အခန်း (၉) - ကမ္ဘာကြီး ပြောင်းလဲသွားပြီ [၁]
"....."
အင်္ဂါနေ့ မနက်ခင်း။
ကျွန်တော့်ရဲ့ အလုပ်စားပွဲရှေ့မှာ ရပ်နေမိသည်။ ပစ္စည်းတွေအကုန် ထည့်ထားသည့် သေတ္တာတစ်လုံးက စားပွဲပေါ်မှာ။ ဒီလိုနှင့်ပင် ကျွန်တော် အလုပ်ပြုတ်သွားခဲ့ပြီ။ ဖုန်းလည်းမဆက်၊ လူချင်းလည်း မတွေ့ကြဘဲနှင့်။
စာတိုတစ်စောင်နှင့်ပဲ။
မဟုတ်သေးပါဘူး၊ စာတိုတောင် မဟုတ်ပါ... မူးနေသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လာပြောပြမှ သိခဲ့ရခြင်း ဖြစ်သည်။
ရုံးခန်းတစ်ခုလုံး၏ အငွေ့အသက်က မှိုင်ညို့နေသည်။ ကျွန်တော်တစ်ယောက်တည်း ပစ္စည်းသိမ်းနေရသည်မဟုတ်ဘဲ တခြားလုပ်ဖော်ကိုင်ဖက် အတော်များများလည်း ခေါင်းငိုက်စိုက်ချကာ ပစ္စည်းများ သိမ်းနေကြသည်။
အစကတည်းက မျှော်လင့်ထားခဲ့သော်လည်း အမှန်တကယ် အလုပ်ဖြုတ်ခံလိုက်ရသည့် အဖြစ်မှန်က အခုမှပင် ရင်ထဲသို့ အရှိန်ပြင်းပြင်းနှင့် တိုးဝင်လာတော့သည်။
ပြီးတော့... ခံစားရတာ တကယ်ကို ဆိုးရွားလှသည်။
ကျွန်တော် အရင်က တွေးထားခဲ့သည်ထက် ပို၍ပင် ဆိုးရွားနေသေးသည်။
အထူးသဖြင့် နှစ်လစာ နစ်နာကြေးပဲ ရခဲ့သည်ဆိုသည့် အချက်ကို ထည့်တွက်လိုက်သောအခါ ပို၍ပင် သိသာလာသည်။
ထိုအချိန်အတွင်းမှာ ကြယ်တစ်ပွင့်အဆင့်ရှိသည့် ထိတ်လန့်ခြောက်ခြားဖွယ်ဂိမ်းတစ်ခုကို ဖန်တီးနိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။ မဟုတ်လျှင်မူ...
"ဟူး..."
ကျွန်တော် မျက်နှာကို ပွတ်သပ်လိုက်ပြီး ရှေ့က ကွန်ပျူတာ မျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။
'ထူးဆန်းတဲ့ App စနစ်ကို ဖျက်ပစ်လို့ရတာ တော်သေးတာပေါ့။'
ကွန်ပျူတာက ကုမ္ပဏီပိုင်ဖြစ်သဖြင့် ကျွန်တော်နှင့်အတူ ယူသွား၍မရပေ။ ကံကောင်းထောက်မစွာဖြင့် အရာအားလုံးကို ကျွန်တော့်၏ လက်ပ်တော့ပ်ထဲသို့ လွှဲပြောင်းနိုင်ခဲ့ပြီး စနစ်ထဲတွင် ဘာတစ်ခုမှ ကျန်မနေစေရန် အကုန်လုံးကို ဖျက်ပစ်လိုက်သည်။
နောက်ဆုံးဖိုင်များ လွှဲပြောင်းခြင်း ပြီးဆုံးသွားသောအခါ ကျွန်တော် သက်ပြင်းတစ်ချက်ချကာ လက်ပ်တော့ပ်ကို ပိတ်ပြီး သေတ္တာထဲသို့ ထည့်လိုက်သည်။
ထို့နောက်တွင်တော့ လှည့်ထွက်လာခဲ့တော့သည်။
*ဒေါင်!*
ဓာတ်လှေကား အချက်ပေးသံ မြည်လာသဖြင့် ကျွန်တော် အထဲသို့ ဝင်ကာ ‘G’ ခလုတ်ကို နှိပ်လိုက်သည်။ တံခါးများ ပိတ်သွားသည်ကို စောင့်ဆိုင်းနေမိသည်။
အတိအကျပင် ထိုအချိန်၌ သာယာငြိမ့်ညောင်းသော တေးသွားတစ်ခုက လေထုထဲတွင် ပျံ့လွင့်လာသည်။ ထိုအသံကို ကြားလိုက်ရချိန်တွင် ကျွန်တော့်နှုတ်ခမ်းထက်၌ အပြုံးငယ်တစ်ခု ပေါ်လာသည်။
"ဒါ... ဟိုထူးဆန်းတဲ့ ဂီတအဖွဲ့ခေါင်းဆောင်ကို ငါပေးလိုက်တဲ့ သီချင်း မဟုတ်လား?"
