အခန်း (၄၆) - ဖုန်းချန်း လက်ဝတ်ရတနာဆိုင်
ရဲမှူးကြီး ကျန်း၏ အကြည့်တို့သည် ဝမ်တုန်းဟထံသို့ ကျရောက်သွား၏။
ဝမ်တုန်းဟက ခေါင်းကို အသာအယာ ခါလိုက်သည်။
"ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရဆိုရင် အစ်မကြီးဖုန်းဟာ ကျားငါးကောင်ထဲမှာ အဆင့် (၃) ရှိတဲ့သူ ဖြစ်ပုံရပါတယ် သူမရဲ့ အဆင့်အတန်းက အစ်ကိုကြီးဟူထက် ပိုမြင့်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"
"ဒါဆိုရင်တော့ စိတ်ရှုပ်စရာပဲ အစ်ကိုကြီးဟူရဲ့ သုံးစွဲမှု စာရင်းထဲမှာ တစ်ခုခု လိုနေတာလား"
လင်ရှောင်စုက ပြောသည်။
ဝမ်တုန်းဟ၏ မျက်ခုံးတို့သည် အနည်းငယ် တွန့်ကွေးသွားပြီး မည်သို့ ပြန်ဖြေရမည်ကို မသိချေ။
ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ဝင်ငွေသည် ရာထူးအဆင့်အတန်းနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ မည်သည့် အဖွဲ့အစည်းတွင်မဆို ရာထူးပိုမြင့်သူများက လစာပိုရခြင်းမှာ သာမန် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
ရာဇဝတ်ဂိုဏ်းများတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပြီး အဆင့်အတန်း ပိုမြင့်ခြင်းသည် ဝင်ငွေ ပိုများခြင်းကို ဆိုလိုပေသည်။
အစ်ကိုကြီးဟူသည် အစ်မကြီးဖုန်းထက် ငွေနည်းအောင် ရှာရမည့် အကြောင်းရင်း မရှိပေ။
ဒါဆိုရင် ပြဿနာက ဘယ်မှာလဲ။
ကျိုးမေက ပြောလိုက်သည်။
"အစ်ကိုကြီးဟူရဲ့ ပိုင်ဆိုင်မှုတွေက ရှင်းပါတယ် တန်ဖိုးဖြတ်ထားတာလည်း အတော်အတန် မှန်ကန် တယ် အကောင့်လက်ကျန်ငွေလည်း လက်ထဲမှာ ရှိတယ် ဒါတွေက မှန်ကန်တယ်လို့ ကျွန်မ ယုံကြည်တယ် တစ်ခုတည်းသော မရေရာတာကတော့ သူထားတဲ့ မယားငယ်ပဲ သူ သူမအတွက် ဘယ်လောက် သုံးထားလဲဆိုတာ ဘယ်သူမှ မသိဘူး တခြား ကျားသုံးကောင်မှာလည်း အတူတူပါပဲ၊ သူတို့ မယားငယ်တွေအတွက် သုံးတာကို မသိရဘူး တစ်ဦးတည်းသော ခြွင်းချက်ကတော့ မယားငယ် မထားတဲ့ အစ်မကြီးဖုန်းပဲ... ဒါကြောင့်မို့လို့ အစ်မကြီးဖုန်းက ကိုယ်ပိုင် သုံးစွဲမှု ပိုများနေတာများလား"
