အခန်း (၃၅) - စုံထောက်ရုံး ဖွင့်လှစ်ခြင်း
လင်ရှောင်စု ကျန်ရှိနေသော ဂိမ်းကစားပွဲကို ဆက်မကြည့်ဖြစ်တော့ချေ။
သူသည် တံတားပေါ်တွင် ရပ်ကာ ခြေအောက်တွင် စီးဆင်းနေသော ယီဟဲမြစ်ရေပြင်ကို တိတ်ဆိတ်စွာ ငေးမောကြည့်နေမိသည်။
အင်တာနက်ဆိုင်ရှိ အခြေအနေကို မြင်တွေ့လိုက်ရပြီးနောက်တွင် လင်ရှောင်စုသည် မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုလာခဲ့မိလေသည်။
မိဘများအနေဖြင့် သားသမီးကို တရားဝင် အသက်မွေးဝမ်းကျောင်းတစ်ခု ရှိစေချင်ခြင်းမှာ ငွေရှာနိုင်ရန်အတွက်သာမက လူ့အဖွဲ့အစည်းတွင် အလုပ်အကိုင်မဲ့ပြီး ရန်ရှာတတ်သူများ များပြားလွန်းနေသောကြောင့်ပင် ဖြစ်ပေသည်။
မိခင်ဖြစ်သူသည် သူလည်း ထိုသူများထဲမှ တစ်ဦးဖြစ်သွားမည်ကို စိုးရိမ်ခဲ့ခြင်းပင် ဖြစ်၏။
လင်ရှောင်စုသာ မတော်တဆ ထူးဆန်းသော အခွင့်အလမ်းတစ်ခုနှင့် မဆုံတွေ့ခဲ့ပါက သူလည်း တကယ်ပဲ ထိုလမ်းကြောင်းအတိုင်း အဆုံးသတ်သွားမည်လော မည်သူသိနိုင်မည်နည်း။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလုပ်အကိုင် အခြေအနေမှာ အလွန်ဆိုးရွားပြီး ပြိုင်ဆိုင်မှုများမှာလည်း ပြင်းထန်လှသည်။ အလုပ်အကိုင် တူညီသူများ၊ မတူညီသူများသာမက စက်ယန္တရားများနှင့်ပါ ယှဉ်ပြိုင်နေရပြီး နည်းပညာများ တိုးတက်လာသည်နှင့်အမျှ စက်ရုပ်များက လူတို့၏ အလုပ် နေရာများကို အစားထိုးလာကြ၏။
ယခင်က အလုပ်ကောင်းတစ်ခု ရှာရန် ခက်ခဲသော်လည်း ယခုအခါ သာမန်လူတို့၏ အလုပ်နေရာများကို စက်များက လုယူသွားခဲ့ကြသည်။ ထို့ကြောင့် လူအများမှာ အလုပ်လက်မဲ့ ဖြစ်လာကြပြီး ဂိမ်းကမ္ဘာ တွင်သာ စိတ်ကျေနပ်မှုကို ရှာဖွေနေကြရသည် မဟုတ်ပါလား။
သူ လမ်းလျှောက်ရင်း နံနက်စာစားပြီး ဖုန်းချန်းရဲစခန်းသို့ ပြန်ရောက်သောအခါ ကျိုးမေနှင့် မြောင်ရိုလန်တို့ ဧည့်ခန်းတွင် စကားပြောနေသည်ကို တွေ့လိုက်ရလေ၏။
သူ့ကို မြင်သောအခါ ကျိုးမေက ပြုံးလျက်
"အတည်ပြုပြီးပြီ၊ စုံထောက်ကြီးက နောက်ထပ် အောင်မြင်မှုတစ်ခု ထပ်ရပြန်ပြီ"
"ဘာဖြစ်သေးလဲ မင်းတို့ ငါ့ကို ပေးထားတဲ့ ကတိကိုတော့ လုပ်ပေးမှာပေါ့နော်"
လင်ရှောင်စုက ပြုံးရင်း မေးလိုက်သည်။
"ရှောင်စွန်းက အဲဒါကို ကိုင်တွယ်ဖို့ သွားနေပြီ နောက်ပြီး ရဲမှူးကြီးကျန်း ကလည်း အဓိက စစ်ဆေးရေး ဂိတ်တွေက လူတွေကို ဖုန်းဆက်ပြီး ပြောထားတယ် မင်းရဲ့ လိုင်စင်က သုံးရက်အတွင်း ပြီးစီးမယ်လို့ ခန့်မှန်းရတယ်"
"ရဲမှူးကြီး ကျန်း ကိုယ်တိုင် လုပ်ပေးတာလား"
