အခန်း (၃၂) - အားနည်းချက်များကို ဖြည့်ဆည်းခြင်း
ညစာစားပြီးနောက် မြောင်ရိုလန်က အဓိကအချက်ကို စတင်ပြောပြလိုက်သည်။
ဤကိုယ်ခံပညာ လေ့ကျင့်ခန်းတွင် အခက်ခဲဆုံးအပိုင်းမှာ "ချီစွမ်းအင်" ပထမဆုံးအကြိမ် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းနှင့် ၎င်းကို သင်ကြားပြသပေး၍ မရနိုင်ဘဲ ငြိမ်သက်စွာ တွေးတော ခြင်းဖြင့်သာ ကိုယ်တိုင် နားလည်သဘောပေါက် ရမည်ဖြစ်ကြောင်း သူမက ရှင်းပြလိုက်လေ၏။
သူမကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့ရပြီး ၁၃ နှစ်ကြာမှသာ နွေဦးညတစ်ညတွင် မမျှော်လင့်ဘဲ ထိုခက်ခဲလှသော စွမ်းအင်၏ အရိပ်အယောင်ကို ဖမ်းဆုပ်မိကာ စွမ်းအင်အမျှင်လေး တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ထိုမှတစ်ဆင့် ထိုစွမ်းအင်အမျှင်လေးသည် သူမ၏ ကိုယ်တွင်းရှိ ပင်မလမ်းကြောင်းများတစ်လျှောက် စီးဆင်းကာ ဖြည်းဖြည်းချင်း အားကောင်းလာခဲ့ခြင်း ဖြစ်သည်။
သူမသည် အတော်လေး မြန်ဆန်သူဟု ဆိုရပေမည်။
သူမ၏ အဖေထက် သုံးနှစ် ပိုမြန်နေလေ၏။
သူမအဖေသည် ထိုစွမ်းအင်အမျှင်လေး ပေါက်ဖွားလာရန် ၁၆ နှစ်ပင် ကြာမြင့်ခဲ့လေသည်။
တစ်ချိန်တုန်းက သူမအဖေသည် သူ၏ ဘိုးဘေးများက သူ့ကို လိမ်ညာထားခြင်းလောဟုပင် သံသယ ဝင်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူ့တပည့်ဖြစ်သူက ငါးနှစ်ကြာ ကြိုးစားသော်လည်း ဘာမျှမရသဖြင့် စိတ်ပျက်ပြီး သစ္စာဖောက်သွားချိန်တွင် သူမအဖေသည် ဒေါသထွက်မည့်အစား စိတ်ဓာတ်ကျရုံသာ ကျခဲ့၏။ အကြောင်းမှာ ထိုတပည့်၏ ငါးနှစ်တာ အကျိုးမရှိခဲ့သော ကြိုးစားမှုနောက်ကွယ်မှ စိတ်ပျက်မှုကို သူကိုယ်တိုင် နားလည်နေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် မြောင်ရိုလန်သည် သူမ၏ စစ်မှန်သော အတွေးများကို လင်ရှောင်စုအား ဝေမျှရင်း အောင်မြင်မှုအတွက် အလောတကြီး မဖြစ်ရန် အကြံပေးခဲ့၏။ အကြောင်းမှာ ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ကိုယ်ခံပညာကို လေ့ကျင့်သူဟူ၍ မရှိသလောက်ဖြစ်ပြီး ဘဝကလည်း ပုံမှန်အတိုင်း လည်ပတ်နေသောကြောင့် ဖြစ်သည်။
"စာအုပ်ကို အိမ်ယူသွားပါ မိတ္တူကူးချင်ရင်လည်း ကူးထားလိုက်ပါ မူရင်းစာအုပ်ကိုတော့ နောက်မှ ကျွန်မဆီ ပြန်ပေးပါ"
သူမ၏ ကျိုးကြောင်းဆီလျော်သော အကြံပြုချက်ကို ကြားရသောအခါ လင်ရှောင်စု၏ မျက်ဝန်းများ အရောင်လက်သွား၏။
"ယူသွားစရာ မလိုပါဘူး ကျွန်တော် ဖတ်ပြီးသွားပါပြီ"
သူက စာအုပ်ကို ထိုနေရာမှာတင် သူမထံ ပြန်ပေးလိုက်၏။
မြောင်ရိုလန်မှာ စိတ်သက်သာရာ ရသွားသလို အနည်းငယ်လည်း စိတ်ပျက်သွားမိလေသည်။
စိတ်သက်သာရာ ရတာက သူသည် မရင့်ကျက်ဘဲ တဇွတ်ထိုး မလုပ်တတ်ကြောင်း သိရ၍ ဖြစ်ပြီး၊ စိတ်ပျက်ရတာက သူမအနေဖြင့် သူ့ကို ကူညီမပေးနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။
သို့သော် သူမသည် သူ့နောက်ထပ် စကားတစ်ခွန်းကြောင့် အံ့ဩသွားရ၏။
"ကျွန်တော် မှတ်မိသွားပြီဆိုတော့ စမ်းကြည့်လိုက်ဦးမယ်..."
