အခန်း (၄၄) - ယုတ္တိဗေဒ ပတ်လမ်း
လင်ရှောင်စုက ပြောလိုက်သည်။
"ခင်ဗျားတို့ လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ပြီး အမှုအသေးစိတ်ကို ပြောပြနေတာတော့ ဟုတ်တယ် ဒါပေမဲ့ အမှုကို ဆန်းစစ်တာကတော့ စည်းမျဉ်းနဲ့ မဆန့်ကျင်ပါဘူး ကျွန်တော် မေးပါရစေ သူ့နောက်ကွယ်က လျှို့ဝှက်တဲ့ ကြိုးကိုင်သူက မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီးဆိုတာ ဟုတ်ပါသလား"
အခန်းထဲရှိ လူသုံးဦးစလုံးမှာ တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြ၏။
ရဲမှူးကြီး ကျန်း မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းက မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး အကြောင်း သိထားတာလား"
"ရဲမှူးကြီးတို့ မရောက်ခင်ကတည်းက ကျွန်တော် သူ့ကို မေးပြီးသားပါ သူက မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီးလို့ ပြောခဲ့တယ်"
မှန်ပေ၏။
စုံထောက်တစ်ယောက်၏ အာရုံခံစားမှုဆိုတာ ဒါမျိုးပင်ဖြစ်၏။
ကိုယ်တိုင် တိုက်ခိုက်ခံရတဲ့အခါ နောက်ကွယ်က ကြိုးကိုင်သူကို အလိုလို လိုက်ရှာမိတတ်ခြင်းပင်။
"မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီးဆိုတဲ့ နာမည်က ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုထဲကို ရောက်နေတာ ကြာပါပြီ ဖုန်းချန်းရဲ့ ကျယ်ပြန့်တဲ့ ရာဇဝတ်မှု ကွန်ရက်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာက မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီးဖြစ်မယ်လို့ ကျွန်တော်တို့ သံသယ ရှိကြတယ် ဒါပေမဲ့ ဒီလူက အလွန် လိမ္မာပါးနပ်ပြီး လက်အောက်ငယ်သားတွေနဲ့ လျှို့ဝှက်စွာ ဆက်သွယ်လေ့ ရှိကာ သူ့ရဲ့ တကယ့်မျက်နှာကို ဘယ်တော့မှ မပြဘူး ဒီလုပ်ကြံသူ နှစ်ယောက်ရဲ့ ပြောပြချက်အရဆိုရင် သူတို့က မက်ဆေ့ခ်ျတွေ လက်ခံရရှိပြီးနောက်မှ လှုပ်ရှားခဲ့ကြတာ"
အခုတော့ ဒါဟာ အမှုစစ်ဆေးမှုတစ်ခုလို ဖြစ်လာနေချေပြီ။
ရဲမှူးကြီး ကျန်းသည် ဤကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်မခံလိုပေ။
ဘာကြောင့်လဲဆိုတော့ လင်ရှောင်စု၏ ဝင်ရောက်ကူညီမှုများမှာ အံ့အားသင့်စရာကောင်းပြီး အမြဲတမ်း ပစ်မှတ်တည့်တည့် ထိမှန်နေသောကြောင့် သူ့ကို တစ်မျိုးတစ်ဖုံ မျှော်လင့်ချက်ထားမိသွားလေ၏။
ထို့ကြောင့် သူသည် နှစ်ပေါင်းများစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည့် မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး၏ နာမည်ကို သူ့ရှေ့တွင် ထုတ်ဖော် ပြောပြလိုက်ခြင်း ဖြစ်ပေသည်။
