အခန်း (၂၂) - ဓာတ်ပုံထဲက လျှို့ဝှက်ချက်
လင်ရှောင်စုက ခေါင်းကို ညင်သာစွာ ခါလိုက်၏။
"ဒါသာ မြစ်ဆိုရင် ကိစ္စမရှိဘူး ဒါပေမဲ့ ပြဿနာက ဒါက မြစ်မဟုတ်ဘူး ဒါဟာ မနေ့မနက်က လောင်တောင်မှာ ရွာသွန်းခဲ့တဲ့ မိုးသည်းထန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ယာယီ ရေစီးလမ်းကြောင်း သက်သက်ပါ ဒီနေ့ လောင်တောင်မှာ ရာသီဥတုက ကြည်လင်နေတော့ ဒီရေလမ်းကြောင်းက ပျောက်ကွယ်သွားလောက်ပြီ"
၈၈ က ခေါင်းညိတ်လိုက်သည်။
"မင်း အမြင်ကောင်းတယ် ဒီရေစီးလမ်းကြောင်းထဲမှာ မြက်ခြောက်တွေ မျှောပါ လာတာကို ကြည့်ရင် ဒါဟာ တကယ့် မြစ်မဟုတ်မှန်း သိသာတယ် ဒါကြောင့်မို့လို့ ဒီချောင်းငယ်လေးကို ငါ့အမြင်ထဲမှာ မထည့်ခဲ့တာပါ ပြောပါဦး မင်း ဘယ်နေရာကနေ သတင်းအချက်အလက်ကို မြင်လိုက်တာလဲ"
"ကြည့်ပါ ဒီ အရွက်တွေကို"
သူ့လက်ညှိုးက ရေထဲတွင် မျှောပါလာသော အရွက်အချို့ကို ညွှန်ပြလိုက်၏။ အရွက်များမှာ ကြီးမားပြီး ရှန်လုံ၏ အဆင့်မြင့်ကင်မရာကြောင့် အလွန်ကြည်လင်နေသည်။ အရွက်တွေ။ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ချန်ယဲ့ မင်းက ရုက္ခဗေဒ ပညာရှင်ဆိုတော့ ဒီအရွက်တွေက ဘယ်သစ်ပင်ကလဲဆိုတာ သိလား"
"ဒါက... ယူကလစ်နဲ့ တူတယ်"
"မှန်တယ် ယူကလစ်ပဲ"
"ယူကလစ်ရဲ့ အကြီးဆုံး ထူးခြားချက်ကို မင်း သိလား"
"အလွန် မြင့်မားတာ"
လင်ရှောင်စု ခေါင်းညိတ်သည်။
"အရွယ်ရောက်ပြီးသား ယူကလစ်ပင်တွေက ပေတစ်ရာကျော်အထိ မြင့်နိုင်တယ် နန်မို ပြည်နယ် တောအုပ်တွေမှာ အများဆုံး တွေ့ရတတ်ပေမဲ့ ဒက်ရှာနိုင်ငံမှာတော့ အလွန်ရှားတယ် အကယ်၍ ကျွန်တော်တို့ ပျံသန်းနိုင်တဲ့ကားနဲ့ လောင်တောင်ပေါ်ကနေ ပျံသန်းကြည့်ရင် ပေတစ်ရာကျော် မြင့်တဲ့ ဒီသစ်ပင်ကြီးတွေကို ရှာရတာ လွယ်ကူမှာ မဟုတ်ဘူးလား"
၈၈ ၏ မျက်လုံးများ အရောင်တောက်သွား၏။ ချန်ယဲ့၏ မျက်လုံးများလည်း အရောင်တောက် သွားလေသည်။ ရှင်းယွဲ့က ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်လုပ်ရင်း
"ဟေ့ ဟေ့ နည်းပြကြီး သူ ပြောတဲ့ ဒီလို ပေါ့ပေါ့ပါးပါးနဲ့ အတည်မပြုရသေးတဲ့ စကားတွေကို နားယောင်ပြီး အမှတ်တွေ ပေးမနေပါနဲ့ 'အရံအဖွဲ့ဝင်'မှာ ဘက်လိုက်ပြီး လိမ်လည်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်ဆိုတာ သိထားဖို့..."
