အခန်း (၂၉) - ရှေးဟောင်းကိုယ်ခံပညာ ဆက်ခံသူ မြောင်ရိုလန်
"မြောင်" ဆိုသည့် နာမည်မှာ အတော်လေး ရှားပါးလှသည်။ သို့သော် ဤခရိုင်တွင် မြောင်မျိုးနွယ်နှင့် ပတ်သက်၍ အလွန်ကျော်ကြားသော မိသားစု တစ်စုရှိ၏။
"ဟုတ်တယ် မဟုတ်လား ဟွာရှီးတံတားဘက်က မိသားစုလေ မြောင်မျိုးနွယ်က ကိုယ်ခံပညာနဲ့ ကျော်ကြားတာ ကျွန်မရဲ့ ဒုန်ဒုန်က တကယ့်ကို မိန်းကလေးနဲ့ မတူဘဲ အမြဲတိုက်ခိုက်နေတာ သူက မြောင်ရိုလန်နဲ့ တော်တော် အဆင်ပြေတယ်..."
‘မြောင်မျိုးနွယ် မြောင်ရိုလန်’
လင်ရှောင်စု၏ စိတ်ထဲတွင် လှိုင်းထန်သွားလေတော့သည်။
မြောင်မျိုးနွယ်မှာ ရှေးဟောင်း ကိုယ်ခံပညာ မျိုးနွယ်ပင် ဖြစ်၏။ ဒက်ရှာနိုင်ငံတွင် ကျန်ရှိနေသော ရှေးဟောင်းကိုယ်ခံပညာ မျိုးနွယ်များမှာ များများစားစား မရှိတော့ဘဲ အလွန်ရှားပါးလေသည်။ အဘယ်ကြောင့်နည်း။ ရှေးခေတ်ကာလများ တစ်လျှောက်တွင် ရှေးဟောင်းကိုယ်ခံပညာ မျိုးနွယ်များသည် အမြဲတမ်း တားမြစ်ခံရလေ့ ရှိသောကြောင့်ပင် ဖြစ်ချေသည်။
ရှေးခေတ်တွင် "ကိုယ်ခံပညာစွမ်းအားဖြင့် ပြစ်မှုကျူးလွန်ခြင်း"သည် ပုန်ကန်ခြင်းနှင့် အဓိပ္ပာယ်တူ ဖြစ်လာခဲ့ပေ၏။ ဒက်ရှာနိုင်ငံသည် ယဉ်ကျေးမှုခေတ်သို့ ရောက်ရှိလာသောအခါ တရားဥပဒေ စိုးမိုးရေးမှာ အဓိက ဖြစ်လာပြီး တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည့် ခေတ်မဟုတ်တော့ပေ။
ကိုယ်ခံပညာမှာလည်း တဖြည်းဖြည်း အရေးပါမှု လျော့နည်းလာလေသည်။
ထိုရှေးဟောင်းကိုယ်ခံပညာ မျိုးနွယ်များသည်လည်း ထိန်းထိန်းသိမ်းသိမ်း နေထိုင်လာကြပြီး သူတို့၏ ကိုယ်ခံပညာ စွမ်းရည်များကို ဘယ်တော့မှ လူသိရှင်ကြား ကြွားဝါခြင်း မရှိတော့ပေ။ ဆန့်ကျင်ဘက် အနေနှင့် သူတို့သည် လူထုကြားထဲတွင် ရောနှော ပေါင်းသင်းနေနိုင်ရန်အတွက် သူတို့၏ ကိုယ်ခံပညာ အမွေအနှစ်များကို တမင်တကာ လျှော့ချပြသလေ့ရှိကြ၏။ မဟုတ်ပါက သူတို့၏ မျိုးဆက်တိုင်းသည် လူတို့၏ အာရုံစိုက်မှု ဖြစ်လာပြီး ဘဝကို နေထိုင်ရ ခက်ခဲသွားပေလိမ့်မည် မဟုတ်လား။
