အခန်း (၄၃) - မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီး
ရုတ်တရက် ရှေ့တွင် အရိပ်မည်းတစ်ခု ပေါ်လာပြီး အလျင်အမြန် ပြေးလာ၏။
၎င်းမှာ အလွန်လျင်မြန်စွာ ပြေးလွှားနေသော်လည်း ခြေသံမှာ အလွန်တိတ်ဆိတ်နေပေသည်။
တစ်ချိန်တည်းမှာပင် သူ့နောက်တွင် နောက်ထပ် အရိပ်မည်းတစ်ခု ထပ်ပေါ်လာလေသည်။
ရှေ့ကအရိပ်သည် လင်ရှောင်စုထံ ရောက်သောအခါ ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး အနက်ရောင် ဓါးမြောင် တစ်ချောင်းဖြင့် လင်ရှောင်စု၏ လည်ချောင်းကို ထိုးစိုက်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ့နောက်ကလူကလည်း သူ့နောက်ကျောကို ထိုးစိုက်လိုက်ပြန်သည်။
ကိုင်တွယ်သည့် အချိန်အခါ၊ တိုက်ခိုက်သည့် စည်းချက်၊ ရုတ်တရက် ချုံခိုတိုက်ခိုက်မှု၊ အားလုံးမှာ ပြီးပြည့်စုံလှပေသည်။
လင်ရှောင်စုကမူ မည်သည့် တုံ့ပြန်မှုမျှ မရှိသလိုပင်။
မျက်နှာချင်းဆိုင်ရှိ လူ၏မျက်နှာမှာ တဖြည်းဖြည်း ပေါ်လာခဲ့လေပြီ။
၎င်းမှာ အနက်ရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
ဓါးသည် လင်ရှောင်စု၏ လည်ချောင်းမှ သုံးလက်မသာ လိုတော့သည့်အချိန်တွင် ရုတ်တရက် လင်ရှောင်စု၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
ရှူး
သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ စောင်းပြီး လှီးဖြတ်လိုက်၏။
၎င်းသည် ရှေ့ကလူ၏ လည်ပင်းကို ဖြတ်ကျော်သွားသည်နှင့် ထိုလူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဓါးသည် လက်ထဲမှ ကျသွားကာ သူလည်း လဲကျသွားလေသည်။
ဓါး မြေကြီးပေါ် မကျမီမှာပင် လင်ရှောင်စု၏ တံတောင်ဆစ်သည် အနောက်ဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ တိုက်ခိုက်သူ၏ ဓါးကို ကျော်ဖြတ်သွားပြီးနောက်
"ဒုန်း"
အသံနှင့်အတူ သူ့နောက်ကလူမှာ မြေကြီးပေါ်သို့ လွင့်စဉ်သွားလေတော့သည်။
သူ၏ အတွင်းကလီစာများ နေရာလွဲသွားသကဲ့သို့ ဖြစ်သွားဟန်တူပေ၏။
လေပြင်းတိုက်ခတ်လာ၏။
လင်ရှောင်စုသည် သုံးမီတာကျော် နောက်သို့ ဆုတ်လိုက်ပြီး လက်ကိုလှည့်ကာ အခြားတစ်ယောက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"ခရစ်"
အသံနှင့်အတူ ဓါးကို ကိုင်ထားသည့် လက်ကောက်ဝတ်မှာ ချိုးဖျက်ခံလိုက်ရ၏။
လုပ်ကြံသတ်ဖြတ်သူမှာ အော်သံတစ်ဝက်သာ ထွက်လိုက်ရပြီးနောက် ရိုက်ချခံလိုက်ရကာ သွားများစွာ ကျွတ်ထွက်သွားလေသည်။
"ပြောစမ်း၊ ငါ့ကို သတ်ခိုင်းတာ ဘယ်သူလဲ"
လင်ရှောင်စုသည် သူ့လက်ဝဲဘက် လက်ချောင်းတစ်ခုကို ဆုပ်ကိုင်လိုက်၏။
"ဘယ်သူမှ မဟုတ်... အား..."
