အခန်း (၃၈) - ဟူယား၏ လွတ်မြောက်လာခြင်း
ရှေးဟောင်းသိုင်းပညာရှင်တို့တွင် အခြားလမ်းကြောင်းမျိုး မရှိခဲ့သော်လည်း လင်ရှောင်စုကမူ ထူးဆန်းသော စွမ်းအင်လမ်းကြောင်းကို လေ့ကျင့်လိုက်သည့်အခါ ဒုတိယလမ်းကြောင်းတစ်ခု ပေါ်ထွက် လာခဲ့သည်။
လင်ရှောင်စုက စွမ်းအင်ကို အကြိမ်အနည်းငယ် လှည့်ပတ်လိုက်သောအခါ ထူးခြားသော စွမ်းအား နယ်ပယ်တစ်ခု ပေါ်ပေါက်လာပြီး သူ၏ အစွမ်းမှာ တဟုန်ထိုး တိုးတက်လာခဲ့၏။
"ဒါကတော့ တကယ့်ကို ထူးခြားတဲ့ စွမ်းအားပဲ"
သူ တွေးမိလိုက်လေသည်။
အမှန်စင်စစ် ဤအချိန်တွင် ဤစွမ်းရည်များကို အလွန်အကျွံ အသုံးမပြုသင့်သေးကြောင်း သူသိပေ၏။
သူသည် သူ၏ စွမ်းအားများကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ညာလက်တွင် စွမ်းအင်လမ်းကြောင်းသစ် တစ်ခုကို ဖန်တီးလိုက်သည်။
ငွေရောင်ငါးကလေး၏ လမ်းညွှန်မှုဖြင့် သူ၏ လက်ခလယ်တွင် စွမ်းအင်များ စုစည်းလာ၏။
ကောင်းကင်တာအို ညာဏ်ပညာမျက်လုံးဖြင့် ကြည့်လိုက်သောအခါ လက်ခလယ်တွင် အလင်းရောင်များ တောက်ပနေပေသည်။
သူသည် လက်ခလယ်ကို နံရံဆီသို့ ညွှန်လိုက်ပြီး အစွမ်းကို ထုတ်လွှတ်လိုက်ရာ နံရံပေါ်တွင် အပေါက်ငယ်တစ်ခု ပေါ်လာပြီး သူ၏ လက်ချောင်းမှာမူ ပုံမှန်အတိုင်းပင် ရှိနေသေး၏။
လင်ရှောင်စု၏ နှလုံးသားမှာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပေသည်။
ဤစွမ်းအားသည် သိုင်းလောကတွင် မည်သို့သော အမည်ရှိမည်နည်း။
ဤသည်မှာ "ပြန်လည်နုပျိုခြင်းပညာ"၏ စွမ်းအားပင် ဖြစ်ပေသည်။ ၎င်းသည် ခန့်မှန်းမရနိုင်သော နတ်ဘုရားစွမ်းရည်များကို ဖွင့်လှစ်ပေးနိုင်လေသည်။
ငွေရောင်ငါးကလေး၏ ကျေးဇူးကြောင့် သူသည် စွမ်းအင်လမ်းကြောင်းများကို ချက်ချင်း ဖန်တီးနိုင်ခြင်း ဖြစ်၏။
နောက်တစ်နေ့တွင်မူ မြူနှင်းများကြားမှ မိုးရွာသွန်းနေဆဲပင်။
ဖုန်းချန်း စုံထောက်ရုံးတွင်မူ သေးငယ်သော အမှုအခင်းအချို့ကိုသာ ကိုင်တွယ်ရင်း အေးချမ်းစွာ ရှိနေလေသည်။
သို့သော် တောင်ဘက်ဝေးဝေးတွင်မူ ပင်လယ်ပြင်သည် လှုပ်ခတ်နေ၏။
ကျွန်းတစ်ကျွန်းပေါ်ရှိ တောအုပ်ကြီးအောက်တွင် ခေတ်မီစက်မှု အခြေစိုက်စခန်းတစ်ခု ရှိနေ၏။
ကြီးမားသော စက်ကိရိယာများ လည်ပတ်နေပြီး အလယ်တွင် သတ္တု အခန်းငယ်တစ်ခုလည်း ရှိပေသည်။
