အခန်း (၃၆) - မိနစ် ၃၀ အတွက် ယွမ် ၃၀၀၀၀
မြောင်ရိုလန် အံ့အားသင့်သွား၏။
"၅၀၀၀ က မလုံလောက်ဘူးလား"
မစ္စက်ဆုန်က ချက်ချင်းပင် ခုန်ထလာပြီး အော်ဟစ်ပြောဆိုလိုက်လေ၏။
"၅၀၀၀ က မလုံလောက်ဘူး ၅၀၀၀ နဲ့ ခွေးတစ်ကောင် ဝယ်လို့ရတယ်"
"အဲဒီလို မပြောပါနဲ့ မစ္စက် ကျွန်တော် ခင်ဗျားစကားကို လက်မခံနိုင်ဘူး"
"ခင်ဗျား ရှာခိုင်းနေတာ ရိုးရိုးခွေးတစ်ကောင်လား အဲဒါ ခင်ဗျားရဲ့ ကလေးလေ ကြည့်လိုက်တာနဲ့တင် မစ္စက်က ချမ်းသာကြွယ်ဝမှန်း သိသာတယ် ခင်ဗျားရဲ့ ကလေးက ၅၀၀၀ ယွမ်ပဲ တန်တာလား"
ဒါဟာ သူ့စကားနဲ့သူ ပြန်ချည်နှောင်လိုက်ခြင်းပင် ဖြစ်ချေသည်။
မြောင်ရိုလန် သွားဖုံးများပင် စပ်လာသလို ခံစားလိုက်ရ၏။
မစ္စက်ဆုန် စကားပင် မထွက်နိုင်တော့ဘဲ မေးလိုက်တော့သည်။
"ဒါဆို ဘယ်လောက် လိုချင်တာလဲ"
"၃၀၀၀၀"
"၃၀၀၀၀ ဟုတ်လား"
မစ္စက်ဆုန် ခုန်တက်မတတ် ဖြစ်သွား၏။
လင်ရှောင်စုက သူမရှေ့တွင် ထိုင်ချလိုက်ပြီး
"ဘာဖြစ်လို့လဲ မစ္စက် ငွေကြေး အခက်အခဲ ရှိလို့လားဒါမှမဟုတ်... ခင်ဗျားရဲ့ ကလေးက ၃၀၀၀၀ တန်ဖိုး မရှိဘူးလို့ ထင်နေတာလား"
မြောင်ရိုလန်၏ မျက်လုံးများ လှန်ကြည့်လိုက်မိသည်။
ဤကောင်လေးကတော့ တကယ်ကို ဆိုးသွမ်းလွန်းသည်။
‘လူတစ်ယောက်ကို ဒီလိုမျိုး ထောင့်ကပ်ချောင်ပိတ်အောင် ဘယ်လိုများ ပြောနိုင်ရတာလဲ’
မစ္စက်ဆုန်၏ မျက်နှာမှာ ရေကဲ့သို့ မှောင်မိုက်သွားပြီး အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက်
"ကောင်းပြီ ဒါပေမဲ့ ငါ့မှာလည်း အခြေအနေ တစ်ခု ရှိတယ်" ဟု အံကြိတ်ကာ ပြောသည်။
"ပြောပါ"
"နှစ်နာရီအတွင်းမှာ ငါ့ကလေးကို ပြန်တွေ့ရမယ် တွေ့ရင် ကျန်တဲ့ငွေကို ချက်ချင်းရှင်းမယ် မတွေ့ရင်တော့ ပေးထားတဲ့ စပေါ်ငွေကို နှစ်ဆပြန်လျော်ရမယ်"
ယခုတော့ မြောင်ရိုလန် အခက်တွေ့သွားလေသည်။
‘နှစ်နာရီအတွင်းမှာလား’
ပစ္စည်းရှာရာတွင် အချိန်သတ်မှတ်ခြင်းက...