ထို့နောက် သူသည် ခြေထောက်ကို ခွေယှဉ်ထိုင်လိုက်ပြီး လုံးဝ မလှုပ်မယှက် ရှိနေတော့သည်။
မြောင်ရိုလန်မှာ ပန်းကန်များ သိမ်းခြင်း၊ ဆေးကြောခြင်းနှင့် မနေ့က မလျှော်ရသေးသော အိပ်ရာခင်းများကို လျှော်ခြင်းဖြင့် အလုပ်ရှုပ်နေ၏။ အချိန်များ ကုန်ဆုံးသွားပြီး နေ့လယ် ၄ နာရီ ကျော်သွားသည်ကိုပင် သူမ မသိလိုက်ပေ။
သူမ၏ အကြည့်များမှာ အိမ်နောက်ဖေးရှိ လင်ရှောင်စုဆီသို့ ခဏခဏ ရောက်သွား၏။
‘သူအိမ်ပြန်တော့မလား’
‘ညအိပ်သွားမလား’
အတွေးမျိုးစုံနှင့် သူမ စိတ်ရှုပ်ထွေးနေ၏။
ညနေ ၅ နာရီ
၆ နာရီ ကျော်သည်အထိ လင်ရှောင်စုမှာ မလှုပ်မယှက် ရှိနေသေးသည်။
ညရောက်သောအခါတွင်လည်း လင်ရှောင်စုမှာ အိမ်ပြန်မည့် အရိပ်အယောင် လုံးဝ မပြပေ။
ပုံမှန်ဆိုလျှင် ယနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးသည့် ယောက်ျားတစ်ယောက်ကို ညအိပ်ခိုင်းရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ယနေ့မူ ထူးခြားနေလေတော့သည်။
လင်ရှောင်စုကမူ အချိန်ကုန်သွားသည်ကိုပင် မေ့လျော့ပြီး ဤလေ့ကျင့်ခန်းကို နားလည်သဘော ပေါက်ရန် အပြင်းအထန် ကြိုးစားနေလေသည်။
"လူသားတာအို သစ်ခွနှလုံးသား" ဆိုသည်မှာ နားလည်မှုပိုင်းတွင် အတော်ဆုံး မဟုတ်ပါလား။
‘ကိုယ်ခံပညာ လေ့ကျင့်ခန်း တစ်ခုတောင် မစနိုင်ရင် ဘယ်လိုမျိုး နားလည်မှုလို့ ပြောနိုင်တော့မလဲ ငါ သေချာပေါက် အောင်မြင်ရမယ်’
တစ်နေ့လုံး ကြိုးစားသော်လည်း အရာမထင်ပေ။
ရုတ်တရက် သူ့စိတ်ထဲတွင် မီးပွားလေးတစ်ခု ဖြတ်ပြေးသွား၏။
ငွေရောင်ငါးကလေး တစ်ကောင် ရေပြင်ကို ရိုက်ခတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
လင်ရှောင်စုသည် လမ်းကြောင်းသစ်တစ်ခုကို မြင်လိုက်ရလေ၏။
၎င်းမှာ သူ၏ "အသိစိတ်" ဖြစ်ပြီး အသိစိတ်ဆိုသည်မှာ သဘာဝအတိုင်း ထွက်ပေါ်လာပြီး "လူသားတာအို သစ်ခွနှလုံးသား" ကို လက်ခံရရှိပြီးနောက် အသက်ဝင်လာခြင်းပင် ဖြစ်လေ၏။
‘ငါ ဒီငွေရောင်ငါးကလေးကို သုံးပြီး စွမ်းအင်ကို ရှာကြည့်မယ်’
ခဏအတွင်းမှာပင် လင်ရှောင်စု၏ ကိုယ်ခန္ဓာမှာ ပြင်းထန်စွာ တုန်ခါသွား၏။
ဒုတိယအကြိမ်မြောက် လှည့်ပတ်လိုက်ချိန်တွင် စွမ်းအင်အမျှင်လေး တစ်ခု ပေါက်ဖွားလာပေသည်။
တတိယအကြိမ်တွင် ထိုစွမ်းအင်များမှာ ဒန်တျန်ဘက်သို့ စီးဆင်းသွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရ၏။