တကယ်ပဲ အဲဒီလို ဖြစ်နိုင်မလား ယေဘုယျအားဖြင့်တော့ ဖြစ်နိုင်ပေ၏။ ယောက်ျားတွေက ချစ်သူထားရင် ဆင်းရဲသွားတတ်ပြီး မိန်းကလေးတွေက ချစ်ရေးချစ်ရာမှာ (ရုပ်ပိုင်းဆိုင်ရာမှလွဲရင်) ပိုက်ဆံ အများကြီး သုံးစရာ မလိုခြင်းပင်ဖြစ်နေ၏။ ဒါကြောင့် မိန်းကလေးတွေရဲ့ ပိုက်ဆံက ပိုပြီး လွတ်လပ်မှုရှိကာ ရာဇဝတ်ဂိုဏ်းများတွင်ပင် ဤလူများက မယားငယ်ထားသောအခါ ပိုင်ဆိုင်မှု ခွဲဝေမှုများ ဖြစ်ပေါ်လာတတ်ပေသည်။
လင်ရှောင်စု အနည်းငယ် ပြုံးလိုက်၏။
"အရာရှိကျိုးရဲ့ မှတ်ချက်က သော့ချက် ဖြစ်နေနိုင်တယ် ဒါကြောင့် ဒီ မယားငယ်လေးယောက်က ကျားလေးကောင်ဆီက ပိုက်ဆံ ဘယ်လောက် ယူထားတယ် ဘယ်မှာ သုံးတယ်ဆိုတာကို ရှာဖွေဖို့ လိုအပ်တယ်"
ရှောင်စွန်းမှာ စိတ်ရှုပ်သွားလေသည်။
ခေါင်းစဉ်က အဝိုင်းကြီး လည်ပြီး မူလ လမ်းကြောင်းဆီ ပြန်ရောက်သွားချေပြီ။
သူက အစက ဒီလင်ရှောင်စုဟာ ဒီလောက် ခက်ခဲတဲ့ စီမံကိန်းကို အကြံပြုတဲ့အတွက် အရိုက်ခံရ သင့်တယ်လို့ ထင်ခဲ့ပြီး ရဲမှူးကြီး ကျန်းကသာ ဒါကို အလေးအနက်ထားပြီး သူ့ကို တာဝန်ပေးရင် သူ ဒုက္ခရောက်မှာပဲ ဖြစ်သည်။
ပြီးတော့ ရဲမှူးကြီး ကျန်းက ဝမ်တုန်းဟကို သုံးနှစ်ကတည်းက ဒီတာဝန် ပေးထားတယ်ဆိုတော့ လမ်းကြောင်းက ရုတ်တရက် ပြောင်းသွား၏။ တာဝန်က ပြီးစီးနေပြီ ဖြစ်လို့ သူ့ပခုံးပေါ်က ဖိအားကြီးကလည်း ပျောက်သွားပြီး သူက ကံကောင်းတယ်လို့ တွေးနေတုန်းမှာပဲ လင်ရှောင်စုက သည်အလုပ်ကို ထပ်ပြီး ပြောလာခဲ့ခြင်း ဖြစ်ပေသည်။
‘ရဲမှူးကြီး ကျန်းကသာ ဒီတာဝန်ကို ရှောင်စွန်းဆီကို လွှဲပေးလိုက်ရင် သူ အရေခွံ တစ်ထပ် လန်သွားမှာပဲ ဒီကောင်က သူ့ကို ဒုက္ခပေးဖို့ ရောက်လာတာလား ကျွန်တော်တို့ ပထမဆုံး စတွေ့တုန်းက နည်းနည်းရိုင်းခဲ့တာ ဝန်ခံပါတယ် ဒါပေမဲ့ ဒီလောက်တောင် လက်စားချေစရာ လိုလား...’
ဝမ်တုန်းဟလည်း မျက်ခုံးတွန့်လိုက်သည်။
"ရဲမှူးကြီးကျန်း ကျွန်တော်တို့ စုံစမ်းတာ သေချာဖို့ လိုအပ်ပေမဲ့ အသေးစိတ် အချက်အလက် များလွန်းရင် နောက်ဆုံးမှာ အဓိက စုံစမ်းမှု လမ်းကြောင်းကို နှောင့်ယှက်သလို ဖြစ်သွားလိမ့်မယ် ဒီနယ်ပယ်ကို ထပ်ချဲ့ဖို့ တကယ်ပဲ လိုအပ်တယ်လို့ ထင်သလား"
ရဲမှူးကြီး ကျန်း၏ ထူထဲသော မျက်ခုံးတို့ လှုပ်ရှားသွားပြီး သူလည်း အနည်းငယ် ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေပုံရလေသည်။
ကျားငါးကောင်ကို စုံစမ်းဖို့ သုံးနှစ် ကြာခဲ့၏။ အခု မယားငယ်လေးယောက်ကို ထပ်စုံစမ်းဖို့ ဆိုတာ...