ထိုလက်ချောင်းမှာ ချက်ချင်း ချိုးခံလိုက်ရသည်။
ပဲစေ့အရွယ် ချွေးစက်များမှာ လုပ်ကြံသူ၏ နဖူးမှ စီးကျလာ၏။
လက်ချောင်းများ ချိုးခံရသည့် နာကျင်မှုမှာ သာမန်လူတစ်ယောက် ဘဝတစ်လျှောက်လုံး မခံစားဖူးသည့် နာကျင်မှုမျိုးပင် ဖြစ်လေသည်။
လင်ရှောင်စုက ဒုတိယလက်ချောင်းကို ဆုပ်ကိုင်လိုက်သည်။
"ဥပဒေအကြောင်း နည်းနည်းလောက် သင်ပေးပါရစေ အကယ်၍ မင်းက ငါ့ကို ဓားနဲ့ တိုက်ခိုက်ရင် ငါက ဥပဒေ ဘောင်မဲ့ တုံ့ပြန်နိုင်တယ် မင်းရဲ့ လက်ချောင်း ၁၀ ချောင်ေ ခြေချောင်း ၁၀ ချောင်းကို တစ်ခုချင်း ချိုးတာက ပြဿနာ မဟုတ်ဘူး ဒီမေးခွန်းအတွက် ငါ့မှာ သည်းခံစိတ် အများကြီး ရှိတယ် ငါ မင်းကို အကြိမ် ၂၀ မေးမယ်... ဒါ ဒုတိယအကြိမ်ပဲ ဘယ်သူက ခိုင်းတာလဲ"
လုပ်ကြံသူမှာ ကျောချမ်းသွားလေ၏။
‘အကြိမ် ၂၀ မေးမယ်တဲ့ အိုနတ်ဘုရား၊ဒါဟာ အလွှာ ၂၀ နက်တဲ့ ငရဲပဲ’
လုပ်ကြံသူမှာ အခြေအနေ အလွန်အရေးကြီးကြောင်း သိသွားပြီး တိုက်ရိုက် ဝန်ခံလိုက်လေသည်။
"မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီးပါ"
"မျက်လုံးခုနှစ်လုံးနှင့် သရဲအိုကြီးဆိုတာ ဘယ်သူလဲ"
"ကျွန်တော် မသိဘူး သူ့မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးဘူး ကျွန်တော်... ကျွန်တော် အမှန်အတိုင်း ပြောတာပါ အမှန်... အား"
နောက်ထပ် လက်ချောင်းတစ်ခု ထပ်ချိုးခံလိုက်ရ၏။
လုပ်ကြံသူမှာ လင်ရှောင်စုကို မယုံနိုင်စွာ ကြည့်လိုက်သည်။
တရားမျှတမှုကို ရှာလို့ရရင် သူ သေချာပေါက်ပင် ရှာမှာဖြစ်လေ၏။
‘ငါ ပြောပြီးသားကို ဘာလို့ ထပ်ချိုးရတာလဲ’ တွေးလိုက်မိလေတော့သည်။
"ဆောရီး မထိန်းနိုင်လိုက်ဘူး တစ်ချောင်း ပိုချိုးမိသွားတယ်..."