ကြာရှည်စွာပင် မြောင်မိသားစုသည် ဟွာရှီးတံတားရွာတွင် သာမန်ကျေးလက်နေ ပြည်သူများနှင့် မထူးခြားနားဘဲ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့လေသည်။ ဤရှေးဟောင်းကိုယ်ခံပညာ မျိုးနွယ်ကို လူသိရှင်ကြား ဖြစ်လာစေသည်မှာ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့်သာ ဖြစ်ပေ၏။
လွန်ခဲ့သည့် နှစ်သုံးဆယ်က မြောင်ရိုလန်၏ ဖခင် မြောင်ဆန်းချန်းသည် ရွာတွင်းရှိ ဒေသခံ လူမိုက်တစ်စုနှင့် ပဋိပက္ခ ဖြစ်ခဲ့ရာ ဒေသခံဖြစ်သည့် အားသာချက်ကို အသုံးပြု၍ ထိုလူမိုက်သည် လူတစ်ဒါဇင်ကျော်နှင့်အတူ လွန်ခဲ့သည့် နှစ်ခုနှစ်ဆယ်က ရှောင်ရှန်းပြည်နယ်မှ ပြောင်းရွှေ့လာသော မြောင်မိသားစုကို ဟွာရှီးတံတားမှ မောင်းထုတ်ရန် ကြိုးပမ်းခဲ့လေသည်။
ထိုအချိန်က မြောင်ဆန်းချန်းမှာ လူငယ်တစ်ယောက် ဖြစ်ပြီး သူ၏ လူငယ်ဘဝ ခွန်အားဖြင့် သူတို့ကို ရင်ဆိုင်ခဲ့၏။
ရွာသူရွာသားများရှေ့တွင် သူသည် ကိုယ်ခံပညာ စွမ်းရည်ကို ပြသလိုက်ပြီးနောက် တုတ်များ၊ ဓားများ ကိုင်ဆောင်ထားသော လူမိုက်များကို သူသည် တစ်ယောက်ပြီးတစ်ယောက် ဆယ်မီတာအကွာရှိ မိလ္လာမြောင်းထဲသို့ ပစ်ချလိုက်ခဲ့လေသည်။
လူမိုက်ခေါင်းဆောင်က အနောက်မှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ကြိုးစားသောအခါ မြောင်ဆန်းချန်း က သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး အနည်းငယ် အားသုံးလိုက်ရုံဖြင့် ထိုလူမိုက်၏ လက်ကောက် ဝတ် အရိုးများပင် ကျိုးသွားခဲ့ရတော့လေသည်။
ဤပြင်းထန်သော အဖြစ်အပျက်မှာ တစ်ခရိုင်လုံးကို တုန်လှုပ်သွားစေခဲ့သည်။
လူကြီးတစ်ယောက်၏ လက်ကောက်ဝတ် အရိုးများကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်လောက် အောင် ခွန်အားမှာ မည်မျှ ကြီးမားလိမ့်မည်နည်း။ ဤဖြစ်ရပ်ကြောင့် သူသည် လူမိုက်၏ မိသားစုကို ဆေးဖိုးဝါးခအဖြစ် ဝက်တစ်ကောင် လျော်ပေးလိုက်ရသော်လည်း ထိုအချိန်မှစ၍ မြောင်မိသားစုကို မည်သူမျှ မနှောင့်ယှက်ရဲတော့ပေ။
လင်ရှောင်စုသည် သူ၏ ကိုယ်ပိုင် အားနည်းချက်များကြောင့် ရှေးဟောင်းကိုယ်ခံပညာကို စိတ်ဝင်စားမိ သွားလေသည်။