လင်ရှောင်စုက ထောက်ပြလိုက်လေသည်။
"ဒီကိစ္စမှာ မယားငယ်တွေရဲ့ တစ်ကိုယ်ရေဘဝကို အပြည့်အစုံ စုံစမ်းစရာ မလိုပါဘူး အဓိက အချက်တွေကိုပဲ အာရုံစိုက်ပါ သူတို့ ပိုက်ဆံ အဓိက ဘယ်မှာ သုံးသလဲဆိုတာ ကြည့်ရင် လုံလောက်ပါပြီ"
"အဲဒီလိုဆိုရင်တော့ ဖြစ်နိုင်ပါတယ် တုန်းဟ ရှောင်စွန်း ချက်ချင်း လှုပ်ရှားကြ"
"ဟုတ်ကဲ"
"ဟုတ်ကဲ့"
နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြ၏။
လင်ရှောင်စုလည်း မတ်တပ်ရပ်လိုက်သည်။
"ဒီနေ့တော့ အတော်လေး ညဉ့်နက်နေပြီ၊ ကျွန်တော် အရင် ပြန်တော့မယ်"
"ကောင်းပြီ၊ ပင်ပန်းသွားပြီ သတင်းရတာနဲ့ ကျိုးမေကို ဆက်သွယ်ခိုင်းလိုက်မယ်"
ရဲမှူးကြီး ကျန်းက သူ့ကို လိုက်ပို့ရန် မတ်တပ်ရပ်လိုက်၏။
ကျိုးမေက လိုက်ပို့ချင်ပေမဲ့ လင်ရှောင်စုက ငြင်းလိုက်လေသည်။
"မလိုပါဘူး ခင်ဗျားတို့ မနေ့ညက မအိပ်ခဲ့ရဘူး ဒီနေ့တော့ ကောင်းကောင်း အိပ်လိုက်ကြဦး ကျွန်တော် တစ်ယောက်တည်း ပြန်လိုက်ပါမယ်"
သူ ထွက်ခွာသွားလေ၏။
အစည်းအဝေးခန်းထဲတွင် ရဲမှူးကြီး ကျန်း ရယ်မောလိုက်မိသည်။
"ဟားဟား... သူက အမြဲတမ်း စာနာတတ်၊ ဂရုစိုက်တတ်တုန်းပဲ"
"ဂရုစိုက်တတ်တဲ့ နွေးထွေးတဲ့ လူသားလား"
ကျိုးမေ အသံထွက်ပြီး ရယ်မောလိုက်၏။
"သူ့စကားတစ်ခွန်းကြောင့် ဝမ်တုန်းဟနဲ့ ရှောင်စွန်းတို့ ညဘက်မှာ အချိန်ပို လုပ်နေရပြီ ဒီနှစ်ယောက် ကတော့ သူ့ကို ဘယ်လိုမှ 'နွေးထွေး' တဲ့သူလို့ ခံစားမိမှာ မဟုတ်ဘူး..."
