အခန်း (၃၀) - စုံစမ်းထောက်လှမ်းရေး အေဂျင်စီတစ်ခု အတူဖွင့်ကြရအောင်
ဘွဲ့ထူးဂုဏ်ထူးများ ရှည်လျားစွာ ပါဝင်နေခြင်းက ထိုသူသည် ကျွမ်းကျင်ပညာရှင် တစ်ယောက်ပင် ဖြစ်ကြောင်း ပြသနေလေသည်။
သို့သော် လင်ရှောင်စု၏ မျက်စိထဲတွင်မူ ထိုသူမှာ အလှဆင်ထားသည့် ခေါင်းအုံးကဲ့သို့ အသုံးမဝင်သူသာ ဖြစ်၏။ သို့သော် အမြင်ချင်း မတူကြသကဲ့သို့ အဆင့်အတန်းလည်း ကွာခြားကြရာ ထင်မြင်ချက်များ မှာလည်း ကွဲပြားကြမြဲပင် ဖြစ်လေသည်။
မစ္စစွန်းသည် အချက်အလက်များကို လျင်မြန်စွာ ကြည့်ရှုလိုက်ပြီး သူမ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွား၏။
"ဒါမှ တကယ့်ဆရာဆိုတာ ကျောင်းအုပ်ကျိုးသာ သူ့ကို ဒီကို ခေါ်လာနိုင်ရင် ကျွန်မလည်း နောက်ထပ် လူအနည်းငယ်ကို ဒီနေရာကို မိတ်ဆက်ပေးနိုင်သေးတယ်"
"ဒါဆိုရင်တော့ သေချာသွားပြီ ကျွန်တော် သူ့ကို အခုပဲ မက်ဆေ့ခ်ျ ပို့လိုက်တော့မယ်"
မက်ဆေ့ခ်ျ ပို့ပြီး မကြာမီပင်
"ဟုတ်ကဲ့" ဟူသော အကြောင်းပြန်ချက် ရောက်လာ၏။
ဤရုံးခန်းထဲတွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ မိနစ် ၃၀ အတွင်း ငြိမ်သက်သွားခဲ့လေသည်။ ကျောင်းအုပ်ကျိုးနှင့် မစ္စစွန်းတို့သည် ဤမငြိမ်သက်မှုကို သူတို့နှစ်ဦးသာ သိသည်ဟု ထင်မှတ်ခဲ့ကြ သော်လည်း သူတို့ အမှားပင်။
လင်ရှောင်စုသည် စကားပြောဆိုမှု တစ်ခုလုံးကို ကြားရုံတင်မက ဖုန်းထဲမှ စာသားများကိုပါ မြင်လိုက်ရ၏။
‘မြောင်ရိုလန်ကော’
သူမသည် ဆယ်မီတာအကွာတွင် မြင်းထိုင်ဟန်ကို လေ့ကျင့်နေဟန် ရှိသော်လည်း ရုံးခန်းအတွင်းမှ ပြောဆိုမှုများနှင့်အတူ သူမ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားလေသည်။
သင်တန်းပြီးဆုံး၍ ကလေးများ ပြန်သွားကြသောအခါ မြောင်ရိုလန်သည် ကျောင်းအုပ်ကျိုး၏ ရုံးခန်းထဲသို့ ဝင်လာပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
"ကျောင်းအုပ်ကျိုး ကျွန်မ စဉ်းစားပြီးပါပြီ ဒီအလုပ်က ကျွန်မနဲ့ မသင့်တော်ဘူးလို့ ခံစားရတယ် ကျွန်မကို တန်ဖိုးထားပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မ မလုပ်နိုင်တော့ပါဘူး အိမ်မှာ ကိစ္စလေး တစ်ခု ရှိနေလို့..."