လင်ရှောင်စု၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အားနည်းချက် ဖြစ်ကြောင်း လူတိုင်း သိရှိပေ၏။
နံပါတ် ၈၈၊ ချန်ယဲ့ နှင့် ရှင်းယွဲ့ တို့ပင် သိသည်။
သူကိုယ်တိုင်လည်း ပို၍ သိရှိထားလေ၏။
၁၀၁ မှာ ရှိစဉ်က သူသည် မျိုးရိုးဗီဇ ပြောင်းလဲမှုကို လေ့လာသင့်မသင့် စဉ်းစားခဲ့ဖူးလေသည်။ အရင်ကဆိုလျှင် သူသည် ထိုအကြံကို ပယ်ချလိမ့်မည်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇ ပြောင်းလဲမှု၏ ကုန်ကျစရိတ်မှာ အလွန်များပြားသောကြောင့်ပင် ဖြစ်သည်။ မည်မျှ ကုန်ကျလိမ့်မည်ကို အတိအကျ မသိသော်လည်း ဟင်းသီးဟင်းရွက် စိုက်ခင်းလေးဖြင့် ရရှိနိုင်မည့်အရာ မဟုတ်မှန်း သူ သိထား၏။
သို့သော် ရှန်လုံသို့ ဝင်ရောက်လိုက်သောအခါ အရာအားလုံး ဖြစ်နိုင်ခြေ ရှိလာခဲ့သည်။ သူသာ ထူးချွန်စွာ စွမ်းဆောင်နိုင်ပါက ရှန်လုံ၏ အခမဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကို ရရှိနိုင်ပေသည်။
သို့သော် "ဧကရာဇ်၏ကျမ်းစာ"ကို သေချာဖတ်ရှုပြီးနောက် သူ ချီတုံချတုံ ဖြစ်သွားလေ၏။ ၎င်းကျမ်းစာ သည် လူ့ခန္ဓာကိုယ်ကို အလွန်နက်နဲသော အနေအထားဖြင့် သတ်မှတ်ထားသည်။ ဤကျမ်းစာတွင် ဖော်ပြရေးသားထားသော စနစ်တွင် လူ့ခန္ဓာကိုယ်သည် စကြဝဠာနှင့် ဆင်တူပြီး မရီးဒန် (စွမ်းအင် လမ်းကြောင်း)တိုင်း၊ အသက်ရှူခြင်းတိုင်း၊ ကိုယ်တွင်းအင်္ဂါတိုင်းသည် စကြဝဠာစနစ်၏ အစိတ် အပိုင်းများပင် ဖြစ်ကြ၏။
ရှုပ်ထွေးပြီး သိမ်မွေ့သော ကိုယ်တွင်းအင်္ဂါများက ချို့ယွင်းချက်မရှိ လုပ်ဆောင်နေပြီး အပြစ်အနာ အဆာကင်းသော လူ့ခန္ဓာကိုယ်ကို တည်ဆောက်ထားလေသည်။ ၎င်း၏ အနှစ်သာရမှာ ဆေးပညာ သီအိုရီကို ရှင်းပြခြင်းသာ ဖြစ်ပေသည်။
သို့သော် လင်ရှောင်စုကမူ ၎င်း၏ အခြေခံ သီအိုရီကိုသာ အာရုံစိုက်လိုက်ပြီး လူ့ခန္ဓာကိုယ်သည် သဘာဝ အတိုင်း ပြီးပြည့်စုံမှု ရှိလေသည်။ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် လူသားတို့သည် ကန့်သတ်ချက်များကို ကျော်လွှားပြီး လူ့စွမ်းအားကို အဆင့်ဆင့် မြှင့်တင်နိုင်သည် ဟူ၍ ဖြစ်သည်။