လင်ရှောင်စုက လက်ကို လွှတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်၏။
ကျိုးမေသည် ဤအချိန်တွင် ရဲစခန်းအဝင်ဝ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘေးတွင် ရှိနေသည်။
အပြင်တွင် ရဲအရာရှိများ မရှိသော်လည်း ကားသုံးစီးလုံးမှာ ရဲများဖြင့် ပြည့်နှက်နေ၏။
မီးများ မဖွင့်ထား
လှုပ်ရှားမှု မရှိ
လူတိုင်းက အလွန်သတိထားနေဟန် ရှိနေကြသည်။
ကျိုးမေ၏ မျက်လုံးများမှာ မှောင်မည်းနေသော ကားအတွင်းတွင် ပြူးကျယ်နေပြီး သူမ၏ ကျောမှာ ချွေးစေးများ ပြန်နေလေသည်။
သူမ အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်သော်လည်း သူမ၏ နှလုံးသားမှာ တုန်လှုပ်နေဆဲပင် ဖြစ်ချေသည်။
ဤအဖွဲ့မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ မည်မျှ ရက်စက်ယုတ်မာကြောင်း၊ နေရာတိုင်းတွင် ထိုးဖောက်နေကြောင်း၊ မကောင်းမှုပေါင်း မြောက်မြားစွာ ကျူးလွန်ထားကြောင်း သူမ သိရှိထားလေသည်။
သို့သော် နှစ်ပေါင်းများစွာ မည်သူမျှ သူတို့ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ကြပေ။
ဘာလို့လဲဆိုတော့ သူတို့က အလွန် လိမ္မာပါးနပ်လွန်းလို့ပင် ဖြစ်ပေ၏။
ရှာတွေ့နိုင်သည့် ခိုင်လုံသော အထောက်အထားများမှာ အမြဲတမ်း အသေးအဖွဲ ရာဇဝတ်မှုများသာ ဖြစ်နေသည်။
သူတို့ ဖမ်းမိခံရသည့်တိုင်အောင် မောက်မာစွာ ယုံကြည်မှု ရှိနေကြဆဲပင် ဖြစ်၏။
သူတို့၏ တကယ့် ကြောက်မက်ဖွယ် ရာဇဝတ်မှုများကိုမူ သေချာစွာ ဝှက်ထားကြပြီး ခိုင်လုံသော အထောက်အထားဖြင့် ဖမ်း၍ မရနိုင်ပေ။
လူတိုင်း ပြောကြသည်မှာ ဤအဖွဲ့၏ နောက်ကွယ်တွင် အလွန်ကြီးမားသည့် ကြိုးကိုင်သူ၊ အလွန် လိမ္မာပြီး အတွေ့အကြုံရှိသော သူတစ်ယောက် ရှိနေသည်ဟု ဆိုကြလေသည်။
လင်ရှောင်စုသည် သူတို့၏ စီမံကိန်းများကို အကြိမ်ကြိမ် ပျက်ပြားစေခဲ့ပြီး စူပါစုံထောက် ဖြစ်သည့် အတွက် သူတို့အဖွဲ့အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နေပေ၏။
ထို့ကြောင့် သူတို့ သူ့ကို အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်ထားကြခြင်းပင် ဖြစ်ပေတော့သည်။
ဒီည လင်ရှောင်စု ကိုယ်တိုင် ထောင်ချောက် ဆင်ထားလိုက်ခြင်းပင်။
မြွေကို တွင်းမှ ထုတ်ရန်ဖြစ်၏။
သို့သော် ထွက်လာမည့်အရာမှာ မြွေလား၊ ဒါမှမဟုတ် အဆိပ်သင့် နဂါးလားဆိုတာ ဘယ်သူမှ မသိနိုင်ပေ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ တစ်ဆယ်ဂရမ်ဆိုလျှင်ပင် သေဒဏ်ဖြစ်ပေသည်။
ထို့ကြောင့် ထိုအလုပ်ကို လုပ်ရဲသူများမှာ သေရဲသတ်ရဲသူများ ဖြစ်ကြ၏။
သူတို့အတွက် ဖမ်းမိခြင်းမှာ သေခြင်းတရားသာ ဖြစ်ပြီး ထိုသို့သောသူများမှာ အလွန် ယုတ်မာကြသည်။
‘အကယ်၍ သူသာ မအောင်မြင်ခဲ့ရင်’
ကျိုးမေ မတွေးရဲပေ။
‘သူက ရဲတစ်ယောက် မဟုတ်ဘူး သူက စုံထောက်တစ်ယောက်သာ ဖြစ်တယ် ဒါက တကယ်တော့ သူ့တာဝန် မဟုတ်ဘူး သူ့အသက်ကို ပေးဆပ်ရမည့် အခြေအနေမျိုး မဖြစ်သင့်ဘူး...’
