အခန်း (၂၁) - အရေးပေါ်အခြေအနေ
"ဟုတ်ပါတယ် အေးဂျင့် ၃၂၅ က အလွန်သေချာဂရုစိုက်တတ်တဲ့သူပါ မနေ့က ပုံတွေကို ပို့ပေးတုန်းက သူက ဒီနေ့ည ၉ နာရီမှာ နောက်ဆုံးအခြေအနေကို သတင်းပို့မယ်လို့ ကတိပေးထားခဲ့တာပါ သူ မေ့သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး အခုလို အကြောင်းပြန်မလာဘူးဆိုရင် တစ်ခုတည်းသော ရှင်းပြချက်ကတော့ သူ့ကို တစ်ခုခု ဖြစ်သွားပြီဆိုတာပါပဲ"
"အဲဒီနေရာက တည်နေရာ ရှာလို့ မရဘူးလေ" ချန်ယဲ့က ပြောသည်။
"သူ့ကို ရှာတယ်ဆိုတာ ကောက်ရိုးပုံထဲက အပ်ရှာသလိုပဲ"
"ဒါကြောင့်မို့လို့ ဒီထူးချွန်တဲ့ စုံထောက်လေးကို 'လောင်တောင်'လို့ခေါ်တဲ့ ကျိန်စာသင့်နေရာမှာ အံ့ဖွယ်တစ်ခုခု လုပ်ပြနိုင်မလားဆိုပြီး စမ်းသပ်ခိုင်းချင်တာပါ"
မျက်လုံးနှစ်စုံလုံး လင်ရှောင်စုဆီသို့ ရောက်သွားကြ၏။ လင်ရှောင်စု၏ မျက်ခုံးများမှာ ကျုံ့သွားသည်။
အေးဂျင့် ၈၈ က ပြောလိုက်သည်။
"ဒီမစ်ရှင်ရဲ့ ပင်မရည်ရွယ်ချက်က အေးဂျင့် ၃၂၅ ကို ရှာဖို့ပါ အောင်မြင်ရင် အမှတ် ၃၀၀ ချီးမြှင့်မယ် ထပ်တိုးမစ်ရှင်ကတော့ သူပြောခဲ့တဲ့ 'ကြီးမားတဲ့ ရှာဖွေတွေ့ရှိချက်' ကို ရှာဖို့ပါ အောင်မြင်ရင် မင်းရဲ့ ပံ့ပိုးမှုအပေါ် မူတည်ပြီး ထပ်ဆောင်းအမှတ်တွေ ပေးမှာပါ"
လင်ရှောင်စု ခေါင်းခါလိုက်လေသည်။
"ရဲဘော်တစ်ယောက်ရဲ့ အသက် သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာ အမှတ်တွေအကြောင်း ဘယ်လိုလုပ် ပြောရက်မှာလဲ အဓိကက... ဘာလို့ အဲဒီနေရာကနေ သတင်းအချက်အလက် ပို့လို့ရပြီး တည်နေရာကိုတော့ ရှာမတွေ့နိုင်ရတာလေ"
အေးဂျင့် ၈၈ က အကြောင်းရင်းကို ရှင်းပြလိုက်သည်။
လောင်တောင်သည် ချွမ်းနန်ပြည်နယ် နယ်စပ်တွင် ရှိပြီး အလွန်လျှို့ဝှက် ဆန်းကြယ်ကာ သံလိုက် စက်ကွင်းများ ပုံမှန်မဟုတ်ပေ။ လောင်တောင်အတွင်းပိုင်းသို့ ဝင်သွားသည်နှင့် အချက်ပြမှုများအားလုံး ပို့မရသလို တည်နေရာလည်း ရှာမရတော့ပေ။ အချက်ပြမှု ပို့ချင်လျှင် အတွင်းမှာ ရှိနေသူက ဂြိုဟ်တု အချက်ပြမှု ရနိုင်သော တောင်ထိပ်ကဲ့သို့သော နေရာကို တက်ရောက်ပြီး သတင်းပို့မှသာ ရမည်ဖြစ်၏။