"သူတို့ ပြောတာကို မင်း ယုံသလား"
လင်ရှောင်စု၏ အကြည့်တို့သည် ဖြည်းညှင်းစွာ မော့တက်လာ၏။
ရဲမှူးကြီး ကျန်းက အသာအယာ ရယ်မောလိုက်သည်။
"ရဲအရာရှိတစ်ယောက်ရဲ့ အာရုံခံစားမှုက တကယ်တော့ အရာအားလုံးကို သံသယဝင်ဖို့ပါပဲ ဟုတ်ပါတယ် ကျွန်တော်တို့က သံသယရှိသူတွေရဲ့ ထွက်ဆိုချက်တွေကို အလွယ်တကူ မယုံကြည်ပါဘူး ဒါကြောင့်လည်း ဒီလူနှစ်ယောက်ရဲ့ မကြာသေးမီက လှုပ်ရှားမှုတွေကို စုံစမ်းဖို့ လူလွှတ်ထားပြီးသားပါ နောက်ထပ် နှစ်နာရီလောက်ဆိုရင် အစီရင်ခံစာ ရောက်လာပါလိမ့်မယ် မင်း... စောင့်ပေးဖို့ ဆန္ဒရှိမလား"
စောင့်ပေးဖို့ ဆန္ဒရှိမလား စကားလုံးလေးလုံး
အဓိပ္ပာယ်မှာ နက်နဲလှပေသည်။
သံသယရှိသူများ၏ ခြေရာကို လိုက်ဖို့ လူလွှတ်ခြင်းမှာ ပထမ သဲလွန်စများကို ပြန်လည် ရရှိစေသည်။
သီအိုရီအရ လင်ရှောင်စု ပြန်သင့်ပေ၏။
သို့သော် ရဲမှူးကြီး ကျန်းက သူ့ကို စောင့်ပေးဖို့ အထူးတောင်းဆိုနေလေ၏။
လင်ရှောင်စုက ပြောလိုက်သည်။
"ရဲမှူးကြီးက ကျွန်တော့်ကို ဒီအမှုမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်စေချင်တာလား"
"ဒါက ဆန့်ကျင်ဘက် ဖြစ်နေတယ် စည်းကမ်းပိုင်းအရဆိုရင် မင်းကို ပါဝင်ခွင့် မပေးနိုင်ဘူး ဒါပေမဲ့ ဒီအမှုမှာ တကယ့်ကို ပြတ်သားတဲ့ အောင်မြင်မှုမျိုးကို ကျွန်တော် တကယ်ပဲ မြင်ချင်နေတာ ဒီရှေးဟောင်းမြေပေါ်မှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း နေ့တိုင်းလိုလို ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေ အများကြီး ဖြစ်ပျက်နေတယ် အသက်မွေးဝမ်းကျောင်းတွေ ဆုံးရှုံးရတဲ့သူတွေရဲ့ မျက်ရည်နဲ့ သွေးတွေ သွေးအိုင်ထဲမှာ လဲကျနေတဲ့ အရိုးတွေ မကောင်းမှုတွေအောက်မှာ ပျံ့နှံ့နေတဲ့ ကြောက်ရွံ့မှုတွေ ဒါတွေကို 'စည်းကမ်း' ဆိုတဲ့ စကားလုံး နှစ်လုံးတည်းနဲ့ မဖုံးလွှမ်းနိုင်ပါဘူး... ဒါကြောင့် စည်းကမ်းကို တစ်ကြိမ် ချိုးဖောက်လိုက်ရုံနဲ့ အဲဒီ လူယုတ်မာတွေကို ဖမ်းမိနိုင်မယ်ဆိုရင် ကျွန်တော် လုပ်ဖို့ ဆန္ဒရှိပါတယ်"
လင်ရှောင်စုသည် အသက်ကို ဖြည်းညှင်းစွာ ရှူလိုက်သည်။
"ရဲမှူးကြီးက အဲဒီလို ပြောမှတော့ ကျွန်တော့်မှာ စကားတစ်ခွန်းပဲ ရှိတယ် -သေချာပေါက်ပေါ့"
ရဲမှူးကြီး ကျန်းသည် တဟားဟား ရယ်မောလိုက်လေတော့၏။
"မင်း စစ်တုရင် ကစားတတ်လား"
"တရုတ်စစ်တုရင်လား ဂို လား"
ရဲမှူးကြီး ကျန်းက ပြောလိုက်သည်။
