အခန်း (၄၇) - ကျောက်စိမ်းဝယ်ရန် အသွင်ယူခြင်း
ကျိုးမေနှင့် မြောင်ရိုလန်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။
အနည်းငယ် စိတ်လှုပ်ရှားမိသလို စကားမပြောနိုင် ဖြစ်သွားမိကြသည်။
လှပတဲ့ မိန်းကလေး နှစ်ယောက်ကို ခေါ်ပြီး လက်ဝတ်ရတနာဆိုင် လိုက်ပြတာကတော့ သူ့ရဲ့ အိပ်မက် ဖြစ်နိုင်ပြီး ကမ္ဘာပေါ်က ယောက်ျားတိုင်းရဲ့ အိပ်မက်လို့တောင် ဆိုနိုင်ပေသည်။
သို့သော် တမင်သက်သက် အရွှန်းဖောက်တာ ဆိုတာလည်း သူတို့ သိရှိထားပြီး လက်ဝတ်ရတနာဆိုင်ကို သွားတာက ငွေကြေး ဂုဏ်ယူဖို့ ဒါမှမဟုတ် ကြွားဝါဖို့ မဟုတ်ဘဲ အမှုတစ်ခုကို စုံစမ်းရန်ပင် ဖြစ်၏။
မြောင်ရိုလန်က သူမရဲ့ အခန်းကဏ္ဍကို ပိုတောင် ရှင်းရှင်းလင်းလင်း သိရှိထားလေသည်။
သူမက ဘယ်တုန်းကမှ လှပတဲ့ မိန်းကလေး နေရာမှာ ရှိမနေခဲ့ဘူး သူမကိုယ်သူမ "လှပတယ်" ဆိုတဲ့ စကားလုံးနဲ့ မိုင်ဝက်လောက် ဝေးကွာနေတယ်လို့ ယူဆထားလေ၏။
သူမရဲ့ တကယ့် အခန်းကဏ္ဍကတော့ တိုက်ခိုက်ရေးသမား အစောင့်အရှောက် ဒီနေ့ တိုက်ခိုက်ဖို့ လိုအပ်မလား ဒီလို ကြီးမားတဲ့ အမှုကို ဖော်ထုတ်ဖို့ ဆိုတာ အသက်သေဆုံးနိုင်တဲ့ အန္တရာယ်တွေ ပါဝင်နေမည်မှာ အသေအချာပင် ဖြစ်လေတော့သည်။
သူမ နားလည်သလို ကျိုးမေလည်း ပိုပြီး နားလည်ထား၏။
"ကျွန်မတို့ ရဲမှူးကြီး ကျန်းကို ကြိုတင် အကြောင်းကြားထားဖို့ လိုမလား"
လင်ရှောင်စုက ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။
"လိုတယ်"
ကျိုးမေက ရဲမှူးကြီး ကျန်းဆီ ဖုန်းခေါ်လိုက်ပြီး တိုတိုရှင်းရှင်းပဲ ပြောပြလိုက်၏။
"ကျွန်မတို့ ဖုန်းချန်း လက်ဝတ်ရတနာဆိုင်ကို သွားလည်တော့မယ် လင်ရှောင်စုက အသင့်ပြင်ထားဖို့ ပြောခိုင်းလိုက်တယ်"
ရဲမှူးကြီး ကျန်းသည် စားပွဲခုံကြီး နောက်မှာ ထိုင်နေပြီး ကြာရှည်စွာ လှုပ်ရှားခြင်း မရှိပေ။
လက်ချောင်းထိပ်မှာ ကိုင်ထားတဲ့ ဆေးလိပ်က သူ့လက်ထိ တောက်လောင်လာတဲ့အထိ ကိုင်ထားလိုက်မိသည်။
ပြီးတော့မှ ရုတ်တရက် လွှင့်ပစ်လိုက်၏။
ဖုန်းချန်း လက်ဝတ်ရတနာဆိုင်
ဖုန်းချန်းမှာ အကြီးဆုံး လက်ဝတ်ရတနာဆိုင်
