အပိုင်း ( ၁၀ ) - မီကိုတို ကိုမပြောပါနဲ့
"ရွှေချိုင့်ထဲက သာယာတဲ့ ငှက်ငယ်လေးတစ်ကောင်ပေါ့"
"ဟင်... ဘာပြောတာလဲ"
"မင်းကို ပြောတာလေ၊ အပြင်ပန်းကြည့်ရင် မင်းက ရွှေချိုင့်ထဲမှာ အမြတ်တနိုး မွေးထားတဲ့ ငှက်ငယ်လေးတစ်ကောင်နဲ့ တူတယ်၊ သိပ်ကို လှပပြီး အဖိုးတန်ပုံရပေမဲ့ တကယ်တမ်းကျတော့ ဘာလွတ်လပ်ခွင့်မှ မရှိဘူး"
ကူရှီနာကိုယ်တိုင်က သူမကို ကိုးမြီး၏ ဂျင်ချူရီကီအဖြစ် ရွေးချယ်ထားကြောင်း သူ့ကိုရော မီကိုတိုကိုပါ ပြောပြဖူးသဖြင့် ယူဇူရုအနေဖြင့် ဤအကြောင်းအရာကို ထုတ်ပြောရန် ဝန်လေးမနေခဲ့ပေ။ သူ၏စကားကြောင့် ကူရှီနာသည် တစ်ချက်မျှ ဆွံ့အသွားပြီးနောက် နှုတ်ခမ်းလေးကို တင်းတင်းစေ့လျက် မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။
"နင်... နင် ဘာသိလို့လဲ၊ ငါက အဲဒီကံကြမ္မာကို လက်ခံဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးသားပါ"
"ငါ ဒီကိုနိုဟာရွာကို ရောက်လာရတဲ့ အကြောင်းရင်းကလည်း ဒီအတွက်ကြောင့်ပဲလေ"
"ဒါဆို အဲဒီကံကြမ္မာကို မင်းတကယ် သဘောကျလို့လား" ယူဇူရုက တည်ငြိမ်စွာ မေးလိုက်သည်။
"သဘောကျတာ၊ မကျတာက ဘာများ ပြောင်းလဲသွားမှာမလို့လဲ"
"သဘောမကျရင် တွန်းလှန်ပေါ့" ယူဇူရုသည် သူမ၏ခေါင်းပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး လေသံကို မြှင့်ကာ ပြောလိုက်သည်။ "သူတစ်ပါး သတ်မှတ်ပေးတဲ့ လမ်းကို ဘာလို့ ဒီအတိုင်း လက်ခံရမှာလဲ၊ ကိုယ်ဖြစ်ချင်တာကို ဘာလို့ မလုပ်ရမှာလဲ"
"မိုက်မိုက်မဲမဲ အလျှော့ပေးနေရင် သူတစ်ပါးရဲ့ ပိုပြီး ဖိနှိပ်တာကိုပဲ ခံရလိမ့်မယ်"
"မင်း ဂျင်ချူရီကီ မဖြစ်သေးခင်ကတည်းက ရွာပြင်ထွက်ခွင့်ကို ပိတ်ပင်ထားကြပြီ၊ တကယ်လို့ ဖြစ်သွားပြီးရင်ကော ဘာဆက်ဖြစ်မလဲ"
"အိပ်နေချိန်မှာတောင် စောင့်ကြည့်ခံရမလား၊ အပြင်ကို ဈေးဝယ်ထွက်ဖို့အတွက်တောင် ဟိုကာဂဲဆီ သတင်းပို့နေရမလား"
"မီတိုကတော်ကြီး မင်းကို ပြောပြခဲ့တဲ့ အရာတွေ ရှိရမယ်"
ထိုစကားတစ်ခွန်းက လုံလောက်သွားခဲ့သည်။ သူမ ရင်ထဲတွင် မြိုသိပ်ထားခဲ့ရသမျှ ခံပြင်းမှုများအားလုံး ဝေါခနဲ ပွင့်ထွက်လာကာ ကူရှီနာ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာရင်း တိုးတိုးလေး ရေရွတ်မိတော့သည်။
"ဒါပေမဲ့... ငါက အားလုံးရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာ..."
