရပ်ကို ဖမ်းမိမှာ မဟုတ်ပေ။ မြို့ထဲမှာ ခြေရာများ၊ အမှတ်အသားများက ခြေရာခံတဲ့ ကွင်းဆက်ကို မထိန်းထားနိုင်ဘူး ဖြစ်နေလေသည်။
‘အခုဆိုရင် လျင်မြန်ပြီး ပျောက်ကွယ်လွယ်တဲ့ အနံ့လေးကပဲ အကာအကွယ် ဖြစ်နိုင်တော့မယ် ခွေးတစ်ကောင် လုပ်နိုင်ရင် လူတစ်ယောက်က ဘာလို့ မလုပ်နိုင်ရမှာလဲ မိသားစုတစ်စုရဲ့ ကောင်းကင် မပြိုကျဖို့ ဟူယားရဲ့ ကိုယ်ခံပညာ ကျောင်း ဆက်လည်ပတ်နိုင်ဖို့ ငါ တိုက်ပွဲဝင်မယ် ငါ ရဲခွေး တစ်ကောင်ရဲ့ အခန်းကဏ္ဍကနေ ကပြမယ်’
"ဟူယား မင်းကားကို ခေါ်လာခဲ့ ဒီအနံ့နောက်ကို လိုက်ကြမယ်"
"သေချာပေါက်ပေါ့"
ဟူယားက လှည့်ကာ နံရံကြားထဲသို့ ပြန်ဝင်သွားလိုက်၏။
ရုတ်တရက် အခြားတစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ကားပေါ်တက် အတူတူ သွားကြမယ်"
ရဲကား ဖြစ်၏။ ရဲအရာရှိ အမျိုးသမီးက ပြတင်းပေါက်မှ ခေါင်းပြူလာပြီး ကြည့်လိုက်သည်။
"ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို မယုံဘူး မဟုတ်လား" လင်ရှောင်စုက ပြောသည်။
"ငါ မင်းကို ယုံတယ်လို့ မပြောဘူး ဒါပေမဲ့ ရဲတစ်ယောက်ရဲ့ အကြီးမားဆုံး အရည်အချင်းက ဘယ် ဖြစ်နိုင်ချေကိုမှ လျစ်လျူမရှုဖို့ပဲ..."
"တက်"
ရဲကား အရှိန်ဖြင့် မောင်းထွက်သွားပြီး လင်ရှောင်စုက လမ်းကြောင်းကို ပြန်လိုက်နေသည်။
"ဘယ်ဘက်"
"ညာဘက်"
"တည့်တည့်သွား..."
ရှေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ရှိပြီး တစ်ဝက်တစ်ပျက်နှင့် အကြောင်းရင်းမသိဘဲ ရပ်ထား၏။ နွေဦးပေါက်ပြီးနောက် မြက်ရိုင်းများမှာ မြင့်တက်နေသည်။
လင်ရှောင်စုက လက်ကို မြှောက်လိုက်သည်။
"ရပ်"
ရဲအရာရှိ အမျိုးသမီးက ကားရပ်လိုက်ပြီး သုံးယောက်သား ဆင်းကာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အဝင်ဝတွင် ရပ်လိုက်၏။
ဟူယား၏ မျက်လုံးများမှာ တောက်ပလာပြီး
"ဒီမှာ တာယာရာတွေ ရှိတယ် တော်တော် လတ်ဆတ်တယ်"
"ဘယ်မှာလဲ"
ရဲအရာရှိ အမျိုးသမီးက မြေပြင်ကို စစ်ဆေးလိုက်သည်။
ဟူယားက လက်ကို မြှောက်ကာ မြေပြင်ကို ညွှန်ပြ၏။
"ဒီဆောက်လုပ်ရေး လုပ်ငန်းခွင်က ရပ်ထားတာ ခြောက်လ ရှိပြီ ဘယ်သူမှ မလာဘူး ဘယ်သူက ဒီထဲ ကားမောင်းလာမှာလဲ အပြစ်ရှိတဲ့ ခိုးသူမှလွဲရင်..."