သို့သော် ထိုသူ့ကို ပေးခဲ့သည့် သီချင်းနှင့်မတူဘဲ ယခုတစ်ခုက ပြည့်စုံလုနီးပါး ဖြစ်နေသည်။
နားထဲတွင် အလွန်ငြိမ့်ညောင်းလှသဖြင့် ကျွန်တော် မသိစိတ်ဖြင့် မျက်လုံးများ မှိတ်လိုက်မိသည်။ ပင်ပန်းနေ၍လား? သို့မဟုတ် ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ ဝန်ထုပ်ဝန်ပိုးကြောင့်လား?
ကျွန်တော့်အာရုံတွေ နစ်မြုပ်စပြုလာသည်ဟု ခံစားရသည်။
အမှောင်ထုက ကျွန်တော့်ကို ပွေ့ပိုက်လိုက်ပြီး ကျွန်တော်သည် အမှောင်ထုထဲသို့ တစ်စထက်တစ်စ ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားခဲ့သည်။
အေးစိမ့်နေသော်လည်း တစ်ချိန်တည်းမှာပင် နွေးထွေးမှုကို ပေးစွမ်းနေသလိုပင်။
"ကောင်းလိုက်တာ..."
*ဒေါင်!*
ဓာတ်လှေကား အချက်ပေးသံ ထပ်မံမြည်လာသည့် ခဏမှာပင် ကျွန်တော့်မျက်လုံးများ ပွင့်လာသည်။
"အာ... သွားပြီ။ အိပ်ပျော်တော့မလို့ပဲ။"
ကျွန်တော် အလုပ်တွေ တကယ်ပဲ ပင်ပန်းနေခဲ့တာကိုး။
ကျွန်တော် ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။
"ထားပါလေ... အခု ငါ ဘာဆက်လုပ်ရမလဲ?"
ပထမဆုံး ခေါင်းထဲဝင်လာသည့် အကြံမှာ အလုပ်အသစ် ရှာဖွေရေးပင်။ လက်ရှိတွင် ကျွန်တော့်၏ အဓိကဦးစားပေးမှာ တာ၀န် (Quest) ၏ စိတ်ကျေနပ်မှုကို ပြည့်မီစေမည့် ဂိမ်းတစ်ခုကို တီထွင်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်ဖြစ်သည်။
ထိုသို့သော ဂိမ်းမျိုးကို တီထွင်ရန် လိုအပ်သည့် ကိရိယာများကို ပံ့ပိုးပေးနိုင်သည့် စတူဒီယိုများစွာ ရှိသော်လည်း သူတို့က ကျွန်တော့်ကို အလုပ်ခန့်ပါ့မလားဟု တွေးလိုက်သောအခါ ကျွန်တော့်မျက်နှာ ညှိုးငယ်သွားရသည်။ ကျွန်တော်သည် ထိုကဲ့သို့သော ဆိုးရွားလှသည့် ဂိမ်းကို ဖန်တီးခဲ့သူများထဲက တစ်ယောက်ဖြစ်နေသည်မှာ ထားပါဦး၊ သူတို့က ကျွန်တော့်ကို အလုပ်ခန့်ရန် အချိန်မည်မျှ ကြာဦးမည်နည်း?
'ငါ့မှာ အချိန်အများကြီး မရှိဘူး။'
ကျွန်တော့်မှာ စုဆောင်းငွေ မရှိသလို၊ ရရှိသည့် နစ်နာကြေးကလည်း နှစ်လစာဝင်ငွေခန့်သာ ရှိသည်။ ဆေးဖိုးဝါးခများကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ထိုငွေမှာ ရက်သတ္တပတ် အနည်းငယ်စာပင် မနည်းလောက်ငပေ။
"ဒါတော့ မလွယ်ဘူး..."
အဆောက်အအုံ၏ ဧည့်ခန်းမထဲမှ ထွက်လာရင်း ဆံပင်များကို ဖွလိုက်မိသည်။ ထွက်ပေါက်ကို လှမ်းမြင်လိုက်ရချိန်မှာပင် အိတ်ကပ်ထဲမှ ဖုန်းတုန်ခါသံကို ခံစားလိုက်ရသည်။
ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် နာမည်တစ်ခုကို မြင်လိုက်ရသည်။
"ဟယ်လို?"