ပိုင်ရှင်ရဲ့ နာမည်က ကျန်း
"နတ်ဘုရား မျက်လုံးပိုင်ရှင် ကျန်း" လို့ လူသိများပေသည်။
ဒီလူက ခမ်းနားပြီး ထူးခြားတဲ့သူဖြစ်ပြီး ဗျန်နန် ပြည်နယ် (ချင်မြန်နိုင်ငံနဲ့ နီးတဲ့ ပြည်နယ်)က ကျောက်စိမ်း မိသားစုရဲ့ မျိုးဆက်သစ်၊ ကျောက်စိမ်း လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ကျွမ်းကျင်မှု ရှိပြီး ကျောက်စိမ်း တန်ဖိုးဖြတ်ရာမှာ ထူးခြားတဲ့ အရည်အချင်းရှိသူပင် ဖြစ်လေ၏။
သူက တီဗွီ အင်တာဗျူးတစ်ခုမှာ အိမ်ရှင်က ယူလာတဲ့ ကျောက်စိမ်းအရိုင်းအပိုင်းအစတွေကို အပြင်အရေခွံကနေတစ်ဆင့် အထဲက ပါဝင်မှုကို ခွဲခြမ်းစိတ်ဖြာ ပြလိုက်တဲ့အခါ ကျောက်စိမ်း လုပ်ငန်းမှာ ကျော်ကြားလာခဲ့သည်။
ကျောက်စိမ်းအရိုင်းဆိုတာ အမြဲတမ်း ကံစမ်းရတာမို့လို့ နတ်ဘုရားတွေတောင် တစ်လက်မ အောင်အောင် ဖြတ်ဖို့ ခက်ခဲတယ်လို့ ဆိုကြ၏။
ဒါပေမဲ့ ဒီ အဘိုးကြီး ကျန်းကတော့ တိုက်ရိုက် တန်ဖိုးဖြတ်ခြင်း၊ ကျောက်ဖြတ်ခြင်းတွေနဲ့ သူ့ရဲ့ တိကျမှုကို ကမ္ဘာကို အံ့အားသင့်စေခဲ့ပြီး "နတ်ဘုရား မျက်လုံးပိုင်ရှင် ကျန်း" ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သလို၊ သူ့ဘိုးဘေးတွေရဲ့ "လက်ညှိုးဖြင့် ကျောက်စိမ်းဖြတ်ခြင်း"ဆိုတဲ့ ဒဏ္ဍာရီ ပုံပြင်တွေကိုလည်း ဖော်ထုတ်ပြသနိုင်ခဲ့သည်။
သူက သူ့မြို့မှာ ကုမ္ပဏီတစ်ခု ဖွင့်လိုက်ကာ ဖုန်းချန်းကို လာပြီး ဖုန်းချန်းလက်ဝတ်ရတနာဆိုင်ကို တည်ထောင်လိုက်လေ၏။ လုပ်ငန်းတွေ အောင်မြင်လာပြီးနောက် လူမှုရေး ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ရုပ်ရှင်ကြယ်ပွင့်တွေက သူ့ဆီကို ဆက်တိုက် လာရောက်ကြပြီး သူ့ရဲ့ ကျော်ကြားမှုက ဓနဥစ္စာနဲ့အတူ မြင့်တက်လာခဲ့လေသည်။
ဖုန်းချန်း လက်ဝတ်ရတနာဆိုင်သည် မြို့၏တောင်ဘက်ပိုင်းမှာ တည်ရှိနေ၏။
ယေဘုယျအားဖြင့် စီးပွားရေးသမားတွေက ဆိုင်ဖွင့်ရင် ငှားရမ်းခကို ဂရုမစိုက်ကြဘဲ လူသွားလူလာ များတဲ့ မြို့ဟောင်း နေရာတွေကိုပဲ ရွေးချယ်တတ်ကြ၏။