ကျောင်းအုပ်ကြီးကျိုးသည် အတွင်းစိတ်တွင် အလွန် ဝမ်းသာသွားသော်လည်း မျက်နှာပေါ်တွင်မူ တုံ့ဆိုင်းနေသည့်ပုံကို ထိန်းထားရလေသည်။
ယဉ်ကျေးစွာ ပြောဆိုပြီးနောက် သူသည် စကားလမ်းကြောင်းကို သူ အဆင်ပြေစေမည့် ဘက်သို့ အလွယ်တကူ ပြောင်းလိုက်၏။
"ခင်ဗျား ဒီမှာ အတန်းပေါင်း ၁၅ တန်း သင်ပေးခဲ့တယ်... ကျွန်တော်တို့ အရင်က သဘောတူထားတဲ့ အတိုင်း တစ်တန်းကို ၅၀ နှုန်းနဲ့ဆိုရင် စုစုပေါင်း ၇၅၀ ဖြစ်ပါတယ် ဒါလေး ယူသွားပါ"
မြောင်ရိုလန်သည် လစာတစ်ဝက်စာ ဖြစ်သော ၇၅၀ ကို လက်ခံလိုက်လေ၏။
လစာ နည်းသော်လည်း သူမသည် ဤအလုပ်အတွက် အရည်အချင်း မရှိသေးဟု ခံစားနေရသည်။ မြောင်ရိုလန်သည် ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ကျော့ရှင်းစွာပင် လမ်းလျှောက်၍ ကိုယ်ခံပညာသင်တန်းကျောင်း၏ ပင်မတံခါးမှ ထွက်လာကာ လုံခြုံရေး ဦးလေးကြီးကိုပါ နှုတ်ဆက်သွား၏။ အပြင်ဘက်တွင် ကျောင်းသားနှစ်ယောက်က သူမကို နှုတ်ဆက်သဖြင့် ကလေးများ၏ ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်လေသည်။
ကလေးများ ဘတ်စ်ကားပေါ် တက်သွားပြီးနောက် မြောင်ရိုလန်၏ မျက်နှာပေါ်ရှိ ဖော်ရွေသော အပြုံးမှာ ပျောက်ကွယ်သွား၏။ သူမ တိတ်တဆိတ် သက်ပြင်းချကာ သူမ၏ လျှပ်စစ်စကူတာလေးဆီသို့ လျှောက်သွားလိုက်လေသည်။
စကူတာနားအရောက်တွင် အမျိုးသားတစ်ယောက်က သစ်ပင်နောက်မှ ထွက်လာပြီး အနည်းငယ် ပြုံးပြလိုက်၏။
"ရိုလန် ကျွန်တော်က လီဒုန်ဒုန်ရဲ့ အတန်းဖော်နဲ့ အိမ်နီးချင်း လင်ရှောင်စုပါ"
မြောင်ရိုလန် လမ်းလျှောက်တာ ရပ်တန့်လိုက်ပြီး သူ့ကို အကဲခတ်လိုက်ကာ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာ၏။
"ကျွန်မ ရှင့်ကို သိတယ် ဒုန်ဒုန်က ရှင့်အကြောင်းကို အမြဲ ပြောပြနေကျပဲ ဒီကို ဘာလို့ လာတာလဲ"
"ကျွန်တော် ရိုလန်ကို အထူးတလည် ရှာလာတာပါ"
"ဒုန်ဒုန် ပြန်ရောက်လာတာလား"
"မဟုတ်ပါဘူ် သူ ပြန်မရောက်သေးဘူး..."