"မျိုးရိုးဗီဇ နိယာမ" များကမူ ဤသီအိုရီနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်လေ၏။
၎င်းမှာ မိမိကိုယ်ကို ဖွံ့ဖြိုးစေခြင်း မဟုတ်ဘဲ ပြင်ပမျိုးရိုးဗီဇများဖြင့် ခန္ဓာကိုယ်ကို လှုံ့ဆော်ခြင်းသာ ဖြစ်သည်။ မျိုးရိုးဗီဇ ပြောင်းလဲမှုတွင် ဆိုးရွားသော ချို့ယွင်းချက်များ ရှိနေလေသည်။ ၎င်းသည် ဟန်ချက်ကို ပျက်ပြားစေပြီး လူ့ခန္ဓာကိုယ်၏ သဘာဝ အဆင့်ဆင့် ပြောင်းလဲမှုကို အနှောင့်အယှက် ဖြစ်စေသည်။
“အကယ်၍ သင်သည် ဧကရာဇ်ကျမ်းစာ၏ အခြေခံ မူဘောင်ဖြစ်သော "လူ့ခန္ဓာကိုယ်သည် သဘာဝ အတိုင်း ပြီးပြည့်စုံသည်" ဆိုသည်ကို လက်ခံပါက ပြင်ပပစ္စည်းများကို ထိုသို့ ရှုပ်ထွေးစွာ ထည့်သွင်း ပေါင်းစပ်ခြင်းကို ခွင့်မပြုသင့်ပေ”
လင်ရှောင်စု၏ သီအိုရီမှာ အပြည့်အဝ မဖြစ်ပေါ်သေးသော်လည်း သူသည် ဤသီအိုရီနှစ်ခုထဲမှ မည်သည်က ပိုကောင်းသည်ကို မဆုံးဖြတ်နိုင်သဖြင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်ချက် ချလိုက်သည်။
လမ်းကြောင်းအတိုင်း လိုက်မလုပ်ခြင်းမှာ လက်ရှိတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုကို သူ လက်မခံခြင်း ဖြစ်၏။ သို့သော် မျိုးရိုးဗီဇ ပြောင်းလဲမှုကို ပယ်ချခြင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို မမြှင့်တင်နိုင်ခြင်းကို ဆိုလိုခဲ့လေသည်။
ယခုတွင်မူ မြှင့်တင်ရန် နည်းလမ်းသစ် ပေါ်ထွက်လာပြီ ဖြစ်ချေ၏။
‘ရှေးဟောင်းကိုယ်ခံပညာ’
ရှေးဟောင်းကိုယ်ခံပညာသည် မျိုးရိုးဗီဇဆိုင်ရာ သမာဓိကို မဖျက်ဆီးဘဲ ခန္ဓာကိုယ်၏ ခွန်အားကို အမြင့်ဆုံး ဖြစ်စေသော အတွင်းပိုင်း ကိုယ်ခံပညာပင် ဖြစ်ပေသည်။ သူသည် အလွန်သန်မာသော ခန္ဓာကိုယ်ကို မလိုအပ်ဘဲ သူ၏ မျက်လုံးများနှင့် တုံ့ပြန်မှုနှုန်းကို မနှောင့်ယှက်နိုင်မည့် လိုက်ဖက် ညီသည့် ခန္ဓာကိုယ်မျိုးသာ လိုအပ်၏။
"ဒေါ်လေး သား မနက်ဖြန် သွားပါ့မယ် ခရိုင်မြို့ကိုလည်း သွားရမှာဆိုတော့ သူနဲ့ စကားပြော ကြည့်လိုက်ပါ့မယ်"
"ကောင်းလိုက်တာ ဒီလို အချိန်အခါမျိုးမှာ ဒေါ်လေး တော်တော် စိုးရိမ်နေရတာ ဟင်းသီးဟင်းရွက် ခြံတောင် ပေါင်းတွေ ပေါက်ကုန်ပြီ ရက်အနည်းငယ်လောက်တော့ အလုပ်ရှုပ်ရဦးမယ်"