သုံးရက် ကြာပြီးနောက်
မိုးဖွဲဖွဲ ရွာနေတာကို နောက်ဆုံးတော့ ကောင်းကင်ကြည်လင်သွားပြီး လှပသော တိမ်များဖြင် အစားထိုးလိုက်လေသည်။
မိုးရပ်သွားတာနဲ့ နွေရာသီရဲ့ အနံ့က တိုးဝင်လာ၏။
မနက်အစောပိုင်း၊ ဖုန်းချန်း စုံထောက်ရုံးခန်း တံခါးဖွင့်ဖွင့်ချင်းမှာပဲ ကျိုးမေ၏ အနက်ရောင်ကားက လမ်းဘေးမှာ ရပ်သွား၏။
သူမ ကားပေါ်က ဆင်းပြီး စုံထောက်ရုံးခန်းထဲ ဝင်သွားလိုက်သည်။
မြောင်ရိုလန်က ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ သူ့အတွက် လက်ဖက်ရည် ဖျော်ပေးလိုက်၏။
ဒီခံစားချက်တွေက သုံးရက်မြောက် ညက သူမနဲ့ အစ်မကျွမ်မန်းဒီ တို့ နောက်ဆုံး ငွေရှင်းတဲ့အချိန်မှာ လင်ရှောင်စုက ကျိုးမေနဲ့အတူ လမ်းလျှောက်ထွက်ပြီး မနက်လင်းမှ ပြန်ရောက်လာတဲ့ ကိစ္စကြောင့် ဖြစ်သည်။
သူ့ကို မေးဖို့ မသင့်တော်ဘူးလို့ ထင်တဲ့အတွက် သူမ နည်းနည်း စိတ်ပျက်မိသလို ခံစားရ၏။
ဒါကြောင့် သူမ ဒီနှစ်ရက်အတွင်း စိတ်ညစ်နေခဲ့ခြင်းပင်ဖြစ်ပေသည်။
ဒီနေ့တော့ သူမ ယူနီဖောင်း မဝတ်ဘဲ ရောက်လာပြီး ရည်းစားနဲ့ ချိန်းတွေ့မယ့် သာမန် မိန်းကလေး တစ်ယောက်လို ဝတ်စားဆင်ယင်ထားတာကြောင့် သူတို့ တကယ်ပဲ အဲဒီ အဆင့်ကို ရောက်သွားတာလား ဟု တွေးမိလိုက်လေသည်။
ကျိုးမေသည် မြောင်ရိုလန် ပေးလိုက်သည့် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး သူမ၏ အကြည့်တို့ အပေါ်ကြည့်လိုက်လေသည်။
"မင်းနဲ့ ရဲမှူးကြီးကျန်းတို့ အဲဒီညက သတ်မှတ်ခဲ့တဲ့ တာဝန်က ကနဦး ပြီးစီးသွားပြီ စုံစမ်းမှု ရလဒ်တွေက ဒီမှာ"
စက္ကူတစ်ရွက်ကို လင်ရှောင်စုလက်ထဲ ပေးလိုက်၏။
ချက်ချင်းဆိုသလိုပင် မြောင်ရိုလန်၏ နှလုံးခုန်သံ မြန်သွားသည်။
‘အဲဒီညကလား သူမနဲ့ ဈေးဝယ်ထွက်တဲ့ ညကလား သူနဲ့ ရဲမှူးကြီးကျန်းတို့ သတ်မှတ်ခဲ့တဲ့ တာဝန်တဲ့လား သူတို့က စုံတွဲအနေနဲ့ ဈေးဝယ်ထွက်တာ မဟုတ်ဘဲ အမှုကိစ္စအတွက် အလုပ်လုပ်နေတာလား တကယ်လား သာသာယာယာသာ ဖြစ်ခဲ့ရင် ကောင်းမှာပဲ’