“သွားကြမယ် ကြည့်ကြည့်ရအောင်...”
သုံးယောက်သားမှာ စိမ်းလန်းသော အပင်များ ပြည့်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲသို့ ခြေဖျားထောက်၍ ဝင်သွားကြ၏။ ရှေ့တွင် ဂိုဒေါင်အချို့ ရှိနေပြီး ဂိုဒေါင်အဝင်ဝတွင် ရဲအရာရှိ ကျိုးမေ ၏ မျက်လုံးများ တောက်ပလာပြီး ဗင်ကားတစ်စီးကို တစ်ချက်တည်းနှင့် မြင်လိုက်ရလေသည်။
ဤဗင်ကားမှာ အခြေအနေ ဆိုးရွားပြီး လမ်းဘေးတွင် ထားခဲ့ပါက ဘယ်သူမှ လိုချင်မည် မဟုတ်ပေ။ ရပ်ထားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲသို့ မောင်းဝင်လာခြင်းကပင် သံသယဖြစ်စရာ ကောင်းနေ၏။ ဂိုဒေါင်အပြင်ဘက်တွင် မရပ်ဘဲ ဂိုဒေါင်အတွင်းသို့ မောင်းဝင်ထားခြင်းက ပို၍ သံသယဖြစ်စရာ ကောင်းသည်။
‘တကယ်ပဲ အမှုကြီးတစ်ခုကို ဖော်ထုတ်တော့မှာလား’
သူမ၏ လက်ဖဝါးများမှာ ချွေးပြန်နေလေသည်။
သုံးယောက်သားမှာ ဗင်ကားကို ကျော်ဖြတ်သွားပြီး အထဲတွင် ဘယ်သူမှ မရှိပေ။ နောက်ကွယ်မှာ အလွန်မှောင်မိုက်နေပြီး မြို့၏ ဆူညံသံများမှာ လုံးဝ ပျောက်ကွယ်သွားသလိုပင်။ သူတို့၏ ခြေသံများမှာ အလွန်တိုးနေပြီး တိုင်အချို့ကို ပတ်ပြီးနောက် ရှေ့တွင် အလွန်မှောင်နေသော စင်္ကြံရှည်တစ်ခု ရှိနေ၏။ ရုတ်တရက် စင်္ကြံဘေးက အခန်းတစ်ခုထဲမှ အရိပ်တစ်ခု ထွက်လာသည်။ ဤအရိပ် ထွက်ပေါ်လာ သည်နှင့် လင်ရှောင်စု၏ အကြည့်များမှာ ထိုနေရာတွင် တင်းကျပ်စွာ စွဲမြဲသွား၏။ ကလေးကို ပြန်ပေးဆွဲသွားသူမှာ ဤလူဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော် ဤလူ၏ လှုပ်ရှားမှုမှာ အလွန်ထူးဆန်းပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ရှေ့သို့ ငါးမီတာ အကွာအဝေးကို ဖြတ်ကျော်ရောက်ရှိလာသည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ရှိနေသည်။
အနက်ရောင် ဓားတစ်ချောင်း
"သတိထား"
လင်ရှောင်စု ကျယ်လောင်စွာ အော်လိုက်၏။
သူ၏ အမြင်အာရုံမှာ အခြားသူများထက် သာလွန်သော်လည်း သူ၏ ကိုယ်ခန္ဓာမှာမူ သာမန်ဖြစ်သည်။ သူ၏ မျက်လုံးက မြ
င်နေရသည့်အရာမှာ အနှေးပြကွက် ဖြစ်လာသော်လည်း၊ သူ၏ ကိုယ်ခန္ဓာကို လှုပ်ရှားနိုင်သည့် စွမ်းရည်မှာ ပို၍ပင် နှေးကွေးနေသည်။