ဒေါ်လေးက ပျော်ရွှင်စွာပြောပြီး သမီးဖြစ်သူအတွက် စိုးရိမ်စိတ် မရှိတော့ဘဲ အိမ်သို့ ပြန်သွားလေသည်။
နောက်တစ်နေ့တွင် လင်ရှောင်စု ခရိုင်မြို့သို့ သွားရောက်ခဲ့၏။
နန်ချန် ဖွံ့ဖြိုးရေးဇုန်ရှိ သူ ရင်းနှီးသော ကိုယ်ခံပညာ သင်တန်းကျောင်းသို့ ရောက်ရှိသွားသည်။ ဒီနေ့မှာ စနေနေ့ ဖြစ်၍ ကိုယ်ခံပညာသင်တန်းကျောင်းတွင် ကလေးများ သင်တန်းတက်နေကြ၏။ တံခါးစောင့် အဘိုးအိုက အလွန်ယဉ်ကျေးပြီး သူ့အတွက် ဘေးတံခါးကို ဖွင့်ပေးကာ ဆေးလိပ် ကမ်းပေးလိုက်သည်။
"သားစု အဘိုးအိုကျိုးက သားကို ထမင်းစားဖို့ ဖိတ်ချင်တယ်လို့ အခါခါ ပြောထားတယ် ဒီနေ့ သား ရောက်လာတော့ အဆင်ပြေတာပေါ့"
"ဦးလေး ကျွန်တော့်ကို မှတ်မိတာလား"
လင်ရှောင်စုက ဆေးလိပ်ကို ငြင်းလိုက်ပြီး အနည်းငယ် အံ့ဩသွားလေသည်။
"အရင်တစ်ခါ ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ ကိစ္စလေ သားကြောင့်သာ ကလေး ပြန်ရတာ အဲဒီနေ့က ဦးလေး ရှိနေတာလေ"
အဘိုးအိုက လင်ရှောင်စု ငြင်းလိုက်သော ဆေးလိပ်ကို နားရွက်တွင် ညှပ်ထားရင်း ပြောလိုက်သည်။
"ဦးလေး မှတ်ဉာဏ် တော်တော် ကောင်းတာပဲ ကြာလှပြီနော်"
"ဟဲဟဲ ဒါ တံခါးစောင့်ရဲ့ ပညာပေါ့ သားကို ဖုံးကွယ်မထားပါဘူး ဒီလမ်းမပေါ်မှာ နေ့တိုင်း ရပ်စောင့်နေ ရတာ ဆိုတော့ လူတိုင်းနီးပါးကို မှတ်မိနေတာ..."
အဘိုးအိုက နီကိုတင်းကြောင့် အရောင်စွဲနေသော သွားများကို ဖြဲပြရင်း ဂုဏ်ယူစွာ ပြောလိုက်၏။
"လူတိုင်းနီးပါး" ဆိုသည်မှာ ဒေသန္တရ စကားဖြစ်ပြီး အားလုံးနီးပါးဟု အဓိပ္ပာယ် ရပေသည်။
"ဦးလေး မြောင်ရိုလန် ဆိုတဲ့ ဆရာမ ဒီနေ့ ရောက်လား"
"ရောက်တယ် သူ သင်တန်းပေးနေလား ဆိုတာ သွားကြည့်ပေးမယ်..."
"ကျွန်တော် အထဲဝင်ပြီး ကြည့်လို့ရမလား"
အဘိုးအိုက ရယ်မောလိုက်လေသည်။
"အခြားသူတွေအတွက်ဆိုရင်တော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ သားစုအတွက်ကတော့ တစ်မျိုးပေါ့ သားက ကလေးကို ကယ်ခဲ့တဲ့ သူရဲကောင်းပဲ ကလေးတွေကို ဘေးဖြစ်စေမှာ မဟုတ်ပါဘူး..."
