အပိုင်း ( ၃၁ ) - အားနည်းချက်ကို သိခြင်းသည်သာ နူးညံ့ခြင်း၏ အစဖြစ်၏။
"ဟင်း... ဘာ... ဘာလို့ ဟိုကောင်က တစ်ချက်ကလေးတောင် ထိခိုက်ဒဏ်ရာ မရတာလဲ"
"ငါတို့ရဲ့ တိုက်ခိုက်မှုတွေက ဘာမှမတိုးဘူး။ ဒါ ဘာတွေဖြစ်နေတာလဲ"
"ပြီးတော့ အဲဒီမျက်လုံးတွေ... ကြည့်လိုက်ရုံတင်တင်ကို ရင်ထဲမှာ အသည်းခိုက်မတတ် ထိတ်လန့်ဖို့ကောင်းလွန်းတယ်"
တွေဝေတုန်လှုပ်လျက် တောင့်တဲသွားကြသော လေပုန်းရွာနင်ဂျာများအကြား အူချီဟာ ယူဇူရု၏ နှုတ်ခမ်းထောင့်တို့က ရက်စက်သော အပြုံးတစ်ခုအသွင် ကွေးညွတ်သွားခဲ့သည်။
"ပြေးကြစို့။ အသက်ဘေးကလွတ်အောင် ပြေးကြစို့"
တစ်စုံတစ်ဦးက ဦးစွာ သွေးပျက်စွာ အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် လေပုန်းရွာနင်ဂျာအဖွဲ့ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။ သွေးဆာနေသော အသူရာနတ်ဆိုးတစ်ပါးကဲ့သို့ မတ်တတ်ရပ်နေသည့် ယူဇူရု၏ ပုံရိပ်က ၎င်းတို့၌ ကျန်ရှိနေသေးသော သတ္တိစိုးစဉ်းမျှကို အပြီးတိုင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်ရာ လူတိုင်းက အရပ်မျက်နှာအသီးသီးသို့ ဦးတည်ကာ ဖရိုဖရဲ ထွက်ပြေးကြတော့သည်။
"သရဲဘောကြောင်တဲ့ ကောင်တွေ"
ယူဇူရုက နှာခေါင်းရှုံ့လျက် နှိမ်ချစွာ ဆိုပြီးနောက် ထွက်ပြေးနေကြသော လေပုန်းရွာနင်ဂျာများဘက်သို့ လက်တစ်ဖက် ဝှေ့ယမ်းပြလိုက်သည်။ ချက်ချင်းဆိုသလို အူချီဟာ ဖူဂါကူသည် ကျန်ရှိသော မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ လိုက်လံချေမှုန်းတော့သည်။ ကျားတစ်ကောင်ကို လှောင်ချိုင့်အတွင်း၌ မည်မျှ ကြာမြင့်စွာ ပိတ်လှောင်ထာစေကာ ၎င်း၏ ထက်မြက်လှသော လက်သည်းများနှင့် အစွယ်များကို ထုတ်ဖော်လိုက်သည့်အခါ အခြားသူများ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေဆဲ ဖြစ်သည်။
စစ်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုလွယ်ကူစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ ထွက်ပြေးရန်သာ စိတ်ကူးရှိကြသော ပြိုင်ဘက်များကို အူချီဟာနင်ဂျာများက အလွယ်တကူ ပိုင်းဖြတ်သတ်ဖြတ်နိုင်ခဲ့ကြသည်။ အထူးသဖြင့် ဖူဂါကူသည် နောက်ဆုံးကျန်ရှိနေသော လေပုန်းရွာဂျိုနင်နှစ်ဦး၏ အသည်းအသန် ခုခံမှုကို ရင်ဆိုင်ရာတွင် တစ်ဦးတည်းဖြင့် ထိုနှစ်ဦးစလုံးကို ဖိအားပေးတိုက်ခိုက်ခဲ့ပြီး တစ်လှမ်းမျှပင် နောက်ဆုတ်ခြင်း မရှိခဲ့ပေ။