ထိုအထဲတွင် အမျိုးသမီးတစ်ဦး မျက်လုံးများ ပွင့်လာသည်။
သူမကား လီဒုန်ဒုန် ဖြစ်ပြီး လင်ရှောင်စုက သူမကို "ဟူယား"ဟု ခေါ်ဆိုပေ၏။
တစ်လကြာ နက်ရှိုင်းစွာ အိပ်ပျော်နေရာမှ ယခုမှ နိုးထလာခြင်းပင် ဖြစ်လေတော့သည်။
သတ္တုအခန်းငယ်ထဲတွင် ဖန်သားပြင်တစ်ခု ပေါ်လာပြီး ဆံပင်ဖြူဖြူနှင့် နတ်သမီးကဲ့သို့ အမျိုးသမီး တစ်ဦး ပေါ်လာသည်။
ဟူယား မေးလိုက်သည်။
"ငါ ဘယ်ရောက်နေတာလဲ"
"ဒါကရှန်လုံ စခန်းအမှတ် ၃၂ ပဲ" ဆံပင်ဖြူအမျိုးသမီးက ပြောသည်။
"ကျွန်းကနေ ထွက်သွားလိုက်ပါ မင်းအတွက် စောင့်နေတဲ့ လှေတစ်စင်း ရှိတယ်"
"ကောင်းပြီ အခန်းတံခါးကို ဖွင့်ပေးပါ"
"ကျွန်းက ထွက်ဖို့ဆိုရင် အကျဉ်းခန်းထဲက အရင် ထွက်နိုင်ရမယ် ဒီအကျဉ်းခန်းတောင် မဖွင့်နိုင်ရင် ကျွန်းက ထွက်ဖို့ စိတ်ကူးမယဉ်နဲ့"
"အကျဉ်းခန်းလား အတွင်းကနေ ဖွင့်ရမှာလား"
ဟူယားသည် သတ္တုနံရံကို ကြည့်လိုက်ပြီး မေးလိုက်ကာ အားအင်အပြည့်ဖြင့် ကန်လိုက်၏။
သို့သော် နံရံမှာ အနည်းငယ်မျှ ပျက်စီးခြင်း မရှိပေ။
ဆံပင်ဖြူအမျိုးသမီးက လှောင်ပြောင်လိုက်လေသည်။
"မင်းရဲ့ အားနဲ့တင် ဒီနံရံကို မဖွင့်နိုင်ဘူး"
ဟူယား၏ လက်သီးဆုပ်များမှာ လေးလံလာပြီး ဆံပင်များမှာ လေမရှိဘဲ လွင့်မျောနေ၏။
"ဘုန်း"
အသံမြည်သွားသည်။
သတ္တုနံရံပေါ်တွင် လက်သီးရာ ထင်သွား၏။
"ဘုန်း"
ဒုတိယမြောက် လက်သီးချက်ကြောင့် အကျဉ်းခန်း၏ လျှပ်စီးပတ်လမ်းများ ပျက်စီးသွားသည်။
အကျဉ်းခန်းမှာ အမှောင်ဖုံးသွား၏။
ဆံပင်ဖြူအမျိုးသမီး၏ မျက်နှာပျက်သွားပြီး အော်ဟစ်သတိပေးလိုက်မိလေသည်။
" ၅ မိနစ်အတွင်း အတင်းဖောက်ထွက်ရမယ် မဟုတ်ရင် အောက်ဆီဂျင် ပြတ်ပြီး သေသွားလိမ့်မယ်"
သို့သော် ဟူယားသည် ကြီးမားသော အားဖြင့် နံရံကို ဖောက်ထွက်လိုက်နိုင်လေသည်။
သူမသည် စမ်းသပ်ခန်းထဲသို့ ရောက်ရှိလာပြီး ဆံပင်ဖြူအမျိုးသမီးနှင့် အဘိုးအိုတစ်ဦးမှာ အံ့အားသင့်စွာ ကြည့်နေကြ၏။
"စစ်မြေပြင်ဟိုလိုဂရမ်ကို တည်ဆောက်လိုက် သူ ဘယ်လောက်အထိ ရောက်နိုင်မလဲ ကြည့်ရအောင်"
ပြင်ပတွင် တောအုပ်တစ်ခု ပေါ်လာလေသည်။
ဟူယား ရှေ့သို့ လှမ်းလိုက်သောအခါ ကျားတစ်ကောင် ပြေးဝင်လာ၏။
"ဒါက ထိန်းသိမ်းထားရမဲ့ တိရစ္ဆာန်လေ ငါ မသတ်ရက်ဘူး..."