ထိုအချိန်တွင် သူမ၏ ဖုန်း တုန်ခါလာ၏။
ကျိုးမေ တစ်စက္ကန့်မျှ မတွန့်ဆုတ်ဘဲ ဖုန်းကိုင်လိုက်လေသည်။
ဖုန်းထဲမှ အသံတစ်ခု ထွက်လာပြီး အသံမှာ ပေါ့ပါးပြီး စိတ်အေးလက်အေး ရှိနေပုံရ၏။
"ဒွမ်ကျားကျောင်း ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံ ဘယ်ဘက်ခြမ်း လမ်းကြား"
"သွားကြ"
ကျိုးမေ လက်ကို ဝှေ့ယမ်းလိုက်၏။
ကားသုံးစီး တစ်ပြိုင်တည်း မောင်းထွက်သွားပြီး ငါးမိနစ်အတွင်း ရောက်ရှိသွားတော့သည်။
ကျိုးမေနှင့် ရဲမှူးကြီး ကျန်း လမ်းကြားထဲသို့ ဝင်သွားသောအခါ လင်ရှောင်စုက သူတို့ကို အသာအယာ ပြုံးပြလိုက်သညေ။
"ရဲမှူးကြီးကျန်း၊ ဒီမှာ လုပ်ကြံသူ အသက်ရှင်နေပါသေးတယ် သူ ဒဏ်ရာ ရမရ ဆိုတာတော့ ရဲမှူးကြီးကျန်း သိပ်ပြီး စိတ်ပူမှာ မဟုတ်ဘူး ထင်ပါတယ်..."
ရဲမှူးကြီး ကျန်းသည် အသက်ကို ဝအောင် ရှူလိုက်ပြီး လက်ကို အသာ ဝှေ့ယမ်းလိုက်ရာ ရဲအရာရှိ ခုနစ်ဦး၊ ရှစ်ဦး ဝင်လာကြ၏။
သူက ပြောလိုက်သည်။
"ရှောင်စု မင်းလည်း စခန်းကို လိုက်ခဲ့ရမယ်"
"ရဲမှူးကြီးတို့ အရင်သွားနှင့်ပါ အရာရှိ ကျိုးနဲ့ ကျွန်တော် ခဏနေရင် လိုက်လာခဲ့မယ်"
ကျိုးမေ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွား၏။
အချို့ ရဲအရာရှိများမှာ နည်းနည်း စိတ်ရှုပ်သွားကြသည်။
သို့သော် ရဲမှူးကြီး ကျန်း၏ မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင် တစ်ချက် ပေါ်ထွက်လာသည်။
"ကောင်းပြီ"
လင်ရှောင်စုနှင့် ကျိုးမေတို့ ဘေးချင်းယှဉ်၍ လမ်းလျှောက်သွားကြသည်။
လမ်းကြားမှ ထွက်လာပြီး လမ်းမပေါ်သို့ တက်လိုက်ကြသည်။
ဤခရီးမှာ တော်တော်လေး ဝေး၏။
ငါးမိုင်၊ ခြောက်မိုင်လောက် ရှိပေသည်။
ကျိုးမေမှာ တစ်လမ်းလုံး အလွန် တင်းမာနေ၏။
သူမ သိထားသည်မှာ သူ့နှင့်အတူ ဤလမ်းကို လျှောက်ခြင်းမှာ တင်းမာမှု ပြေလျော့ဖို့ မဟုတ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ တွေးနေကြသလို မဟုတ်ကြောင်းနှင့် သဲလွန်စ ရှာဖို့ပင် ဖြစ်၏။