ယူဇူရုကိုယ်တိုင် ဖူဂါကူ၏ စွမ်းဆောင်ရည်အပေါ် အသိအမှတ်ပြုမိသွားသည်။ ဖူဂါကူ၏ လက်ရှိ အင်အားနှင့် တိုက်ခိုက်မှု တိကျသေချာပုံအရ အကယ်၍ မူလကမ္ဘာ၏ မျိုးနွယ်စုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ညတွင် သူသာ ပြန်လည်တွန်းလှန်ရန် ရွေးချယ်ခဲ့ပါက ရလဒ်သည် ယခုကဲ့သို့ လုံးဝကွဲပြားခြားနားသွားနိုင်သည်။
မကြာမီအချိန်အတွင်းမှာ လိုက်လံတိုက်ခိုက်ခဲ့ကြသော အူချီဟာနင်ဂျာများအားလုံး ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ဂျိုနင်အဆင့် ငါးဦးအပါအဝင် လေပုန်းရွာနင်ဂျာ အယောက်ငါးဆယ်စလုံး တစ်ယောက်မကျန် အမြစ်ပြတ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ မျိုးနွယ်စုဝင်တိုင်း၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော အူချီဟာသွေးသားများက စစ်ပွဲ၏ အရသာကို ပိုမိုစွဲမက်စေခဲ့သည်။
ဖူဂါကူက ယူဇူရု၏ အနီးသို့ လျှောက်လှမ်းလာပြီး စိုးရိမ်ပူပန်သော လေသံဖြင့် ဆိုလိုက်သည်။ "ယူဇူရု... လေပုန်းရွာနင်ဂျာတွေ အားလုံး သေကုန်ပြီဆိုတော့ တို့တွေ လေပုန်းရွာရဲ့ ကလဲ့စားချေလာမယ့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရမယ်"
သို့သော် ယူဇူရုက မည်သို့မျှ ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်နေဆဲ ဖြစ်သည်။ "ဖူဂါကူ... မင်းက စိတ်နှလုံး နူးညံ့လွန်းတယ်။ အားနည်းချက်ဆိုတာ ပိုမိုရက်စက်တဲ့ အကျိုးဆက်တွေကိုပဲ ဖိတ်ခေါ်တတ်တာ။ အခြားသူတွေရဲ့ လေးစားမှုကို ရရှိဖို့ဆိုရင် သူတို့ရဲ့ ရင်ထဲမှာ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေရမယ်။ မင်း ခုနက မြင်ခဲ့တဲ့ မောက်မာလှတဲ့ လေပုန်းရွာနင်ဂျာကိုပဲ ကြည့်လေ... သေဘေးနဲ့ ရင်ဆိုင်ရတဲ့ အခါကျမှပဲ သူက သူ့ရဲ့ မာနတွေကို စွန့်လွှတ်သွားတာ။ ကြောက်ရွံ့ခြင်းဆိုတာ အပြစ်တစ်ခု မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းက လူတွေကို မိမိတို့ရဲ့ အားနည်းချက်ကို သိမြင်စေတယ်။ အဲဒီလို အားနည်းချက်ကို သိမြင်သွားတဲ့အခါမှပဲ သူတို့က ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့ သင်ယူလာကြတာ"
ဖူဂါကူက မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမဲ့လည်း လေပုန်းရွာလို ရွာကြီးတစ်ရွာအတွက် ဂျိုနင်ငါးယောက် ဆုံးရှုံးသွားတာက ပြင်းထန်တဲ့ ရိုက်ခတ်မှုပဲ။ သူတို့ကတော့ မုချ ပြန်ပြီး တိုက်ခိုက်လာလိမ့်မယ်"
