အခန်း (၃၇) - လူပေါ်မူတည်၍ ကွဲပြားသော ဆက်ဆံပုံ
"စုံထောက်လင်... စုံထောက်လင် ရှိပါသလား"
အမျိုးသမီးတစ်ဦးက အော်ခေါ်လိုက်သည်။
လင်ရှောင်စု ဒုတိယထပ်မှ ဆင်းလာပြီး မေးမြန်းလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"ဒုန်း"
အသံမြည်အောင် အမျိုးသမီးမှာ ဒူးထောက်ကျသွားပြီး တောင်းပန်လိုက်လေသည်။
"စုံထောက်လင်ရေ ကျေးဇူးပြုပြီး ကျွန်မသားလေးကို ရှာပေးပါ ကျွန်မသား ပျောက်သွားလို့ပါ..."
"အစ်မရေ ထပါဦး"
လင်ရှောင်စုက ရုတ်တရက် ရှေ့သို့တိုးကာ သူမ၏ ပခုံးကို ဆွဲမလိုက်သည်။
အမျိုးသမီးမှာ မျက်ရည်များ ကျဆင်းလျက်
"ကျွန်မသားက မနေ့ညက အိမ်မပြန်လာဘူး သူ့အဖွားအိမ် သွားနေတယ် ထင်တာ အမေ့ကို ဖုန်းဆက်မေးမှ မရောက်ဘူးဆိုတာ သိရတာ မနေ့ညကတည်းက ရဲစခန်းမှာ တိုင်ထားပေမယ့် တစ်ညလုံး ရှာမတွေ့ဘူး... စုံထောက်လင်က လူရှာတဲ့နေရာမှာ အတော်ဆုံးလို့ ကြားလို့ အလောတကြီး လာခဲ့တာပါ စုံထောက်လင်ရေ ကျေးဇူးပြုပြီး ကူညီပေးပါ ခင်ဗျားရဲ့ အခကြေးငွေကို သိပါတယ် ကိစ္စမရှိပါဘူး ကျွန်မ ပေးပါမယ် ဒီမှာ စပေါ်ငွေ ယွမ် ၁၀၀၀၀ ပါ..."
မြောင်ရိုလန်မှာ တံခါးဝ၌ ကြောင်အမ်းအမ်းဖြင့် ရပ်နေ၏။
ဒီတစ်ခါတော့ တကယ့်ကို ကလေးတစ်ယောက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
‘ဒီလို မိုးရွာနေတဲ့နေ့မှာ ရှာတွေ့နိုင်ပါ့မလား ရဲတွေတောင် တစ်ညလုံး ရှာမတွေ့ခဲ့တာကို...’
"ငွေကို အခုလောလောဆယ် သိမ်းထားလိုက်ပါ"
လင်ရှောင်စုက ပြောလိုက်သည်။
"ခင်ဗျားသားရဲ့ ဓာတ်ပုံတစ်ပုံလောက် ပြပါဦး"
အမျိုးသမီးမှာ ငွေများကို အိတ်ထဲသို့ အလျင်အမြန် ထိုးထည့်ကာ ဖုန်းထဲမှ သားဖြစ်သူ၏ ဓာတ်ပုံကို ပြလိုက်၏။
ကလေးမှာ ၁၀ နှစ်အရွယ်လောက်ရှိပြီး ပိန်ပါးပြီး ဓာတ်ပုံထဲတွင် သူငယ်ချင်းများနှင့်အတူ ရှိနေ သော်လည်း သူကတော့ ထောင့်တစ်နေရာတွင် လက်ကိုကိုက်ကာ သူငယ်ချင်းများကို ငေးကြည့် နေလေသည်။ အဝတ်အစားများမှာလည်း ဟောင်းနွမ်းနေ၏။
"သူ ကျောင်းက ထွက်လာပြီးပြီးချင်း ပျောက်သွားတာလား"
"ဟုတ်ပါတယ်"
"မနေ့က သူ ကျောင်းမသွားခင် တစ်ခုခု ထူးထူးခြားခြား ဖြစ်ခဲ့သေးလား"
"မနေ့က သူ ကျောင်းယူနီဖောင်း အသစ်ဝယ်ဖို့ ယွမ် ၂၇၀ တောင်းတယ် ကျွန်မမှာ လက်ထဲ ပိုက်ဆံမရှိလို့ သူ့ကို နည်းနည်း ဆူမိလိုက်တယ် ဒီအဝတ်အစားဟောင်း ဝတ်လို့ ရပါလျက်နဲ့ ဘာလို့ အသစ်ကိုမှ လိုချင်ရတာလဲလို့ ပြောမိတာ... သူ ငိုပြီး ကျောင်းသွားတာပါ..."