‘သူက လုပ်ကြံခံလိုက်ရသည့် အရည်အချင်းရှိ စုံထောက်တစ်ယောက် သူ ဘယ်လိုလုပ်ပြီး သဲလွန်စကို မလိုက်ဘဲ နေမှာလဲ ပြီးတော့ သူမကော’
သူမ၏ အခန်းကဏ္ဍမှာ ယခု ကိုယ်ရံတော် ဖြစ်ပေသည်။
နောက်ထပ် လုပ်ကြံမှု တစ်ခု ဖြစ်လာရင် သူတို့ တုံ့ပြန်နိုင်အောင် သူမ သေချာပြင်ဆင်ထားရမည်။
‘သူတို့ သဲလွန်စ ရှာတွေ့နိုင်ပါ့မလား’
သူမ လင်ရှောင်စုအပေါ် အလွန် ယုံကြည်မှု ရှိလေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူက စခန်းက ရဲခွေးတွေထက် ပိုတော်သည့် စူပါ "စုံထောက်ခွေး" ဖြစ်ပြီး သုံးလေးရက်တုန်းက အနံ့ကိုပင် ရှာနိုင်သူ ဖြစ်ချေသည်။
‘အခုဖြစ်သွားတာကို ရှာရတာ ပိုလွယ်မှာပေါ့’
သို့သော် လင်ရှောင်စု၏ အမူအရာမှာ ထူးဆန်းနေလေသည်။
ရှေ့က လမ်းဆုံသို့ ရောက်သောအခါ သူ မြေကြီးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ပြန်လှည့်လာခဲ့သည်။
"သွားရအောင်" ကျိုးမေ လုံးဝ စိတ်အေးသွားသည် -
"သဲလွန်စ မတွေ့ဘူးလား"
"သဲလွန်စ ရှာတာ ပြီးသွားပြီ အခုတော့ အစီရင်ခံစာ ရေးဖို့ မင်းရဲ့စခန်းကို သွားရတော့မယ် ကျွန်တော် ဒီလို လုပ်ထုံးလုပ်နည်းတွေကို တကယ်ပဲ မုန်းတာ..."
ကျိုးမေ စိတ်မသက်မသာ ဖြစ်သွား၏။
‘သူ သဲလွန်စ တွေ့တာလား မတွေ့တာလား အကယ်၍တွေ့ရင် သူတို့က သဲလွန်စနောက်ကို တိုက်ရိုက် လိုက်သွား သင့်တာပေါ့ သူတို့ ဘာမှ မတွေ့ဘူးဆိုတာကတော့ ပုံမှန်ပါပဲ သူ့ရဲ့ အနံ့ခံနိုင်မှု စွမ်းရည်ကို ဖုန်းချန်းတစ်မြို့လုံး သိကြပြီး ဖုန်းချန်းမှာ ပုန်းနေတဲ့ ရာဇဝတ်ကောင်တွေက ပိုပြီး သိကြတယ် ကျွမ်းကျင်မှု လောကမှာ ကျွမ်းကျင်မှု ရှိရင် သူ့ကို ပြန်တန်ပြန်မယ့် နည်းလမ်းရှိနေတယ် ဥပမာ၊ ပြင်းထန်တဲ့ အနံ့တွေက အနံ့ခံမှုကို နှောင့်ယှက်နိုင်တယ် လမ်းပေါ်မှာ ခင်းထားတဲ့ ကတ္တရာစေးအနံ့က ပြင်းတယ် သူမသာ ပူးပေါင်းကြံစည်မှု သီအိုရီကို တွေးမယ်ဆိုရင် ကန်ထရိုက်တာကို ဖမ်းဆီးပြီး စစ်ဆေးဖို့တောင် လိုအပ်မလားလို့’ ဟု တွေးလိုက်မိလေသည်။
လင်ရှောင်စုမှာ သူ လိုအပ်သည့် သဲလွန်စအားလုံးကို စုဆောင်းပြီးသားမှန်း ဘယ်သူမှ မသိကြပေ။