မြောင်ရိုလန် ဘာလို့ဆိုတာ မသိပေမဲ့ သူမရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု ခံစားချက်က တစ်ဝက်လောက် လျော့ကျသွား၏။
လင်ရှောင်စု စာရွက်ကို ယူပြီး တစ်ချက် ကြည့်လိုက်ရာ သူ့မျက်လုံးတို့ ရုတ်တရက် တောက်ပသွားသည်။
"မင်း ဘာတွေ တွေ့လိုက်လဲ" ကျိုးမေက မေးသည်။
လင်ရှောင်စုက မေးလိုက်လေသည်။
"မင်းတို့ နှစ်ယောက်လုံးကို မေးခွန်းတစ်ခု မေးပါရစေ မင်းတို့ဆီကို ပိုက်ဆံ ၁၀ သန်း ပေးလိုက်ရင် ဘာလုပ်မှာလဲ"
ကျိုးမေက ပြန်ဖြေလိုက်သည်။
"ကျွန်မက ၅ သန်းကို စုထားလိုက်မယ် ကျန်တာနဲ့ အိမ်တစ်လုံးနဲ့ ကားကောင်းကောင်း တစ်စီး ဝယ်လိုက်မယ် ပိုက်ဆံ ကျန်သေးရင် ကျွန်မ ကြိုက်တဲ့ ဇိမ်ခံပစ္စည်းတွေ ဝယ်ပြီး သူဌေးဘဝကို ခံစားကြည့်မှာပေါ့"
"ဒါဆိုရင် ဇိမ်ခံပစ္စည်း ဝယ်တာက မင်းရဲ့ ငွေကြေး သုံးစွဲမှုမှာ တတိယ ဦးစားပေးပဲ ရှိတာပေါ့"
"ဟုတ်တယ်"
"ရိုလန် မင်းရော"
လင်ရှောင်စု၏ အကြည့်တို့သည် မြောင်ရိုလန်ထံ ပြောင်းသွား၏။
မြောင်ရိုလန် ခေါင်းခါလိုက်သည်။
"ကျွန်မ ပိုက်ဆံ ၁၀ သန်း ရဖို့ဆိုတာ စိတ်ကူးတောင် မယဉ်နိုင်ဘူး ဒါကြောင့် ဒီမေးခွန်းကို တစ်ခါမှ မတွေးဖူးဘူး"
"အခု စဉ်းစားဖို့ အချိန်ရှိပါသေးတယ်"
"ကျွန်မ အကုန် စုထားလိုက်မှာ... အော် တစ်ဝက်ကိုတော့ အစ်ကို့ လက်ထပ်ပွဲအတွက် ထားလိုက်မယ် ကျန်တာကိုတော့ အတိုးနဲ့ပဲ အသက်မွေးဝမ်းကျောင်း လုပ်သွားမှာပါ"
"ဒါဆိုရင် မင်း ပိုက်ဆံအားလုံးကို လက်ဝတ်ရတနာတွေ ဝယ်ဖို့ သုံးမှာ မဟုတ်ဘူးပေါ့"
မြောင်ရိုလန် မျက်လုံး ပြူးသွား၏။
"လက်ဝတ်ရတနာတွေက အလှဆင်ဖို့ပဲလေ စားလို့လည်း မရ ဝတ်လို့လည်း မရဘူး အဆင်ပြေရင်တော့ တစ်ခု၊ နှစ်ခုလောက် ဝယ်ဖြစ်မှာပေါ့ ဒါပေမဲ့ ပိုက်ဆံ အကုန် သုံးပစ်ဖို့ဆိုတာ... အဲဒါ အရူးပဲ ဖြစ်မှာပေါ့ ဟုတ်တယ်မလား"
လင်ရှောင်စု ရယ်မောလိုက်သည်။