မြောင်ရိုလန်၏ ရင်ထဲတွင် တုန်လှုပ်သွားလေ၏။
‘ကလေးက စိတ်ဆိုးပြီး တစ်ခုခု လုပ်မိတော့မလား’ ဟူ၍ တွေးလိုက်မိလေတော့သည်။
"ကျောင်းရှေ့ကို ခေါ်သွားပေးပါ"
ဖုန်းချန်း ဒုတိယမူလတန်းကျောင်းရှေ့တွင် လင်ရှောင်စုသည် မနေ့က ကလေးသွားခဲ့သော လမ်းကြောင်းကို ခြေရာခံလိုက်၏။
ကလေးသည် ယီဟဲမြစ်ကမ်းဘေးသို့ တစ်ယောက်တည်း သွားခဲ့လေသည်။ မြစ်ကမ်းဘေးမှာ ပြုပြင် ထားသော်လည်း အမှောင်ဘက်ခြမ်းများ ရှိနေသေးသည်။
"သူ ဒီနေရာကို ရောက်လာတာလား ဒါက အမေ့အိမ်သွားတဲ့ ဖြတ်လမ်းပါ..."
မိခင်ဖြစ်သူမှာ ကြောက်ရွံ့မှုနှင့် အတူ နှလုံးကြေကွဲနေ၏။
ကလေးက မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး မြစ်ထဲ ခုန်ချသွားမည်ကို သူမ အလွန်ကြောက် နေမိသည်။
ရုတ်တရက် လင်ရှောင်စု ရှေ့တွင် ရပ်တန့်သွားပြီး မြက်ပင်များ ဖုံးလွှမ်းနေသော မြောင်းနက်တစ်ခုကို ကြည့်လိုက်သည်။
မြက်ပင်များအောက်တွင် ကလေးတစ်ယောက် ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
မြောင်ရိုလန်၏ နှလုံးသားမှာ မြန်ဆန်စွာခုန်လာတော့သည်။
"သူ ဒီမှာ"
မြောင်ရိုလန် မြောင်းထဲသို့ ခုန်ဆင်းသွား၏။
လင်ရှောင်စုလည်း ခုန်ဆင်းသွားပြီး ကလေး၏ ခြေထောက်ကို စမ်းကြည့်လိုက်ရာ ခြေသလုံးမှာ နီရဲပြီး ပူနေလေသည်။
"မြွေကိုက်ခံထားရတာ"
လင်ရှောင်စုက အော်ပြောသည်။
"ချက်ချင်း ဆေးရုံပို့ရမယ်"
မြောင်ရိုလန်က ကလေးကို ပွေ့ချီကာ မြောင်းထဲမှ အလျင်အမြန် ခုန်တက်လာ၏ေ။
လင်ရှောင်စုက အောက်တွင် ကျန်ရစ်နေသော မိခင်ကို ဆွဲတင်လိုလေသည်။
ဆေးရုံ အရေးပေါ်ခန်းတွင် ဆရာဝန်က ၁၀ မိနစ်ခန့်အကြာတွင် ပြုံးလျက် ထွက်လာသည်။
"ကံကောင်းလို့ စောစော ရောက်လာတာ နောက်ထပ် မိနစ် ၃၀ လောက် နောက်ကျရင်တော့ ကယ်လို့ မရတော့ဘူး"
"သားလေး... သားလေး... ဘာမှ မဖြစ်ဘူးမလား"
မိခင်မှာ တုန်လှုပ်နေလေတော့သည်။
"စိတ်မပူပါနဲ့ မြွေဆိပ်မိပြီး အအေးမိ အငတ်ခံထားရလို့ မေ့လဲသွားတာပါ အဆိပ်ဖြေဆေး ထိုးပေး ထားလို့ သတိပြန်ရလာပါပြီ..."
