အခန်း (၃၃) - ကောင်းမှုတစ်ခုကြောင့် ပေါ်ပေါက်လာသော အမှုအခင်း
မနက်စောစောတွင် ခွေးဟောင်သံကြောင့် လင်ရှောင်စု နိုးလာ၏။
သူသည် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော "ချီစွမ်းအင်" ကို ချက်ချင်း ခံစားမိလိုက်ရသည်။
သူသည် ခြေဖျားဖြင့် အသာအယာ ထောက်ကာ တံခါးဝသို့ ရောက်သွားပြီး တံခါးကို ဖွင့်လိုက်ရာ မြောင်ရိုလန်ကို တွေ့လိုက်ရ၏။
သူမလက်ထဲတွင် သူ့အဝတ်အစားများ ပါလာပြီး အံ့ဩစရာကောင်းလောက်အောင် စနစ်တကျ မီးပူတိုက်ထားလေသည်။
"မင်း ကျွန်တော့်အတွက် မီးပူတိုက်ပေးထားတာလား"
မြောင်ရိုလန်က အသာအယာ ပြုံးလိုက်လေသည်။
"အဓိကကတော့ မခြောက်မှာ စိုးရိမ်လို့ပါ မီးပူနဲ့တိုက်ထားတာမို့ မနေ့ညကတည်းက ခြောက်သွားပါပြီ... ဒီနေ့ လုပ်ငန်းစဉ်တွေ လုပ်ရမှာမို့ မစ္စတာလင်ရေ ကျွန်မအဖေရဲ့ အင်္ကျီဟောင်းတွေကို ဝတ်ပြီး ဟိုဒီ လျှောက်သွားလို့ မဖြစ်ဘူးလေ"
လင်ရှောင်စုက အဝတ်တွေကို ယူလိုက်ပြီး
"ပြန်ပြင်ပြောပါဦး ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပါ ကျွန်တော်က မင်းရဲ့ အထက်လူကြီး မင်းက ကျွန်တော့်ရဲ့ အထက်လူကြီးလေ နောက်ပြီး. ရိုလန် တကယ်ပြောရရင် မင်း ဘာအလုပ်ပဲ လုပ်လုပ် တစ်လ ၂,၀၀၀ ထက် ပိုထိုက်တန်ပါတယ်"
မြောင်ရိုလန်၏ နှုတ်ခမ်းစွန်းများ အသာလေး ကော့တက်သွား၏။
"ဘာလို့ ဒီစကားကို ကျောင်းအုပ်ကျိုးကို မပြောလိုက်တာလဲ သူက တစ်ဝက်လောက် လုပ်ရတဲ့ အလုပ်ကို ၇၅၀ ပဲ ပေးပြီးတော့ သူကပဲ ကျွန်မကို အများကြီး ကူညီပေးထားသလိုလိုနဲ့..."
"ကျွန်တော်တို့ စုံထောက်ရုံး ဖွင့်လိုက်တာနဲ့ သူ့ကို ပြလိုက်မယ်"
လင်ရှောင်စုက အခန်းထဲမှနေ၍ ပြန်ပြောလေရာ
မြောင်ရိုလန်မှာ တခစ်ခစ်နှင့် အသံထွက်အောင် ရယ်မိလိုက်တော့လေသည်။
သူနဲ့အတူ ရှိနေရင် သူမ ပုံမှန်ထက် ပိုရယ်ဖြစ်နေတတ်၏။
လင်ရှောင်စု အခန်းထဲမှ ထွက်လာပြီး စနစ်တကျ မီးပူတိုက်ထားသော ဘောင်းဘီနှင့် ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ဖျားမှစ၍ တက်ကြွလန်းဆန်းသော အရိပ်အယောင်များ ဖြာထွက်နေလေသည်။
မြောင်ရိုလန် မျက်စိထဲတွင် သူက တဖြည်းဖြည်းနှင့် ချောမောလာသလို ခံစားလိုက်ရ၏။
ခြံထဲတွင် လျှပ်စစ်ဆိုင်ကယ်ကို အားအပြည့်သွင်းထားလေသည်။
မြောင်ရိုလန် စီးဖို့ပြင်လိုက်ချိန်တွင် ရပ်သွားပြီး
"ရှင်ပဲ မောင်းပါလား"
လင်ရှောင်စုက ငြင်းဆန်ခြင်းမရှိဘဲ ဆိုင်ကယ်ကို စီးလိုက်ပြီး မြောင်ရိုလန်ကို နောက်မှတင်ကာ လေပြင်းတစ်ချက်တိုက်ခတ်လိုက်သလို လျှပ်စီးသကဲ့သို့ အရှိန်အဟုန်ဖြင့် မောင်းထွက်သွားတော့သည်။