အပြင်ကလူတွေက အတွင်းကို အချက်ပြဖို့ ပိုခက်ခဲပေသည်။ ဘာလို့လဲဆိုတော့ အချက်ပြ လိုက်တဲ့အချိန်မှာ အတွင်းကလူက အချက်ပြမှု လုံးဝမရတဲ့ ဇုန်ထဲမှာ ရောက်နေဖို့ အလားအလာ အများဆုံးသာ ဖြစ်ချေ၏။
"သူ ပုံအချို့ ပို့ထားတယ်ဆိုလား အဲဒီပုံတွေ ဘယ်မှာလဲ..." လင်ရှောင်စုက မေးလိုက်သည်။
အေးဂျင့် ၈၈ က အနည်းငယ် ပြုံးလိုက်ပြီး
"ဒီမစ်ရှင်ကို လက်ခံလိုက်ပါ ဒါဆိုရင် မင်း ပုံတွေကို မြင်ရလိမ့်မယ်"
"ကောင်းပြီ ကျွန်တော် လက်ခံတယ်"
လင်ရှောင်စု တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်၏။
"သွားကြစို့"
သူတို့သုံးယောက် တစ်ပြိုင်နက် ထရပ်လိုက်ပြီး စာကြည့်တိုက်မှ ထွက်လာကြ၏။ ပျံသန်းနိုင်သော ကားဆီသို့ လျှောက်သွားစဉ်မှာပင် မျောက်ကြီးတစ်ကောင်... အို မဟုတ်ပါ ရှင်းယွဲ့ ရုတ်တရက် သစ်ပင်ပေါ်မှ ခုန်ချလာလေသည်။ ရှင်းယွဲ့ မြေပေါ်ကျသည်နှင့် ချန်ယဲ့ဘေးသို့ ခုန်ပေါက်ရောက်လာပြီး သူမလက်ကို ဆွဲကိုင်လိုက်သည်။
"အစ်မချန်ယဲ့ ကျွန်မလည်း လိုက်မယ် ကျွန်မက..."
"မစ်ရှင်က ဘာလဲဆိုတာတောင် မင်း မသိဘဲနဲ့ လိုက်ချင်နေတာလား"
"မစ်ရှင်က ဘာလဲဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ အမှတ်တွေ တိုးဖို့သာ အရေးကြီးတာ"
ရှင်းယွဲ့က ထပ်ပြောလိုက်သည်။
"လေးစားအပ်ပါသော နည်းပြကြီး ဒီမစ်ရှင်မှာ အမှတ်တွေ ရမှာ ဟုတ်တယ်မလား"
ဒါကို အေးဂျင့် ၈၈ ကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းပင် ဖြစ်၏။ အေးဂျင့် ၈၈ ရှေ့တွင် သူမ အမြဲ အမှတ်နှုတ်ခံရလေ့ရှိသော်လည်း အခုတော့ သူမ စကားပြောတတ်သွားပြီး ပို၍ ချော့မော့ပြောဆိုလာ၏။
အေးဂျင့် ၈၈ က တည်တည်တံ့တံ့ ပြောသည်။
"အမှတ်တွေက များတယ် ဒါပေမဲ့ မင်း ပံ့ပိုးပေးနိုင်မှ ရမှာ"
ရှင်းယွဲ့ ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ပျံသန်းနိုင်သော ကားပေါ်သို့ တက်သွားသည်။
"ကောင်းပြီ တစ်ဖက်မှာ အမှတ်တွေ စုပြီး အမြင့်ကို ပျံသန်းမယ် နောက်တစ်ဖက်မှာ ဒီကောင်ရဲ့ အမှတ်တွေကို လုယူပြီး သူ့ကို ရွှံ့ထဲ တွန်းချပစ်မယ် တစ်ခါတည်းနဲ့ နှစ်ချက်ခုတ်တာပဲ အို နည်းပြကြီး သင်၏ တည်ကြည်တဲ့ မျက်နှာကို အမြဲ ကြည့်နေရရင်တောင် ပေါ့ပ်စတားတစ်ယောက်ရဲ့ မျက်နှာလို့ သဘောထားပြီး စိတ်ကူးယဉ်ကြည့်လိုက်မယ်..."