လင်ရှောင်စုသည် ဒေါ်လေးကို ပြောခဲ့သည့် စကားများကိုပင် ပြန်ပြောပြလိုက်၏။
မြောင်ရိုလန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နူးညံ့စွာ ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ အကောင်းဆုံးပဲ သူကနိုင်ငံတော်အဆင့် တိုက်ခိုက်ရေးအဖွဲ့နဲ့ အသင့်တော်ဆုံးပဲ နောက်ဆုံးတော့ သူ သင့်တော်တဲ့ လမ်းကြောင်းကို တွေ့သွားပြီပေါ့"
လင်ရှောင်စုက ပြောလိုက်သည်။
"ဟုတ်တယ် သူနဲ့ အသင့်တော်ဆုံး လမ်းကြောင်းကို တွေ့သွားပြီ ရိုလန်ကော ရိုလန်ရဲ့ လမ်းကြောင်းက ဘယ်မှာလဲ"
မြောင်ရိုလန်၏ မျက်လုံးများ အနည်းငယ် ရွေ့လျားသွားလေသည်။
"ဘာလဲ ကျွန်မ အစာငတ်ပြီး သေသွားမှာ စိုးရိမ်နေတာလား"
မျက်လုံးများ ရွေ့လျားသွားသောအခါ လင်ရှောင်စုသည် သူမ၏ မျက်လုံးများမှာ မည်မျှ အဓိပ္ပာယ်ရှိမှန်း ရုတ်တရက် သတိပြုမိလိုက်၏။ အနည်းငယ် လှည့်ကြည့်လိုက်ခြင်းကပင် သူမ၏ သာမန် ပုံပန်းကို မေ့သွားစေနိုင်လေသည်။
"မဖြစ်နိုင်ပါဘူေ ရိုလန်လို ပညာရှင်မျိုးသာ အစာငတ်ရရင် ဒီ လူ့အဖွဲ့အစည်းက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတာပေါ့"
မြောင်ရိုလန်၏ အကြည့်မှာ သူ့မျက်နှာပေါ်တွင် စူးစိုက်ကာ အတွေးများ နက်ရှိုင်းနေသည်။
"ကျွန်တော် ခုနက အထဲမှာ ရှိနေတာ တခြားသူတွေက ရိုလန်ရဲ့ စွမ်းအားကို မမြင်နိုင်ပေမဲ့ ကျွန်တော် မြင်နိုင်တယ်"
လင်ရှောင်စုက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
မြောင်ရိုလန် သက်ပြင်း နူးညံ့စွာ ချလိုက်၏။
"ကျွန်မလည်း အမှန်တော့ ရှင့်ကို တွေ့လိုက်ပါတယ်"
"ကျွန်တော့်ကို မြင်ရုံတင်မကဘဲ ကျောင်းအုပ်ကျိုးနဲ့ မစ္စစွန်းတို့ရဲ့ စကားပြောသံကိုလည်း ကြားလိုက်တာပေါ့"
လင်ရှောင်စု ထပ်မံပြောလိုက်၏။
"ဆဌမ အာရုံ တိုးတက်နေတာက ရှေးဟောင်းကိုယ်ခံပညာရဲ့ စွမ်းအား တစ်မျိုးပဲ မဟုတ်လား"
"ရှေးဟောင်းကိုယ်ခံပညာရဲ့ စွမ်းအားက အဆုံးမရှိဘူး ကျွန်မကတော့ အပေါ်ယံလောက်ပဲ ရှိပါ သေးတယ် အဆိုးဆုံးက ဒီခေတ်ကြီးက ရှေးဟောင်းကိုယ်ခံပညာက လူဝင်မဆံ့တာပဲ"
"မဟုတ်ပါဘူး ဒီခေတ်ကြီးက အရာရာကို လက်ခံနိုင်ပါတယ် မဆံ့တဲ့ ပညာမျိုး မရှိပါဘူး အခွင့်အရေး နေရာလွဲမှားနေတာပဲ ရှိတာပါ"
"ကျွန်တော် ဒီနေ့ လာတာက ရိုလန်နဲ့ စီမံကိန်းတစ်ခုမှာ ပူးပေါင်းချင်လို့ပါ"