"သူတစ်ပါးရဲ့ အမြင်ကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ" ယူဇူရုက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "သူတို့ရဲ့ အသိအမှတ်ပြုမှုက တကယ်ပဲ အရေးပါလို့လား"
"အလျှော့ပေး လိုက်လျောမှုတွေနဲ့ လဲလှယ်ပြီးမှ ရလာတဲ့ အသိအမှတ်ပြုမှုက မင်းကို တကယ်ပဲ ပျော်ရွှင်စေမှာလား"
သူ၏ နက်မှောင်သော မျက်ဝန်းများကို စိုက်ကြည့်ရင်း ကူရှီနာသည် တစ်ကိုယ်လုံး အင်အားများ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။ သူမသည် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ဒူးပေါ်ခေါင်းတင်ကာ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။
"ငါ... ငါ ဂျင်ချူရီကီ မဖြစ်ချင်ဘူး၊ အချိန်တိုင်း စောင့်ကြည့်ခံနေရတဲ့ ဘဝကိုလည်း မလိုချင်ဘူး၊ ငါလည်း တခြားသူတွေလိုပဲ အပေါင်းအသင်းတွေနဲ့အတူ အပြင်မှာ တာဝန်တွေ ထမ်းဆောင်ချင်တာ..."
"ဒါပေမဲ့... ငါ တကယ်ပဲ ဘာလုပ်ရမှန်း မသိဘူး..."
သူမသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသည့်အပြင် သူမ၏ဇာတိ (ဝုဇုရှီအို) တိုင်းပြည်ကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မိမိရှေ့တွင် ခင်းကျင်းထားသည့် လမ်းကို မုန်းတီးမိသော်လည်း မည်သို့ တွန်းလှန်ရမည်ကို မသိသည့်အပြင် ထိုသို့လုပ်ရန် အင်အားလည်း မရှိပေ။
သူမ ရင်ထဲရှိ အမှန်တရားကို ဖွင့်ဟလာသည်ကို ကြားရသောအခါ ယူဇူရု၏ လေသံမှာ ပျော့ပြောင်းသွားသည်။ သူသည် သက်ပြင်းတစ်ချက်ချကာ သူမ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး၊
"ကူရှီနာ... မင်းကို အမှန်တကယ် အသိအမှတ်ပြုတဲ့လူတွေက မင်းကို ဘာတစ်ခုမှ အတင်းအကျပ် လုပ်ခိုင်းမှာ မဟုတ်ဘူး"
"ငါတို့ မျိုးနွယ်စုကိုပဲ ကြည့်လေ၊ ရွာသားအများစုက ငါတို့ကို မနှစ်သက်ကြဘူး၊ အဲဒါ ဘာဖြစ်လဲ"
"သူတို့ သဘောကျအောင်လို့ ငါတို့က ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ရမှာလား"
"နိုင်ငံရေး ကစားကွက်တွေဆင်ပြီး လူတိုင်းကို လိုက်ပြုံးပြနေတဲ့ အူချီဟာဆိုတာ အူချီဟာ စစ်စစ် ဖြစ်နိုင်ပါဦးမလား"
ကူရှီနာသည် မျက်ရည်များကြားမှ ခေါင်းမော့ကာ စဉ်းစားကြည့်မိပြီးနောက် ရုတ်တရက် ရယ်မောမိသွားတော့သည်။
"ဘာဖြစ်လို့လဲ" ယူဇူရုက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ နင် လူတိုင်းကို ချိုချိုသာသာနဲ့ လိုက်ပြုံးပြနေမယ့် ပုံစံကို မြင်ယောင်ကြည့်မိလို့၊ ကြည့်ရတာ တစ်မျိုးကြီးပဲ" သူမက ခေါင်းခါရင်း ပြောသည်။
"မှန်တာပေါ့" ယူဇူရုက ပြုံးလိုက်ပြီး "ကူရှီနာ... မင်း တကယ်တမ်း ဘာကို လိုချင်တာလဲ"
"ငါ သူငယ်ချင်းတွေ အများကြီး လိုချင်တယ်" သူမက တိုးတိုးလေး ပြောရှာသည်။ "နင်ဂျာတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်ချင်တယ်၊ အသေးအဖွဲကိစ္စလေးကအစ စောင့်ကြည့်ခံနေရတာမျိုးကို မလိုချင်ဘူး..."