လင်ရှောင်စုမှာ အီလည်လည် မျက်နှာဖြင့် ဟိုကြည့်သည်ကြည့် ဖြစ်နေလေသည်။
"ကျွန်တော့်ကို ပစ်မှတ်ထားပြီး ဒီလောက်တောင် ပြောတာ တောထဲမှာများ ကျွန်တော်တို့ တိုက်ခိုက် ကြရမလား"
"စိတ်မပူပါနဲ့ မင်းကို သေနတ် တစ်လက် ပေးထားပါတယ်" အေးဂျင့် ၈၈ က အေးစက်စွာ တုံ့ပြန်၏။
ကားအတွင်းပိုင်းသို့ ဝင်လိုက်သောအခါ အပြင်ဘက်တွင် ကြယ်တာရာများ ပြည့်နှက်နေသည်ကို မြင်ရသည်။ ဤနေရာမှာ နယ်မြေ ၁၀၁ ဖြစ်ပြီး လျှို့ဝှက်ချက်များကို ထုတ်ဖော်ခွင့် မရှိသောကြောင့် အပြင်လောကနှင့် ပတ်သက်သမျှ အားလုံးကို ပိတ်ပင်ထား၏။ အေးဂျင့် ၈၈ က လင်ရှောင်စုနှင့် ရှင်းယွဲ့ကို ကိရိယာအစုံစီ ပေးလိုက်လေသည်။ ဤကိရိယာများသည် ပေါ့ပါးသယောင် ရှိသော်လည်း လင်ရှောင်စုကမူ ဖွင့်ကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားသွား၏။
၎င်းမှာ ရှန်လုံ၏ စံပြ ကိရိယာများ ဖြစ်၏။ ကိုယ်ကျပ်ဝတ်စုံနှင့်တူသော ဝတ်စုံဖြစ်ပြီး ပစ္စည်းမှာ အလွန်ထူးခြားကာ ပိုးမွှားမကိုက်၊ အစိုဓာတ်ခံ၊ လေဝင်လေထွက်ကောင်း၊ ဆွဲဆန့်ရ ခက်ခဲပြီး ပျော့ပျောင်းမှု အလွန်ကောင်းမွန်လေသည်။ ဝတ်ဆင်ထားလျှင် စက်သေနတ်ကြီးများ သို့မဟုတ် တိုက်ခိုက်ရေး သေနတ်များကို မကာကွယ်နိုင်သော်လည်း လက်ကိုင်သေနတ် ကျည်ဆံအချို့ကို တားဆီးနိုင်ပြီး တောထဲက ဆူးများနှင့် သစ်ကိုင်းချွန်များကို ဆိုဖွယ်ရာ မရှိပေ။
ဓားမြှောင်တစ်လက်မှာ တောက်ပသော ဓားသွားပေါ်တွင် နဂါးပုံစံ ရေးထိုးထားသည်။ လက်ကိုင် သေနတ်တစ်လက်မှာ သူ အကျွမ်းတဝင်ရှိသော လေ့ကျင့်ရေး သေနတ်နှင့် တူသော်လည်း ဤတစ်လက် မှာမူ အစစ်ဖြစ်၏။ ကျည်ဆံ ရာပေါင်းများစွာလည်း ပါဝင်သည်။ ကိရိယာအားလုံးမှာ ဝတ်စုံနှင့် အဆင်ပြေဆုံး ချိတ်ဆက်ထားလေ၏။ ၎င်းကို ဝတ်ဆင်ထားစဉ် လင်ရှောင်စုသည် သူ့ကိုယ်သူ အဆင့်မြင့်သွားသလို ခံစားလိုက်ရသည်။
ရှင်းယွဲ့လည်း ဝတ်ဆင်ပြီးနောက် ယုံကြည်မှု တိုးလာကာ လင်ရှောင်စု၏ ပခုံးကို ပုတ်လိုက်သည်။
"လင်ရှောင်ဆဲ အရမ်း မာန်မတက်ပါနဲ့ မင်း သေနတ်ပစ် ကျွမ်းကျင်ချင် ကျွမ်းကျင်မယ် ဒါပေမဲ့ ငါ့ရဲ့ နဂါးချပ်ဝတ်က ကျည်ကာပဲ"
"လင်ရှောင်... ဆဲ ငါက ဘယ်လိုလုပ် မာန်တက်နေလို့လဲ"