ဒါပေမဲ့ ဖုန်းချန်း လက်ဝတ်ရတနာဆိုင်ကတော့ မြို့ရဲ့ တောင်ဘက်မှာ တည်ရှိနေတာက ထူးခြားလှပေသည်။ တချို့က ဒါဟာ စီးပွားရေးသမားတွေရဲ့ ရဲရင့်မှုလို့ ပြောဆိုကြပြီး သူတို့က ပတ်ဝန်းကျင်ကို အားမကိုးဘဲ ကိုယ်တိုင် ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။
တချို့ကတော့ ဒါဟာ လိုအပ်ချက်ပဲလို့ ပြောဆိုကြပြီး လက်ဝတ်ရတနာဆိုင်က ရှေ့မှာ လက်လီ ရောင်းချမယ့်နေရာနဲ့ အနောက်မှာ အလုပ်ရုံ လိုအပ်ချက်ကြောင့် မြို့တောင်ပိုင်းကို ရွေးချယ်လိုက်တာလို့ ပြောဆိုကြပြန်၏။ ပြောရမယ်ဆိုရင် ဆိုင်ဖွင့်လိုက်တာနဲ့ ပတ်ဝန်းကျင်က ဆိုင်တွေပါ အသက်ဝင်လာခဲ့ပေသည်။
ပြင်ပ ပတ်ဝန်းကျင်တောင် ပိုကောင်းမွန်လာပြီး လမ်းမကျယ်တွေဟာ ဇိမ်ခံကားတွေ ရပ်နားဖို့ အကျော်ကြားဆုံး နေရာတွေ ဖြစ်လာပေသည်။ ယင်းဟွာ လမ်းမကြီးဟာ အင်တာနက်မှာ လူကြိုက်များတဲ့ နေရာ ဖြစ်လာပြီး ဒီအချိန်မှာ ချယ်ရီပန်းတွေက ညှိုးစပြုနေပြီး နှင်းတွေလို ဖြူဖွေးတဲ့ ပန်းပွင့်လေးတွေက ပန်းခင်းတွေကြားမှာ ပုန်းကွယ်နေသလို သစ်ကိုင်းထိပ်တွေမှာလည်း ဝဲပျံနေ၏။ ဒေသရဲ့ အလှအပကို ထူးခြားတဲ့ ဆွဲဆောင်မှု တစ်ခု တိုးလာစေခြင်းပင်ဖြစ်ပေသည်။
ရုတ်တရက်
နိုင်ငံတကာအဆင့်မီ ထိပ်တန်းဇိမ်ခံကား Lawrence Dreamshadow တစ်စီးသည် ဖုန်းချန်းလက်ဝတ် ရတနာဆိုင်အနီးသို့ တိတ်တဆိတ် ထိုးရပ်လိုက်၏။
ကားတံခါးပွင့်လာချိန်တွင် လူသုံးယောက် ဆင်းသက်လာ၏။
ထိုသူတို့မှာ လင်ရှောင်စု၊ မြောင်ရိုလန်နှင့် ကျိုးမေတို့ ဖြစ်ကြပေသည်။
သို့သော် ၎င်းတို့၏ ရုပ်သွင်မှာ ယခင်က မြင်ဖူးနေကျ ပုံစံများမဟုတ်တော့ဘဲ လုံးဝကွဲပြားခြားနား နေ၏။
လင်ရှောင်စူမှာ အဖြူရောင် ဝတ်စုံကို အဝါနုရောင် ရှပ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ မျက်နှာပေါ်တွင် အရောင်ပြောင်းမျက်မှန်ကို တပ်ထားပြီး သပ်ရပ်စွာ ရိတ်ထားသော မုတ်ဆိတ်မွေး အနည်းငယ်ကြောင့် သူ့အား ဖုန်းချန်းမြို့သာမက ပြည်နယ်မြို့တော် ကျန်းချန်းတွင်ပါ လူအများ အာရုံစိုက်လာစေမည့် သူဌေးသားတစ်ဦးကဲ့သို့ ခန့်ညားထည်ဝါနေပေတော့သည်။