"ဂိုကတော့ ဦးနှောက် အတော်စားတယ် ကျွန်တော့်မှာ ဦးနှောက်ဆဲလ်တွေလည်း သိပ်မကျန်တော့ဘူး အရှုံးခံဖို့ မလွယ်ဘူး တရုတ်စစ်တုရင်ပဲ ကစားကြတာပေါ့"
သူတို့နှစ်ယောက်မှာ ထိုနေရာတွင် စစ်တုရင် ကစားနေကြသည်။
ရှောင်စွန်းမှာ ခေါင်းစောင်းပြီး ဘေးကနေ အကြံပေး၏။
ကျိုးမေမှာ တရုတ်စစ်တုရင်နှင့် ရင်းနှီးမှု မရှိသဖြင့် ဝင်မပါပေ။
သူတို့အတွက် သောက်ရေခပ်ပေးပြီးနောက် ကုလားထိုင်ပေါ်တွင် မှီထိုင်ကာ ဖုန်းနှင့် ခဏ ကစားပြီးနောက် မည်သို့မျှမဖြစ် သူမ အိပ်ပျော်သွားလေသည်။
လင်ရှောင်စုသည် စစ်တုရင်ရုပ်ကို လက်ဖြင့် ကိုင်ထားပြီး ကျိုးမေ၏ မျက်နှာကို တစ်ချက်ကြည့်ကာ ရဲမှူးကြီး ကျန်း၏ မျက်နှာပေါ်သို့ အကြည့်ရောက်သွား၏။
ရဲမှူးကြီး ကျန်းက သူ့ကို မကြည့်ဘဲ တည်ငြိမ်စွာ ဖြေလိုက်သည်။
"မနေ့ညက တစ်ညလုံး မအိပ်ခဲ့ရဘူး ကျွန်တော်တို့ အလုပ်က အချိန်မရွေး အိပ်နိုင်တဲ့ စွမ်းရည် ရှိဖို့ လိုတယ်"
"ကျွန်တော် ခင်ဗျားတို့နဲ့ မတွေ့ခင်ကတည်းက ခင်ဗျားတို့ကို သိပ်ပြီး ကောင်းတဲ့ အမြင် မရှိခဲ့ဘူး"
လင်ရှောင်စုက ပြုံးရင်း ပြောလိုက်သည်။
"ဘာလို့လဲ လောင်းကစား လုပ်တာ ဖမ်းမိလို့လား ဒါမှမဟုတ် ပြည့်တန်ဆာမှုနဲ့ ဖမ်းမိလို့လား ဒါမှမဟုတ် လိုင်စင်မရှိဘဲ မောင်းလို့ ၂၀၀၀ ဒဏ်ရိုက်တာ ခံရလို့လား"
"ဒါနဲ့ ရဲမှူးကြီး ကျွန်တော့်ရဲ့ အတိတ်ကို တကယ်ပဲ တူးဆွရမှာလား ကျွန်တော် ဘယ်တုန်းက လောင်းကစား လုပ်ခဲ့လို့လဲ ပြည့်တန်ဆာမှု ရှိခဲ့လို့လဲ"
"မင်း ဘာလို့ အော်နေတာလဲ ကျိုးမေ အိပ်ပျော်သွားပြီ မင်း ဂုဏ်ယူချင်လို့ သူ့ကို တကယ်ပဲ နှိုးလိုက်ချင်တာလား"
ရှောင်စွန်း ဘေးကနေ ရယ်မောလိုက်၏။
ရဲမှူးကြီး ကျန်းကို ဒီလို ပုံစံမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
နောက်ပြောင်တတ်မှန်းတောင် အခုမှပင် သိလိုက်ရတော့၏။
အချိန်တွေ မိနစ်နဲ့အမျှ ကုန်ဆုံးသွားပြီး မြို့လေးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားလေတော့သည်။ စည်ကားတဲ့ လမ်းတွေလည်း တဖြည်းဖြည်း လူနည်းသွားပြီး ကားများမှာလည်း ရံဖန်ရံခါမှ ဖြတ်သွား၏။
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဆောက်အအုံလည်း တိတ်ဆိတ်သွားလေသည်။
ရုတ်တရက် ဓာတ်လှေကားမှ ကြည်လင်သော "ဒိန်း" ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။
အစည်းအဝေးခန်း တံခါးပွင့်သွားပြီး ရဲအရာရှိ နှစ်ဦး ဘေးချင်းယှဉ်၍ ဝင်လာကြလေသည်။
"ရဲမှူးကြီးကျန်း ကျွန်တော်တို့ တစ်ခုခု တွေ့ထားတယ်..."