လင်ရှောင်စု သူမကို စိုက်ကြည့်လိုက်သည်။
"သေနတ်ကို တခြားနေရာ မဟုတ်ဘဲ အဘွားကြီးရဲ့... ရင်ဘတ်ကို ချိန်နေတာ မင်း အသားလွတ် ရိုင်းပြနေတာ မဟုတ်ဘူးလား"
လင်ရှောင်စု စကားမပြောနိုင်အောင် ဖြစ်သွား၏။ ချန်ယဲ့နှင့် အေးဂျင့် ၈၈ တို့ကမူ သူမ၏ မထိန်းချုပ်နိုင်သော အပြုအမူကို အကျွမ်းတဝင် ဖြစ်နေပုံရပြီး အံ့သြခြင်း မရှိကြပေ။
အေးဂျင့် ၈၈ က စခရင်ကို ညင်သာစွာ ထိလိုက်ရာ ကြယ်တာရာများကြားတွင် ပုံအချို့ ပေါ်လာ၏။ ဤပုံများမှာ အေးဂျင့် ၃၂၅ ပို့ထားသော ပုံများပင် ဖြစ်သည်။ ၎င်းမှာ ထူးဆန်းသော သစ်ခွပန်းတစ်ပွင့် ဖြစ်သည်။ အပင်မှာ ပုံမှန်မဟုတ်ဘဲ မြင့်မားပြီး ၁.၈၉ မီတာ ရှိသည်။ ၎င်း၏ ပန်းပွင့်ဖတ် ၁၈ ခုမှာ "ကမ်းတစ်ဖက်ပန်း" ကဲ့သို့ ဖြစ်သည်။
အပင်တစ်ခုလုံး၏ အရောင်မှာ အလွန်ထူးဆန်းပြီး ပန်းများကဲ့သို့ တောက်ပသော အရောင်မဟုတ်ဘဲ သစ်ရွက်များကဲ့သို့ အစိမ်းရင့်ရောင် ဖြစ်သည်။ အစိမ်းရောင်တောအုပ်ကြီးထဲတွင် ဝေးလံသော နေရာမှ ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အေးဂျင့် ၃၂၅ သည် အနီးကပ်မှသာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤမမြင်ဖူးသေးသော မျိုးစိတ်ကို တွေ့ရှိသောအခါ သူသည် အသင့်ပါလာသော အရည်အသွေး မြင့်မားပြီး ကြည်လင်ပြတ်သားသည့် ကင်မရာဖြင့် ပုံရိုက်ယူပြီး ခွဲခြမ်းစိတ်ဖြာရန် အခြေစိုက်စခန်းသို့ ပို့ခဲ့ခြင်းဖြစ်၏။
ချန်ယဲ့က ပန်းကို စိုက်ကြည့်ပြီး
"အေးဂျင့် ၃၂၅ ပြောတဲ့ ကြီးမားတဲ့ ရှာဖွေတွေ့ရှိချက်က ဒီ ဗီဇပြောင်း ပန်းပွင့်ကို ပြောတာလား"
"ဒါတော့ မဖြစ်နိုင်ဘူး သူ ဒါကို ပြောတုန်းက သူက ဒီပန်းရဲ့ နမူနာကို စုဆောင်းပြီးသားပဲ အကယ်၍ သူဆိုလိုတဲ့ ရှာဖွေတွေ့ရှိချက်က ဒါဆိုရင် သူက ဒီအကြောင်းကို အထူးတလည် ပြောမှာပေါ့ သူ မပြောခဲ့တာက သူ အရိပ်အမြွက်တစ်ခုတော့ တွေ့ထားပေမဲ့ အတိအကျတော့ မဖော်ထုတ်နိုင် သေးဘူးဆိုတာကို ပြနေတာပဲ"
ရှင်းယွဲ့၏ မျက်လုံးများ အရောင်လက်သွား၏။
"အစ်မချန်ယဲ့ ဒီပန်းပွင့်ကိုယ်တိုင်က ကြီးမားတဲ့ ရှာဖွေတွေ့ရှိချက် တစ်ခုလို့ အစ်မ မထင်ဘူးလား"