တောင်ပေါ်လမ်းက ကျဉ်းမြောင်းပြီး နှစ်ဖက်စလုံးတွင် ချောက်ကမ်းပါးများ ရှိနေ၏။
သို့သော် လျှပ်စစ်ဆိုင်ကယ်သည် သစ်ရွက်များကို လွင့်စဉ်စေလျက် သစ်တောကို ဖြတ်ကျော်ကာ လျင်မြန်စွာ မောင်းနှင်သွားလေသည်။ မြောင်ရိုလန်က သူ့ခါးကို နောက်မှ ဖက်ထားရင်း ပါးပြင်များ နီရဲလာ၏။ သူတို့၏ ရှေးဟောင်းကိုယ်ခံပညာအရ ခံစားချက်ဖြစ်စရာ မရှိသော်လည်း သူမက တစ်မျိုးကြီး ဖြစ်နေမိသည်။ မနေ့က သူမ မောင်းစဉ်က လင်ရှောင်စုမှ နောက်မှ ဖက်ထားသဖြင့် သူမတစ်ကိုယ်လုံး အားအင်ကုန်ခမ်းသလို ဖြစ်ခဲ့ရသည်။ ဒီနေ့တော့ သူမ အရှေ့က မမောင်းရဲတော့ပေ။
သူ့ကို အရှေ့က မောင်းခိုင်းလိုက်သဖြင့် နောက်ကနေလိုက်ပါရသည်မှာ သဘာဝကျသော်လည်း အရှေ့မှ မောင်းသူအတွက်မူ အနည်းငယ် သိမ်မွေ့သောအခြေအနေ ဖြစ်လာပေသည်။
သူက ဖြည်းဖြည်းမောင်းလျှင် အကွာအဝေးကို ထိန်းနိုင်ပေမယ့် အရှိန်တင်လိုက်သည့်အခါ. သူမက လမ်းမကောင်းသည့်နေရာတွင် အရှိန်မတင်ဖို့ သတိပေးချင်သော်လည်း ယခုအခါတွင်တော့ ပျင်းရိလာသောကြောင့် သတိမပေးချင်တော့ပေ။ သူမ မသိတာက လင်ရှောင်စုသည် ကိုယ်ခံပညာ ကြောင့်သာမက မူလကတည်းက ဆိုင်ကယ်မောင်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေခြင်းပင်။
သူတို့ တောင်ပေါ်လမ်းမှ ထွက်လာပြီး ဖုန်းချန် လမ်းမကြီးပေါ် ရောက်သည့်အခါ ဆိုင်ကယ်အရှိန်ကို လျှော့လိုက်ကြသည်။
သူတို့ ဖုန်းချန်းရဲစခန်း ရှေ့တွင် ရပ်လိုက်ကြ၏။
"ဒီမှာပဲ လုပ်ငန်းစဉ်တွေ လုပ်ရမှာလား"
"ဟုတ်တယ် စုံထောက်ရုံးတွေက တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မတူဘူး ရဲစခန်းမှာ မှတ်ပုံတင်ရမယ်... အရာရှိကျိုး"
လင်ရှောင်စုက အသံကို မြှင့်ပြီး အော်ဟစ်၍ ခေါ်လိုက်လေသည်။
ရဲစခန်းမှ ထွက်လာသော ကားတစ်စီး ရပ်တန့်သွားပြီး ပြူတင်းပေါက်မှန်ကို လျှောချလိုက်ရာ ကျိုးမေ ဖြစ်နေ၏။
လင်ရှောင်စုက သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်ရိပ်သန်းနေသည်ကို မြင်လိုက်ရသည်။
"ရှင်... ဘာလို့ ဒီရောက်နေတာလဲ"
ကျိုးမေက မေးလိုက်လေသည်။
ကားထဲရှိ လူငယ်ရဲသားက စကားဝိုင်းကို နားထောင်ရန် ခေါင်းကို အနည်းငယ် နောက်သို့လှည့် လိုက်၏။
"ကျွန်တော် ခင်ဗျားနဲ့ စကားပြောစရာ ရှိလို့ပါ"
"ကောင်းပြီ ကျွန်မတို့ အလုပ်တွေကို ခဏ ဘေးဖယ်ထားလိုက်မယ်။"
" ဒီကိစ္စက အရေးကြီးတယ်ဗျ ရဲမှူးကြီး ကျန်း ကလည်း ကြည့်နေတာ... ကျွန်တော်တို့ကို သေချာ..."