သူတို့သည် လင်ရှောင်စုကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောရန် တွန့်ဆုတ်နေကြ၏။
ဘာကြောင့်လဲဆိုတော့ အပြင်လူ တစ်ယောက် ရှိနေလို့ပင် ဖြစ်ချေသည်။
ကျိုးမေလည်း နိုးလာခဲ့ပေသည်။
သူမ နှစ်နာရီလောက်တော့ အိပ်လိုက်ရပုံရသည်။
"ပြောပါ"
ရဲမှူးကြီး ကျန်းက ပြောသည်။
"ဟုတ်ကဲ့"
ဘယ်ဘက်က ရဲအရာရှိသည် ကွန်ပျူတာဆီသို့ ချဉ်းကပ်သွားပြီး ပြင်ပ ဟာ့ဒ်ဒရိုက်တစ်ခုကို ထုတ်ကာ ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်၏။
ရှေ့က စခရင်မှာ ပွင့်လာပြီး ကွန်ပျူတာ ရုပ်ပုံကို ပြသလိုက်သည်။
"ဒါတွေက သံသယရှိသူ နှစ်ဦးရဲ့ မကြာသေးမီက လှုပ်ရှားမှုတွေပါ..."
ထိုအရာရှိ၏ လက်မှာ မောက်စ်ကို အသာအယာ ရွှေ့ကာ နေရာ ခုနစ်ခုကို ရွေးချယ်လိုက်၏။
"ကျွန်တော်တို့ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ကားတစ်စီး ရှိပါတယ် ဘာကြောင့်လဲဆိုတော့ သုံးရက် အတွင်းမှာ သံသယရှိသူတွေ ဒီကားပေါ်ကို နှစ်ခါတက်ခဲ့လို့ပါ ဒီလူက အလွန် သံသယ ဖြစ်စရာ ကောင်းတယ်"
စောင့်ကြည့်ကင်မရာ ရုပ်ပုံများ ပေါ်လာပြီး ရွှေရောင်မျက်မှန် တပ်ထားသည့် လူတစ်ယောက်ကို ချဲ့ကြည့်လိုက်၏။
ရဲမှူးကြီး ကျန်း၏ မျက်လုံးအိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားသည်။
"ချီဟုန်ကျုံး"
ထိုရဲအရာရှိက မေးလိုက်လေသည်။
"ရဲမှူးကြီး သူ့ကို သိတာလား ကျွန်တော်တို့ကို မိတ်ဆက်ပေးလို့ရမလား"
ရဲမှူးကြီး ကျန်းက လက်ဖြင့် တားလိုက်သည်။
"မိတ်ဆက်ပေးစရာ မလိုပါဘူး ဖိုင်ထဲမှာ သူ့ အချက်အလက် ရှိပြီးသား ဖိုင်ထဲမှာ မှတ်တမ်း မတင်ထား တဲ့... တစ်ခုခု များ ရှိသေးလား"
"ရှိပါတယ်"
အခြားအရာရှိက ပြောလိုက်သည်။
"ကျွန်တော်တို့ ချီဟုန်ကျုံးရဲ့ နေရာကို အခုပဲ စစ်ဆေးလိုက်တာ သူ နိုင်ငံပြင်ပကို ထွက်ခွာသွားပြီ"
ရဲမှူးကြီး ကျန်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"သူ ဘယ်အချိန်က ထွက်သွားတာလဲ ဘယ်ကို သွားတာလဲ"
"မနေ့ညနေ သုံးနာရီ လေယာဉ်လက်မှတ်ပါ ဦးတည်ရာက ချင်မြန်နိုင်ငံရဲ့ မြို့တော် ချင်မိုင်းဖြစ်ပါတယ် သူ့ ဗီဇာကို စစ်ဆေးကြည့်တော့ သူက ချင်မြန်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရှိနေပါတယ်"