ဒီလမ်းပေါ်မှာပဲ သုံးရက်ကတည်းက သူ ကားတစ်စီးကို မြင်ခဲ့လိုက်ရပြီး ကားထဲမှာ မျက်မှန်တပ် ထားတဲ့ လူတစ်ယောက်က လုပ်ကြံသူကို တာဝန် ပေးနေ၏။
တာဝန်ရဲ့ အကြောင်းအရာကို ခန့်မှန်းနိုင်ပေမဲ့ မျက်မှန်တပ်ထားတဲ့လူ ပြောလိုက်တဲ့ စကားတစ်ခွန်းက လင်ရှောင်စုအတွက် အထူး စိတ်ဝင်စားဖို့ ကောင်းနေလေတော့သည်။
ထိုစကားကတော့ -
"အကယ်၍ မင်းသာ ဖမ်းမိခံလိုက်ရရင် ငါ့နာမည်ကို ထုတ်ဖော်လိုက်"
လုပ်ကြံသူမှာ ဒီစကားကြားပြီးနောက် ကြောင်သွား၏။
တကယ်တော့ စကားလုံးတွေကို နှုတ်ခမ်းဖတ်ပြီး နားလည်လိုက်သည့် လင်ရှောင်စုလည်း ကြောင်သွား လေသည်။
လုပ်ကြံသူကို တာဝန်ပေးရင်း ဖမ်းမိရင် သူ့ကို သစ္စာဖောက်ခိုင်းတဲ့ ကြိုးကိုင်သူမျိုးကို သင် စိတ်ကူးကြည့်လို့ ရနိုင်ပါ့မလား ဖြေရှင်းရမည့် ပဟေဠိများစွာ ကျန်ရှိနေပေ၏။
ရဲမှူးကြီး ကျန်းရဲ့ ရုံးခန်းထဲမှာသာ သူ တကယ် အမှုကို အဆုံးသတ်နိုင်လိမ့်မယ် ထင်မိလိုက်သည်။
သူတို့ ဖုန်းချန်း ရဲစခန်းသို့ ပြန်ရောက်သွားကြ၏။
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဆောက်အအုံထဲ ဝင်သွားလိုက်ပြီး အပေါ်ဆုံးထပ်၊ ခုနစ်လွှာကို ဓာတ်လှေကားနဲ့ တန်းတက်သွားကြ၏။
ခုနစ်လွှာရှိ သီးသန့် အစည်းအဝေးခန်းထဲမှာ ရဲမှူးကြီး ကျန်းနှင့် ရဲတပ်သားအသစ်လေးရှောင်စွန်းတို့ သူတို့ကို စောင့်နေကြ၏။
လင်ရှောင်စု ရောက်တာနဲ့ ရဲမှူးကြီး ကျန်းက သူ့ကို တစ်ဖက်မှာ ထိုင်ဖို့ အချက်ပြလိုက်သည်။
"ရှောင်စု လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြရအောင် ဒီည ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပါဦး"
"ဟုတ်ကဲ့"
လင်ရှောင်စုက အသေးစိတ် အချက်အလက်အားလုံးကို ချပြလိုက်သည်။
ကျိုးမေကတော့ လုပ်ကြံသတ်ဖြတ်သူတွေ၏ စောင့်ကြည့်ခြင်းကို သတိထားဖို့ အစောကတည်းက သတိပေးထားပြီး လင်ရှောင်စုလည်း အလေးအနက် ထားလိုက်သည်။