"အစ်မကြီးဖုန်းက သူမ ပိုက်ဆံ အကုန်လုံးနီးပါးကို လက်ဝတ်ရတနာတွေ ဝယ်ဖို့ သုံးပစ်လိုက်တယ် မယားငယ်လေးယောက်ကလည်း အတူတူပဲ သူတို့ ပိုက်ဆံ အကုန်လုံးကို လက်ဝတ်ရတနာတွေ ဝယ်ဖို့ပဲ သုံးပစ်လိုက်ကြတယ် ရိုလန်ကတော့ ဒါကို အရူးလို့ ခေါ်တယ် တစ်ယောက်တည်း အရူးဖြစ်တာက ဖြစ်နိုင်ပေမဲ့ အမျိုးသမီး ငါးယောက် တစ်ပြိုင်နက် အရူးဖြစ်နေတာက အရူးသက်သက် မဟုတ်ဘူး ဒါဟာ သံသယ ဖြစ်စရာပဲ"
ကျိုးမေ၏ မျက်လုံးများမှာ တောက်ပသွားလေသည်။
"ဒါဟာ အကျိုးအမြတ် လွှဲပြောင်းတဲ့ ကွင်းဆက် တစ်ခုလို့ မင်း ထင်သလား"
"ဟုတ်တယ် မှောင်ခို ငွေကြေး ကွင်းဆက်မှာ နှစ်မျိုး ရှိတယ် အလျားလိုက်နဲ့ ဒေါင်လိုက် အလျားလိုက် ကတော့ အရင်းအမြစ်ကနေ စပြီး ပြိုင်တူ လမ်းကြောင်းနဲ့ သွားတာ ဒေါင်လိုက်ကတော့ ပိုပြီး လျှို့ဝှက်တယ် တရားမဝင် ငွေကြေး လွှဲပြောင်းမှုတွေကို ဖုံးကွယ်ဖို့ တရားဝင် ပုံစံမျိုးနဲ့ အသွင်ပြောင်း တာပဲ"
"သူတို့က ကျောက်စိမ်းတွေနဲ့ ငွေခဝါချ နေတာလို့ မင်း သံသယ ရှိတာလား"
"ဟုတ်တယ် ဘာလို့လဲ သိလား ဘာလို့လဲဆိုတော့ ကျောက်စိမ်းရဲ့ ဈေးနှုန်းက မသတ်မှတ်ထားလို့ပဲ မြေကြီးထဲက တူးထုတ်လိုက်တဲ့ ကျောက်ခဲသက်သက်ပဲလေ တန်ဖိုးမရှိတဲ့ ကျောက်ခဲနဲ့ ငွေ ၁၀၀ တန်တဲ့ အရည်အသွေးမြင့် ကျောက်စိမ်းက ကုန်ကျစရိတ် အတူတူပဲ သူ့ရဲ့ တန်ဖိုးကို ဈေးကွက်ကပဲ သတ်မှတ်တာ ကုန်ကျစရိတ်က မဟုတ်ဘူး"
ကျိုးမေက လက်ဖက်ရည်ခွက်ကို ကိုင်ပြီး စဉ်းစားလိုက်၏။
"သာမန် မိန်းကလေးတွေက လက်ဝတ်ရတနာနဲ့ ကျောက်စိမ်း ကြိုက်ကြတယ် ဒါပေမဲ့ ဒါတွေက တတိယတန်းစား ဆန္ဒတွေပဲ လူတစ်ယောက်က လက်ဝတ်ရတနာနဲ့ ကျောက်စိမ်းကို အရူးအမူး ကြိုက်နိုင်ပေမဲ့ အမှုတစ်ခုတည်းနဲ့ ဆက်စပ်နေတဲ့ ငါးယောက်လုံး ဒီလို လုပ်နေရင်တော့ သံသယ ဖြစ်စရာပဲ ဒါပေမဲ့ ငွေခဝါချမှု ပါဝင်နေရင်တောင် သူတို့ရဲ့ အရောင်းအဝယ်က မျက်နှာစာမှာ တရားဝင် ဖြစ်နေလို့ သက်သေပြဖို့ ခက်ခဲတယ် ကျောက်စိမ်း ဈေးတွေက ရူးမတတ် ကြီးတယ်ဆိုတာ လူတိုင်း သိပေမဲ့ ပြည်သူတွေက လက်ခံထားကြတော့ သူတို့ ဝယ်တာ တန်ဖိုးရှိတယ်လို့ ထင်ရင် တစ်ယောက်ယောက်က ဈေးကြီးပေး ဝယ်ဖို့ ဆန္ဒရှိရင် ဒါဟာ ဥပဒေအရ တရားဝင် ဖြစ်နေတာပဲ"
လင်ရှောင်စုက ပြောလိုက်သည်.