"ဒါကို မှတ်ထားပါ ဖူဂါကူ" ယူဇူရုက အေးစက်စွာဖြင့် ကြားဖြတ်ဆိုလိုက်သည်။ "အားနည်းတဲ့သူတွေက ဘာမှမလုပ်ဘဲ ငြိမ်နေရင်တောင် အခြားသူတွေရဲ့ လောဘဇောတိုက်တဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်ရစမြဲပဲ။ အူချီဟာမျိုးနွယ်စုရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာဆိုတာ အခြားသူတွေရဲ့ အောက်မှာ ဒူးထောက်အညံခံခြင်းကနေ ရလာမှာမဟုတ်ဘဲ တို့တွေရဲ့ လက်သီးစွမ်းအားကနေပဲ ရရှိလာမှာ။ နောက်နောင်ကျရင် ငါ့ရဲ့ အမိန့်တွေကိုပဲ လိုက်နာပါ။ စဉ်းစားရမယ့် ကိစ္စတွေကို ငါ့တာဝန်ပဲ ထားလိုက်စမ်း"
ဖူဂါကူသည် မိမိကိုယ်ကိုယ် မသိလိုက်ဘဲ မတ်တတ်ရပ်လျက် ကျောကို ဆန့်လိုက်မိပြီး ခိုင်မာသော လေသံဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ "ဟုတ်ကဲ့"
လေပုန်းရွာနင်ဂျာများနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲသည် အူချီဟာ ယူဇူရု၏ ဂုဏ်သတင်း အရှိန်အဝါကို မျိုးနွယ်စုအတွင်း အမြင့်ဆုံးအဆင့်သို့ တွန်းပို့ပေးခဲ့သည်။ လူတိုင်း၏ တညီတညွတ်တည်း ထောက်ခံမှုနှင့်အတူ အူချီဟာ တာရိုးသည် မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ယူဇူရုထံသို့ တိုက်ရိုက် လွှဲပြောင်းပေးအပ်ခဲ့သည်။ ယူဇူရုကလည်း ငြင်းပယ်ခြင်း မရှိခဲ့ပါ။ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်လာပြီဖြစ်ရာ သူ၏ အစီအစဉ်များကို မည်သည့်အတားအဆီးမျှမရှိဘဲ လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်သည်။
တစ်ပတ်ခန့် အချိန်ကာလက ဆိတ်ငြိမ်စွာ ကုန်လွန်သွားခဲ့သည်။ လေပုန်းရွာနင်ဂျာအဖွဲ့ကို အမြစ်ပြတ် သတ်ဖြတ်ခဲ့သည့် ကိစ္စသည် လောလောဆယ်တွင် ကြီးမားသော လှုပ်ခတ်မှုမျိုး မရှိသေးပေ။ ဤအတောအတွင်းမှာပဲ အသေးစား နင်ဂျာရွာအချို့မှ စေတမန်များ ဆက်တိုက် ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့၏ နယ်မြေအတွင်း အူချီဟာမျိုးနွယ်စု လာရောက်အခြေချရန် ဆွဲဆောင်စည်းရုံးခဲ့ကြသည်။ အချို့ကဆိုလျှင် မိမိတို့ရွာ၏ ခေါင်းဆောင်ရာထူးကိုပင် ပေးအပ်ရန် ကမ်းလှမ်းခဲ့ကြသည်။
သို့သော် ယူဇူရုက ထိုကမ်းလှမ်းမှုအားလုံးကို ပယ်ချခဲ့သည်။ ထိုကဲ့သို့သော ရွာအသေးစားလေးများတွင် လူဦးရေ၊ ရိက္ခာအရင်းအမြစ်နှင့် နယ်မြေကျယ်ဝန်းမှုတို့ မရှိသဖြင့် အူချီဟာမျိုးနွယ်စု ပြန်လည်ဆန်းသစ်လာစေရန်အတွက် အခြေခံအုတ်မြစ် မဖြစ်နိုင်ပေ။ အမှန်တကယ် ရှင်သန်ကြီးထွားလာရန်အတွက် အင်အားကြီးမားသော နင်ဂျာရွာကြီးငါးရွာထဲမှ တစ်ရွာရွာနှင့်သာ ပူးပေါင်းရမည် ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက်...
သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး အခန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ယူဇူရုက ယဉ်ကျေးပျူငှာစွာဖြင့် အရိပ်အယောင်ပြလိုက်သည်။ "ကိုဒို... ထိုင်ပါဦး"
"ကျေးဇူးတင်ပါတယ်" ကိုဒိုက သူ၏ ရှေ့တည့်တည့်တွင် ထိုင်လိုက်ပြီးနောက် လိုရင်းကိုသာ တိုက်ရိုက် ပြောဆိုခဲ့သည်။ "မျိုးနွယ်စုခေါင်းဆောင် ယူဇူရု... အူချီဟာမျိုးနွယ်စုအနေနဲ့ ကျောက်ပုန်းရွာမှာ လာရောက်နေထိုင်ဖို့ စိတ်ဝင်စားမှု ရှိပါသလား။ တို့ဘက်က မင်းတို့လူမျိုးတွေ အခြေချဖို့အတွက် နယ်မြေနဲ့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးနိုင်ပါတယ်"
ယူဇူရုက ခေတ္တမျှ ဆိတ်ငြိမ်စွာ စောင့်ဆိုင်းပြီးမှ ပြန်လည်မေးမြန်းခဲ့သည်။ "ဒါတင်ပဲလား"
ကိုဒိုက ထစ်ခြုန်းသံကဲ့သို့ ကျယ်လောင်သော လေသံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဒါတင်ပါပဲ"
ယူဇူရုက တည်ငြိမ်စွာ ဆိုလိုက်သည်။ "အကယ်လို့ တို့တွေကို ကျောက်ပုန်းရွာမှာ လာပြီး နေထိုင်စေချင်တယ်ဆိုရင် တို့မျိုးနွယ်စုအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုနဲ့ ရွာရဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ပြောဆိုခွင့် ရှိရမယ်။ ပြီးတော့ မျိုးနွယ်စု ရှင်သန်ရပ်တည်ရေးအတွက် မင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းအချို့ကိုလည်း တို့တွေကို ခွဲဝေပေးရလိမ့်မယ်။ ဒါပေမဲ့ တို့တွေ ရယူတဲ့အရာတွေအတွက် ထိုက်တန်တဲ့ တန်ဖိုးကိုတော့ ပြန်ပြီး ပေးချေမှာပါ။ အဲဒီအပြင် တို့ရဲ့ နင်ဂျူဆုဆောင်းမှု မှတ်တမ်းလိပ်တွေနဲ့ မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေကို အခြားသူတွေနဲ့ မျှဝေခြင်း ရှိမရှိ ဆိုတာကိုတော့ တို့ဘက်ကပဲ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိရမယ်"
ဤတောင်းဆိုချက်များသည် အလွန်အကျွံ ဖြစ်မနေပါ။ ကိုနိုဟာရွာတွင် ရှိစဉ်က ၎င်းတို့သည် ဤကဲ့သို့သော အခွင့်အရေးများကို ခံစားခဲ့ရဖူးသည်။ သို့သော် ကိုဒို၏ မျက်နှာထက်တွင် တုံ့ဆိုင်းသွားသည့် အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"အခြားအချက်တွေကိုတော့ လုပ်ဆောင်ပေးလို့ ရနိုင်ပေမယ့်... ကျောက်ပုန်းရွာရဲ့ ခေါင်းဆောင်မှုပိုင်းမှာ ပါဝင်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကတော့... အနည်းငယ် ခက်ခဲလိမ့်မယ် ထင်တယ်"
ယူဇူရုက လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဖြည်းညှင်းစွာ တစ်ငုံသောက်လိုက်သည်။ ထိုအခါ ကိုဒိုက နေရာမှ မတ်တတ်ရပ်လိုက်၏။ "မျိုးနွယ်စုခေါင်းဆောင် ယူဇူရု... မင်းရဲ့ တောင်းဆိုချက်တွေကို ငါ့အဖေနဲ့ ပြန်ပြီး တိုင်ပင်လိုက်ဦးမယ်။ လောလောဆယ်တော့ ငါ့ကို ခွင့်ပြုပါဦး"