သူ့ဘေးတွင်ရှိသော မြောင်ရိုလန်မှာမူ သူမဘဝ၏ အလှပဆုံးနှင့် ဂုဏ်အရှိဆုံးအချိန်သို့ ရောက်ရှိ နေသည့်နှယ် ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေမည့် ဝတ်စုံနှင့် အနည်းငယ် လိမ်းခြယ်ထားသော မိတ်ကပ်ကြောင့် လင်ရှောင်စုပင်လျှင် သူမကို အံ့အားသင့်စွာ ငေးမောကြည့် မိလိုက်သည်။
"ဒီကောင်မလေး မိတ်ကပ်လိမ်းထားရင် တကယ့်ကို ဆွဲဆောင်မှု ရှိတာပဲ"ဟု အတွေးပေါက်မိလေ၏။
ကျိုးမေမှာမူ ပုံစံအပြောင်းအလဲ နည်းပါးသော်လည်း ဆံပင်ကို ချထားပြီး မျက်လုံးကို အနည်းငယ် ခြယ်သလိုက်ရုံဖြင့် သူမ၏ သာမန်ရဲအရာရှိပုံစံ ပျောက်ကွယ်သွားကာ လုံးဝ ပြောင်းလဲသွားသည်။ ဤသုံးယောက်၏ ပြောင်းလဲမှုမှာ မည်မျှ အံ့မခန်း ဖြစ်သနည်းဆိုသော် ၎င်းတို့၏ စုံထောက်ရုံးခန်းရှေ့မှ ဆိုင်ရှင်များပင်လျှင် ယခုမြင်တွေ့နေရသူများကို မှတ်မိကြတော့မည် မဟုတ်ပေ။
ဤသည်မှာ မင်္ဂလာဆောင် ကုမ္ပဏီတစ်ခု၏ လက်ရာပင် ဖြစ်ချေ၏။
ကြွယ်ဝချမ်းသာသည့် ပုံစံဖန်တီးရာတွင် ပညာရှင်ဆန်လွန်းသော မင်္ဂလာဆောင် မိတ်ကပ်ပညာရှင် များသည် သာမန်ကျေးလက်လူငယ်တစ်တွဲကိုပင် စီးပွားရေးလုပ်ငန်းစုကြီးများ၏ အမွေဆက်ခံသူများ ဖြစ်သွားအောင် အသွင်ပြောင်းပေးနိုင်ခဲ့လေသည်။ ၎င်းတို့၏ "အမြင်အာရုံလှည့်စားမှု" နည်းပညာဖြင့် နှစ်နာရီကြာ ပြင်ဆင်ပြီးနောက်တွင် ၎င်းတို့သုံးဦးသည် တစ်ယောက်ကို တစ်ယောက်ပင် ပြန်မမှတ်မိ ကြတော့ပေ။
ဤသို့ အကုန်အကျခံကာ အသွင်ပြောင်းရသည့် အကြောင်းရင်းမှာ အခြားမဟုတ်။
ဖုန်းချန်းလက်ဝတ်ရတနာဆိုင်၏ နောက်ကွယ်မှ ကြိုးကိုင်သူများသည် လင်ရှောင်စု၏ ပုံစံကို ဓာတ်ပုံရိုက်ထားပြီးဖြစ်နိုင်သဖြင့် ၎င်းတို့အား လိုက်လံရှာဖွေနေနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ရန်သူများ၏ မျက်လုံးမှ လွတ်ကင်းစေရန်အတွက် မူလကိုယ်ပိုင်ပုံစံနှင့် လုံးဝမတူအောင် အသွင်ပြောင်းခြင်းသည် လိုအပ်သော ကြိုတင်ပြင်ဆင်မှုတစ်ခုပင် ဖြစ်ပေ၏။
သုံးယောက်သား ဖုန်းချန်း လက်ဝတ်ရတနာဆိုင်ထဲ ဝင်သွားတော့ ဧည့်ကြို ဝန်ထမ်း တစ်ယောက် အပြေးရောက်လာသည်။
"ကြိုဆိုပါတယ် ဘာများ ဝယ်ယူချင်ပါသလဲရှင်"
လင်ရှောင်စု ပြုံးလိုက်သည်။