၈၈ က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရဲဘော်လေး စု မင်းဆီမှာ ငါ မျှော်လင့်ချက် မြင်နေရတယ် နောက်တစ်ဆင့်အနေနဲ့ ဒီဓာတ်ပုံ ရိုက်ခဲ့တဲ့ တည်နေရာကို ရှာပေးပါ ဒါဆိုရင် အမှတ် ၂၀၀ ထပ်ပေးမယ်"
"ဟုတ်ကဲ့"
လင်ရှောင်စု လက်ကို မြှောက်ကာ အနည်းငယ် အဆင်မပြေသော ပုံစံဖြင့် အလေးပြု လိုက်၏။
"အလေးပြုတာ စံမမီဘူး အမှတ် ၁၀ လျှော့ပစ်မယ်..." ဟု ရှင်းယွဲ့က အော်ပြောလိုက်သည်။
ရှူး
တိတ်ဆိတ်သော အသံတစ်ခုနှင့်အတူ ကားအပြင်ဘက်က ကြယ်တာရာများ ပျောက်ကွယ်သွား၏။ အပြင်ဘက်တွင် မိုးမလင်းခင် အမှောင်ဆုံးအချိန်ပင် ဖြစ်လေသည်။ လင်ရှောင်စု ကားပြတင်းပေါက်မှ အောက်ကို ငုံ့ကြည့်လိုက်သောအခါ အောက်ဘက်တွင် မြစ်ကြီးတစ်စင်းကို မြင်လိုက်ရသည်။ သူတို့ ထွက်ခွာလာခဲ့ပြီ ဖြစ်၍ နောက်ထပ် ဖုံးကွယ်ထားရန် မလိုတော့ပေ။ အောက်တွင် ယန်စီမြစ်ရှိနေ၏။ သူသည် ကား၏ အမြန်နှုန်းကို စိတ်ထဲတွင် တွက်ချက်ကြည့်ရာ တစ်နာရီလျှင် ကီလိုမီတာ ၇၀၀ ခန့် ရှိသည်။ ပုံမှန် ပျံသန်းနှုန်းပင် ဖြစ်လေသည်။
"အားလုံး ခဏ နားကြပါဦး တောင်ပေါ် ရောက်ရင် နားချိန် ရှိတော့မှာ မဟုတ်ဘူး”
ချန်ယဲ့က ပြောပြီး မျက်လုံး မှိတ်ကာ ခနနားလိုက်၏။ ၈၈ လည်း မျက်လုံး မှိတ်လိုက်လေသည်။
ခဏအကြာတွင် ၈၈ ဆီမှ ဟောက်သံ ထွက်လာ၏။
ဒါမှာ ရှန်လုံ အဖွဲ့ဝင်များ၏ ထူးခြားချက် ဖြစ်နိုင်သည်။
လှဲလိုက်တာနဲ့ အိပ်ပျော်သွားပြီး မျက်လုံး ဖွင့်တာနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေခြင်း ဖြစ်ပေသည်။ သူတို့၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်မှာ စက်ယန္တရားလို ဖြစ်နေပြီး စွမ်းအင် အနည်းငယ်မျှပင် အလေအလွင့် မခံကြပေ။
လင်ရှောင်စုနှင့် ရှင်းယွဲ့ကတော့ ထိုသို့ မလုပ်နိုင်ကြပေ။ သူတို့နှစ်ယောက် နောက်ခုံတွင် ဘေးချင်း ယှဉ်ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
"ဘာလို့ အမြဲ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ"
လင်ရှောင်စု၏ အသံမှာ အလွန် တိုးညှင်း၏။
"ဘာလို့ ငါ့ရဲ့ နို့တွေကို ဖျက်ဆီးခဲ့တာလဲ"
ရှင်းယွဲ့၏ အသံလည်း အလွန် တိုးညှင်းပေသည်။
"မင်း ငါ့ကို သတ်ဖို့ ကြိုးစားပြီး ခုန်ဝင်လာတာလေ မင်း ခေါင်းကို ရိုက်မိရင်တောင် ပုံမှန်ပဲ"
"ဒါဆို ဘာလို့ ငါ့ခေါင်းကို မရိုက်တာလဲ ဘာလို့ ငါ့နို့ကို ရိုက်တာလဲ"