"ဘာစီမံကိန်းလဲ"
"ကျွန်တော် စုံစမ်းထောက်လှမ်းရေး အေဂျင်စီတစ်ခု ဖွင့်ချင်လို့ပါ ကျွန်တော် တစ်ယောက်တည်း မလုပ်နိုင်လို့ ပါတနာ လိုက်ရှာနေတာပါ"
မြောင်ရိုလန် အံ့ဩသွား၏။
"စုံစမ်းထောက်လှမ်းရေး အေဂျင်စီ ဘာလုပ်ရမှာလဲ အလွတ် စုံထောက်လား"
"ဟုတ်တယ်"
"ဒါ လုပ်ခွင့်ရှိလို့လားနိုင်ငံခြားမှာပဲ ခွင့်ပြုတယ်လို့ ထင်နေတာ"
"စည်းမျဉ်းတွေ ပြောင်းသွားပြီ ဒက်ရှာမှာ အခု ခွင့်ပြုထားပါတယ် ဒါပေမဲ့ လုပ်မယ့်သူ သိပ်မရှိဘူးလေ လုပ်နိုင်တဲ့ အရည်အချင်းရှိသူလည်း သိပ်မရှိတာ ရိုလန်လည်း သိမှာပါ"
လင်ရှောင်စု ဆက်လက်ပြောဆိုလိုက်၏။
"ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တယ်"
မြောင်ရိုလန် စိတ်ဝင်စားသွားလေသည်။
သူမတွင် ပညာရှိသော်လည်း နေရာမရှိပေ။
သူမ၏ အခြေအနေမှာ လီဒုန်ဒုန်ထက်ပင် ပို၍ ခက်ခဲနေသည်။
လီဒုန်ဒုန်သည် မြင်သာသော တိုက်ခိုက်ရေးပညာကို ကျွမ်းကျင်ပြီး နိုင်ငံတော်အဆင့် အားကစား အသင်းများ ရှိသောကြောင့် သူမ၏ လမ်းကြောင်းမှာ ကျယ်ပြန့်ပေသည်။ ထို့ပြင် လီဒုန်ဒုန်က ခရိုင်မြို့ လေးတွင် ကိုယ်ခံပညာသင်တန်းကျောင်းကို ဖွင့်ပြီး သင်ပေးနိုင်သေး၏။ မိဘများအတွက် ခေတ်ပေါ် တိုက်ခိုက်ရေး အားကစားမှာ စိတ်ဝင်စားဖွယ် ဖြစ်နေပြီး ခန္ဓာကိုယ်ကို သန်မာစေနိုင်လေသည်။
သို့သော် မြောင်ရိုလန်အတွက်မှာမူ ရှေးဟောင်းကိုယ်ခံပညာမှာ အလွန်ထူးခြားပြီး သင်ယူရ အလွန် ခက်ခဲကာ လေ့ကျင့်ခန်း လုပ်ချင်သည့် ကလေးများအတွက် မဟုတ်ပေ။
ကလေးများက ထိုလောက် ဒုက္ခ မခံနိုင်ကြပေ။
ခံနိုင်လျှင်ပင် မိဘများက မလိုလားကြပေ။
လူတိုင်းက မျက်မြင်ကိုသာ ယုံကြည်ကြပြီး နားမလည်နိုင်သော အတွင်းအားစွမ်းအင်ကို မည်သူက ယုံကြည်နိုင်မည်နည်း။ သင်တန်းကြေး မြင့်မြင့်ပေးပြီး ကလေးတွေကို ပူအိုက်တဲ့ နွေရာသီ၊ အေးစက်တဲ့ ဆောင်းရာသီမှာ လေ့ကျင့်ခိုင်းပေမဲ့ ကလေးတွေက ဘာမှ မတတ်မြောက်လာရင် မိဘတွေက သူတို့ပိုက်ဆံတွေဟာ အနက်ရောင် မြစ်ထဲ ရေစုန်မျောသွားသလိုပဲလို့ ခံစားကြရမည် ဖြစ်သော ကြောင့်ပင်။
ထို့ကြောင့် မြောင်ရိုလန်၏ လမ်းကြောင်းမှာ အလွန်တရာ ကျဉ်းမြောင်းလှ၏။
လက်ရှိ အလုပ်ဖြင့်သာ ဆက်သွားမည်ဆိုပါက ငတ်သေဖို့ပင် များလေသည်။
ယနေ့ ဖြစ်ရပ်က ၎င်းကို သက်သေပြနေ၏။
ယခုတွင်မူ လင်ရှောင်စုက သူမကို ဖိတ်ခေါ်နေပြီ ဖြစ်လေသည်။