"ကျောက်စိမ်း"
စကားလုံးတွေက ဒေသန္တရ လေသံ အနည်းငယ်မျှ မပါတဲ့ စံနှုန်းမီ မန်ဒရင် ဘာသာစကားပင် ဖြစ်၏။
"ဆရာက အမြင် ရှိသားပဲ ဘယ်ဈေးနှုန်းလောက်ကို ကြည့်ချင်ပါသလဲရှင်"
"ဘယ်လို ဈေးနှုန်းတွေ ရှိသလဲ"
အရောင်းဝန်ထမ်းက ချိုသာစွာ ပြုံးပြလိုက်လေသည်။
"ကျွန်မတို့ဆိုင်က ဒီမြို့မှာ အကြီးဆုံး လက်ဝတ်ရတနာဆိုင်ပါ ဈေးနှုန်း အမျိုးမျိုး ရှိပါတယ် ဒီနေရာကတော့ သက်သာတဲ့ ဈေးနှုန်း ဧရိယာပါ ဈေးနှုန်းက ယွမ် တစ်ထောင်လောက်ပဲ ရှိပါတယ် ဟိုဘက်ကတော့ ထိပ်တန်း အပိုင်းပါ ယွမ် တစ်သောင်းလောက် ရှိပါတယ် ဟိုဘက်မှာတော့ အဆင့်မြင့် ဧရိယာပါ ယွမ် တစ်သိန်းကျော် ဈေးရှိပါတယ်ရှင်"
"အဆင့်မြင့်တာက တစ်သိန်းက စတာလား"
လင်ရှောင်စုက ဆက်ပြောလိုက်သည်။
"အဲဒီထက် ပိုကောင်းတဲ့ တခြား ပစ္စည်းတွေ ရှိသေးသလား"
ဧည့်ကြိုဝန်ထမ်းရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပသွားပြီး ကောင်တာ နောက်က အရောင်း ဝန်ထမ်းတွေရဲ့ မျက်လုံးတွေလည်း တစ်ပြိုင်တည်း တောက်ပသွား၏။
‘တစ်သိန်းလောက်ကို သူ စိတ်မဝင်စားဘူး ဒါက တကယ့် လူကြီးလူကောင်း ဖောက်သည်ပဲ’
"ဆရာ ကျွန်မတို့မှာ လက်ရာမြောက်တဲ့ ရတနာတွေ ပြသတဲ့ ပြခန်း ရှိပါတယ် အထဲမှာတော့ စုဆောင်းစရာ ရတနာတွေ အကုန်ရှိပါတယ်၊ ဈေးက သန်းဂဏန်း၊ ဆယ်သန်းဂဏန်း ရှိပါတယ်"
"ကြည့်ကြရအောင်"
"ဟုတ်ကဲ့ပါ ဆရာ အမျိုးသမီး နှစ်ယောက်လည်း အပေါ်ကို ကြွခဲ့ပါရှင်"
ဧည့်ကြိုက ဦးညွတ်လိုက်ပြီး လက်ဟန်နဲ့ သူတို့ကို အပေါ်ထပ်ကို ခေါ်သွား၏။
သူတို့ အပေါ်တက်သွားပြီးနောက် အရောင်းဝန်ထမ်းတွေက တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်လိုက် မိကြ၏။
"အဲဒီ ချောချော လူကြီးက မိန်းကလေး နှစ်ယောက်နဲ့..."
"ချမ်းသာတဲ့ လူတစ်ယောက်မှာ မိန်းမနှစ်ယောက် ရှိတာ ဘာ ပြဿနာလဲ ဆယ်ယောက်၊ နှစ်ဆယ် ဆိုရင်တောင် မထူးဆန်းပါဘူး"
"ဟုတ်တယ် ပိုက်ဆံအိတ် ထူရင် သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မိန်းကလေး အရေအတွက်က သူ့ ကျောက်ကပ် သန်မာမှုပေါ် မူတည်တာပေါ့..."