"သောက်ကျိုးနည်း... မိန်းမတွေနဲ့ လူမိုက်တွေကို ပြုစုရတာ ခက်လိုက်တာ"
လင်ရှောင်စု မျက်လုံး မှိတ်လိုက်၏။
သို့သော် သူ့လည်ပင်းအထက်တွင် ဓားပုံစံ လက်တစ်ခု လေထဲတွင် ဝဲပျံနေသည်ကို သူ ခံစားလိုက် ရသည်။ လင်ရှောင်စု မျက်လုံး ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ ထိုလက်မှာ အလျှင်အမြန် ပြန်ဆုတ် သွား၏။
‘သောက်ကျိုးနည်း ဒါ ဘယ်လို စွမ်းရည်မျိုးလဲ မျက်လုံး မှိတ်ထားရင်တောင် သူမ လှုပ်ရှားမှုကို ငါ မြင်နေရတာလား’
လင်ရှောင်စု မျက်လုံး ပြန်မှိတ်လိုက်ပြီး သူ့စိတ်ကို ဦးနှောက်ဆီ အာရုံစိုက်လိုက်လေသည်။ ရုတ်တရက် သူ ထူးဆန်းသော ခံစားမှုတစ်ခု ရလာ၏။ သူ့စိတ်ထဲမှာ ငွေရောင် ငါးလေးတစ်ကောင် ရေကူးနေ သလိုဖြစ်ပြီး အပြင်ဘက်မှ ခံစားချက်များမှာ အလွန် ထူးဆန်းလှပြီး မျက်လုံး မဖွင့်ဘဲနဲ့ သူ့ပတ်ဝန်းကျင်က အရာဝတ္ထုတွေ လှုပ်ရှားနေတာကို မြင်နေရသလိုပင်။
‘ဒီ ငွေရောင်ငါးလေးက လူ့ရဲ့ ဆဋ္ဌမအာရုံများ ဖြစ်နေမလား’
သူတို့ နိုးလာသောအခါ ကောင်းကင်တွင် နေမင်း ထွက်ပေါ်လာပြီ ဖြစ်လေသည်။ မောင်းသူမဲ့ ကားမှာ လောင်တောင်သို့ အဆင်ပြေစွာ ရောက်ရှိသွား၏။ လောင်တောင်သည် အလွန် ထူးခြားပေသည်။ မြူခိုးအလွှာမှာ လှိုင်းထန်နေသော ပင်လယ်ကဲ့သို့ အောက်ခြေတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။ တစ်ခါတစ်ရံတွင် သစ်ပင်မြင့်များမှာ မြူခိုးထဲမှ ပေါ်ထွက်လာပြီး တောင်တန်းများမှာ ပင်လယ်ထဲက ကျွန်းများကဲ့သို့ ထင်မှတ်ရသည်။
ရှင်းယွဲ့က အောက်က သစ်ပင်များကို ငေးကြည့်ရင်း လင်ရှောင်စုကို ရေခဲရေနဲ့ လောင်းချချင်နေ၏။ သို့သော် သူမ စကားမပြောနိုင်ပေ။ အကြောင်းမှာ သူမရင်ထဲတွင် သူ့အပေါ် အနည်းငယ် လေးစားမှု ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။ ဒီလောင်တောင်မှာ မြူခိုးတွေက တစ်နှစ်ပတ်လုံး ရှိနေပြီး ပေတစ်ရာကျော် မြင့်တဲ့ သစ်ပင်ကို ရှာပြီး လမ်းကြောင်း မှတ်သားတာက အကောင်းဆုံး နည်းလမ်း ဖြစ်ပုံရသည်။ ဒီကောင်လေးက စိတ်အနှောင့်အယှက် ပေးပေမဲ့ သူပေးတဲ့ အကြံဉာဏ်ကတော့ အလုပ်ဖြစ်မယ့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်ပေ၏။
ဆယ်မိနစ်အကြာတွင် ချန်ယဲ့က လက်ကို မြှောက်ကာ သစ်ပင်မြင့်တစ်ပင်ကို ညွှန်ပြ၏။
"ယူကလစ်"
ထိုအချိန်တွင် မြူခိုးများမှာ ပိုမို ထူထပ်လာ၏။ သူမ ညွှန်ပြသော သစ်ပင်မှာ မြူထဲတွင် ထင်ရှားစွာ ပေါ်လွင်နေလေသည်။