"ဟုတ်တယ် အပင်ဖွဲ့စည်းပုံကို ကြည့်ရင် သာမန် သစ်ခွနဲ့ တူတယ် ဒါပေမဲ့ အရွယ်အစားကတော့ မယုံနိုင်စရာ ကြီးထွားလာပြီး ပန်းပွင့်အရောင်ကလည်း ပတ်ဝန်းကျင်နဲ့ ရောယှက်သွားအောင် ပြောင်းလဲသွားတယ် ဒီလို ဆင့်ကဲပြောင်းလဲမှုမျိုးက တိရစ္ဆာန်လောကမှာတောင် ရှားပါးပြီး အပင် လောကမှာဆို ပိုလို့တောင် ရှားသေးတယ်"
အပင်များနှင့် ပတ်သက်၍ နားလည်မှုတွင် ချန်ယဲ့မှာ မည်သူနှင့်မျှ မယှဉ်သာအောင် ထူးချွန်လှသည်။ သူမမှာ အဆိပ်လေ့လာသော အမျိုးသမီး ဖြစ်ပေသည်။ သူမ၏ မစ်ရှင်မှာ အပင်များထဲရှိ ဗီဇအမျိုးမျိုးကို လေ့လာရန် ဖြစ်၏။ ရှန်လုံ ရုက္ခဗေဒ ဥယျာဉ်တွင် သူမမှာ အာဏာပိုင်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ သူမ မသိသော အပင်ဆိုသည်မှာ အလွန်နည်းပါးလှသည်။
အပင်အများစုမှာ ပွင့်ကြပြီး အရောင်တောက်ကာ ရနံ့မွှေးကြ၏။ ဘာကြောင့်လဲ။ အပင်များတွင် အလှတရားကို ခံစားတတ်သော စိတ်မရှိပါ၊ သူတို့ကိုယ်သူတို့ လှပစေဖို့ ပွင့်ကြတာ မဟုတ်ပါ။ သူတို့၏ ပွင့်ခြင်းမှာ အသက်ဆက်လက်ရှင်သန်စေရန် တာဝန်ယူထားခြင်းဖြစ်သည်။ ပန်းများမှာ ထင်ရှားပြီး ရနံ့မွှေးကြသည်၊ သို့မဟုတ် အနံ့ဆိုးကြသည်၊ သို့သော် အဓိက ရည်ရွယ်ချက်မှာ အနံ့ သို့မဟုတ် အမြင်အားဖြင့် အင်းဆက်များကို ဆွဲဆောင်ရန်ဖြစ်ပြီး ထိုအင်းဆက်များက ဝတ်မှုန်ကူးပေးကာ အပင်၏ အသက်ဆက်လက်ရှင်သန်မှုကို အာမခံပေးသည်။ သစ်ခွသည်လည်း ထိုနည်းအတိုင်းပင်။
အရွယ်အစား သေးငယ်ခြင်း၊ ပန်းပွင့်အရောင် တောက်ခြင်းနှင့် ရနံ့မွှေးခြင်းတို့မှာ သဘာဝ ရွေးချယ်မှု၏ ရလဒ်များ ဖြစ်သည်။ ဒါပေမဲ့ အခုမြင်နေရတဲ့ သစ်ခွကတော့ သူ့ရဲ့ ရှေးရိုးစွဲ စနစ်ကို စွန့်လွှတ်လိုက်ပြီ... အပင်မှာ သစ်ပင်တစ်ပင်လို မြင့်မားနေ၏။ ပန်းပွင့်အရောင်မှာ ပတ်ဝန်းကျင်နှင့် ရောယှက်နေသည်။
နံပါတ် ၃၂၅ ပို့လိုက်သော သတင်းအချက်အလက်အရ ပန်းမှာ ထူးဆန်းသော အနံ့လည်း မထွက်၊ မမွှေးသလို အနံ့လည်း မဆိုးပါ။ ဒါက ထူးဆန်းတယ်... ၎င်းမှာ အသက်ဆက်လက်ရှင်သန်မှု သံသရာထဲက အချက်အလက်အားလုံးကို ရှောင်ဖယ်ထားပြီး တိတ်ဆိတ်စွာ တစ်ယောက်တည်း ပွင့်ချင်နေပုံ ပေါက်နေသည်...