ဖပ်
မိန်းကလေးတွေ အကုန်လုံး သူ့ကို မျက်စောင်း ထိုးလိုက်ကြ၏။
"သူ ဘယ်သူ့အတွက် ဝယ်မလဲလို့ ထင်သလဲ"
"ငါတော့ ညာဘက်က မိန်းကလေးအတွက် ထင်တယ် အဲဒီ အမျိုးသမီးက တကယ့်ကို လှတာ"
"ဒါပေမဲ့ ဘယ်ဘက်က မိန်းကလေးက အရှိန်အဝါ ကောင်းတယ် ငြိမ်ငြိမ်လေးနဲ့ ယဉ်ကျေးတယ် ကမ္ဘာကြီးရဲ့ ခမ်းနားမှုကို ကျင့်သားရနေပုံပဲ ငါကတော့ သူမအတွက် ဖြစ်မယ်လို့ ထင်တယ်..."
တကယ်တော့ အဲဒါက ယေဘုယျ သဘောတူညီချက် ဖြစ်ပုံရ၏။
ကျိုးမေသည် ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ဆံပင်ကို ချထားသည့်အတွက် သူမ၏ သဘာဝအလှတရားကို မြင်နေရသော်လည်း သူမ၏ ရဲအရာရှိဟန်မှာ လုံးဝကင်းစင်သွားကာ အခြားသူများက သတိမထားမိ လောက်အောင် သာမန်ဆန်သွားသည်။
မြောင်ရိုလန်မှာလည်း သူမဘဝတွင် အလှဆုံးပုံစံသို့ ရောက်ရှိနေသော်လည်း ပုံမှန်အားဖြင့် တွေ့မြင်ရလေ့ရှိသည့် အလှပဂေးတစ်ဦး၏ ဟန်ပန်မျိုးမဟုတ်ဘဲ ထူးခြားသည့် အငွေ့အသက်ကို ပိုင်ဆိုင်ထား၏။ သူမ၏ ရှေးဟောင်းကိုယ်ခံပညာ လေ့ကျင့်မှုများက သူမအား အထက်တန်းလွှာတို့၏ ခမ်းနားထည်ဝါသော အရှိန်အဝါကို ပေးစွမ်းထားလေသည်။ လူအများက သူမအား ခမ်းနားသည့် မြင်ကွင်းမျိုးစုံနှင့် ကျင့်သားရနေသူဟု ထင်မှတ်မှားကြသော်လည်း အမှန်စင်စစ် သူမသည် ထိုသို့သော လောကကြီးနှင့် အလှမ်းဝေးခဲ့သူ ဖြစ်၏။
သို့သော် ပြီးခဲ့သည့်တစ်လအတွင်း စူးစမ်းလေ့လာရေးသိပ္ပံနှင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးသိပ္ပံတို့ကို လေ့လာခဲ့ခြင်းကြောင့် ရရှိလာသည့် အမူအရာပိုင်းဆိုင်ရာ အသေးစိတ်နားလည်မှုများက သူမအား ရင့်ကျက်တည်ငြိမ်သော အရှိန်အဝါကို တိုးမြှင့်ပေးထားလေသည်။
ထိုသို့ အသွင်သစ်ဖြင့် ရတနာပြခန်းအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် မှိန်ဖျော့သည့် မီးရောင်များ အောက်၌ သူတို့၏ ရှေ့တွင်ရှိသည့် ဖန်ဗူးများအတွင်းမှ ကျောက်စိမ်းများ၏ အရောင်အသွေးမှာ ပိုမို တောက်ပလျက်ရှိနေသည်။ ပြခန်းထဲရှိ ပစ္စည်းတိုင်းမှာလည်း တစ်ခုထက်တစ်ခု ထူးခြားဆန်းပြား လွန်းလှသဖြင့် ကြည့်ရှုသူတို့၏ မျက်စိကို ဆွဲဆောင်နေတော့၏။
လင်ရှောင်စုက အသာအယာ ပြုံးလိုက်သည်။
"မေအာ လန်အာ မင်းတို့ ကိုယ်တိုင် ရွေးကြလေ"
ကျိုးမေက စိတ်ထဲမှာတော့ ရွဲ့လိုက်မိလေသည်။
‘မင်းကလည်း အခန်းကဏ္ဍနဲ့ ဝင်ပြီး သရုပ်ဆောင်နေတာပဲ ငါ့ကို မေအာလို့ လွယ်လွယ်လေး ခေါ်လိုက်တာ တကယ် ဝယ်ပေးမှာလား တစ်သန်းတန် ကျောက်စိမ်း မတောင်းနဲ့ ယွမ် တစ်ထောင် တောင် ထုတ်ပေးပါ့မလား’
မြောင်ရိုလန်က အသာအယာ ပြုံးလိုက်၏?