လင်ရှောင်စု၏ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီး နှစ်ပေါင်းများစွာ ပိတ်ဆို့နေသော တံခါးများ ပွင့်သွားသကဲ့သို့ ခန္ဓာကိုယ်အတွင်းမှ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်များမှာ ပင်မလမ်းကြောင်းများသို့ စီးဆင်းသွား၏။
အိမ်နောက်ဖေး အပေါက်ဝတွင် ဗန်းတစ်ဗန်းကို ကိုင်ထားသည့် မြောင်ရိုလန်မှာ အံ့ဩတုန်လှုပ် လျှက်ရှိသော အကြည့်ဖြင့် ကြည့်လိုက်မိလေတော့သည်။
သူမလက်ထဲမှ ဗန်းမှာလည်း ကွေးညွတ်သွား၏။
လင်ရှောင်စု မျက်လုံးဖွင့်လိုက်ချိန်တွင် အလွန်ပေါ့ပါးသွားသလို ခံစားရသည်။
သူ၏ လက်မောင်းတွင် အညစ်အကြေးများ စွန်းထင်းနေပြီး သူ၏ အဝတ်အစားများမှာ ချွေးနှင့် ခန္ဓာကိုယ်ထဲမှ ထွက်လာသော အညစ်အကြေးများကြောင့် စိုရွှဲနေ၏။
"မင်း အောင်မြင်သွားပြီ တကယ်ပဲ အောင်မြင်သွားတာလား"
မြောင်ရိုလန် အော်ပြောလိုက်သည်။
"ကျွန်တော် ရေချိုးလိုက်ဦးမယ်"
ရေချိုးခန်းမှ ထွက်လာသောအခါ လင်ရှောင်စု၏ ပုံပန်းမှာ ပို၍ သန့်စင်ပြီး ရုပ်ရည်ကြည်လင်လာသည်။
ဤသည်မှာ "ပြန်လည်နုပျိုခြင်း ပညာ" ၏ အကျိုးရလဒ်ပင် ဖြစ်၏။
မြောင်ရိုလန်ကိုယ်တိုင်လည်း ၁၃ နှစ်ကြာ လေ့ကျင့်ခဲ့ရသည်မှာ လှပချင်သောကြောင့်ပင် ဖြစ်ပေသည်။ သူမအစက အလွန်ရုပ်ဆိုးသော်လည်း ယခုအခါ သာမန် ဖြစ်လာခဲ့ပြီ ဖြစ်ချေသည်။
"ကျွန်တော် အောင်မြင်သွားပြီ"
"ဒါဟာ မှန်းဆချက် မဟုတ်ဘူး"
မြောင်ရိုလန်က တုံ့ပြန်လိုက်၏။
"ကျွန်တော်လည်း ရိုလန်လိုပဲ အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ခံစားရတယ်"
"ကျွန်မလိုပဲလား"
မြောင်ရိုလန် အံ့ဩသွားပြီး ပြောလိုက်မိလေသည်။
"ရှင် ဘာတွေ ပြောနေတာလဲ ကျွန်မက ဘာအံ့ဖွယ်ကို ဖန်တီးလို့လဲ"
လင်ရှောင်စုက စားပွဲဆီသွားပြီး ကျောက်စရစ်ခဲလေးကို ကောက်ယူလိုက်၏။
ဝူး
ဝှစ်
ကျောက်ခဲလေးမှာ လျှပ်စီးပမာ ပစ်လွှတ်လိုက်ရာ အရှေ့ဘက်ရှိ ပန်းပွင့်၏ ဗဟိုချက်သို့ တိကျစွာ ရောက်ရှိ ထိမှန်သွားလေ၏။
မြောင်ရိုလန်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဒီကျောက်စရစ်ခဲတွေကို ဒီနည်းလမ်းနဲ့ စီထားတာကို ရှင် စောစောကတည်းက သတိထားမိတာလား"
"အင်း"
"ဒါက ရှင်တို့ရဲ့ စုံထောက်စွမ်းရည်လား"
လင်ရှောင်စုက ပြုံးရင်း
"ဒါကြောင့်ပဲ ကျွန်တော်တို့ စုံထောက်ရုံးက အလုပ်မရှားဘူးပေါ့"
"ကျွန်မ... ကျွန်မ ပြောပြီးပြီလေ ကျွန်မ စုံထောက်အလုပ်နဲ့ မသင့်တော်ဘူး ရှင်နဲ့ တွဲလုပ်ရင် အလုပ်မလုပ် တဲ့သူကို ကျွေးမွေးထားသလို ဖြစ်နေမှာပေါ့"
"ကံကောင်းလို့ပဲ ကိုယ့်ကိုယ်ကိုယ် အလုပ်မရှိတဲ့သူလို့ ထင်နေတုန်းပဲလား စုံထောက်ရုံးတစ်ခု ဖွင့်ဖို့ လုပ်ငန်းစဉ်တွေက အများကြီးမို့ တွေးလိုက်တာနဲ့တင် ခေါင်းကိုက်တယ်"