"မင်းက ငါ့စကား နားထောင်မှာလား သူ့စကား နားထောင်မှာလား"
ကျိုးမေက မျက်စောင်းထိုးလိုက်၏။
"ကားပေါ်က ဆင်းစမ်း သူတို့ကို ဧည့်ခန်းထဲ ခေါ်သွားပြီး လက်ဖက်ရည် တည်ထားလိုက် ငါ ကားသွား ရပ်လိုက်ဦးမယ်"
ရဲသားမှာ အခြားရွေးချယ်စရာ မရှိဘဲ လင်ရှောင်စုနှင့် မြောင်ရိုလန်တို့ကို ဧည့်ခန်းဆီ ခေါ်သွား လိုက်ရ၏။
သူတကယ်ပဲ နားမလည်နိုင် ဖြစ်နေလေသည်။
‘အစ်မကျိုး က အတွေ့အကြုံရှိတဲ့ ရဲတစ်ယောက်ဖြစ်ပြီး ဒီလိုအခြေ အနေမျိုးမှာ ဘာက ပိုအရေးကြီးလဲဆိုတာ သူမ မသိဘူးလား...’
ထိုစဉ် ကျိုးမေ ရောက်လာ၏။
"ရှင် ဘာကိစ္စနဲ့ လာတာလဲ ပြောပါဦး"
" ဒီလိုပါ ကျွန်တော် ဖုန်းချန်းမှာ စုံထောက်ရုံးတစ်ခု ဖွင့်ဖို့ ရှိလို့ပါ စည်းမျဉ်းအရ ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ရမှာမို့..."
ရဲသားသစ်လေးရှောင်စွန်း က ကြားဖြတ်ပြောလိုက်လေသည်။
" ဧည့်ခံစားပွဲမှာ အမှုမှတ်ပုံတင်တဲ့နေရာ ရှိတယ် အဲဒီပြူတင်းပေါက်မှာ သွားလုပ်ပါ အစ်မကျိုး ကျွန်တော်တို့ သွားရအောင်..."