ရဲမှူးကြီး ကျန်း၏ မျက်နှာမှာ ဘိန်းမုန့်ကဲ့သို့ မှောင်မည်းသွားပြီး ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။
"နောက်ထပ် အချက်အလက် ရှိသေးလား"
"ဘာမှ မရှိတော့ပါဘူး"
"သွား နားကြပါဦး"
"ဟုတ်ကဲ့"
ရဲအရာရှိ နှစ်ဦး အစည်းအဝေးခန်းမှ ထွက်ခွာသွားကြလေသည်။
ရဲမှူးကြီး ကျန်းသည် ကွန်ပျူတာဆီ သွားပြီး ရရှိထားသော အချက်အလက်အားလုံးကို ပြန်စစ်ဆေးနေလိုက်သည်။
လင်ရှောင်စု၊ ကျိုးမေနှင့် ရှောင်စွန်းတို့မှာ လုံးဝ မအိပ်နိုင်ဘဲ ကွန်ပျူတာ စခရင်ကို စိုက်ကြည့်နေကြ၏။
အမျိုးမျိုးသော လက္ခဏာများက ဤလုပ်ကြံမှုမှာ ချီဟုန်ကျုံး၏ စီစဉ်မှုပင် ဖြစ်ကြောင်း ပြသနေသည်။
ပြီးတော့ ကျိုးမေမှာ ဖုန်းချန်း ရာဇဝတ်မှုဂိုဏ်း၏ အလုံးစုံပုံစံနှင့် ပတ်သက်ပြီး ရူးသွပ်သော အကြံတစ်ခု ရသွား၏။
"အားလုံး ကြည့်ပြီးကြပြီလား ဘာများ ထင်မြင်ချက် ရှိကြလဲ"
ရဲမှူးကြီး ကျန်းသည် ကွန်ပျူတာမှ မျက်နှာကို ဖြည်းညှင်းစွာ မော့လိုက်၏။
ကျိုးမေက စပြောလိုက်သည်။
"ရဲမှူးကြီး ကျွန်မ ထင်တာတော့ ကျွန်မတို့ စိတ်အားထက်သန်စွာ ရှာဖွေနေတဲ့ မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး ဟာ သူ ဖြစ်ဖို့ အလားအလာ အလွန် များပါတယ်"
"မင်းရဲ့ အကြောင်းပြချက်ကို ရှင်းပြပါ..."
ကျိုးမေသည် သူမ၏ အတွေးများကို စုစည်းကာ စပြောလိုက်သည်။
“ဖုန်းချန်းမှာ မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး ရှိတယ်ဆိုတာ ကြာပြီ ဖြစ်တဲ့ အများသိ နားလည်မှု တစ်ခုပါ ဒါပေမဲ့ မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး ဆိုတာ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြဘူး သူက လွှမ်းမိုးမှု ရှိပြီး လိုင်းပေါင်းစုံမှာ ဆက်သွယ်မှု ရှိတယ်ဆိုတာလောက်ပဲ
ဒေသတွင်း ဂိုဏ်းတစ်ခုနဲ့ နီးကပ်စွာ ဆက်စပ်နေတယ် ဒီဂိုဏ်းက ဂိုဏ်းတစ်ခုအနေနဲ့ ပွင့်ပွင့်လင်းလင်း မဖွဲ့စည်းထားပေမဲ့ အတွင်းပိုင်းမှာတော့ ဂိုဏ်းခွဲတွေ ဖြစ်နေပြီး ရဲတွေကလည်း သူတို့ကို "ဖေးဟူ ဂိုဏ်း" လို့ ခေါ်ကာ ကြာရှည်စွာ စောင့်ကြည့်နေတာ ဖြစ်တယ်
ဖေးဟူ ဂိုဏ်းရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေထဲမှာ လူငါးယောက် ရှိတယ်
အစ်ကိုကြီး ဟူ (ကျောက်ရိဟူ)
အစ်ကိုကြီး ဟဲ (လီဟီနီယန်)