လင်ရှောင်စုသည် ကားထဲတွင် အမျိုးမျိုးသော ထောင့်မှ ရိုက်ထားသည့် ပုံများကို စိုက်ကြည့်ရင်း အတွေးများ လွင့်မျောနေ၏။
"အခု လောလောဆယ် နံပါတ် ၃၂၅ ကို တည်နေရာ ရှာမရဘူး ဒါဆို သူ ဒီပုံတွေကို ပို့ခဲ့တဲ့ နေရာရော တည်နေရာ ရှာလို့ မရဘူးလား"
သူ၏ "အချိန်နောက်ကြောင်း ပြန်လှည့်ခြင်း" စွမ်းရည်မှာ ငါးရက်အတွင်းက မြင်ကွင်းများကိုသာ ပြန်ကြည့်နိုင်လေသည်။ နံပါတ် ၃၂၅ ၏ ငါးရက်တာ ခရီးစဉ်အတွင်း တစ်နေရာရာကို ရှာတွေ့လျှင် သူ၏ ခြေရာကို အမီလိုက်နိုင်ပေသည်။ အဓိကအချက်မှာ အကယ်၍ ဒီနေရာကို ရှာတွေ့ရင် မစ်ရှင်က အောင်မြင်တော့မည်ဖြစ်လေသည်။ နံပါတ် ၃၂၅ သည် မနေ့ညက ပုံများ ပို့ခဲ့၏။ ပုံပို့ခြင်းမှာ အချက်ပြမှု ထွက်လာသည့် နေရာကို အတိအကျ ဖော်ထုတ်နိုင်သော မြင့်မားသော နည်းပညာများဖြင့် လုပ်ဆောင် ရခြင်း ဖြစ်လေသည်။
သို့သော် အေးဂျင့် ၈၈ က ခေါင်းခါလိုက်သည်။
"မင်း လောင်တောင်ရဲ့ ထူးခြားချက်ကို မသိသေးပုံပဲ လောင်တောင်လို့ ခေါ်ရတဲ့အကြောင်းရင်းက တစ်နည်းအားဖြင့် ကောင်းကင်နဲ့ မြေကြီးကြားက ထောင်ချောက်တစ်ခုလို ဖြစ်နေလို့ပဲ တောင်ထိပ် ကနေ အချက်ပြမှု ခဏတာ ထွက်လာနိုင်ပေမဲ့ အဲဒီ အချက်ပြမှု စတင်တဲ့ တည်နေရာကိုတော့ ရှာမတွေ့နိုင်ဘူး"
တည်နေရာ ရှာမရရင် ဘာလုပ်ရမလဲ။
အေးဂျင့် ၈၈ က ကြိုတင်ပြင်ဆင်ထားသော ဗျူဟာကို ချပြ၏။ လွန်ခဲ့သော တစ်လက နံပါတ် ၃၂၅ သည် လောင်တောင် အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။ သူ ဝင်သွားသည့်နေရာကို ပြန်သွားရှာလျှင် သူ့ခြေရာကို တွေ့နိုင်ကောင်းပါ၏။ ရှန်လုံ အဖွဲ့ဝင်များမှာ တူညီသော သင်တန်းများ တက်ခဲ့ကြသည်မို့ တောတွင်း ရှင်သန်နေထိုင်ရေးမှာလည်း အကျင့်တူကြလေသည်။ ဤခြေရာများကို ရှန်လုံ အဖွဲ့ဝင်များက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။ စခန်းချရန် သင့်တော်သောနေရာ၊ တောင်တက်ရန် သင့်တော်သော နေရာများမှာ တူညီတတ်ကြသည်။ သူ၏ စခန်းချရာကို ရှာတွေ့ပြီး နောက်တစ်ဆင့်ကို ခန့်မှန်းလိုက်လျှင် သူ့ကို တောအုပ်ကြီးထဲတွင် ရှာတွေ့နိုင်ခြေ ရှိ၏။