"ဟိုဘက်က တစ်ခု ကြည့်လို့ ရမလား"
သူမရဲ့ အသံက အလွန် နူးညံ့ပြီး သန့်ရှင်းလှ၏။
အရောင်းဝန်ထမ်းရဲ့ မျက်လုံးက အဲဒီဆီ ကျရောက်သွားပြီး သူ့နှလုံးသား တုန်ယင်သွားလေသည်။
ခန့်မှန်းဈေး - ၃.၂ သန်း
‘သေလိုက်ပါတော့ ယွမ် ၃.၂ သန်းတန် လက်ကောက်ကို လက်ညှိုးထိုးရဲတယ်ပေါ့ ငါ ဘယ်တော့များမှ ဒီလောက် အဆင့်မျိုး ရောက်မှာလဲ’
သူမက ဂရုတစိုက်နဲ့ လက်ကောက်ကို ထုတ်ပြီး အနီရောင် ကတ္တီပါ ဗန်းလေးပေါ်တင်ကာ မြောင်ရိုလန်ကို တင်ပြလိုက်၏။
"မင်း ကြိုက်လား လန်အာ"
လင်ရှောင်စုက မေးလိုက်သည်။
"အင်း တော်တော် လှတယ်လို့ ထင်တယ်"
အရောင်းဝန်ထမ်းက ပြောလိုက်၏။
"မမ၊ မမ အမြင်က တကယ့်ကို ကောင်းတာပဲ ဒါက တကယ့် ထိပ်တန်း ရေခဲကျောက်စိမ်းပါ ကျွန်မတို့ သူဌေးကတောင် ဒါကို နာမည် ပေးထားသေးတယ် 'ရေခဲချိုင့်ဝှမ်း သစ်ခွ' တဲ့ ကြည့်ပါဦး ဒီ အစိမ်းရောင် အမျှင်လေးတွေက ရေခဲအခြေခံနဲ့ ရောယှက်နေတာ တကယ့် ရေခဲချိုင့်ဝှမ်း သစ်ခွ ပန်းလေးနဲ့ တူတယ် မဟုတ်လား"
"အာ ရေခဲချိုင့်ဝှမ်း သစ်ခွတဲ့ ကိုကို ဒါက ကျွန်မ နာမည်နဲ့ ကံကြမ္မာချင်း ဆက်စပ်နေတာပဲ"
မြောင်ရိုလန် ပါးပြင်တွေ နီမြန်းသွားလေသည်။
'ကိုကို' ဆိုတဲ့ စကားလုံးက ရုတ်တရက် ဖြစ်လာတာမို့ မြောင်ရိုလန်ရဲ့ ပါးပြင်တွေ နီရဲသွားတယ်။
ကျိုးမေရဲ့ နှလုံးသား တုန်ယင်သွား၏။
ဒီနေ့တော့ သရုပ်ဆောင်နေတာဖြစ်၏။
သို့သော် ဇာတ်ညွှန်းက ဒီနေ့တော့ နည်းနည်း ကြမ်းပြီး သီးသန့် ဇာတ်ကြောင်း မရှိဘူး ဖြစ်နေလေသည်။
‘မြောင်ရိုလန်က "ကိုကို" လို့ ခေါ်လိုက်တာ ငါ့ရဲ့ စိတ်ထဲမှာတော့ ဒီကောင်မလေးက သူ့ကိုယ်ပိုင် အကျိုးအမြတ်တွေ ထည့်သွင်း ပြောဆိုနေတယ်လို့ ဘာလို့ ခံစားမိတာလဲ’
လင်ရှောင်စု ရယ်မောလိုက်သည်။
"မင်းတို့ သူဌေးကို ခေါ်ခဲ့လိုက် ဈေးတိုင်ပင်ကြမယ်"
အရောင်းဝန်ထမ်းရဲ့ နှလုံးခုန်သံက တစ်ခါ ထပ်မြန်လာ၏။