အစ်မကြီး ဖုန်း (ဝမ်ဆန်းဖုန်း)
အစ်ကိုကြီး ချင်း (ဆုန်ချင်းလျန်)နှင့်
အစ်ကိုကြီး ရှု (ဇုံရှုပင်း) တို့ ဖြစ်ကြပြီး
အစ်ကိုကြီး ဟူ က ဆောက်လုပ်ရေးမှာ ရှိတယ် အစ်ကိုကြီး ဟဲ က စားသောက်ဆိုင် လုပ်တယ် အစ်ကိုကြီး ချင်း က ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖြစ်တယ် အစ်မကြီး ဖုန်း က စက်မှုဇုန်မှာ သိပ္ပံနှင့် ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်တယ် အစ်ကိုကြီး ရှု ကတော့ မွေးမြူရေးလုပ်ငန်းတွေ လုပ်တာပါ ငါးမွေးမြူရေး လုပ်တယ် သူရဲ့ လက်လှမ်းမီမှုက မြို့နယ်အသီးသီးကို ရောက်နေပြီး ရေပြင်တိုင်းလိုလိုမှာ သူ့ရဲ့ အရိပ်အယောင် ရှိနေတယ် ဒီလူတွေအားလုံးက သူတို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ ထိပ်တန်း ပုဂ္ဂိုလ်တွေ ဖြစ်ပြီး တစ်ယောက်စီမှာ ကြီးမားတဲ့ အဖွဲ့အစည်းတွေကို ထိန်းချုပ်ထားကြတယ်
သူတို့ရဲ့ ဂိုဏ်းဆန်တဲ့ စီမံခန့်ခွဲမှု လက္ခဏာတွေက ကြာပြီ ဖြစ်ပေမဲ့ သူတို့ရဲ့ လိမ္မာပါးနပ်မှုက ပွင့်ပွင့်လင်းလင်း မလုပ်တာပါပဲ သူတို့က ရန်ဖြစ်တာ ပစ္စည်းလုတာမျိုးလို မိုက်မဲတဲ့ လုပ်ရပ်တွေ မလုပ်ဘူး နောက်ကွယ်မှာ ရက်စက်တဲ့ သေဆုံးမှုတွေ ဖြစ်ခဲ့တာ ရှိပေမဲ့ အရိပ်အယောင်လောက်ပဲ တွေ့ရပြီး ခိုင်လုံတဲ့ အထောက်အထား ဖြစ်ဖို့ ဝေးနေသေးတယ်
ရဲတွေမှာ သူတို့အပေါ် သံသယ ရှိတဲ့ အချက်တစ်ခု ရှိတယ် သူတို့ရဲ့ ဓနဥစ္စာက အရမ်း မြန်မြန် တိုးပွားလာတယ် ပြီးတော့ တရားမဝင် မူးယစ်ဆေးဝါး ကမ္ဘာနဲ့ ဆက်သွယ်နေတဲ့ လက္ခဏာ အနည်းငယ် ရှိနေတယ် သူတို့လို လူတွေအတွက်၊ ဒီလောက် ကျယ်ပြန့်တဲ့ ကွန်ရက်နဲ့ ရိုင်းစိုင်းတဲ့ နည်းလမ်းတွေ သုံးတဲ့သူတွေအတွက် သူတို့က မူးယစ်ဆေးဝါး နောက်ကွယ်က စံပြ ခေါင်းဆောင်တွေ ဖြစ်ဖို့ အလားအလာ အရှိဆုံးပဲ
အနည်းဆုံးတော့ ဒါက သူတို့အတွက် ငွေပေးငွေယူတွေကို ပိုပြီး အဆင်ပြေစေတယ် ဒါပေမဲ့ မူးယစ်ဆေးဝါး အဖွဲ့အစည်း တစ်ခုမှာ တိုက်ရိုက် ခေါင်းဆောင် မပါဘဲ မဖြစ်ဘူး ဒီခေါင်းဆောင်က မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး လို့ ယူဆရတယ် ဒါဆိုရင် ဒီ မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး မှာ အရည်အချင်း အချို့ ရှိရမယ်...