"ကျွန်မ ဒီလုပ်ငန်းနဲ့ ပတ်သက်ရင် လုံးဝ မကျွမ်းကျင်ဘူး လုပ်နိုင်မှာ မဟုတ်ဘူး"
မြောင်ရိုလန်က စိတ်လှုပ်ရှားနေသော်လည်း ရိုးသားစွာ ပြောလိုက်သည်။
"ကျွန်တော် ကျွမ်းကျင်ပါတယ်"
"ဒါဆို... ကျွန်မ ဘာကူညီပေးရမှာလဲ"
"ရိုလန်ရဲ့ အခန်းကဏ္ဍက အရမ်း အရေးကြီးပါတယ် စုံထောက်လုပ်ငန်းမှာ လူကို စိတ်အနှောင့်အယှက် ဖြစ်စေတာတွေ ကြုံရမှာပဲ တစ်ယောက်ယောက်က ကျွန်တော့်ကို လာရိုက်တာမျိုး စားပွဲခုံတွေကို လာဖျက်တာမျိုး လုပ်ရင် ရိုလန်က ရှေ့ထွက်ပြီး ကာကွယ်ပေးရမှာပါ"
မြောင်ရိုလန် ရယ်မောလိုက်လေသည်။
"အရူးပဲ အရာတိုင်းက တိုက်ခိုက်ရမှာမှ မဟုတ်တာ"
"တိုက်စရာ မလိုတဲ့ အချိန်ဆိုရင် ရိုလန်က ငွေစာရင်း ကိုင် ဆိုင်စောင့် အမှုလက်ခံပေါ့"
မြောင်ရိုလန်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူမ၏ တက်ကြွသော မျက်လုံးများမှာ သူ့ကို စူးစိုက်ကြည့်နေလေသည်။
"ရှင် ပြောတာ တကယ်လား"
"တကယ်ပေါ့"
မြောင်ရိုလန်၏ မျက်လုံးများတွင် တောက်ပမှုတစ်ခု ပေါ်လာ၏။
"ဒါဆိုရင် ဘော့စ်ရေ၊ လစာ ဘယ်လောက် ပေးမှာလဲ"
"ရိုလန် ဘယ်လောက် ယူနိုင်မလဲ"
"တစ်လကို ၂၀၀၀... သို့မဟုတ် ၁၅၀၀ ဆိုရင်တောင် ရပါတယ်"
လင်ရှောင်စု ရယ်မိလိုက်သည်။
"ရိုလန်ရဲ့ တောင်းဆိုချက်က တော်တော် နည်းတာပဲ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီလောက် နည်းတာကိုလည်း ကျွန်တော် လက်မခံနိုင်ဘူး"
မြောင်ရိုလန် အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။
"ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ကျွန်တော်တို့က ပါတနာတွေပါ ကျွန်တော်က ရိုလန်ရဲ့ ဘော့စ် မဟုတ်ဘူး ကျွန်တော်တို့ နှစ်ယောက်လုံးက ရှယ်ယာရှင်တွေ အခွင့်အရေးနဲ့ အကျိုးအမြတ် တူတူပဲ ဝင်ငွေကို တစ်ဝက်စီ ခွဲမယ် အိမ်လခနဲ့ ကုန်ကျစရိတ်ကိုလည်း တူတူ ခွဲပေးမယ်"
လင်ရှောင်စု ရှင်းပြလိုက်ရာ
မြောင်ရိုလန် နားလည်သွား၏။
"အဲဒါ မဖြစ်သင့်ဘူး တကယ် မဖြစ်သင့်ဘူး ကျွန်မ ဒီလုပ်ငန်းနဲ့ ပတ်သက်ရင် ဘာမှ မသိဘူး ဘာမှလည်း လုပ်မပေးနိုင်ဘူး..."
"ရိုလန်က ကျွန်တော့်ကို တိုက်ခိုက်ရေးမှာ ကူညီပေးနိုင်တယ်လေ လိုအပ်လာရင်..."
"ကျွန်မ တိုက်ခိုက်ရင်တောင် ကျွန်မရဲ့ အားထုတ်မှုက အများကြီး မတန်ပါဘူး ခုနက မြင်တဲ့အတိုင်း တစ်တန်းကို ၅၀ ပဲ တန်တာ..."