မိခင်ဖြစ်သူမှာ အရေးပေါ်ခန်းသို့ ပြေးသွားရန် ပြင်ဆင်ပြီးမှ လင်ရှောင်စုရှေ့သို့ ပြန်လာပြီး ဒူးထောက်ကာ ပိုက်ဆံ ၁၀၀၀၀ ကို ကမ်းပေးလိုက်၏။
"စုံထောက်လင် ကျွန်မသားအသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ကျန်တဲ့ ၂၀၀၀၀ ကိုတော့ ကျွန်မ မနက်ဖြန် စုံထောက်ရုံးကို လာပို့ပေးပါ့မယ်"
ဆရာဝန်များနှင့် သူနာပြုများမှာ "စုံထောက်" ဟူသော စကားလုံးကို ကြားပြီး အံ့အားသင့်နေကြ၏။
"ပိုက်ဆံ မလိုပါဘူး၊ ကူညီပေးရုံပါပဲ..."
လင်ရှောင်စုက သူမကို ထူမလိုက်ပြီး ပိုက်ဆံများကို အိတ်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ ထွက်ခွာ သွားတော့သည်။
နေဝင်ချိန်တွင် ယီဟဲမြစ်သည် တောက်ပနေသည်။
အင်တာနက်ဆိုင်အပြင်ဘက်တွင် ကျိုးမေ ရောက်ရှိ လာပြီး သူမက စုံထောက်ရုံးထဲသို့ ဝင်လာပြီး မြောင်ရိုလန်ပေးသော လက်ဖက်ရည်ကို သောက်ရင်း လင်ရှောင်စုကို ကြည့်ကာ ပြုံးလိုက်လေသည်။
"နှစ်ရက်ပဲ ရှိသေးတယ် မင်းရဲ့ အခကြေးငွေနဲ့ ပတ်သက်ပြီး အသံမျိုးစုံ ကြားနေရတယ်"
"ဟုတ်လား"
လင်ရှောင်စု စာအုပ်ကို ပိတ်လိုက်သည်။
"မနေ့က တစ်ယောက်ကခွေးလေးကို ရှာခိုင်းတော့ ၃၀၀၀၀ တောင်းပြီး အနိုင်ယူတယ် ဒီနေ့ တစ်ယောက်က တကယ့်သားကို ရှာခိုင်းတော့ ပိုက်ဆံလက်ခံမယ့်အချိန်မှာ အလကား လုပ်ပေး လိုက်တယ်"
ကျိုးမေက ထပ်ပြောလိုက်လေသည်။
"မင်းရဲ့ ဈေးနှုန်းမူဝါဒက စိတ်ကူးပေါက်ရာ လုပ်နေတာလား"
လင်ရှောင်စု သက်ပြင်းချကာ
"ကျွန်တော်က အလကား လုပ်ပေးချင်လို့လား ကလေးယူနီဖောင်းဖိုးတောင် မတတ်နိုင်တဲ့သူကို ကျွန်တော် ဘယ်လိုလုပ် ပိုက်ဆံ ထပ်တောင်းရက်မှာလဲ"
"သိက္ခာရှိတဲ့သူမို့လို့ စိတ်ကောင်း ရှိသေးတာပေါ့"
ကျိုးမေက မျက်စိမှိတ်ပြကာ ပြောလိုက်ပြန်၏။
"မင်းကို အကူအညီတောင်းရင် ပိုက်ဆံ ပေးစရာ မလိုတော့ဘူးပေါ့လေ လိုင်စင်ကအစ အိမ်ငှားပေး တာအထိ ငါ့အကူအညီနဲ့ ရထားတာမို့လို့..."