ကိုဒို ထွက်ခွာသွားသည်ကို ကြည့်ရင်း ယူဇူရု၏ ရင်ထဲတွင် အနည်းငယ် စိတ်ပျက်မိသွားသည်။ တစ်ချိန်က အူချီဟာ မာဒါရာ၏ အတုမရှိသော စွမ်းအားကြီးမားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည့် အိုနိုကီကိုယ်တိုင် ဤမျှအထိ အမြင်ကျဉ်းမြောင်းသွားခဲ့ပြီလော။ သို့သော်လည်း စဉ်းစားကြည့်ပါက နားလည်ပေးနိုင်ပါသည်။ မာဒါရာ ချန်ထားခဲ့သော ဒဏ်ရာဒဏ်ချက်များကြောင့် အိုနိုကီအနေဖြင့် အခြားသော အူချီဟာတစ်ဦးကို မိမိရွာ၏ ဗဟိုအာဏာချက်အတွင်းသို့ ထည့်သွင်းရန် ကြောက်ရွံ့နေခြင်း ဖြစ်လိမ့်မည်။
နောက်နောင်တစ်နေ့ကျရင် သူ၏ တုံ့ဆိုင်းမှုအတွက် နောင်တမရပါစေနဲ့ဟုသာ ယူဇူရုက စိတ်ထဲမှ တွေးတောနေမိတော့သည်။
မီးနိုင်ငံတော်၏ နယ်စပ်ဒေသတွင် မျက်နှာဖုံးစွတ်ထားသော နင်ဂျာကိုးဦးသည် အဖွဲ့သုံးဖွဲ့ခွဲကာ ထူထပ်လှသော သစ်တောကြီးအတွင်း၌ လျင်မြန်စွာ လှုပ်ရှားသွားလာနေကြသည်။ မကြာမီအချိန်အတွင်းမှာ ၎င်းတို့သည် လယ်ကွင်းနိုင်ငံတော်၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နင်ဂျာရွာ မရှိသော နိုင်ငံတစ်ခုအတွင်းသို့ ခိုးဝင်ရခြင်းမှာ ၎င်းတို့အတွက် ကလေးကစားစရာမျှသာ ဖြစ်၏။
"လော့ဒ် ဒန်ဇိုရဲ့ အမိန့်က ပြတ်သားပြီးသား။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် အူဇုမာကီ ကူရှီနာကို ကိုနိုဟာရွာဆီ ပြန်ပြီး ခေါ်ဆောင်လာရမယ်။ ပြီးတော့... အခြေအနေပေးရင် အူချီဟာအချို့ကိုလည်း အရှင်ဖြစ်ဖြစ်၊ အသေဖြစ်ဖြစ် ဖမ်းဆီးခဲ့ရမယ်"
ထိုအခါမှသာ ကျန်ရှိနေသော ရု(ထ်)အဖွဲ့ဝင် နင်ဂျာများသည် မိမိတို့ တာဝန်၏ စစ်မှန်သော ရည်ရွယ်ချက်ကို သိရှိသွားကြတော့သည်။ ၎င်းတို့သည် ခံစားချက်များကို စွန့်လွှတ်ရန် ကြိုတင်လေ့ကျင့်ထားပြီးသူများ ဖြစ်ကြသဖြင့် ခေါင်းညိတ်လိုက်ကြရင်း တာဝန်ကိုသာ စိတ်ထဲတွင် မှတ်သားထားလိုက်ကြသည်။
ထိုစဉ် အနီးအနားမှ ကြမ်းတမ်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရု(ထ်)နင်ဂျာများ ချက်ချင်း လှည့်ကြည့်လိုက်ရာ ၎င်းတို့နှင့် မလှမ်းမကမ်းတွင် ကြီးမားထွားကျိုင်းသော လူရိပ်နှစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။
"ဟော... ဒီမှာ ဘာတွေပါလိမ့်။ ကိုနိုဟာက ကြွက်စုတ်တွေ ဒီအထိတောင် တိုးဝှေ့လာကြတာကိုး"
"တကယ့်ကို ကံဆိုးတာပဲ"
ရု(ထ်)အဖွဲ့ခေါင်းဆောင်၏ လေသံက အေးစက်သွားသည်။ "ငါတို့ရဲ့ တာဝန်က လျှပ်စစ်ကွယ်ရွာနဲ့ ဘာမှမပတ်သက်ဘူး။ မင်းတို့ရွာနဲ့ ကိုနိုဟာအကြား ပဋိပက္ခမဖြစ်ချင်ရင် အခုချက်ချင်း ထွက်သွားဖို့ ငါ အကြံပြုချင်တယ်"
ထိုလူများထဲမှ တစ်ဦးက မိမိ၏ လည်ပင်းကို လိမ်ကောက်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "မင်း ဘာတွေ လာပြီး အဓိပ္ပာယ်မရှိတာတွေ အော်နေတာလဲ"
"ဘီ... စတင်ကြစို့"
"ယိုး"