ပထမအချက် သူက ဒီ ထိပ်တန်း လုပ်ငန်းတွေကို ဝင်ရောက်ခွင့် ရှိရမယ်
ဒုတိယအချက် သူ့မှာ ထောက်ပံ့မှု ရှိရမယ်
တတိယအချက်၊ သူ့မှာ စွမ်းရည်လည်း ရှိရမယ်
ဒီ ချီဟုန်ကျုံး ဆိုတာ ဘယ်သူလဲ
သူက ချင်မြန်နိုင်ငံက နိုင်ငံဖြတ်ကျော် ကော်ပိုရေးရှင်း တစ်ခုက ဖြစ်ပြီး သူ့ရဲ့ ခေါင်းစဉ်က ဒက်ရှာနိုင်ငံရဲ့ စီးပွားရေး ကိုယ်စားလှယ် ဖြစ်တယ် နိုင်ငံကြီး တစ်ခုရဲ့ စီးပွားရေး ကိုယ်စားလှယ် ဖြစ်နိုင်တဲ့အတွက် သူ့ရဲ့ စွမ်းရည်က အားကောင်းတာ သေချာတယ် ပြီးတော့ ဒီလူက အောင်မြင်မှု နည်းပြ တစ်ယောက်လည်း ဖြစ်တယ် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အများအပြားက သူ့ရဲ့ ဟောပြောချက်တွေကို နားထောင်ဖူးကြတယ်
ဒါကြောင့် ဖုန်းချန်းမှာ သူ လုပ်ခဲ့တဲ့ အောင်မြင်မှု ဆွေးနွေးပွဲမှာ ထိပ်တန်း စီးပွားရေး ခေါင်းဆောင်တွေ အားလုံးနီးပါး တက်ရောက်ခဲ့ပြီး အထက်ပါ လူငါးယောက်လည်း ပါဝင်ခဲ့တယ် အဲဒီ ဆွေးနွေးပွဲပြီးနောက်မှာ ဒီ ဖုန်းချန်း ပုဂ္ဂိုလ်တွေ အားလုံးက သူ့ကို ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်လို ဆက်ဆံခဲ့ကြတယ် လူတော်တော် များများက သူ့ကို သူတို့ရဲ့ ကုမ္ပဏီတွေမှာ ဟောပြောဖို့ ဖိတ်ကြားခဲ့ကြတယ် ဒါကြောင့် သူ့မှာ ဒီ 'ကျားငါးကောင်' နဲ့ ချိတ်ဆက်ဖို့ နည်းလမ်းတွေ ရှိတယ်ဆိုတာ သေချာတယ် ပိုပြီး အရေးကြီးတာက ချင်မြန်နိုင်ငံဟာ ကမ္ဘာ့ မူးယစ်ဆေးဝါးဗဟိုချက် ဖြစ်ပြီး ဒက်ရှာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ၈၀ ရာခိုင်နှုန်းက ချင်မြန်နိုင်ငံက လာတာပါ တခြားသူတွေက ထောက်ပံ့မှုကို မရနိုင်ရင်တောင် စီးပွားရေး လောကမှာ လေကို အမိန့်ပေးပြီး မိုးကို ခေါ်နိုင်တဲ့ ဒီဒဏ္ဍာရီလာ နည်းပြဆရာကတော့ အလွယ်တကူ ရနိုင်မှာပဲ”
ကျိုးမေ အကြာကြီးရှင်းပြလိုက်ရပြီး မောသွားသဖြင့် သူမ၏ ရင်အစုံမှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေရှာလေသည်။
ကြည့်လို့ အင်မတန်ကောင်းမွန်သော မြင်ကွင်းအလှပေးပင် ဖြစ်သည်ဟု လင်ရှောင်စု တွေးနေမိလိုက်သည်။
ကျိုးမေ၏ ရှင်းလင်းပြောကြားချက်ကို ကြားပြီးတဲ့နောက်မှာ ရဲမှူးကြီး ကျန်းရဲ့ မျက်လုံးတွေက တောက်ပလာ၏။
"နောက်ထပ် ဘာရှိသေးလဲ"