လင်ရှောင်စု အံ့အားသင့်သွားလေသည်။
သူ၏ အမြင်တွင် ရဲမှူးကြီး ကျန်း မှာ အမြဲတမ်း မျက်နှာတင်းနေသူ ဖြစ်ပြီး သူတို့ တွေ့ဆုံခဲ့သည့် အကြိမ်အနည်းငယ်တွင် သူ့ကို ဘယ်သောအခါမှ နွေးထွေးစွာ မဆက်ဆံခဲ့ဖူးပေ။ ထိုသို့သောသူက အခြားသူကို အကူအညီတောင်းပေးလိမ့်မည်ဟု သူ မယုံကြည်နိုင်ပဲဖြစ်နေ၏။
ကျိုးမေက လခြမ်းကွေးကဲ့သို့ ပြုံးလိုက်မိလေသည်။
"ရဲမှူးကြီး ကျန်း အကြောင်း ပြောရရင် သူက အပြင်ပန်းတော့ ခပ်တည်တည်နေတာပေါ့ ဒါကလည်း ရဲအရာရှိတစ်ယောက်ရဲ့ လိုအပ်ချက်လေ ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ နွားတွေ၊ တစ္ဆေတွေ၊ နတ်ဘုရားတွေ၊ မြွေတွေကို တစ်ချက်ကြည့်ရုံနဲ့ ကြောက်သွားအောင် လုပ်နိုင်တဲ့ အရည်အချင်း လိုအပ်တယ် တကယ်တော့ သူက မင်းကို တကယ်ပဲ လေးစားတာပါ... လိုင်စင် အကြောင်း စိတ်မပူနဲ့တော့ သုံးရက်နေရင် ငါကိုယ်တိုင် မင်းဆီ တိုက်ရိုက် ပို့ပေးမယ်"
"ကျေးဇူးပဲ"
ကျိုးမေက စနောက်လျှက်ပြောလိုက်လေသည်။
"တကယ် ကျေးဇူးတင်တယ်ဆိုရင် အနာဂတ်မှာ အမှုတွေ နောက်ထပ် အများကြီး ထပ်ကိုင် တွယ်ပေးပါဦး..."
လင်ရှောင်စု ခေါင်းကုတ်လိုက်မိလေသည်။
"ဒါဟာ ကျွန်တော်တို့နှစ်ယောက်ကြားက အရောင်းအဝယ်တစ်ခုပဲ ဒီအမှုအတွက် တရားမျှတတဲ့ အခကြေးငွေပါပဲ ဒီလောက်ဆို တူသွားပြီထင်တယ်"
ကျိုးမေက သူ့ကို စောင်းကြည့်ကာ ရယ်မောလိုက်၏။
မြောင်ရိုလန်သည်လည်း ရယ်မောမိလိုက်လေတော့သည်။
ရယ်မောပြီးနောက် ကျိုးမေက လက်ဖက်ရည်ခွက်ကို မြှောက်ကာ
"စုံထောက်ရုံး ဖွင့်တော့မယ်ဆိုရင် လိုင်စင်အပြင် တခြားကိစ္စတွေလည်း ရှိသေးတယ် ဆိုင်ခန်းငှားဖို့ ငါ ညွှန်ပေးရမလား"
"မင်းမှာ သင့်တော်တဲ့ နေရာ ရှိလို့လား"
"နေရာတစ်ခု ရှိတယ် သင့်တော်မသင့်တော်ကတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရလိမ့်မယ်"
ကျိုးမေက ပြောလိုက်၏။
သူမက လင်ရှောင်စုကို ဖုန်းနံပါတ်တစ်ခု ပေးလိုက်၏။
ဖုန်းဆက်ကြည့်ရာ ဆိုင်ရှင်မှာ ဒွန်ဂျီယာတံတား ကုန်သွယ်ရေးစင်တာဘေးတွင် ဆိုင်ခန်းရှိသူ ကွီ အမည်ရှိ အမျိုးသမီးတစ်ဦးပင် ဖြစ်ပေသည်။
လင်ရှောင်စုနှင့် မြောင်ရိုလန်တို့ သွားရောက်ကြည့်ရှုရာ ဆိုင်ခန်းမှာ သူတို့အတွက် အထူးပြုလုပ် ထားသကဲ့သို့ အလွန် ကောင်းမွန်နေလေသည်။ ဆိုင်မှာ အပြင်ဘက်မှ ကြည့်လျှင် မကြီးသော်လည်း အထဲတွင် ကျယ်ပြီးသန့်ရှင်း၏။