လင်ရှောင်စု အထဲဝင်သွားလိုက်သည်။
သာမန် ကျောင်းများနှင့် အတော်လေး ကွာခြားပြီး သာမန် ကျောင်းများတွင် စာသင်ခန်းများ၊ စားပွဲခုံများနှင့် သင်ပုန်းများ ရှိချေသည်။ သို့သော် ဤနေရာတွင်မူ တိုက်ခိုက်ခြင်းကို သင်ပေးပြီး လေ့ကျင့်ရေး ကိရိယာများသာ ရှိပေ၏။ ကျယ်ဝန်းသော အားကစားကွင်းမှာမူ ဟောပြောပွဲ ခုံတန်း လျားသဖွယ် ဖြစ်နေသည်။ ကလေးသုံးဆယ်ကျော်မှာ ဝိုင်းဖွဲ့နေကြပြီး အလယ်တွင် လင်ရှောင်စု၏ နားလည်မှုကို ပြောင်းပြန်လှန်ပစ်မည့် မိန်းကလေး တစ်ယောက် ရပ်လျှက်ရှိနေပေသည်။
သူမက ‘မြောင်ရိုလန်လား’
လင်ရှောင်စု မြောင်ရိုလန်ကို တစ်ခါမျှ မတွေ့ဖူးဘဲ နာမည်သာ ကြားဖူးထားပြီး ရှေးဟောင်းကိုယ်ခံပညာ မျိုးနွယ်မှ တိုက်ရိုက် ဆက်ခံသူ ဖြစ်သည်ဟု သိရှိထားလေသည်။ သူ့ခေါင်းထဲတွင် ရဲရင့်သော အမျိုးသမီး တစ်ယောက်၏ ပုံရိပ်မှာ အလိုအလျောက် ပေါ်လာခဲ့သည်။ ရှေးဟောင်းကိုယ်ခံပညာ ဆက်ခံသူ တစ်ယောက် ဖြစ်သည့်အတွက် အနည်းဆုံး ဟူယားလောက်တော့ ရဲရင့်ရမည် မဟုတ်ပေလား။
သို့သော် ယခု မြင်တွေ့နေရသည်မှာ လုံးဝ ပြောင်းပြန် ဖြစ်နေ၏။ သူမမှာ အရပ် ၁.၅ မီတာလောက်သာ ရှိပြီး အလွန်ပိန်ပါးပြီး ဆံပင်နှစ်ဖက်ကို ကျစ်ဆံမြီး ကျစ်ထားပြီး မျက်နှာမှာ ကလေးဆန်နေသေးသည်။ အလွန်သာမန်ကျသော ပုံပန်းသွင်ပြင် ရှိနေသည်။
အပြင်ပန်းကို ကြည့်ရုံနှင့် ဆိုလျှင် ဆယ်မှတ်တွင် ခြောက်မှတ်လောက်သာ ရရှိပြီး လမ်းပေါ်တွင် တွေ့ရလျှင် လူအုပ်ထဲ ပျောက်သွားနိုင်သည့် အမျိုးအစားမျိုး ဖြစ်နေလေသည်။
"ကျောင်းသားတို့"
သူမ၏ အသံမှာ ပေါ့ပါလှပေသည်။
သူမပတ်လည်ရှိ ကလေးများမှာ ရယ်မောဆော့ကစားနေကြပြီး သူမအသံမှာ ခြင်သံလောက်သာ ရှိသည်။
ကလေးများက သူမအသံကို မကြားကြပေ။
သူမကိုယ်တိုင်လည်း ရှက်ရွံ့ပြီး မျက်နှာနီရဲလာကာ အသံကို မြှင့်လိုက်၏။
"ကျောင်းသားတို့ အမေ့စကား နားထောင်"
ကလေးများမှာ အနည်းငယ် ငြိမ်ကျသွားသော်လည်း ဆူညံသံများ ရှိနေဆဲ ဖြစ်သည်။
မြောင်ရိုလန်က ပြောလိုက်လေသည်။
"ဒီနေ့ မေမေတို့ 'မြင်းထိုင်ဟန်'ကို လေ့ကျင့်မယ် မြင်းထိုင်ဟာ ကိုယ်ခံပညာ လေ့ကျင့်ရာမှာ အဓိကပဲ..."