မစ္စက်ဆုန်က အောင်နိုင်သူအပြုံးဖြင့် မေးလိုက်၏။
"ဘာလဲ အရည်အချင်း မရှိလို့လား ဒါမှမဟုတ် သတ္တိ မရှိလို့လား"
"သဘောတူတယ်"
လင်ရှောင်စု လက်မြှောက်ကာ ပြောလိုက်သည်။
စာချုပ်ချုပ်ဆိုလိုက်ကြ၏။
စပေါ်ငွေ ၅၀၀၀ ပေးထားသည်။
မေလ ၁၇ ရက်၊ နေ့လည် ၁၂ နာရီမတိုင်ခင် ခွေးကိုတွေ့ပါက ကျန်ငွေ ၂၅၀၀၀ ကို ပေးရမည်။
မတွေ့ပါက စပေါ်ငွေ နှစ်ဆဖြစ်သည့် ၁၀၀၀၀ ကို ပြန်လျော်ရမည်။
စာချုပ်၏ နောက်ဆုံးအချက်မှာ လက်ရေးဖြင့် ရေးထားခြင်းပင် ဖြစ်လေသည်။
အချိန်မှာ ၁၀ နာရီတိတိ ရှိနေပြီ ဖြစ်လေ၏။
လင်ရှောင်စုက မစ္စက်ဆုန်၏ ဖုန်းထဲမှ ခွေးပုံများကို ကြည့်လိုက်သည်။
ဖုန်းထဲတွင် ခွေးလေးက နေရာစုံတွင် ရှိနေ၏။
သို့သော် အဓိကမှာ ခွေး၏ နောက်ခံဖြစ်သော စန္ဒရား၊ ဗီလာ၊ ဇိမ်ခံကားများက သူမ၏ ဇိမ်ခံဘဝကို ပြသနေခြင်းပင် ဖြစ်ပေသည်။
"သွားကြမယ်"
လင်ရှောင်စုက ပြောလိုက်ကာ သူမ၏ ဇိမ်ခံကားဖြင့် ထွက်သွားကြလေသည်။
ကားကို ဖုန်းချန်းအဆောက်အအုံအနီးရှိ ပန်းခြံတွင် ရပ်လိုက်၏။
မစ္စက်ဆုန်နှင့် သူငယ်ချင်းများ ခွေးလမ်းလျှောက်ထွက်ရင်း ခွေးပျောက်သွားခြင်းပင် ဖြစ်ပေသည်။ လင်ရှောင်စု ပန်းခြံထဲတွင် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ 'ကောင်းကင်တာအို ညာဏ်ပညာမျက်လုံး' ကို ခွေးရှာရန် သုံးရပါပေါ့လားဟု သက်ပြင်းချလိုက်မိသည်။
အချိန်နောက်ကြောင်းပြန်ကြည့်ခြင်းဖြင့် ခွေးကို ခြေရာခံလိုက်ရာ ပန်းခြံမှ ထွက်လာပြီး ဖုန်းချန်း ဟင်းသီးဟင်းရွက်ဈေးဘက်သို့ ရောက်ရှိသွားသည်။ နံနက်ဈေးသိမ်းခါစ ဖြစ်သဖြင့် မြေပြင်ပေါ်တွင် ပုပ်နေသော အရွက်များ၊ ငါးခေါင်းများနှင့် တိရစ္ဆာန်အူများ ပြန့်ကျဲနေသည်။
မစ္စက်ဆုန် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"ငါ့ကလေးက မြေလမ်းတောင် မလျှောက်ဘူး ဒီလိုညစ်ပတ်တဲ့နေရာကို ဘယ်လိုလုပ် ရောက်မှာလဲ"
လင်ရှောင်စု သူမစကားကို ဂရုမစိုက်ဘဲ ဈေး၏ တံခါးပေါက်ငယ် တစ်ခုမှတစ်ဆင့် အမှိုက်များ ပြန့်ကျဲနေသည့် မြစ်ကမ်းပါးသို့ ရောက်သွား၏။
ထိုနေရာတွင် ခွေးငယ်အချို့ ရွှင်လန်းစွာ ပြေးလွှားဆော့ကစားနေကြပြီး လင်ရှောင်စုက ခွေးလေး တစ်ကောင်ကို လက်ညှိုးထိုးပြကာ
"ကလေး အဝတ်အစား လဲထားတယ် မစ္စက် မှတ်မိရဲ့လား"
မစ္စက်ဆုန်က ရွှံ့များဖြင့် ပေကျံနေသော ခွေးလေးကို မျက်လုံးပြူးပြီးကြည့်ကာ
"ကလေး... ဒါ နင်လား"
လခွေးလေးက ပြေးလာပြီး သူမထံ ခုန်တက်လိုက်လေသည်။
သူမက ခွေးလည်ပတ်ကို မြင်သောအခါ မျက်နှာဝင်းပသွား၏။
"တကယ်ပဲ၊ ဘာလို့ ဒီလို ဖြစ်နေရတာလဲ..."