— ....ဆတ် (Seth)?
ဖုန်းထဲမှ တုံ့ဆိုင်းနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
— မင်းရဲ့... အခုနောက်ဆုံးထွက်ထားတဲ့ ဂိမ်းအကြောင်း ငါကြားတယ်။ မင်း... အဆင်ပြေရဲ့လား?
"အာ... မင်းလည်း ကြားပြီးပြီပေါ့။"
ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။
တစ်ရက်တောင် မပြည့်သေးခင်မှာပင် သတင်းက ပျံ့နှံ့သွားခဲ့ပြီ။
"အင်း၊ ငါ အလုပ်ဖြုတ်ခံလိုက်ရပြီ။"
ကျွန်တော် မလိမ်ညာဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
ကိုင်လ် (Kyle) ကို ကျွန်တော့်ညီအစ်ကိုတစ်ယောက်လို သတ်မှတ်နိုင်သည်။ ကျွန်တော်တို့နှစ်ယောက်လုံးက မိဘမဲ့ဂေဟာတစ်ခုတည်းမှာ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။
ကျွန်တော့်၏ ရောဂါအခြေအနေကြောင့် မိဘများက ကျွန်တော့်ကို စွန့်ပစ်ခဲ့သည်မှာ မဆန်းလှပေ။
ကျွန်တော် ငယ်ငယ်က ရောဂါအခြေအနေမှာ ယခုလောက် မပြင်းထန်ခဲ့သော်လည်း မိဘမဲ့ဂေဟာအတွက်တော့ ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့ဆဲပင်။ ကျွန်တော် လူလားမြောက်သည့်အရွယ် ရောက်သည်နှင့် သူတို့က ကျွန်တော့်ကို တိုက်ရိုက်ပင် မောင်းထုတ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဂေဟာထဲတွင် တည်ဆောက်ခဲ့သည့် သံယောဇဉ်များကတော့ ခိုင်မြဲနေဆဲ ဖြစ်သည်။
— အာ... အဲဒါက... မင်း ဘယ်လိုခံစားနေရလဲ?
"အဆင်ပြေပါတယ်လို့ပဲ ပြောရမှာပေါ့။"
မဟုတ်ဘူး၊ ခံစားချက်က တကယ်ကို စုတ်ပြတ်သတ်နေသည်။
"ဒါပေမဲ့ ငါ ဘာမှတတ်နိုင်တာမှ မဟုတ်တာ။ ဂိမ်းက ညံ့သွားတော့လည်း အသစ်တစ်ခု ထပ်လုပ်ဖို့ပဲ ကြိုးစားရမှာပေါ့။"
— မင်းက ဂိမ်းတွေ ဆက်လုပ်နေဦးမှာလား...?
"အင်း။"
ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိပါ။
တာ၀န် (Quest) များကြောင့် ကျွန်တော်က ဂိမ်းများကို ဆက်လက်ဖန်တီးနေရမည်ဖြစ်သည်။
— ဒါဆိုရင်...
ကိုင်လ်က စကားလုံးများကို ရွေးချယ်နေသလိုမျိုး ခေတ္တရပ်သွားသည်။
ထိုအချိန်အတွင်းမှာ ကျွန်တော် ဧည့်ခန်းမထဲမှ ထွက်လာခဲ့ပြီး အပြင်သို့ ဦးတည်သည့် တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် လတ်ဆတ်သော လေညင်းက ကျွန်တော့်မျက်နှာကို လာရောက်ထိတွေ့သည်။ ကျွန်တော် မျက်မှောင်ကြုတ်ကာ အထက်က မွဲပြာနေသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်မိသည်။
"ဒါဆိုရင် ဘာဖြစ်လဲ?"
ဆံပင်များကို သပ်တင်လိုက်သည်။ လေက တော်တော်လေး ပြင်းနေသည်။
— ဒါဆိုရင် ငါအရင်က ပေးထားတဲ့ ကမ်းလှမ်းချက်ကို မင်း ဘယ်လိုသဘောရလဲ?
"မင်း ကမ်းလှမ်းချက် ပေးခဲ့လို့လား?"