ကလေးတစ်ယောက်က သူမစကားကို ဖြတ်ပြောလိုက်၏။
"ဆရာမ အရင်က ဆရာလီက ကိုယ်ခံပညာ သင်ပေးတယ်လေ"
"ဒါလည်း ကိုယ်ခံပညာပဲ ကိုယ်ခံပညာရဲ့ အခြေခံပါ"
မြောင်ရိုလန်၏ မျက်နှာမှာ ပို၍ နီရဲလာသည်။
"ကြည့်၊ မေမေ သရုပ်ပြမယ်"
သူမ၏ ခြေဖျားလေးဖြင့် မြေပြင်ကို အနည်းငယ် ထိလိုက်ပြီး မြင်းထိုင်ဟန်ကို ပြုလုပ်လိုက်လေသည်။
လင်ရှောင်စု၏ မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးသားမှာ တုန်ခါသွား၏။
ပေါ့ပါးသော လှုပ်ရှားမှု ဖြစ်သော်လည်း သူ့အတွက်မူ အလွန် အံ့အားသင့်စရာပင် ဖြစ်နေသည်။
ရေပြင်ပေါ်တွင် ရေစီးသကဲ့သို့ အလွန်သဘာဝကျပြီး အလွန် ပေါ့ပါးသည်။ သူမ၏ ခြေဖျား လှုပ်ရှား လိုက်သောအခါ မြေပြင်ပေါ်ရှိ ဘိလပ်မြေ ဖုန်မှုန့်များမှာ သူမ၏ လှုပ်ရှားမှုအတိုင်း ပေါ့ပါးစွာ တက်လာလေသည်။ သို့သော် သူမ၏ မြင်းထိုင်ဟန် တည်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက် ဖုန်မှုန့်များမှာ ရုတ်တရက် ကျသွားပြီး ထိုက်ချိပုံစံ ဖြစ်လာခဲ့ပေ၏။
၎င်းမှာ ဖုန်မှုန့်များ သဘာဝအတိုင်း ကျခြင်း မဟုတ်ဘဲ သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်ပေသည်။ ပို၍ နက်နဲအောင် ပြောရလျှင် မြင်းထိုင်ဟန် တစ်ခုတည်းက သူမပတ်လည် သုံးမီတာအတွင်း၌ သူမ၏ နယ်မြေကို တည်ဆောက်လိုက်ခြင်း ဖြစ်၏။ ဤနယ်မြေ အတွင်းတွင် လေပင်လျှင် သူမစကားကို နားထောင်ရမည်သာ ဖြစ်ချေသည်။
ဤကား မည်သို့သော အဆင့်အတန်းပင် ဖြစ်လေသနည်း။
ပေါ့ပါးသော်လည်း လေးနက်သော လှုပ်ရှားမှုမှာ မျိုးရိုးဗီဇ လူသားများထက် သူ့ကို ပို၍ နက်ရှိုင်းစွာ ထိခိုက်စေနိုင်၏။
"ကျောင်းအုပ်ကြီးကျိုး ခင်ဗျားရဲ့ ဆရာမ... သိပ်မကောင်းပါလား"
ဘေးရှိ ရုံးခန်းမှ အမျိုးသမီး တစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။
လင်ရှောင်စု၏ အကြည့်မှာ ထိုပြတင်းပေါက်ဆီသို့ ရောက်ရှိသွားလေသည်။ ကျောင်းအုပ်ကျိုး၏ ရုံးခန်းဖြစ်ပြီး သူသည် တန်ဖိုးကြီး ဝတ်စားထားသော အမျိုးသမီးငယ် တစ်ယောက်နှင့် လက်ဖက်ရည် သောက်နေလျှက်ရှိ၏။
"သူက... သူက ရှေးဟောင်းကိုယ်ခံပညာ ဆက်ခံသူပါ သူ့မိသားစုကလည်း ဒီလိုပဲ သင်ပေးတာ"
ကျောင်းအုပ်ကျိုးက အားနာစွာ ပြောဆိုလိုက်သည်။
"ကျွန်မတို့ ကလေးတွေကို ဒီကို ပို့တာက လေ့ကျင့်ခန်း လုပ်စေချင်လို့ ခန္ဓာကိုယ် သန်မာစေချင်လို့ပါ ကိုယ်ခံပညာ သင်စေချင်လို့ မဟုတ်ဘူး ရှင်က ကိုယ်ခံပညာခန်းမကို ဖွင့်ပြီး ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု မလုပ်ဘဲ အရူးလို ရပ်နေခိုင်းတာ ဘာအဓိပ္ပာယ်လဲ"
ထိုအမျိုးသမီးက ထပ်မံပြောလိုက်ပြန်သည်။
"ဒီအတိုင်း ဆက်သွားရင် ကျွန်မ ကလေးကို ပြန်ခေါ်သွားမယ် မြို့အရှေ့ဘက်က ကိုယ်ခံပညာ ကျောင်းက ကျွန်မကို အကြိမ်ကြိမ် ဖိတ်ထားတယ်"
"ဒါက... တကယ်ပြောရရင် ကျွန်တော်လည်း ပြဿနာ ရှိတယ်လို့ ထင်ပါတယ် ဒါပေမဲ့ အခြေအနေက ထူးခြားနေတယ်လေ... လီဒုန်ဒုန်က ပြန်မလာသေးဘူး..."