ခွေးက သူမမျက်နှာကို လျှာဖြင့် လျက်လိုက်ရာ မစ္စက်ဆုန် မျက်နှာပျက်သွားလေတော့သည်။
"ဖယ် ဘာလို့ ဒီလောက်နံနေတာလဲ နင် ဘာတွေစားခဲ့တာလဲ"
မြောင်ရိုလန် သွားဖုံးများပင် စပ်သွား၏။
ခွေးက ဘာစားခဲ့သလဲ ဆိုတာ မေးစရာတောင် မလိုပေ။
လင်ရှောင်စုက ဖုန်းကို ထုတ်ပြလိုက်၏။
"မစ္စက်၊ အခုအချိန်က ၁၀ နာရီ ၂၉ မိနစ်ပါ အလုပ်ပြီးဆုံးပါပြေ ငွေပေးချေမှု ဆက်လုပ်ပေးပါ"
မစ္စက်ဆုန်က ခွေးကို ချလိုက်ပြီး ပြောလိုက်၏။
"မိနစ် ၃၀ လောက်နဲ့ ၃၀၀၀၀ တောင်းမှာလား"
"စာချုပ်ထဲမှာ အဖြူအမည်းကွဲအောင် ရေးထားပြီးသားလေ ဒါ့အပြင် မစ္စက်ဆုန်က ဖုန်းချန်းမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ၃၀၀၀၀ ဆိုတာ မစ္စက်အတွက် မကြီးပါဘူး ငွေမပေးရင် လူတွေက ဘာပြောကြမလဲ"
လင်ရှောင်စုက ခပ်အေးအေးပင် ပြန်လည်ပြောဆိုလိုက်လေသည်။
မစ္စက်ဆုန် မျက်နှာကို မဲ့ကာ မြောင်ရိုလန်၏ QR code ကို စကင်န်ဖတ်ပြီး ငွေပေးချေလိုက်၏။
ခွေးကို ရေချိုးပေးရန် ခေါ်ဆောင်သွားပြီး တစ်ခါမှ ပြန်မကြည့်တော့ပေ။
မြောင်ရိုလန်နှင့် လင်ရှောင်စုတို့ စုံထောက်ရုံးသို့ ပြန်လာကြလေသည်။
"လင်ရှောင်စု ကျွန်မတို့ ဈေးနှုန်းက နည်းနည်း များလွန်းနေသလား မိနစ် ၃၀ အတွက် ၃၀၀၀၀ ဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်"
လင်ရှောင်စုက ရယ်မောလိုက်လေသည်။
"ဒါက စုံထောက်လုပ်ငန်းရဲ့ သတ်မှတ်ချက်ပဲ ကျွန်တော်တို့က (အနည်းဆုံးဈေးကန့်သတ်ချက်) တစ်ခု ထားရမယ်"
ထို့နောက်ထပ်မံ ပြောဆိုလိုက်လေသည်။
"ဟုတ်တယ် ၁၀၀ သို့မဟုတ် ၂၀၀ ပဲ တောင်းရင် ကျွန်တော်တို့ အလုပ်တွေ မပြီးဆုံးနိုင်တော့ဘူး ဒါပေမဲ့ ဈေးနှုန်းက အခုလို များပြားရင်တော့ သူတို့တွေ Social Media မှာ တင်လိုက်တာနဲ့ ဖုန်းချန်းက သူဌေးကတော် တွေကြားမှာ ကျွန်တော်တို့ နာမည်ကြီးလာလိမ့်မယ် နောက်ပိုင်းဆိုရင် သူတို့အတွက် လက်ဖက်ရည် သောက်တာထက် ဖုန်းချန်း စုံထောက်ရုံးရဲ့ ဈေးကြီးတဲ့ စုံစမ်းခကို ပေးနိုင်တာကပဲ ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်"
မြောင်ရိုလန်က မယုံနိုင်စွာ မေးလိုက်၏။
"သူမ တကယ်ပဲ တင်မှာလား"
"တင်မှာပေါ့ အဲဒီလို ငွေနည်းနည်းရှိပြီး အပေါ်ယံလူတွေရဲ့ သဘောသဘာဝက ခင်ဗျား မတွေးနိုင် အောင်ပါပဲ မယုံရင် သူမ Social Media ကို ကြည့်လိုက်"
မစ္စက်ဆုန်၏ Post အသစ်တစ်ခုတင်ထားလေသည်။
"ဒီနေ့ ကလေးပျောက်သွားလို့ ဖုန်းချန်း စုံထောက်ရုံးမှာ အကူအညီတောင်းပြီး ၃၀၀၀၀ ပေးပြီးရှာလိုက် ရတယ် ကလေးရေ... နင်အခုလို ပြေးလွှားတာက နင့်ရဲ့ တစ်လစာ အစားအသောက်ဖိုး ကုန်သွားပြီ မေမေ နင့်ကို သုံးရက် အိမ်မှာပဲ နေခိုင်းတော့မယ်"
မြောင်ရိုလန် အံ့အားသင့်သွားလေ၏။
"သူမ ကျွန်မတို့ကို မဝေဖန်ဘဲ သူမရဲ့ ချမ်းသာမှုကိုပဲ ဖော်ပြနေတာပဲ..."