"အဲဒါက ကျောင်းအုပ် ကျိုးက အရည်အချင်းကို မမြင်တတ်လို့ပါ"
"ဘယ်လိုပဲ ဖြစ်ဖြစ်... ကျွန်မ ရှင့်ကို အမြတ်မထုတ်နိုင်ပါဘူး"
"ဒါဆိုရင် ကျွန်တော့်ကို အနည်းငယ် အမြတ်ထုတ်ခွင့် ပေးမလား"
လင်ရှောင်စု၏ စကားအဆုံးတွင် စကားပြောဆိုမှုမှာ ရုတ်တရက် ရပ်တန့်သွား၏။
မြောင်ရိုလန်၏ ပါးစပ်မှာ ဟောင်းလောင်း ဖြစ်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
လင်ရှောင်စု အကြည့်လွှဲလိုက်ပြီး အတွင်းစိတ်ထဲတွင် "သေစမ်း" ဟု ကျိန်ဆဲလိုက်မိသည်။
သူ စကားမှားပြောမိလိုက်သလား နားလည်မှု လွဲစေမည့် စကားမျိုး ဖြစ်သွားသလား ဟူ၍ပင်။
"ထားလိုက်ပါတော့၊ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်"
လင်ရှောင်စု စကားကို ဂရုတစိုက် ရွေးချယ် ပြောလိုက်၏။
"ကျွန်တော်... အဟမ်း... ရှေးဟောင်းကိုယ်ခံပညာကို စိတ်ဝင်စားနေတာပါ အခွင့်အရေး ရရင်တော့ လေ့လာချင်ပါတယ်"
မြောင်ရိုလန်၏ နှလုံးသားမှာ မိုးပေါ်မှ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
"မင်း ရှေးဟောင်းကိုယ်ခံပညာကို လေ့လာချင်တာလား"
"အဟမ်း... ရှေးဟောင်းစကားပုံမှာ 'ပညာကို လွယ်လွယ် မပေးအပ်ရ' လို့ ပြောပေမဲ့ ခေတ်သစ်မှာ အရာတော်တော်များများ ပြောင်းလဲသွားပြီလေ ဒီလို အံ့ဩစရာကောင်းတဲ့ ပညာကို မသင်ယူရတာ နှမြောဖို့ ကောင်းလွန်းပါတယ် 'ဝက်ရှေ့မှာ ပုလဲချ' သလို ဖြစ်နေမှာစိုးလို့ပါ"
မြောင်ရိုလန် ပြုံးလိုက်သည်။
သူမ၏ အပြုံးမှာ အလွန် သန့်စင်လှပေသည်။
လင်ရှောင်စု သူမ၏ အပြုံးကို အဓိပ္ပာယ် မဖော်နိုင်သော်လည်း လှောင်ပြောင်ခြင်း မဟုတ်ကြောင်း သိလိုက်၏။
"ခေတ်သစ်မှာ အရာရာ တကယ် ပြောင်းလဲသွားပြီ ရှင်က မယုံနိုင်လောက်အောင်ပဲ ကျွန်မ အဖေက တစ်ခါတုန်းက အရူးတစ်ယောက်လို စိတ်ကူး ရှိခဲ့ဖူးတယ် သူက ကျွန်မတို့ရဲ့ 'ပြန်လည်နုပျိုခြင်း ပညာ' ကို လူတိုင်း လေ့လာနိုင်အောင် အွန်လိုင်းမှာ တင်ပေးချင်ခဲ့တာ"
လင်ရှောင်စု အံ့ဩသွား၏။
"ဘာလို့ အဲဒီလို လုပ်ချင်ရတာလဲ"
"အကြောင်းက လွန်ခဲ့တဲ့ ငါးနှစ်က..."