"ဒါပေမဲ့ ငါ ကိုးမြီးရဲ့ ဂျင်ချူရီကီ မဖြစ်လာဘူးဆိုရင် လူတွေအများကြီး ထိခိုက်ဒဏ်ရာရနိုင်တယ်၊ တချို့ဆို သေတောင် သေသွားနိုင်တယ်..."
"ယူဇူရု... ငါ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ"
"ဒီလို အဖြေမျိုးက ဘယ်တော့မှ သူတစ်ပါးရဲ့ နှုတ်ဖျားကနေ ထွက်လာမှာ မဟုတ်ဘူး၊ မင်းကိုယ်တိုင်ပဲ ရှာဖွေရလိမ့်မယ်"
၎င်းက တမင်တကာ ဝေဝေဝါးဝါး ပေးခဲ့သည့် အဖြေတစ်ခု ဖြစ်သည်။ လက်ရှိ အခြေအနေအရ သူမသည် ဂျင်ချူရီကီ ဖြစ်ရမည့်အရေးကို အပြတ်အသတ် ငြင်းပယ်ချင်နေသော်လည်း "မီးလျှံစိတ်ဓာတ်" ဟုခေါ်သော အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အနှောင်အဖွဲ့များက သူမကို ပိတ်လှောင်ထားသဖြင့် တိတ်တဆိတ် လက်ခံနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမအား ဆာရုတိုဘီ ဟီရူဇန်နှင့် ထိုဝါဒများအပေါ် လုံးဝ စိတ်ပျက် အားလျော့သွားအောင် ပြုလုပ်နိုင်မည်ဆိုပါက သူမ ဆက်လက် တုန်လှုပ်နေတော့မည် မဟုတ်ပေ။ ထိုအခါမှသာ သူမကို ခေါ်ဆောင်သွားမည့် သူ၏ အစီအစဉ်မှာ ပိုမိုလွယ်ကူချောမွေ့သွားမည် ဖြစ်သည်။
မှန်ပေသည်၊ ဤရက်ပိုင်းအတွင်း အတူတကွ ရှိနေခဲ့ပြီးနောက် ယူဇူရုသည် မျိုးနွယ်စု ရွှေ့ပြောင်းသည့်အခါ ကူရှီနာကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဆာရုတိုဘီတို့ အုပ်စုနှင့် ရန်သူ ဖြစ်လာရန် ကံပါလာပြီးသားဖြစ်ရာ ကိုနိုဟာ၏ တိုက်ခိုက်ရေးအင်အား ဖြစ်လာမည့် ကိုးမြီး၏ အင်အားစုကို ချန်ထားခဲ့ရန် အစီအစဉ် မရှိပါ။
အူချီဟာမျိုးနွယ်စုနှင့် အနာဂတ် ကိုးမြီးဂျင်ချူရီကီတို့ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြောင်း ဆာရုတိုဘီ သိရှိသွားမည့်နေ့တွင် ထိုသူ၏ မျက်နှာအမူအရာ မည်မျှအထိ ကြည့်ကောင်းနေမည်ကို သူ စောင့်မျှော်နေမိသည်။
သို့သော် ယူဇူရုသည် အလျင်မလိုခဲ့ပေ။ ကူရှီနာသည် ဆာရုတိုဘီ၏ သိမ်မွေ့သော သြဇာလွှမ်းမိုးမှုအောက်တွင် ရွာ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ စကားအနည်းငယ်ဖြင့် ထိုအရာများကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ယနေ့တွင် သူမ၏ နှလုံးသားတံခါးကို အက်ကြောင်းအနည်းငယ်မျှသာ စတင်ဖော်ထုတ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အချိန်တန်လျှင် ထိုအက်ကြောင်းအနည်းငယ်လေးက အရာအားလုံးကို ပြိုလဲပျက်စီးစေမည့် ငလျင်တစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မှတ်ဉာဏ်များအရ မကြာမီ အချိန်အတွင်း ကူရှီနာ့အပေါ် မတရားလွန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာတော့မည် ဖြစ်သောကြောင့်ပဲ။ ထိုအခြေအနေတွင် အနည်းငယ်မျှ တွန်းပို့ပေးလိုက်ရုံဖြင့် သူမသည် ရွာ၏ အထက်လူကြီးများအပေါ် လုံးဝ စိတ်ပျက်သွားလိမ့်မည်။