မကြာသေးမီက သူ အလွန် အလုပ်များနေပြီး ဒီသတင်းကို ဖွင့်ပြောဖို့ အဆင်မပြေလို့ တစ်ယောက်တည်း အပြင်မထွက်အောင် ဂရုစိုက်နေခဲ့ခြင်းဖြစ်ပြီး ဒီနေ့တော့ သူ ကိုယ်တိုင် အစာအဖြစ် အသုံးပြုပြီး လုပ်ကြံသူတွေကို တွင်းထဲ ထည့်လိုက်ခြင်းဖြစ်ကာ သူ ဒီကိစ္စတွေကို ကျိုးမေကို ကြိုတင် အသိပေးထားပြီး ကျိုးမေက ရဲမှူးကြီး ကျန်းကို အစီရင်ခံခဲ့တဲ့အတွက်ကြောင့် ရဲတွေ အမြန်ဆုံး တုံ့ပြန်နိုင်ခဲ့တာပဲ ဖြစ်သည်ဟု ပြန်လည်ရှင်းပြလိုက်လေသည်။
လုပ်ကြံသတ်ဖြတ်ဖို့လာတဲ့ လူနှစ်ယောက်ရဲ့ ရည်ရွယ်ချက်က အလွန် ရိုးရှင်းနေသည်။ လုပ်ကြံ သတ်ဖြတ်ရန်ကြံစည်ခြင်းပင်ဖြစ်၏။ စကားများမနေဘဲ ချက်ချင်း လုပ်ဆောင်ခဲ့ကြလေသည်။ ဒါပေမဲ့ လင်ရှောင်စုက ကြိုတင် ပြင်ဆင်ထားပြီး သူတို့ကို နေရာမှာတင် ရိုက်ချလိုက်ခြင်းပင်။
“အဲဒါကတော့ အခြေအနေပါပဲ”
ရှောင်စွန်းက အလျင်အမြန်နှင့် သေချာစွာ မှတ်တမ်းတင်လိုက်၏။
ရဲမှူးကြီး ကျန်းက ခေါင်းအသာ ညိတ်လိုက်သည်။
"ကောင်းပြီ အစီရင်ခံစာ ပြီးပြီ ရှောင်စွန်း လက်ဖက်ရည် နှစ်ခွက် ယူခဲ့"
ရှောင်စွန်းက ဘောပင်နဲ့ မှတ်စုစာအုပ်ကို ချပြီး လက်ဖက်ရည်ခွက် နှစ်ခွက် ယူလာပေးလေသည်။
ရဲမှူးကြီး ကျန်းက လက်ဖက်ရည်ခွက်ကို ကိုယ်တိုင် ကောက်ကိုင်ပြီး လင်ရှောင်စုကို တစ်ခွက် ပေးလိုက်၏။
သူ့မျက်နှာမှာ ဖြည်းဖြည်းချင်း အပြုံးတစ်ခု ပေါ်လာလေသည်။
"ရှောင်စု မင်း ငါ့ကို အကြိမ်ကြိမ် ကူညီခဲ့တယ် ဒီနေ့မှပဲ ဝိုင်အစား လက်ဖက်ရည်နဲ့ မင်းကို ဂုဏ်ပြုဖို့ အချိန်ရတော့တယ် ပြီးတော့ စကားလည်း နည်းနည်း ပြောကြရအောင်"
ဘေးနားက ကျိုးမေနှင့် ရှောင်စွန်းတို့ နှစ်ယောက်လုံး ပြုံးလိုက်ကြမိသည်။
အခုနကတော့ တရားဝင် လုပ်ထုံးလုပ်နည်း ထွက်ဆိုချက် မှတ်တမ်းတင်တာမို့ အလေးအနက် အလုပ် လုပ်ခြင်းပင် ဖြစ်ပေ၏။
အခုတော့ အလေးအနက်ထားသော အလုပ် ပြီးသွားပြီမို့ သာမန် စကားပြောဖို့ အချိန်တန်ပြီ။
လင်ရှောင်စုလည်း ပြုံးလိုက်၏။
"ရဲမှူးကြီးကျန်း စကားပြောချင်တာ ကောင်းတာပေါ့ ကျွန်တော်လည်း မေးချင်တာ ရှိတယ်... အဲဒီ လုပ်ကြံသူ နှစ်ယောက် ဝန်ခံသွားပြီလား"
"သူတို့ တချို့တော့ ဝန်ခံတယ် ဒါပေမဲ့..."