"ဒါရိုက်တာ ကျိုး ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကြတာပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် လီဒုန်ဒုန်လည်း မကောင်းဘူးလို့ ကျွန်မထင်တယ် သူ မကောင်းရင်တောင် ဒီ မြောင်ဆိုတဲ့ မိန်းကလေးနဲ့ အစားထိုးတာက ပိုဆိုးသေးတယ် ကဲပါ ခင်ဗျားကို အခက်တွေ့အောင် မလုပ်တော့ပါဘူး ကျွန်မ ကလေးကို ခေါ်ပြီး ပြန်တော့မယ်"
ထိုအမျိုးသမီးက ထရပ်လိုက်သည်။
ဒါရိုက်တာ ကျိုး စိုးရိမ်သွား၏။
ဤအမျိုးသမီးမှာ သာမန် ဖောက်သည် မဟုတ်ပေ။
ဖုန်းချန်မြို့လေးတွင် အတော်လေး ဩဇာရှိပြီး ကိုယ်ခံပညာသင်တန်းကျောင်းရှိ ကျောင်းသား ထက်ဝက်မှာ သူမကြောင့် ရောက်လာကြခြင်းပင် ဖြစ်၏။
သူမသာ ထွက်သွားပါက ကျောင်းသား အရေအတွက်မှာ ထက်ဝက် ကျသွားပေလိမ့်မည်။ သတင်း ပျံ့သွားပါက ကျန်ရှိသူများလည်း ဆက်မနေကြတော့ပေ။ ကျောင်းသား မရှိပါက သူ့ကိုယ်ခံပညာ သင်တန်းကျောင်းမှာ အမှန်တကယ်ပင် ပြီးဆုံးသွားလိမ့်မည် ဖြစ်ပေ၏။
"မစ္စစွန်း... ကျေးဇူးပြုပြီး ထိုင်ပါ ထိုင်ပါ"
ကျောင်းအုပ်ကျိုး အမြန် ခုန်ထလိုက်လေသည်။
"အခု ကျွန်တော် ဆရာအသစ် တစ်ယောက်နဲ့ ဆက်သွယ်ထားပါတယ် လစာပဲ မညှိရသေးတာ သူ့ကို မနက်ဖြန် လာဖို့ ပြောလိုက်ရမလား"
"အို ဘယ်လို ဆရာမျိုးလဲ"
"ဒီဆရာက တော်တော်လေး ထူးချွန်တာ နိုင်ငံအနှံ့ နာမည်ကြီးပြီး သူ့ကိုယ်ခံပညာကို ပြည်နယ် ရုပ်သံမှာတောင် ပြထားဖူးတယ် ကြည့်ကြည့်ပါ ဒါ သူ့ရဲ့ ပရိုဖိုင်ပါ..."
ဆယ်မီတာ အကွာမှ လင်ရှောင်စုသည် ကျောင်းအုပ်ကျိုး မစ္စစွန်းကို ပြနေသော နာမည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
"လီဂန်း"
သူ၏ လက်မှာ လှုပ်ရှားသွားပြီး ဖုန်းထဲတွင် လီဂန်းအကြောင်းကို ရှာကြည့်လိုက်ရာ မကြာခင်မှာပင် ပေါ်လာ၏။
လီဂန်း ကျား အသက် ၃၆ နှစ် ကျန်းချန် ကိုယ်ခံပညာခန်းမ၏ နည်းပညာ အကြံပေး ကျန်းချန် ကိုယ်ခံပညာ အကယ်ဒမီမှ ဘွဲ့လွန် သုတေသီ အမျိုးသား ကိုယ်ခံပညာ ပြိုင်ပွဲတွင် ၉ နေရာ ကျန်းချန် ရုပ်သံလိုင်း၏ အားကစား အထူး မှတ်ချက်ပေးသူ...