"နင်ကော" ကူရှီနာက သူ၏ ပုခုံးကို တွန်းလိုက်ရင်း အတွေးကမ္ဘာထဲမှ နှိုးလိုက်သည်။ "နင့်ရဲ့ အိပ်မက်က ဘာလဲ"
ယူဇူရု ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။
"ငါ ဂရုစိုက်ရတဲ့သူတွေ အားလုံး သူတို့အလိုရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ အင်အားမျိုး ရှိလာဖို့ပဲ"
"ငွေကြေးအတွက်လည်း ပူပန်စရာမလို၊ အင်အားကြီးသူတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ခံရမှာမဟုတ်ဘူး"
"ဒီအတွက်ကြောင့် တစ်ကမ္ဘာလုံးကို ဆန့်ကျင်ရမယ်ဆိုရင်တောင်မှပေါ့"
လေထုတစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကူရှီနာသည် သူ၏ လေသံထဲရှိ ပြတ်သားသော ဆုံးဖြတ်ချက်ကို အတိုင်းသား ကြားနေရသည်။
'သူ ဂရုစိုက်ရတဲ့သူတွေ အားလုံး... လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့...'
'တစ်ကမ္ဘာလုံးကို ဆန့်ကျင်ရမယ်ဆိုရင်တောင်မှ...'
သူမသည် ထိုစကားလုံးများကို စိတ်ထဲမှ ထပ်တလဲလဲ ရေရွတ်နေမိရင်း ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။ ယူဇူရု ဂရုစိုက်သည့် သူများထဲတွင် သူမသာ ပါဝင်ခဲ့မည်ဆိုပါက... သူမ အလိုရှိရာကို လုပ်ဆောင်နိုင်အောင် သူ ဖန်တီးပေးနိုင်မလား။ အတွေးပေါင်းစုံက သူမ၏ စိတ်ထဲတွင် လှည့်လည်နေခဲ့သည်။
ယူဇူရုသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ပါးပြင်ပေါ်ရှိ မျက်ရည်စများကို အသာအယာ သုတ်ပေးလိုက်သည်။ ကူရှီနာသည် အိပ်မက်မှ နိုးထလာသကဲ့သို့ တုန်လှုပ်သွားပြီး လန့်ဖျာ့သွားသော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ တံခါးဝဆီသို့ ဦးတည်ပြေးတော့သည်။
"ယူဇူရု... ဒီနေ့အကြောင်းကို မီကိုတိုကို လုံးဝမပြောနဲ့နော်"
သူမသည် မျက်နှာလေး နီမြန်းလျက် ကမန်းကတန်း ပြောဆိုပြီးနောက် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့တော့သည်။ ယူဇူရုကတော့ ပြုံးလျက် ခေါင်းခါမိသည်။ သူသည် သူမအပေါ် အခွင့်ကောင်းယူရန် ကြံရွယ်ခဲ့ခြင်း မဟုတ်ဘဲ ထိုအချိန်၏ ခံစားချက်အရသာ သဘာဝအတိုင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဟိုကာဂဲ အဆောက်အအုံ။ ဟိုကာဂဲ ရုံးခန်း။
ဆာရုတိုဘီ ဟီရူဇန်သည် ဖန်လုံးတစ်လုံးမှတစ်ဆင့် လမ်းပေါ်တွင် လျှောက်လှမ်းနေသော ကူရှီနာကို စောင့်ကြည့်နေပြီး သူ၏ ဆေးတံကို ဖြည်းညှင်းစွာ ခဲထားသည်။ ထိုအချိန်တွင် ရုံးခန်းတံခါးသည် ကြမ်းတမ်းသော လက်တစ်ဖက်ကြောင့် ပွင့်ထွက်သွားပြီး မီးခိုးရောင် ရောယှက်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မျက်လုံးကျဉ်းကျဉ်းနှင့် အမျိုးသားတစ်ဦး ဝင်ရောက်လာခဲ့တော့သည်။