ဤနည်းလမ်းမှာ မိုက်မဲပြီး ရလဒ်မှာ မရေရာသော်လည်း မြင့်မားသော နည်းပညာဖြင့် မတတ်နိုင်တော့ သည့်အခါ အခြေခံအကျဆုံး နည်းလမ်းမှာ တစ်ခုတည်းသော နည်းလမ်း ဖြစ်လာတော့သည်။
ချန်ယဲ့နှင့် ရှင်းယွဲ့ အချင်းချင်း ကြည့်လိုက်ကြပြီး အနည်းငယ် စိတ်ရှုပ်သွားကြ၏။ တကယ်တော့ သူတို့မှာ ရှန်လုံ၏ နည်းပညာကို အလွန်အမင်း အားကိုးလာခဲ့သူများသာ ဖြစ်ကြသည်။ ရှန်လုံ၏ "နဂါးမျက်လုံး"ကို သုံးပြီး ကမ္ဘာ့အကြောင်းအရာ၊ အင်တာနက်တို့ကို ရှာဖွေနိုင်သော်လည်း နဂါးမျက်လုံး မရောက်နိုင်သော၊ အင်တာနက် မရသော တောအုပ်ကြီးထဲတွင် လွန်ခဲ့သော တစ်လလောက်က ဝင်သွားသောသူကို ရှာရန်မှာ သူတို့အတွက် ခက်ခဲလွန်းလှသည်။
လင်ရှောင်စု သက်ပြင်းချလိုက်၏။
"အခြေခံအကျဆုံး နည်းလမ်းကိုပဲ သုံးရတော့မယ် ထင်တယ် ဒါပေမဲ့ နည်းပြကြီးရဲ့ နည်းလမ်းက အရမ်း ထိန်းချုပ်ရ ခက်လို့ ကျွန်တော် အကြံမပြုချင်ဘူး"
အေးဂျင့် ၈၈ မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါ့နည်းလမ်းက ထိန်းချုပ်ရ ခက်ပေမဲ့ ဒါ တစ်ခုတည်းသော နည်းလမ်းပဲ"
"မဟုတ်ဘူး ဒါ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး"
ရှင်းယွဲ့၏ မျက်လုံးများ ပြူးကျယ်သွား၏။
"မင်းက နည်းပြကို ပြန်ပြောနေတာ 'အရန်အဖွဲ့ဝင် အခန်း' ရဲ့ အပိုဒ် ၁၃၅၊ အပိုဒ်ခွဲ ၁ အရ အမှတ် ၂၀ လျှော့ပစ်မယ် နည်းပြကြီး၊ လျှော့လိုက်ပါ..."
အေးဂျင့် ၈၈ က သူမကို တစ်ချက်ကြည့်လိုက်ပြီးမှ လင်ရှောင်စုဘက်သို့ လှည့်ကာ
"မင်း ဘာပြောချင်လဲ ပြောစမ်းပါ"
လင်ရှောင်စု ညွှန်ပြလိုက်သည်။
"ဥပမာ ဒီပုံလေးပုံမှာ သတင်းအချက်အလက် အချို့ ပါနေတယ်"
အေးဂျင့် ၈၈ ၏ အကြည့်များ တောက်ပသွား၏။
"ဒီ ချောင်းငယ်လေးအကြောင်း ပြောနေတာလား"
ချန်ယဲ့၏ မျက်လုံးများလည်း တောက်ပသွားလေသည်။ တောထဲတွင် လူတစ်ယောက်ကို ရှာရန်မှာ ခက်ခဲသော်လည်း မြစ်ချောင်းကို ရှာရန်မှာ ပို၍ လွယ်ကူသည်။
လင်ရှောင်စု ဆိုလိုတာ ဒါလား မြစ်ချောင်းကိုသာ တွေ့လျှင် ရှာဖွေရမည့် ဧရိယာကို သိသိသာသာ ကျဉ်းသွားစေလိမ့်မည်ပင်။