ကွန်ပျူတာလည်း ပါဝင်ပြီး ဒုတိယထပ်တွင် အိပ်ခန်းသုံးခန်း၊ ရေချိုးခန်းနှင့် မီးဖိုချောင်ပါ ပါရှိသည်။ လေအေးစက်နှင့် ရေနွေးအိုးပါ ရှိသဖြင့် ပစ္စည်းသယ်ပြီး ချက်ချင်း ဝင်နေနိုင်သည့် အနေအထား ပင်ဖြစ်နေသည်။
မစ္စက်ကွီက ယခင်က ဆိုင်ရှင်မှာ အောင်မြင်သော စတူဒီယိုတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် မြို့ကြီးသို့ ပြောင်းရွှေ့သွားကြောင်း၊ ၎င်းတို့အတွက် ကံကောင်းသောနေရာ ဖြစ်သည့်အတွက် လေအေးစက်များနှင့် ကွန်ပျူတာအပါအဝင် ပစ္စည်းအားလုံးကို ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလိုက်သည်။
လင်ရှောင်စုနှင့် မြောင်ရိုလန်တို့ နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အလွန်ကျေနပ်သွားကြ၏။
ဆိုင်ခန်းအတွက် ပြင်ဆင်စရာမလိုဘဲ အသင့်ဖြစ်နေခြင်းက သူတို့အတွက် အလုပ်များစွာ သက်သာ သွားစေလေသည်။
ဈေးနှုန်းအကြောင်း ဆွေးနွေးကြရာတွင် မစ္စက်ကွီမှ
"မင်းတို့လို လူငယ်တွေ စတင်လုပ်ကိုင်တာမို့ ဈေးမကြီးပါဘူး လွန်ခဲ့တဲ့ ဆယ်နှစ်ကအတိုင်းပဲ လစဉ် ၁၈၀၀နဲ့ပဲ သဘောတူလိုက်ကြရအောင်"
ထို့နောက် ထပ်မံ၍ မေးလိုက်၏။
"လူငယ်စုံတွဲလေးတွေလား"
လင်ရှောင်စုမှာ အလျင်အမြန်ပင် ရှင်းပြရလေတော့သည်။
မျက်နှာနီရဲသွားသော မြောင်ရိုလန်က ဈေးဆစ်ရာတွင်လည်း အလွန်အမင်း မဆစ်ဘဲ ၂၀၀ ကိုသာ လျှော့ပေး ခိုင်းခဲ့လေသည်။
စာချုပ်ချုပ်ဆိုပြီးနောက် စုံထောက်ရုံးဖွင့်လှစ်ရန် အရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလာလေ၏။
နေ့လည်စာအတွက် အနီးရှိ စားသောက်ဆိုင်တွင် ၈ ယွန်တန် ထမင်းဘူးဖြင့် ဖြေရှင်းလိုက်ကြသည်။
ညနေပိုင်းတွင် အိပ်ရာခင်းများ ဝယ်ယူပြီး အိမ်သစ်သို့ ပြန်ရောက်သောအခါ မြောင်ရိုလန် အလွန်ပင် စိတ်လှုပ်ရှားနေ၏။
သူမက လင်ရှောင်စုအတွက် လက်ဖက်ရည် ဖျော်ပေးလိုက်ပြီး
"လိုင်စင်က တကယ်ပဲ အဲဒီလောက် ချောချောမွေ့မွေ့ ရပါ့မလား"
"ရမှာပါ"
မြို့ငယ်လေးများမှာ မြို့ကြီးများနှင့် မတူပေ။ မြို့ကြီးများတွင် စည်းမျဉ်းများကိုသာ အလေးပေး သော်လည်း မြို့ငယ်လေးများတွင်မူ လူမှုဆက်ဆံရေးပေါ်တွင် အဓိက မူတည်ပေသည်။ တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းနေခြင်းက အလုပ်များကို ပိုမိုမြန်ဆန်စေ၏။ တချို့မိဘများက သားသမီးများကို အစိုးရဝန်ထမ်း ဖြစ်စေချင်ကြသည်မှာလည်း ကိစ္စရပ်များကို လွယ်ကူစွာ ပြီးမြောက်စေလိုသော ကြောင့်ပင် ဖြစ်ချေသည်။