လင်ရှောင်စု၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
"အဲလို မလုပ်နဲ့ ကိစ္စတွေက တစ်ခုနဲ့တစ်ခု မတူဘူး နောင်တစ်ချိန် ခင်ဗျား အမှုတစ်ခုခု လာအပ်ရင် အစိုးရခေါင်းဆောင်တွေရဲ့ အစဉ်အလာအတိုင်း ၁၀၀၀၀ က စပြီး တောင်းမှာနော်"
"စိတ်နှလုံးသား မရှိတဲ့ကောင်"
ကျိုးမေက ဆူလိုက်သည်။
သူတို့၏ စကားများ ဆက်ပြောနေကြသည်ကိုကြည့်၍ မြောင်ရိုလန်က သူတို့ကို ကြည့်ပြီး ပြုံးနေ၏။
ကျိုးမေက သူမကို ကြည့်ပြီး မေးလိုက်သည်။
"မရယ်နဲ့ သူ ဒီလိုလုပ်နေတာ မင်းအတွက် အခက်တွေ့လိမ့်မယ် အမှုတစ်ခုခု လာအပ်ရင် ဘယ်လိုဈေး သတ်မှတ်မှာလဲ"
"မဟုတ်ဘူး ကျွန်တော်က မြောင်ရိုလန်ကို လွတ်လပ်ခွင့် ပေးထားတာပါ နောင်တစ်ချိန် အမှုလက်ခံရင် မြောင်ရိုလန် မင်းပဲ ဈေးသတ်မှတ် ကြိုက်တဲ့သူဆိုရင် အလကား လုပ်ပေး မကြိုက်တဲ့သူဆိုရင် အများကြီး တောင်းလိုက်"
မြောင်ရိုလန် အံ့အားသင့်သွား၏။
"တကယ်ပဲ ရပါ့မလား ကျွန်မက အရမ်းရိုးလို့..."
ညနက်အထိ စကားပြောပြီးနောက် ကျိုးမေ ထွက်ခွာသွားသည်။
ကားပေါ်မတက်ခင် လင်ရှောင်စုကို နားနားကပ်ပြီး တိုးတိုးလေး သတိပေးလိုက်လေသည်။ သူမ၏ ကိုယ်သင်းရနံလေးမှာ မွှေးပျံနေပေ၏။
"သတိထားပါ၊ မင်းကို တစ်စုံတစ်ယောက်က လိုက်လံ စောင့်ကြည့်နေတယ်"
ညဉ့်နက်ပြီးနောက်
အပေါ်ထပ်တွင် မြောင်ရိုလန်က
"ကျိုးမေ ပြောတဲ့ စကားက ဘာကို ဆိုလိုတာလဲ"
"မူးယစ်ဆေး ရောင်းတဲ့သူတွေနဲ့ သူတို့နောက်ကွယ်က လူတွေအကြောင်း ပြောတာ ဖြစ်မှာပါ"
"ဟောင်စန် ဆိုတဲ့သူကို ရဲတွေ ဖမ်းမိပြီးနောက် နောက်ထပ် ၆ ယောက် ထပ်မိတယ် ဖုန်းချန်းလို နေရာမျိုးမှာ ဒီလောက်ကြီးမားတဲ့ မူးယစ်ဂိုဏ်း ရှိမယ်လို့ မထင်ခဲ့ဘူး"
"ဖုန်းချန်းက သေးပေမယ့် မြစ်သုံးသွယ်ဆုံတဲ့ နေရာလေ"
လင်ရှောင်စုက ပြောလိုက်လေသည်။
"ကျွန်မတို့ ပါဝင်ရမလား"
မြောင်ရိုလန် မေးလိုက်မိသည်။
"ဒီလို ညစ်ပတ်တဲ့ အဖွဲ့အစည်းနဲ့ ဘယ်သူက ပါဝင်ချင်မှာလဲ ဒါပေမဲ့ လေက တိုက်နေရင် သစ်ပင်က လှုပ်မှာပဲ သူတို့က ကျွန်တော်တို့ကို ဆူးလို မြင်နေကြပြီ ဒီအကျိတ်ကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီ"
"ကောင်းပြီ ဘာလုပ်ရမလဲ"
"လောလောဆယ်တော့ ပုံမှန်အတိုင်းပဲ အလုပ်လုပ် အခွင့်အရေးကို စောင့်"
လင်ရှောင်စု ထိုင်ကာ တရားမှတ်လိုက်ပြီး အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်လိုက်သည်။
ဤသိုင်းပညာမှာ ပုံမှန်သိုင်းပညာနှင့် မတူဘဲ စွမ်းအင်လမ်းကြောင်းမှာ မသေချာပေ။
နေ့စဉ် စမ်းသပ်မှုအသစ်များ လုပ်ရ၏။
လင်ရှောင်စု တစ်ခါက စမ်းခဲ့ဖူးသည့် လမ်းကြောင်းတစ်ခုရှိသည်။
ဒါဟာ သိုင်းပညာရှင်တစ်ဦး၏ ပထမဆုံး စမ်းသပ်မှုပင် ဖြစ်လေတော့သည်။