ဟူယားက ပြောလိုက်သည်။
"ဒါက စမ်းသပ်မှုတစ်ခုပဲ မြင်သမျှအရာတိုင်းကို သတ်ရမယ် မသတ်ရင် မင်းပဲ အသတ်ခံရလိမ့်မယ် ပြီးရင် နောက်ထပ် တစ်နှစ်လောက် အကျဉ်းကျရလိမ့်မယ်"
ဆံပင်ဖြူအမျိုးသမီးက အော်ပြောလိုက်သည်။
"ဒါဆိုလည်း ပြောပါရောလား..."
ဟူယားလည်း ကန်ချက်တစ်ခုတည်းဖြင့် ကျားကို လွင့်စဉ် သွားစေလိုက်သည်။
ထို့နောက် ဧရာမ မြွေကြီးများ၊ ဒိုင်နိုဆောများ၊ ရှေးဟောင်းသတ္တဝါများ ပေါ်ထွက်လာပြီး ဟူယားသည် ဤစမ်းသပ်မှုတွင် စိတ်လှုပ်ရှားစွာဖြင့် တိုက်ခိုက်နေလေသည်။
ဖုန်းချန်းမြို့တွင်မူ လင်ရှောင်စုသည် တည်ငြိမ်စွာပင် နေထိုင်လျှက်ရှိနေပေ၏။ စုံထောက်ရုံးဖွင့်သည်မှာ တစ်လခွဲရှိပြီ ဖြစ်ချေသည်။
ဝင်ငွေမှာ ၇၃၀၀၀ ယွမ် ရှိပြီး အမြတ်ငွေမှာ ၆၀၀၀၀ပင် ရှိလေ၏။
မြောင်ရိုလန်မှာ သူမ၏ တစ်နှစ်စာ လစာကို တစ်လအတွင်း ရရှိသဖြင့် အလွန်ပျော်ရွှင်နေလေသည်။
လင်ရှောင်စုမှာမူ စာကြည့်တိုက်တွင် စာဖတ်နေ၏။
သူသည် ပထဝီဝင်၊ နက္ခတ္တဗေဒ၊ သမိုင်း စသည့် စာအုပ်ပေါင်းများစွာကို ဖတ်ပြီးဖြစ်သည်။ သူသည် နေရောင်ခြည်ကို ကြည့်ပြီး မိမိ၏ ပထဝီဝင် တည်နေရာကို တွက်ချက်ကြည့်ရာ လက်ကိုင်ဖုန်းဖြင့် တိုင်းတာချက်နှင့် အနည်းငယ်မျှသာ ကွာခြားသည်ကို တွေ့လိုက်ရသည်။
လင်ရှောင်စု ပြုံးလိုက်ပြီး ရေရွတ်လိုက်မိလေသည်။
"ချန်ယဲ့ရေ ခေတ်မီကိရိယာ မရှိဘဲ တည်နေရာကို မသိနိုင်ဘူးလို့ ပြောရဲသေးလား"
ဖုန်းမြည်သံ ထွက်ပေါ်လာ၏။
မြောင်ရိုလန်ထံမှပင် ဖြစ်လေသည်။
အလုပ်ရောက်ရှိလာခဲ့ပြီဖြစ်ပေ၏။
သူ စာအုပ်ကို စင်ပေါ်သို့ တင်လိုက်စဉ် စာကြည့်တိုက် ထောင့်တစ်နေရာမှ မိန်းကလေးတစ်ဦးက သူ့ကို ကြည့်နေသည်ကို သတိထားမိလိုက်သည်။
ထိုမိန်းကလေးမှာ အလွန်လှပပြီး စာပေနံ့သင်းသည့် မျက်လုံးများ ပိုင်ရှင်ဖြစ်သည်။
သူမသည် ဒဿနိကဗေဒ စာအုပ်များကိုသာ ဖတ်လေ့ရှိသည်။
လှပခြင်းနှင့် ဒဿနိကဗေဒ—ဤစကားလုံးနှစ်ခုသည် မဆီလျော်သလို ထင်ရသော်လည်း သူမအတွက်မူ လိုက်ဖက်နေပေတော့သည်။