"ဒါက သူဌေးတွေရဲ့ Logic ပဲလေ ပိုက်ဆံက ပျောက်နိုင်တယ် ဒါပေမဲ့ ဂုဏ်ပြိုင်ဖို့ အခွင့်အရေးကိုတော့ မဆုံးရှုံးနိုင်ဘူး"
လင်ရှောင်စုက ထပ်ပြောလိုက်ပြန်သည်။
"တစ်ခါတလေ လူတွေက ခွေးတွေထက်တောင် မသာဘူး ခွေးတွေက အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ အမှန်အတိုင်း နေတတ်ကြတယ်..."
ထို့နောက် လင်ရှောင်စုသည် စာကြည့်တိုက်သို့ သွားရောက်လိုက်လေသည်။
အနီးနားတွင် ရပ်ထားသော ကားတစ်စီးထဲတွင် လူနှစ်ယောက် ရှိနေ၏။
"သူက မြောင်ရိုလန်နဲ့ အတူတူရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ အခွင့်အရေး မရှိဘူး"
လူငယ်တစ်ယောက်က ပြောနေလေသည်။
သူဌေးဖြစ်သူက ပြော၏။
"အခွင့်အရေး မရှိရင် စောင့်ရမှာပေါ့"
"သူ့ကြောင့် လုပ်ငန်းပျက်ပြီး လူ ၇ ယောက် ဖမ်းခံလိုက်ရတယ် သူက ကိုယ်ခံပညာသင်တန်းကျောင်းက ကလေးပြန်ပေးဆွဲမှုကို ဖြေရှင်းခဲ့ပြီး ချင်းယွမ်ဘုရားကျောင်းက အမှုကိစ္စကိုလည်း ဖော်ထုတ်ခဲ့တယ် ဒီလိုလူမျိုး ဖုန်းချန်းမှာ မရှိသင့်ဘူး"
"သူက ဒီလုပ်ငန်းက အန္တရာယ်များမှန်း သိလို့ မြောင်ရိုလန်ကို ရှယ်ယာဝင်ခိုင်းတာ"
"မြောင်ရိုလန်က တကယ်ပဲ သန်မာသလား"
"သူမက ရှေးဟောင်းသိုင်းပညာရှင် သူမ သူ့ဘေးမှာ ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ မလုပ်ပါနဲ့ သူမ သူ့ဘေးမှာ မရှိတဲ့အချိန်ကျရင်တော့ အခွင့်အရေး မလွတ်ပါစေနဲ့"
မြောင်ရိုလန်သည်လည်း စာကြည့်တိုက်တွင် ရှိနေလေသည်။
လင်ရှောင်စုက အီလက်ထရောနစ် စာဖတ်စက်တွင် ပထဝီဝင်ကို ဖတ်ရှုလေ့လာနေ၏။
"ရှင် ပထဝီဝင်ကို စိတ်ဝင်စားလို့လား"
"စုံထောက်လုပ်ငန်းမှာဆိုတော့ မြောက်ကနေ တောင်အထိ လှည့်လည်သွားလာဖို့ လိုလာ လိမ့်မယ်လေ..."
လင်ရှောင်စုနှင့် မြောင်ရိုလန်တို့ စုံထောက်ရုံးသို့ ပြန်လာကြ၏။
မြောင်ရိုလန်သည် "စူးစမ်းရှာဖွေခြင်း သိပ္ပံ" ဟူသော စာအုပ်ကို ဖတ်နေလိုက်သည်။
"ရှင်က တော်သလို ကြိုးစားလည်း ကြိုးစားတယ် ကျွန်မကလည်း ကြိုးစားရမှာပေါ့"
တစ်ညလုံး သူမ စာဖတ်နေ၏။
မနက်ရောက်သော် မိုးရွာနေလေသည်။
"ဒီလို ရာသီဥတုမှာ အမှုတွေ မလာပါစေနဲ့တော့ စာအုပ်ထဲမှာ ရေးထားတာက မိုးရွာရင် ခြေရာတွေကို ဖျက်ဆီးပြီး အနံ့တွေကို ပါးလျစေတယ်တဲ့"
မြောင်ရိုလန်မှ ပြောလိုက်မိလေသည်။
လင်ရှောင်စု ရယ်မောလိုက်၏။
သူမ မနက်စာ ဝယ်ရန် ထွက်သွား၏။
သူမ ပြန်ရောက်လာသည့်အခါ ကားတစ်စီးက စုံထောက်ရုံးရှေ့တွင် ရပ်တန့်သွားပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး အလောတကြီး ဆင်းလာလေသည်။
သူမ၏ မျက်နှာအမူအရာကို ကြည့်ပြီး မြောင်ရိုလန်က ကောက်ချက်ချလိုက်လေတော့သည်။
"ဒီအမျိုးသမီး... အရေးပေါ် အကူအညီ လိုအပ်နေပြီ"