ကျိုးမေက မထဘဲ ပြုံးရင်း
"ဆောရီးနော် ရှောင်စွန်းက ဒီကို အသစ်ရောက်လာတာမို့ မသိသေးဘူး ဆက်ပြောပါ"
လင်ရှောင်စုက အနည်းငယ် ပြုံးကာ
"အရှာရှိစွန်းက တစ်ညလုံး ဗီဒီယိုမှတ်တမ်းတွေကို ကြည့်ရင်း တစ်မိနစ်တောင် မအိပ်ခဲ့ဘူး အလုပ် အပေါ် အလွန်အမင်း တာဝန်ကျေပါတယ် ခင်ဗျားတို့ အလုပ်များနေရင် သွားကြပါ ကျွန်တော်က ဒီမှာတင် မှတ်ပုံတင်လို့ ရပါတယ်"
ရှောင်စွန်းမျက်ခုံးများ ပွင့်သွားလေသည်။
"ကျွန်တော် တစ်ညလုံး ဗီဒီယိုမှတ်တမ်း ကြည့်တာကို ဘယ်လိုသိတာလဲ"
ကျိုးမေလည်း အံ့ဩသွား၏။
လင်ရှောင်စုရဲ့ စွမ်းရည်တွေကို သိထားရင်တောင် ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ မထင်ထားပေ။
လင်ရှောင်စု ရယ်မောလိုက်သည်။
" မျက်လုံးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ် မအိပ်တဲ့ လက္ခဏာတွေက ထင်ရှားနေတာပဲ နောက်ပြီး သူဘာလုပ်နေတာလဲ မျက်ခွံနားမှာ သွေးကြောတွေ နီရဲနေတာက သူ အချိန်အကြာကြီး မျက်တောင်မခတ်ဘဲ ကြည့်ထားတယ်ဆိုတာ ပြနေတာပဲ ခင်ဗျားတို့ နှစ်ယောက် ထွက်သွားတုန်းက အလျင်စလို ဖြစ်နေတာကို ထောက်ဆပြီး ကျွန်တော် ခန့်မှန်းလိုက်တာပါ"
ကျိုးမေနှင့် ရှောင်စွန်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
"ကျွန်မ ယုံပြီ ဒါက ခင်ဗျား စုံထောက်ရုံးကို ဖွင့်နိုင်တယ်ဆိုတဲ့ သက်သေလား"
"ဟုတ်ပါတယ် စုံထောက်ရုံး ဖွင့်မယ်ဆိုရင် ကျွမ်းကျင်တဲ့ စွမ်းရည်တွေ ရှိရမှာပေါ့ မဟုတ်ရင် ဟာသဖြစ်မှာပေါ့"
လင်ရှောင်စုက လက်ဖက်ရည်ခွက်ကို မြှောက်၍ ပြောလိုက်၏။
ကျိုးမေက "စုံထောက်ရုံး ဖွင့်တာက ဒီလောက် လွယ်တာ မဟုတ်ဘူး လုပ်ငန်းစဉ်တွေ အများကြီး ကိုယ်တိုင် လုပ်မယ်ဆိုရင် နှစ်လလောက် ကြာလိမ့်မယ်"
"ကျွန်တော် သိပါတယ် ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ဖြည်းဖြည်းချင်းပဲ လုပ်ရမှာပေါ့"
"ကျွန်မ ကူညီပေးနိုင်ပါတယ် ကျွန်မ လုပ်ပေးမယ်ဆိုရင် တစ်ပတ်အတွင်း အားလုံး အဆင်သင့် ဖြစ်သွားမယ်"
လင်ရှောင်စု ရယ်မောလိုက်မိလေသည်။
"..."
"မပျော်ပါနဲ့ဦး ကျွန်မမှာ အခြေအနေ တစ်ခု ရှိတယ်"
ကျိုးမေက ထပ်ပြောလိုက်သည်။
“ကျွန်မ လက်ထဲမှာ အမှုတစ်ခု ရှိနေတယ် အဖြေရှာဖို့ ကူညီပေးပါ ဒီအမှုကို ဖြေရှင်းပေးနိုင်ရင် ကျွန်မ ရှင်တို့ကို ကူညီပေးမယ်”
ရဲသားရှောင်စွန်း တုန်လှုပ်သွား၏။
‘အပြင်လူကို အကူအညီတောင်းတာ... စည်းမျဉ်းနဲ့ ညီရဲ့လား’
လင်ရှောင်စု ခေါင်းခါလိုက်သည်။
"ခင်ဗျား ဒီလို လုပ်လိမ့်မယ်လို့ ကျွန်တော် ထင်ထားတာပဲ အကူအညီတောင်းရတော့လည်း ဘာတတ် နိုင်မှာလဲ ကောင်းပြီလေ ကျွန်တော် ကူညီမယ် ပြီးရင် ခင်ဗျား ကျွန်တော့်ကို ပြန်ကူညီ"
ကျိုးမေ စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။
"ရှောင်စွန်း အမှုတွဲ ယူလာခဲ့"
"အစ်မကျိုး ဒါ..."