၈၈ စိတ်လှုပ်ရှားပြီး ကားကို ဆင်းသက်ရန် ပြင်ဆင်သည်။
လင်ရှောင်စု ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"ဒီအပင် မဟုတ်ဘူး ဆက်သွားပါ"
"ဒါ မဟုတ်မှန်း မင်း ဘယ်လို သိတာလဲ" ချန်ယဲ့က မေးလိုက်သည်။
"အောက်က မြေမျက်နှာသွင်ပြင်က လုံးဝ မကိုက်ဘူး"
ဟုတ်ပေသည် သူတို့၏ ပစ်မှတ်မှာ ယူကလစ်ပင် မဟုတ်ပဲ ၎င်းကို အသုံးပြုပြီး တကယ့် တည်နေရာကို ရှာဖွေဖို့သာ ဖြစ်၏။ ဓာတ်ပုံထဲမှာ မြေမျက်နှာသွင်ပြင် အချက်အလက်များလည်း ပါဝင်နေသည်။ ချန်ယဲ့က လင်ရှောင်စုကို မကျေမနပ်ဖြင့် ကြည့်လိုက်၏။
‘ဒီကောင်လေးမှာ မျက်လုံး ထူးခြားပေမဲ့ ထူထပ်တဲ့ မြူခိုးတွေကြားထဲက မြေမျက်နှာသွင်ပြင်ကို တကယ်ပဲ မြင်နေရတာလား’
နောက်ထပ် ယူကလစ်ပင် တစ်ပင် ပေါ်လာပြန်၏။ သည်အပင်လည်း မဟုတ်သေးချေ။
ထို့နောက် ယူကလစ်ပင် သုံးပင် ယှဉ်လျက် ပေါ်လာ၏။ ဒါလည်း မဟုတ်ပြန်ဘူး။ ကားမှာ မိနစ် ၄၀ ခန့် ခရီးနှင်ပြီး ယူကလစ်ပင် ၃၀ ခန့်ကို တွေ့ခဲ့လေသည်။ လောင်တောင်မှာ ကျယ်လွန်းသဖြင့် ယူကလစ်ပင် ဒါဇင်ပေါင်းများစွာ ရှိနေ၏။
တစ်နာရီကြာသော် ကားလည်း လမ်းပျောက်သွားတော့သည်။ အောက်တွင် တိမ်ပင်လယ်၊ အထက်တွင် ကောင်းကင်ပြာ၊ လမ်းညွှန်ချက် မရှိသဖြင့် ဂြိုဟ်တုအချက်ပြမှုများလည်း ပျောက်ဆုံးသွား၏။ သူတို့၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရှန်လုံ၏ ထိပ်တန်း အဖွဲ့ဝင်များမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် ခံစားချက်ကို ရလိုက်လေ၏။
ရုတ်တရက် လင်ရှောင်စုက ညွှန်ပြလိုက်၏။
"ဟိုမှာ"
၈၈ က စိတ်လှုပ်ရှားစွာ ကားကို ဆင်းသက်လိုက်လေသည်။ နေရာမှာ ချိုင့်ဝှမ်းတစ်ခု ဖြစ်ပြီး ယူကလစ်ပင်က ချိုင့်ဝှမ်းအောက်ခြေတွင် ပေါက်နေကာ မြူခိုးထဲမှ ပေါ်ထွက်နေ၏။ ဆင်းသက်ပြီးနောက် ချန်ယဲ့၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ဟိုမှာ"
"တကယ် တွေ့သွားတာလား မဖြစ်နိုင်တာ"
ရှင်းယွဲ့ ခုန်ထလိုက်သည်။
သူမနှင့် ချန်ယဲ့မှာ ဓာတ်ပုံထဲက သစ်ခွပန်း ရှိရာ ကျောက်ကမ်းပါးငယ်ဆီသို့ အလျှင်အမြန် ရောက်သွား ကြ၏။
ရှင်းယွဲ့က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"ဒီကောင်... တကယ်ပဲ အရည်အချင်း ရှိသားပဲ"
သူမ ပြန်လှည့်ကြည့်ကာ ရယ်မောလိုက်သည်။
"ဟေ့ လင်ရှောင်ဆဲ မင်းပုံစံက လိပ်တစ်ကောင်နဲ့ တူလိုက်တာ..."