"ဒါဆို ဘာလို့ အတင်းဖွင့်ချင်နေတာလဲ"
"ဘာကြောင့်လဲဆိုတော့.. ပိုက်ဆံကြောင့်ပေါ့ ဒီခေတ်မှာ ပိုက်ဆံမရှိရင် ဘဝက ခက်ခဲတယ် ကျွန်တော့် အစ်ကိုတောင် အိမ်ထောင်မကျသေးဘူး မေမေကလည်း ကျွန်တော်တို့ အိမ်ထောင်ရေးအတွက် စိုးရိမ်နေတာ အဖေကလည်း ဆောက်လုပ်ရေးမှာ တစ်နေကုန် နေလောင်ပြီး ချွေးထွက်များနေတာ အဖေကို အရင်ဆုံး အလုပ်ကနေ နားစေချင်လို့ပါ"
"ဒါဆို ကျွန်မလည်း ကျွန်မအဖေကို အလုပ်ကနေ နားစေရမယ်"
မြောင်ရိုလန်က ဆိုလိုက်လေသည်။
"ကျွန်မအစ်ကိုအတွက်ဆိုရင်လည်း မေမေက သူ အိမ်ထောင်ပြုဖို့ အရှေ့တောင်အာရှဘက်ကို သွားပြီး ငွေပေးရှာရလိမ့်မယ်လို့ ပြောနေတာ"
"မင်းအစ်ကိုက လေ့ကျင့်ဖူးလား"
"သူက စိတ်မရှည်ဘူးလေ ဘယ်လိုလုပ် အောင်မြင်မှာလဲ သူ အရင်က ပြောဖူးတဲ့ စကားကြောင့် အဖေ စိတ်ပျက်လုနီးပါး ဖြစ်သွားဖူးတယ် သူက ၁၀ နှစ်ကြာ လေ့ကျင့်တာ လေလည်တာလောက်ပဲ ရတယ်တဲ့... သူ အောင်မြင်မသွားတာ ကောင်းပါတယ် သူ့စိတ်နေသဘောထားနဲ့သာဆိုရင် လူတွေနဲ့ ရန်ဖြစ်ပြီး ဆေးကုသစရိတ်တွေနဲ့တင် ကျွန်မတို့မှာ မနိုင်တော့ဘူး..."
ညစာစားပြီးတဲ့နောက် မြောင်ရိုလန်က လင်ရှောင်စု လဲထားတဲ့ အဝတ်တွေကို ချက်ချင်း ယူလျှော်ပေးလိုက်လေသည်။
လင်ရှောင်စုဟာ အိမ်ပြန်ဖို့ မလိုတော့ဘဲ ဒီမှာပဲ တည်းခိုလိုက်ဖို့ ဆုံးဖြတ်လိုက်လေ၏။
သူတို့နှစ်ဦးဟာ ပညာရပ်တစ်ခုကို လေ့ကျင့်ထားသူတွေ ဖြစ်တဲ့အတွက် စိတ်သဘောထားချင်း တူညီလာပြီး အချိန်ကြာကြာ ပူးပေါင်းလုပ်ကိုင်လာတဲ့ သူငယ်ချင်းဟောင်းတွေလိုမျိုး ရင်းနှီးသွားကြပြီး ဧည့်ခန်းထဲမှာ ပန်းကန်တွေ ဆေးကြောနေရင်း အိမ်နောက်ဖေးမှာ အဝတ်လျှော်နေတဲ့ မြောင်ရိုလန် နဲ့အတူ အလွန် သဟဇာတ ဖြစ်နေလေတော့သည်။
ထိုညတွင် လင်ရှောင်စုဟာ ဧည့်ခန်းမှာ အိပ်ပျော်သွားလေသည်။
လေပြေလေးများ တိုက်ခတ်နေပြီး ကြယ်များ ပြည့်နှက်နေသည့် ညတွင် သူ သက်သောင့်သက်သာ အိပ်ပျော်သွား၏။
သူသည် သူ၏ အကြီးမားဆုံး အားနည်းချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်လေသည်။ အနာဂတ်တွင် သူသည် ကိုယ်ခံပညာရှင် တစ်ယောက်အနေဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေသည်။
မျိုးနွယ်ဗီဇ ပြောင်းလဲထားသူများမှာ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ရှေးဟောင်း ကိုယ်ခံပညာ လေ့ကျင့်သူများမှာ အ
ချိန်နှင့်အမျှ တိုးတက်လာနိုင်ပြီး ဤသည်မှာ လင်ရှောင်စု၏ အားသာချက်ပင် ဖြစ်လေတော့သည်။