ကျွန်တော် မမှတ်မိတော့ပေ။
ကိုင်လ်က အတိတ်တုန်းက ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ကူညီရန် ကြိုးစားခဲ့ဖူးသည်။ ကျွန်တော့်၏ မလောက်ငသော လစာကြားမှ ဆေးဖိုးဝါးခ တတ်နိုင်ခဲ့သည်မှာ သူရှိနေ၍ပင် ဖြစ်သည်။
"ငါ့ကို ပိုက်ဆံထပ်ပေးဖို့ ဆိုရင်တော့—"
ကျွန်တော် စကားလုံးများ ပြတ်တောက်သွားပြီး ရှေ့မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားမိသည်။
အသက်ရှူရပ်သွားသလိုမျိုး ကျွန်တော့်ပါးစပ်က ပွင့်ဟသွားသော်လည်း စကားလုံး တစ်လုံးမှ ထွက်မလာခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကိုင်လ်၏အသံက ဖုန်းထဲမှ ပဲ့တင်ထပ်နေသည်။
— မဟုတ်ဘူး၊ မင်းကို ပိုက်ဆံထပ်ချေးဖို့ ပြောနေတာ မဟုတ်ဘူး။ မင်း လက်ခံမှာ မဟုတ်မှန်း ငါသိပါတယ်။ ငါက... ဒီအတိုင်းပဲ၊ မင်းရဲ့ အလုပ်က ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ပတ်သက်နေတာဆိုတော့ ငါတို့ ဂိုဏ်း (Guild) ကို လာပြီး အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ လာကြည့်ပါလားလို့။
ကိုင်လ်က စကားတွေ အများကြီး ပြောနေသည်။
— ... ဟုတ်ပါတယ်၊ မင်း ဘာမှလုပ်ဖို့ မလိုပါဘူး။ ဒီအတိုင်း လေ့လာကြည့်ရုံပါပဲ။ ငါ အခုပဲ ရာထူးတိုးထားတာဆိုတော့ မင်းကို လေ့လာသူတစ်ယောက်အနေနဲ့ ခေါ်လာဖို့ ငါ့မှာ လုပ်ပိုင်ခွင့်ရှိမယ် ထင်တယ်။
သူ စကားတွေ အများကြီး ပြောနေသော်လည်း ကျွန်တော့်နားထဲသို့ တစ်လုံးမှ မဝင်တော့ပေ။
ကျွန်တော် မျက်တောင်မခတ်တမ်း ရှေ့ကိုသာ စိုက်ကြည့်နေမိပြီး သူပြောနေသည်များကို အာရုံစိုက်ရန် ခဲယဉ်းနေခဲ့သည်။ ကျွန်တော့်ရှေ့မှ မြင်ကွင်းကြောင့် စိတ်ထဲတွင် ဗလာကျင်းသွားရသည်။
'ဒါက ဘာကြီးလဲ...?'
တစ်ချိန်က ပန်းခြံရှိခဲ့သော နေရာတွင် ကြီးမားလှသည့် အထပ်မြင့် အဆောက်အအုံကြီးများက အစားထိုးဝင်ရောက်နေသည်။ အဆောက်အအုံများ၏ အပေါ်ဆုံးတွင် ဝတ်စုံနက်များ ဝတ်ဆင်ထားသည့် လူများ၏ ပုံရိပ်များကို ပြသနေသော ဧရာမ LED ကြော်ငြာဘုတ်ကြီးများက နေရာယူထားသည်။
စခရင်၏ အောက်ခြေတွင် စာတိုလေးများက ဆက်တိုက်ဆိုသလို ပေါ်လာနေသည်။
[Severed Stars ဂိုဏ်းသည် သူတို့၏ ပထမဆုံး ‘အဆင့်သတ်မှတ်ထားသော ပုံမှန်မဟုတ်သည့် ၀င်ပေါက်’ (Ranked Anomalous-Type Gate) ကို ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ဝင် ၅ ယောက်သာ အသက်ရှင်ခဲ့သော်လည်း သူတို့သည်...]
နောက်ထပ် ကြော်ငြာဘုတ်တစ်ခုသို့ လှည့်ကြည့်လိုက်သောအခါ ထူးဆန်းသော ဝင်ပေါက် (Portal) တစ်ခုထဲမှ ထွက်လာကြသည့် လူအချို့၏ ပုံရိပ်ကို မြင်ရသည်။ သူတို့၏ သံချပ်ကာအင်္ကျီများမှာ ပဲ့ကြွေပျက်စီးနေသော်လည်း လက်ဝှေ့ယမ်းပြနေကြပြီး ကင်မရာမီးရောင်များက သူတို့အပေါ်သို့ တဖျတ်ဖျတ် ကျရောက်နေသည်။
နောက်ထပ် စာတန်းတစ်ခုက ထပ်မံပေါ်လာပြန်သည်။