လင်ရှောင်စု တစ်ခဏချင်း စိတ်တိုသွား၏။ သူတို့ သုံးယောက်မှာ စက္ကန့်ပိုင်းအတွင်း ချောက်ကမ်းပါးကို တက်သွားကြသော်လည်း သူတစ်ယောက်တည်းသာ အပင်များကို ကိုင်ပြီး တက်နေရလေသည်။ သူ့ခန္ဓာကိုယ်မှာ သာမန်လူ တစ်ယောက်သာ ဖြစ်ပေရာ ရှက်စရာတော့ ကောင်းပေ၏။
၈၈ က လက်ကို ဆန့်ထုတ်ကာ လင်ရှောင်စုကို ဆွဲတင်လိုက်ပြီး ပခုံးကို ပုတ်လိုက်သည်။
"ကောင်းတယ် မင်းရဲ့ အမှတ် ၂၀၀ ရပြီ"
လင်ရှောင်စု ပျော်သွားပြီး ရှင်းယွဲ့၏ မျက်လုံးများထဲတွင်တော့ မနာလိုမှုများ ပြည့်နှက်နေ၏။
ချန်ယဲ့မှာမူ စိတ်လှုပ်ရှားနေသည်။ သူမ မျက်မှန်တပ်ကာ သစ်ခွပန်းကို ငွေအပ်ဖြင့် စမ်းသပ်လိုက်သည်။ မျက်မှန်မှာ အလင်းများ လက်နေပြီး တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာနေ၏။
ရှင်းယွဲ့က ဘေးမှ အော်ပြောလိုက်သည်။
"နည်းပြကြီး ပင်မမစ်ရှင်က နံပါတ် ၃၂၅ ကို ရှာဖို့ပါ သစ်ခွပန်းကို ရှာဖို့ မဟုတ်ဘူး သစ်ခွ တွေ့ပြီ ဆုငွေ ပေးပြီးပြီ နံပါတ် ၃၂၅ ကို တွေ့ရင်တော့ အမှတ် ၃၀၀ ရမှာ ဟုတ်တယ်မလား"
"ဟုတ်တယ်" ၈၈ က သူမကို နွေးထွေးစွာ ထပ်ပြောလေသည်။
"မင်း တွေ့ရင် အမှတ် ၃၀၀ ရမှာပါပဲ"
"ဟာဟာ အမှတ် ၃၀၀ ရရင် ငါ ရှန်လုံ ရွှေတံဆိပ်ဆု အဆင့်ကို ကျော်ဖြတ်နိုင်ပြီ အဲဒီအခါကျရင် 'အရံအဖွဲ့ဝင် စည်းမျဉ်းတွေ' ဘယ်လို အမှတ်နှုတ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."