"တကယ်တော့ ဟုတ်ပါတယ် ဒါပေမဲ့ မင်း နောက်ထပ် ကွင်းဆက်တစ်ခုကို မမေ့သင့်ဘူး"
"ဘာလဲ"
"နောက်ဆုံး ပန်းတိုင်က အကျိုးအမြတ် လွှဲပြောင်းဖို့တင် မဟုတ်ဘူး အရောင်းအဝယ် ဖြစ်ဖို့ပဲ"
လင်ရှောင်စု ရှင်းပြလိုက်၏။
"အရောင်းအဝယ် ဖြစ်နေတဲ့အတွက် 'ကုန်စည်' က လဲလှယ်ဖို့ ရှိနေမှာပဲ"
"ကုန်စည်"
ကျိုးမေ၏ နှလုံးသားမှာ မြန်ဆန်လာ၏။
'ကုန်စည်' ဆိုတာ မူးယစ်ဆေးဝါးကို ဆိုလိုခြင်းပင် ဖြစ်ပေသည်။
"မင်းတို့ ဖုန်းချန်း မှောင်ခိုဈေးကွက်မှာ လည်ပတ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့ အရင်းအမြစ်ကို ဘယ်တော့မှ လိုက်လို့ မရတာ ဟုတ်သလား"
"ဟုတ်တယ်"
လင်ရှောင်စုက ဆက်ပြောလိုက်သည်။
"သတိပေးချက်တစ်ခု ဖုန်းချန်း လက်ဝတ်ရတနာဆိုင်မှာရှိတဲ့ ကုန်ပစ္စည်းတွေက ကျောက်စိမ်း အစိမ်းတွေကို ပြုပြင်ပြီး ရောင်းချတာ အဲဒီ ကျောက်စိမ်းတွေက ချင်မြန်နိုင်ငံက လာတာပဲ"
ကျိုးမေ၏ လက်ဖက်ရည်ခွက်မှာ ပြင်းထန်စွာ တုန်ယင်သွားလေသည်။
ခဏလေးအတွင်းမှာပဲ သူမ စိတ်ထဲတွင် ပတ်လမ်း တစ်ခု ဖြစ်ပေါ်လာ၏။
ဖုန်းချန်းသည် ပြည်နယ်သုံးခု ဆုံမှတ်တွင် တည်ရှိပြီး သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေသည်။ ဒါကြောင့် သူဟာ မှောင်ခိုဈေးကွက်ရဲ့ ဗဟိုချက် ဖြစ်လာခဲ့သည်။ သို့သော် တရားမဝင် ကုန်ပစ္စည်းတွေကို ဘယ်လို သယ်ယူပို့ဆောင်တာလဲ အရင်းအမြစ်ကို ဘယ်သူမှ မရှာနိုင်ခဲ့ပေ။
အခုတော့ သူမ ရှင်းလင်းတဲ့ လမ်းကြောင်းကို သိလိုက်ရပြီ ဖြစ်ချေ၏။
ဖုန်းချန်း လက်ဝတ်ရတနာဆိုင်ဟာ ကျောက်စိမ်းအရိုင်းကို ဖြတ်တောက်ခြင်း၊ ပြုပြင်ခြင်းနှင့် ကျောက်စိမ်း လက်ဝတ်ရတနာ ထုဆစ်ခြင်း လမ်းကြောင်းအတိုင်း သွားနေပေသည်။
ဒီလမ်းကြောင်းက ဖောက်သည်တွေကို စစ်မှန်ကြောင်း အာမခံချက် အပြည့်ပေးနိုင်ပြီး အက်ဆစ်နဲ့ ဆေးတာမျိုး၊ အတုအယောင် လုပ်တာမျိုး မရှိပေ။
သံသယ ရှိရင် ကျောက်စိမ်း ပြုပြင်တဲ့ စက်ရုံဆီ သွားပြီး ကျောက်ဖြတ်တာ၊ ရွေးတာ၊ ထုဆစ်တာ၊ ပွတ်တိုက်တာ အစအဆုံး ကိုယ်တိုင် ကြည့်လို့ ရနိုင်ပေသည်။
ထို့ကြောင့် ဖုန်းချန်းလက်ဝတ်ရတနာဆိုင်မှာ လုပ်ငန်းတွေ ဖွံ့ဖြိုးလာပြီး ဖုန်းချန်းက သူဌေးကတော် တွေတင် မဟုတ်ဘဲ ကျန်းချန်းက လူတွေတောင် လာဝယ်ကြ၏။