မဟုတ်ပေ အကြောင်းအရင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကပင် ဖြစ်လေသည်။
လွန်ခဲ့သည့် ဆယ်နှစ်က ရှေးဟောင်းကိုယ်ခံပညာကို စိတ်အားထက်သန်သော လူငယ်တစ်ယောက် သည် သူမ၏ ဖခင်ကို ရှာဖွေပြီး ပညာသင်ပေးရန် တောင်းဆိုခဲ့၏။
သူမ၏ အဖေသည် မိသားစု၏ ပညာရပ်ကို လက်ဆင့်ကမ်းလိုသည့် အိပ်မက် အမြဲ ရှိခဲ့လေသည်။ ခေတ်သစ်တွင် သင်ယူမည့်သူ နည်းပါးရာ စိတ်ဝင်စားသူ တစ်ယောက် ပေါ်လာသဖြင့် အလွန် ဝမ်းသာ သွားပြီး ထိုလူငယ်ကို တပည့်အဖြစ် လက်ခံကာ စေတနာဖြင့် သင်ပေးခဲ့မိလေသည်။
သို့သော် ငါးနှစ်တိတိ လေ့ကျင့်ပြီးနောက် ထိုလူငယ်မှာ ဘာမှ မတိုးတက်လာပေ။ တဖြည်းဖြည်းနှင့် ထိုလူငယ် စိတ်မရှည် ဖြစ်လာပြီး နောက်ဆုံးတွင် သူမအဖေနှင့် ရန်ဖြစ်ပြီး သူမအဖေသည် လိမ်ညာသူ တစ်ယောက် ဖြစ်ကြောင်း ရွာထဲတွင် လိုက်လံ ပြောဆို သတင်းဖြန့်ခဲ့သည်။
ငါးနှစ်လုံးလုံး အလိမ်ခံရပြီး နှစ်သစ်ကူး လက်ဆောင်များနှင့် ကြက်မကြီး လေးကောင် ဆုံးရှုံးခဲ့ရ သည်ဟု ဆိုလေ၏။ သူမအဖေ ဒေါသထွက်သွားပြီးနောက် သူကိုယ်တိုင် လက်ဆောင်များနှင့် ကြက်မကြီး လေးကောင်ကို ပြန်ပေးလိုက်ပြီး ရွာသားများ၏ ကဲ့ရဲ့မှုကို ခံယူရကာ အိမ်ပြန်လာပြီး ညလုံးပေါက် စီးကရက် သောက်နေခဲ့၏။
နောက်တစ်နေ့မနက်တွင် အဖိုးအိုသည် ကောလိပ်တက်နေဆဲ မြောင်ရိုလန်ကို မျက်လုံးနီရဲစွာဖြင့် ရှာပြီး မေးလိုက်သည်။
"သမီး... အဖေတို့ရဲ့ 'ပြန်လည်နုပျိုခြင်း ပညာ' ကို အွန်လိုင်းမှာ တင်လိုက်ရင် ဘယ်လိုနေမလဲ"
"အဖေ... ဘာလို့ အဲဒီလို လုပ်ချင်တာလဲ"
"ဒက်ရှာမှာ ဒီပညာကို မတတ်မြောက်နိုင်တဲ့သူ မရှိဘူးဆိုတာ ငါ မယုံဘူး သူစိမ်း တစ်ယောက် ယောက်သာ အောင်မြင်သွားရင် ငါတို့ မြောင်မိသားစု နာမည် ပြန်သန့်စင်သွားမှာပဲ"
ရွာသားများ၏ ထင်မြင်ချက်မှာ အဖိုးအိုအတွက် အလွန် အရေးကြီးလှသည်။
လိမ်ညာသူဟု အခေါ်ခံရခြင်းကို သူ မခံနိုင်ပေ။
ထို့ကြောင့် သူသည် တစ်စုံတစ်ယောက်က 'ပြန်လည်နုပျိုခြင်း ပညာ' ကို လေ့ကျင့်နိုင်ရန် အိပ်မက် မက်ခဲ့လေသည်။ 'ပညာကို လွယ်လွယ် မပေးအပ်ရ' ဆိုသည့် မူဝါဒအရ သူ ပေးအပ်ချင်သော်လည်း သင်ယူမည့်သူ ရှာမတွေ့ခြင်းသာ ဖြစ်ပေ၏။
ထို့ကြောင့် လင်ရှောင်စုအနေဖြင့် မြောင်မိသားစု၏ 'ပြန်လည်နုပျိုခြင်း ပညာ'ကို လေ့လာခြင်းမှာ ပြဿနာ မဟုတ်တော့ပေ။
လင်ရှောင်စု အလွန် ဝမ်းသာသွား၏။
"ဒါဆိုရင် အခုပဲ ရိုလန်နဲ့အတူ လိုက်သွားပြီး ကျွန်တော့်ရဲ့ ကိုယ်ခံပညာ ဆရာကို သွားတွေ့လို့ ရပြီပေါ့"