‘ဒီလောက် အဆင့်မြင့်တဲ့ အရောင်းအဝယ်မျိုး ပြီးသွားရင် ကော်မရှင် အများကြီး ရမှာပဲ’
အရောင်းဝန်ထမ်းက သူဌေးကို အပြေးအလွှား ခေါ်သွားလိုက်လေသည်။
ငါးမိနစ် မပြည့်ခင်မှာပဲ အလယ်အလတ်အရွယ် လူတစ်ယောက် ပြခန်း တံခါးမှာ ထွက်ပေါ်လာ၏။
သူက မျက်မှန်တပ်ထားပြီး ဆံပင်ရှည်တွေကို ခေါင်းနောက်မှာ စည်းထားပြီး အနုပညာရှင်ဆန်တဲ့ ရုပ်ရည်ရှိသူ ဖြစ်လေသည်။
သူ့မျက်နှာမှာ အပြုံးတွေ ပြည့်နှက်နေပြီးနောက်
"ကျွန်တော်က ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ မိတ်ဆွေတွေကတော့ အဘိုးကြီး ကျန်း လို့ ခေါ်ကြတယ် ဆရာရဲ့ နာမည်လေး သိခွင့် ရှိမလား"
"လီ"
လင်ရှောင်စုက ဆက်ပြောလိုက်၏။
"လီ မူဇီ"
"မစ္စတာ လီ အရမ်း ငယ်ရွယ်ပြီး အောင်မြင်နေတာပဲ တကယ့်ကို ထူးချွန်တဲ့သူပါ..."
"ချီးကျူးလွန်းပါတယ် ချီးကျူးလွန်းပါတယ်"
သူဌေး ကျန်းက ပြောလိုက်သည်။
"ဒီ ရေခဲချိုင့်ဝှမ်း သစ်ခွ က တကယ့် ထိပ်တန်း အရည်အသွေးမြင့် ကျောက်စိမ်းပါ မစ္စတာ လီက မြင်တာနဲ့ သဘောကျသွားတာဆိုတော့ အမြင်ရှိတဲ့သူပဲ ဒီ လက်ကောက်နဲ့ တကယ့်ကို ကံကြမ္မာ ဆက်စပ်နေတာပဲ"
"ကိစ္စကို တည့်တည့် ပြောကြရအောင် အနည်းဆုံး ဘယ်လောက်နဲ့ ရောင်းပေးနိုင်မလဲ"
"မူလကတော့ ဒီလို စုဆောင်းစရာ ရတနာမျိုးက ရှားပါးပြီး ဈေးတိုင်ပင်ဖို့ ခက်ခဲပါတယ် ဒါပေမဲ့ မစ္စတာ လီ နဲ့ ကံကြမ္မာ ဆက်စပ်နေတယ်လို့ ခံစားရတဲ့အတွက် ကံကောင်းစေမယ့် ဈေးနှုန်းလေး ပေးလိုက် ပါ့မယ် ၂.၈ သန်း မစ္စတာ လီ အတွက်ပဲ"
"၂.၈ က ကံကောင်းစေတဲ့ ဈေးလား ၁.၈ ကမှ ကံကောင်းစေတဲ့ ဈေး"
လင်ရှောင်စုက ပြောလိုက်သည်။
"၁.၈ သန်း ကျွန်တော် ယူမယ်"
သူဌေး ကျန်းရဲ့ နှလုံးသားလည်း ပြင်းထန်စွာ တုန်ယင်သွား၏။
‘ဒီ လူငယ်လေးက ပစ္စည်းကို မသိဘူး ဒီခေတ်မှာ လုပ်ငန်းက ဒီလောက် မလွယ်ပါဘူး ပိုက်ဆံ ရှိပြီး ပစ္စည်းကို မသိတဲ့၊ ဒါပေမဲ့ မျက်စိစုံမှိတ် ဝယ်ရဲတဲ့ လူမျိုးနဲ့ တွေ့ရတာ... တကယ့်ကို ရှားလှပါပေတယ်’