သာမန်လူများအတွက် ခက်ခဲသော အလုပ်တစ်ခုသည် စနစ်ကို နားလည်သူ သို့မဟုတ် အတွင်းလူနှင့် သိကျွမ်းသူများအတွက်မူ အလွန်လွယ်ကူလှသည်။ ၎င်းသည် အကျင့်ပျက်ခြစားမှု မဟုတ်ဘဲ လုပ်ငန်းခွင်၏ နိယာမပင် ဖြစ်၏။
လုပ်ငန်းစဉ်ကို နားလည်ပြီး ဘယ်နေရာမှာ ဘာလုပ်ရမလဲ သိလျှင် အလုပ်မှာ ပိုမိုမြန်ဆန်ပြီး ဒါဟာ အကျင့်ပျက်ခြစားမှု မဟုတ်ဘဲ လုပ်ငန်းကို ကျိုးကြောင်းဆီလျော်စွာ ကိုင်တွယ်ခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့်ပင် ရဲမှူးကြီး ကျန်းက ဖုန်းခေါ်ပေးခြင်းဖြင့် လိုင်စင်ကို မြန်ဆန်စေခြင်း ဖြစ်ပေ၏။
သုံးရက်အကြာတွင် ကျိုးမေက လုပ်ငန်းလိုင်စင်ကို လာပို့ပေးလေသည်။
စတုတ္ထနေ့တွင် လင်ရှောင်စုသည် ၃၀၀ သုံးကာ ဆိုင်းဘုတ်တစ်ခု ပြုလုပ်ပြီး ချိတ်ဆွဲလိုက်၏။
"ဖုန်းချန်း စုံထောက်ရုံး"
မြောင်ရိုလန်သည်လည်း ရှယ်ယာ ၅၀% ပါဝင်ထားလေသည်။ သူမသည် စုံထောက်လုပ်ငန်းတွင် အတွေ့အကြုံမရှိသော်လည်း သင်ယူရန် ဆုံးဖြတ်ထား၏။
သူမက ငွေစာရင်းနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူပြီး လင်ရှောင်စုက အပြင်ကိစ္စများကို တာဝန် ယူထားလေသည်။
ကွန်ပျူတာဖန်သားပြင်ကို ကြည့်ရင်း သူမ စိုးရိမ်စိတ်ဝင်နေမိလေသည်။
‘ဒီမြို့ငယ်လေးမှာ အမှုတွေ တကယ်ပဲ ရှိပါ့မလား’
ရုတ်တရက် အမျိုးသမီးတစ်ဦး အလောတကြီး ဝင်ရောက်လာ၏။
"ကျွန်မရဲ့ ကလေး ပျောက်သွားလို့ ရှာပေးပါဦး"
"ကလေးပျောက်ရင် ရဲစခန်းကို အရင်တိုင်ကြားသင့်ပါတယ်ရှင်"
မြောင်ရိုလန်က ပြန်ပြောလိုက်လေသည်။
ထိုအမျိုးသမီးက ဒေါသတကြီးနှင့် ထပ်မံ ပြောဆိုလိုက်လေသည်။
"ရဲတွေကို တိုင်ပြီးပြီ သူတို့က တိရစ္ဆာန်တွေအတွက် ရဲအင်အား မသုံးနိုင်ဘူးဆိုပြီး ခင်ဗျားတို့ဆီ လွှတ်လိုက်တာ"
မြောင်ရိုလန်က အံ့အားသင့်စွာဖြင့်
"ကလေးလို့ ပြောတာ မဟုတ်ဘူးလားရှင်"
"ကျွန်မအိမ်က ခွေးလေးလေ သူက ကျွန်မသားလိုပဲ ခင်ဗျားတို့ ဘာလို့ အလုပ်မလုပ်ချင်တာလဲ ဒီကောင်မလေးက မသိနားမလည်လိုက်တာ သူဌေးကို ခေါ်လိုက်စမ်း"
အမျိုးသမီးက ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏။
လင်ရှောင်စု အောက်ထပ်သို့ ဆင်းလာလေသည်။
"ကျွန်တော်တို့ လက်ခံပေးနိုင်ပါတယ် ဒါပေမဲ့ ဈေးကြီးမယ်နော်"
"ဘယ်လောက် ဈေးကြီးလို့လဲ ဒီမှာ ၅၀၀၀ ယွမ်"
အမျိုးသမီးက ပြန်ပြောလိုက်ကာ ငွေစက္ကူများကို စားပွဲပေါ်သို့ ပစ်ချလိုက်၏။
လင်ရှောင်စုက ပြုံးလိုက်မိပြီး ပြောလိုက်လေတော့သည်။
"၅၀၀၀ ယွမ်... ဒါက တကယ်တော့ မလုံလောက်သေးဘူး"