သူမ စကားပြောပြီးသည်နှင့် ပျောက်ကွယ်သွားပြီး အမြင့်ဆုံး တောင်ထိပ်ပေါ် ရောက်သွားကာ ချိုင့်ဝှမ်း တစ်ခုလုံးကို ကြည့်လိုက်မိသည်။ အရံအဖွဲ့ဝင် စည်းမျဉ်းများကို သူမ မုန်းတီးကြောင်းမှာ လျှို့ဝှက်ချက် မဟုတ်ပါ။ အမှတ် ၁၀၀၀ ကျော်ဖို့ သူမ အိပ်မက် မက်နေပြီး အမှတ် ၁၀၀၀ ကျော်လျှင် အရံအဖွဲ့ဝင် ဘဝမှ လွတ်မြောက်ပြီး နည်းပြ၏ အမှတ်နှုတ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။
လင်ရှောင်စု အနည်းငယ် ပြုံးကာ မျက်လုံး မှိတ်လိုက်ပြီး "အချိန်နောက်ကြောင်း ပြန်လှည့်ခြင်း" ထဲသို့ ဝင်ရောက်သွား၏။
သူ နံပါတ် ၃၂၅ ကို ရှာရန်အတွက် ဤသစ်ခွပန်းကို တွေ့ရန်သာ လိုအပ်ပေသည်။ နံပါတ် ၃၂၅ ကို တွေ့ခြင်းမှာ သူ၏ လုပ်ဆောင်ချက်များကို နောက်ကြောင်းပြန် လိုက်ခြင်းဖြင့် ပင်မမစ်ရှင်ကို ပြီးမြောက်စေနိုင်သည်။ သည်စွမ်းရည်မှာ လင်ရှောင်စု၏ တကယ့် လက်စွမ်း ဖြစ်ပေ၏။
"အချိန်နောက်ကြောင်း ပြန်လှည့်ခြင်း"ထဲတွင် လင်ရှောင်စု နံပါတ် ၃၂၅ ကို တွေ့လိုက်၏။
သူသည် နဂါးချပ်ဝတ်ကို ဝတ်ထားပြီး သို့သော် သူ၏ ချပ်ဝတ်မှာ လင်ရှောင်စု ဝတ်ထားသည့် 'အတု' နှင့် မတူဘဲ စစ်မှန်သော ရှန်လုံ၏ အဆင့်မြင့် ချပ်ဝတ်ပင် ဖြစ်လေသည်။
ရှန်လုံ၏ ဝတ်စုံမှာ နဂါးချပ်ဝတ်၊ နဂါးအကြေးခွံ၊ နဂါးမျက်လုံး၊ နဂါးအကြော ဟူ၍ ရှိပြီး အဖွဲ့ဝင် အစစ်များအတွက်သာ ဖြစ်သည်။
နဂါးချပ်ဝတ်မှာ သာမန် အဝတ်အစားများကဲ့သို့ ဖန်တီးနိုင်ပြီး အခြားသူများ မသိနိုင်အောင် ပြုလုပ်ထား နိုင်သည်။ နဂါးအကြေးခွံမှာ ဓားမြှောင် ဖြစ်ပြီး သံမဏိကိုပင် ဖောက်ထွက်နိုင်၏။ နဂါးမျက်လုံး မှာ ချန်ယဲ့ တပ်ထားသည့် မျက်မှန် ဖြစ်ပြီး စနစ်ကြီးတစ်ခုနှင့် ချိတ်ဆက်ထားလေသည်။ နဂါးအကြောမှာ ကြိုးတစ်ချောင်း ဖြစ်ပြီး ရန်သူကို သတ်ဖြတ်ရာတွင် အသုံးပြုလေ့ ရှိကြ၏။
နံပါတ် ၃၂၅ ၏ နဂါးချပ်ဝတ်မှာ ပတ်ဝန်းကျင်အရောင်နှင့် လိုက်လျောညီထွေ ပြောင်းလဲနေသည်။ ၎င်းမှာ ပုတ်သင်ညို၏ အရေပြားမူအရ တီထွင်ထားသော အသွင်ဖျောက်ပစ္စည်းပင် ဖြစ်ချေသည်။ နံပါတ် ၃၂၅ သည် သစ်ခွအဖူးကို ဖွင့်ကာ စပျစ်သီးကဲ့သို့ အရာတစ်ခုကို ထုတ်ယူလိုက်ပြီး အချိန် အတော်ကြာ စဉ်းစားနေ၏။
ထိုစပျစ်သီးများမှာ ရွှေရောင် ဖြစ်သည်။ သစ်ခွပွင့်ထဲတွင် ပေါက်ရောက် နိုင်သည့် အရာမျိုး မဟုတ်ပေ။ နံပါတ် ၃၂၅ လည်း ဒါကို သိပုံရသဖြင့် စပျစ်သီးကို ယူကာ သစ်ခွကို ထားခဲ့လိုက်သည်။ သစ်ခွမှာ ကြီးလွန်း၍ ဖြစ်နိုင်၏။ စပျစ်သီးကို ယူပြီးနောက် သူသည် ချိုင့်ဝှမ်းမှ တောင်ထိပ်ဘက်သို့ ဦးတည်သွားလိုက်သည်။
လင်ရှောင်စုသည် သူ၏ ခြေရာကို နောက်ကြောင်းပြန် လိုက်သွားတော့သည်။