ရှောင်စွန်း တွေဝေနေလေသည်။
"ငါ ပြောချင်တာကို မင်း သိပါတယ် စကားမပြောနဲ့ ယူလာခဲ့"
သူတို့ နှစ်ယောက်လုံး စကားဆက်ပြောချင်နေကြပေမယ့် မြောင်ရိုလန်ကတော့ ဘာမှ နားလည်ပုံ မရပါ။ အရင်က လင်ရှောင်စုဆိုရင်လည်း နားလည်မှာ မဟုတ်ပေ။ ဒါပေမဲ့ သူက အရင်လူ မဟုတ်တော့ဘူးလေ။ သူက ဒါဟာ စည်းမျဉ်းဖြစ်ကြောင်း သိရှိထားလေသည်။
အမှုတစ်ခုကို စုံစမ်းနေစဉ် သတင်းအချက်အလက် မပေါက်ကြားစေရတာက စည်းကမ်းပင် ဖြစ်ပေ သည်။
ကျိုးမေက အမှုမြန်မြန်ပြီးစေချင်လို့ အကူအညီ တောင်းတာဖြစ်ပေမယ့် ဒါဟာ အခြေခံအားဖြင့်တော့ စည်းမျဉ်းဖောက်ဖျက်ခြင်းပင် ဖြစ်နေတော့၏။
ဤကဲ့သို့သော အခက်အခဲကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ အသေးစိတ် အချက်အလက်များ ကို မသိဘဲ အရေးကြီးဆုံးအချက်ကိုပဲ ဖြေရှင်းပေးခြင်းဖြစ်သည်။
လင်ရှောင်စုက
"မှတ်တမ်းတွေ မလိုပါဘူး ကျိုးမေ ပါးစပ်နဲ့ပဲ ပြောပြပါ..."
"ကောင်းပြီ ဒီအမှုက ကောင်းမှုတစ်ခုကနေ စတာပါ..."
လူတစ်ယောက်က ပိုက်ဆံအိတ်တစ်ခုကို ကောက်ရပြီး ပိုင်ရှင်ကို မတွေ့တာကြောင့် ရဲစခန်းကို လာရောက် အပ်နှံလေသည်က စ၍ ကျိုးမေက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်လေ၏။
“ပုံမှန်ဆိုရင်တော့ ဒါဟာ ကောင်းမှုတစ်ခုပေါ့”
“ပြဿနာက ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမပါဘဲ မူးယစ်ဆေးဝါး ၃ ကီလိုဂရမ် ပါနေတာပါပဲ ဒီလို ရွာငယ်လေးမှာ ဒီလောက်များပြားတဲ့ မူးယစ်ဆေးမှုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး အခု ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က ပိုင်ရှင်ကို ရှာနေတာ ကောက်ရတဲ့နေရာမှာလည်း ကင်မရာ မရှိဘူး ပတ်ဝန်းကျင်က ဗီဒီယိုတွေ အကုန်ကြည့်ပြီးပြီ ရှောင်စွန်း တစ်ညလုံး ကြည့်ခဲ့တဲ့ဟာတွေ ဒါပေမဲ့ ပိုင်ရှင်ကို မတွေ့သေးဘူး”
“အဲဒါပါပဲ ကောင်းမှုတစ်ခုကြောင့် ပေါ်လာတဲ့ အမှုကြီးတစ်ခု ပိုင်ရှင်ကတော့ ကျေးဇူးတင်မလား ကျိန်ဆဲမလား မသိနိုင်ပေမယ့် ဒီအမှုက ရယ်ချင်စရာကောင်းသလို တစ်ဖက်မှာလည်း အချိန် ၃ ရက်အတွင်း ဖြေရှင်းရမှာမို့ အလုပ်ရှုပ်နေကြတာပါ”
ကျိုးမေ မောသွားပြီးနောက် လက်ဖက်ရည်ကို မော့သောက်လိုက်လေတော့သည်။
“ပိုက်ဆံအိတ်ကို ကြည့်လို့ရမလား”
လင်ရှောင်စုမှ ကျိုးမေကို မေးလိုက်၏။