“လုပ်ငန်းပိုင်းအရဆိုရင် အောင်မြင်တာပဲ ဒါပေမဲ့ နောက်ထပ် လုပ်ငန်း တစ်မျိုးအတွက်ဆိုရင်ကော အဲဒါလည်း အဆင်ပြေတာပဲ ကျောက်စိမ်းအရိုင်းတွေက မူးယစ်ဆေးဝါးနဲ့ နာမည်ကြီးတဲ့ ချင်မြန်နိုင်ငံက လာတာပဲ ဒါဟာ တရားဝင် လုပ်ငန်းပဲ၊ တစ်နိုင်ငံလုံးကို ကျောက်စိမ်းအရိုင်းတွေ ပွင့်ပွင့်လင်းလင်း သယ်လို့ ရတယ် အကယ်၍ တရားမဝင် ပစ္စည်း တစ်ချို့ ပါလာရင်ကော နည်းလမ်းသာ ဆန်းပြားရင် ဘယ်သူက သိမှာလဲ ဒါဟာ တရားမဝင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးရဲ့ အခက်ခဲဆုံး အပိုင်းကို ဖြေရှင်းလိုက်တာပဲ... ပြီးတော့ ငွေကြေး စီမံခန့်ခွဲမှုကလည်း မှောင်ခိုဈေးကွက်မှာ နောက်ထပ် အခက်အခဲ တစ်ခုပဲ ဒီနေရာမှာ ယုတ္တိဗေဒ အရ အဆုံးသတ်သွားပြီ... သာမန် ဘဏ်လွှဲပြောင်းမှုတွေ ငွေသားပေးချေမှုတွေ လုပ်မယ့်အစား သူတို့က ငွေခဝါချမှုတွေကို ပေါင်းစပ်လိုက်တယ် တရားဝင် ကျောက်စိမ်း ရောင်းဝယ်မှုကို အသုံးပြုပြီး အကျိုးအမြတ် လွှဲပြောင်းဖို့ လုပ်တာပဲ ဒီ မှောင်ခိုဈေးကွက်မှာ ပိုက်ဆံ ရှာဖို့ ကြိုးစားတဲ့သူတိုင်းက တကယ်တော့ အကြီးမားဆုံး အန္တရာယ်ကို ယူနေတာပဲ မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး လည်း ချွင်းချက် မဟုတ်ဘူး ဒါပေမဲ့ သူသာ လက်ဝတ်ရတနာဆိုင် ဖြစ်နေရင်ကော သူက အကြီးမားဆုံး ငွေကြေး အချိုးကို အလွယ်တကူ ရသွားမှာ မဟုတ်ဘူးလား ပြီးတော့ အစ်မကြီးဖုန်းနဲ့ မယားငယ် လေးယောက်က အခန်းကဏ္ဍ အလိုက် ပါဝင်ပြီး သူတို့ရဲ့ အကောင့်ထဲကို ပိုက်ဆံတွေ စီးဝင်လာအောင် တရားဝင် ပုံစံတွေနဲ့ လုပ်ဆောင်နေတာပဲ... အမျိုးသမီး ငါးယောက်နဲ့ အတည်ပြုထားတဲ့ ငွေပမာဏကတင် သန်းတစ်ထောင် နီးပါး ရှိနေပြီ အလားတူ လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ တခြားသူတွေ ဘယ်လောက်တောင် ရှိဦးမလဲ”
လင်ရှောင်စုက သေချာစွာ ရှင်းပြပြောဆိုလိုက်ပြီး ဖြည်းညှင်းစွာ မော့ကြည့်လိုက်၏။
"သူတို့ နောက်ဆုံး ကုန်ပစ္စည်း ပို့တဲ့ အချိန်ကို စစ်ကြည့်လိုက်ပါ"
ကျိုးမေက ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ စစ်ကြည့်လိုက်ပြီ ကျောက်စိမ်းအရိုင်းတွေက မနေ့ကမှ ပြုပြင်တဲ့ စက်ရုံကို ရောက်လာတာ... မင်း ဆိုလိုတာက..."
"ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ဒီ နာမည်ကြီး ဖုန်းချန်း လက်ဝတ်ရတနာဆိုင်ကို သွားလည်ကြမယ်"
"ကျွန်မတို့ နှစ်ယောက်တည်းလား"
ကျိုးမေက မေးလိုက်သည်။
"ရိုလန် လည်း လိုက်မှာပါ"
လင်ရှောင်စုက ထပ်ပြောလိုက်သည်။
"ဒါဟာ ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ အိပ်မက်ပဲ တစ်နေ့ကျရင် ပိုက်ဆံ အလုံအလောက် ရပြီး လှပတဲ့ အမျိုးသမီး နှစ်ယောက်ကို ခေါ်ပြီး လက်ဝတ်ရတနာဆိုင်မှာ ဈေးဝယ်ထွက်ဖို့လေ..."