"နောက်ထပ် အချက်တစ်ခု ရှိသေးတယ် သူ့ရဲ့ နာမည်က 'ချီ' ဖြစ်နေတယ်"
သူမ ပြောပြီးတဲ့နောက်မှာတော့ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရလေသည်။
"'ချီ နာမည်၊ မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး”
ရဲမှူးကြီး ကျန်းက စားပွဲကို လက်ဖြင့် အသာခေါက်လိုက်၏။
"ရှောင်စု မင်း ဘယ်လို ထင်လဲ"
ကျိုးမေ ပြောနေတဲ့ အချိန်မှာ လင်ရှောင်စုက ပြတင်းပေါက်အပြင်ကိုပဲ ကြည့်နေမိလေသည်။
သည်အပြုအမူက လင်ရှောင်စုရဲ့ စဉ်းစားတဲ့ အလေ့အကျင့် ဖြစ်နိုင်ပေသည်။
အခုတော့ ရဲမှူးကြီး ကျန်းက သူ့နာမည်ကို တိုက်ရိုက် ခေါ်လိုက်ပြီး မေးမြန်းလိုက်၏။
လင်ရှောင်စု၏ အကြည့်တို့ ဖြည်းညှင်းစွာ ပြန်ရောက်လာလေသည်။
"ရဲမှူးကြီးကျန်း ကျွန်တော် အခြေခံ မေးခွန်းတစ်ခု အရင် မေးပါရစေ ချီဟုန်ကျုံး ချင်မြန်နိုင်ငံထဲ ရောက်သွားရင် သူ့ကို ပြန်ခေါ်လို့ ရနိုင်မလား"
"မရဘူး ချင်မြန်နိုင်ငံက ဘယ်နိုင်ငံနဲ့မှ ပြန်လည် ပို့ဆောင်ရေး သဘောတူညီချက် မရှိဘူး အဲဒါက မူးယစ်ဆေးဝါးနိုင်ငံရဲ့ ထူးခြားချက်ပဲ"
လင်ရှောင်စုက ထပ်ပြောလိုက်သည်။
"နောက်ထပ် ထူးခြားချက် တစ်ခု ရှိသေးလား... ချင်မြန်နိုင်ငံက အလွန် ရှုပ်ထွေးတယ် အထူး အေးဂျင့်တွေ ဝင်သွားရင်တောင် သေလမ်းနဲ့ နီးကပ်နေတာပဲ ဒါကြောင့် သူက ပြန်မလာချင်ဘူးဆိုရင် သူ့ကို ဖမ်းပြီး ပြန်ခေါ်ဖို့ နည်းလမ်း မရှိသလောက်ပဲ"
"ဟုတ်တယ်"
"ကောင်းပြီ ကျွန်တော် ဒုတိယ မေးခွန်း မေးမယ်"
လင်ရှောင်စုက ဆက်ပြောဆိုလိုက်လေသည်။
"အကယ်၍ ကျွန်တော်တို့က မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး ဟာ သူပဲလို့ သတ်မှတ်လိုက်ရင် သူ့ကို မဖမ်းမိခင်အထိ ဖုန်းချန်းက မူးယစ်ဆေးဝါး အဖွဲ့အစည်းကို ဖမ်းဆီးဖို့ အလွယ်တကူ လှုပ်ရှားလို့ မရတာ ဟုတ်သလား"
ရဲမှူးကြီးကျန်းမှ ပြန်လည်ဖြေဆို ထောက်ခံလိုက်လေသည်။
"ဟုတ်တယ် ဒါက ဒီလို ရာဇဝတ် ဂိုဏ်းတွေကို ကိုင်တွယ်ရာမှာ အများသိတဲ့ သာမန် နိယာမပဲ အဓိက ပုဂ္ဂိုလ်တွေနဲ့ ထောက်ပံ့ရေး သဲလွန်စတွေကို မရမချင်း အလောတကြီး လုပ်ပြီး မြွေကို မလှန့်မိဖို့ လိုတယ်"
လင်ရှောင်စုက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်မိလေတော့၏။