အခန်း (၈) - မစ်ရှင် ပြီးမြောက်ခြင်း [၂]
[လုပ်ငန်းစဉ် ပြီးဆုံးပါပြီ!]
နောက်ထပ် အသိပေးချက်တစ်ခု လက်ခနဲ ပေါ်လာပြီးနောက် ပတ်ဝန်းကျင်က အမှောင်ထု မှေးမှိန်သွားကာ ကျွန်တော် ကိုယ့်ရုံးခန်းထဲသို့ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။
"...ငါ ပြန်ရောက်လာတာလား?"
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိသည်။ အရာအားလုံးက ကျွန်တော် ထွက်မသွားခင်ကအတိုင်း အတူတူပင်။
ခဏတာတော့ ဒါတွေအားလုံးက အိပ်မက်တစ်ခုလို့တောင် ထင်မိသွားသည်။ ကျွန်တော် ကြုံတွေ့ခဲ့ရသမျှက ပင်ပန်းလွန်းလို့ မြင်ရတဲ့ စိတ်ကူးယဉ် အာရုံခြောက်ခြားမှုတွေများလားဟု တွေးမိသည်။
သို့သော် ထိုအတွေးက ရှေ့က ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် လက်ခနဲ ပေါ်လာသော စာသားကြောင့် ပျောက်ကွယ်သွားသည်။
[ပြောင်းလဲမှုများ ပြုလုပ်ပြီးပါပြီ။ ယခုအခါ မစ်ရှင်အောင်မြင်မှုအတွက် ဆုလာဘ်များကို ပေးအပ်ပါမည်။]
ဖတ်ခနဲ!
ပစ္စည်းတစ်ခုက ကျွန်တော့်ပေါင်ပေါ်သို့ ကျလာသည်။
"ဒါက...?"
ကြည့်လိုက်တော့ စောစောက တွေ့ခဲ့တဲ့ မျက်နှာဖုံး ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားမိသည်။
"နေပါဦး၊ ဒါက ဆုလာဘ်လား? ဘယ်လိုလုပ်ပြီး—"
ကျွန်တော့်စကားက နောက်ထပ် အသိပေးချက်တစ်ခုကြောင့် ရပ်တန့်သွားသည်။
─────
[ဆုလာဘ် ၁ : အလွတ်မျက်နှာဖုံး (Blank Mask)]
အမျိုးအစား / ပစ္စည်း
မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် အသုံးပြုသည့် ရိုးရှင်းသော မျက်နှာဖုံး။ စမ်းသပ်ဝတ်ဆင်နိုင်သော ပုံစံအမျိုးမျိုး ရှိသည်။
: သုံးစွဲကုန် မဟုတ်ပါ။
[ဆုလာဘ် ၂ : ဝိညာဉ်မြင်မျက်မှန် (Spectral Glasses)]
အမျိုးအစား / ပစ္စည်း
အခြားသူများ မမြင်နိုင်သောအရာများကို ထိုးဖောက်မြင်နိုင်စေမည့် မျက်မှန်တစ်စုံ။
: သုံးစွဲကုန် မဟုတ်ပါ။
[ဆုလာဘ် ၃ : ချုပ်နှောင်ရာအိုး (Containment Vessel)]
အမျိုးအစား / အခြေခံနုဒ် (Basic Node)
ဤနုဒ်ကို အသက်သွင်းလိုက်ပါက၊ အသုံးပြုသူသည် ထူးဆန်းသော သတ္တဝါများနှင့် အရာဝတ္ထုများကို ချုပ်နှောင်နိုင်သည့် စွမ်းရည် ရရှိမည်ဖြစ်သည်။
သတိပေးချက်- အကယ်၍ ထူးဆန်းသော အရာဝတ္ထု၏ အင်အားသည် နုဒ်၏ ပမာဏထက် ကျော်လွန်နေပါက၊ ချုပ်နှောင်မှုမှာ ကျရှုံးမည်ဖြစ်သည်။ ၎င်းသည် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။
: သုံးစွဲကုန် မဟုတ်ပါ။
─────
"ဟား..."
နောက်ထပ် ပစ္စည်းတစ်ခု ထပ်ပေါ်လာသည်—အနက်ရောင်ဘောင်နှင့် မျက်မှန်တစ်စုံ။
"ဒါက...?"
ဒုတိယမြောက် ဆုလာဘ်ကို ကျွန်တော် အာရုံစိုက်လိုက်သည်။
ဝိညာဉ်မြင်မျက်မှန်?
'အခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တယ် ဟုတ်လား?'
မျက်မှန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးမှ နောက်ထပ်ဆုလာဘ်ဆီ အာရုံပြောင်းလိုက်သည်။ အထူးသဖြင့် ၎င်း၏ ဖော်ပြချက်ကို အာရုံစိုက်မိသည်။
"အခြေခံနုဒ် (Basic Node)...?"
ဒါက ဘာကြီးလဲ?
တတိယမြောက် ဆုလာဘ်က ပထမနှစ်ခုနှင့် မတူပေ။ အခြားအရာများကဲ့သို့ လက်ဆုပ်လက်ကိုင်ပြနိုင်သော ပစ္စည်းတစ်ခု မဟုတ်သဖြင့် ၎င်းက ဘာလဲ၊ ဘယ်လိုသုံးရမလဲဆိုတာကို ကျွန်တော် လုံးဝနားမလည်နိုင် ဖြစ်နေသည်။
"တကယ့်ကို ရှုပ်ထွေးတာပဲ။"
လက်ထဲက မျက်နှာဖုံးနှင့် မျက်မှန်ကို ကြည့်ရင်း ခေါင်းကို ကုတ်လိုက်မိသည်။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် မျက်မှန်ကို ကောက်တပ်လိုက်သည်။ မျက်နှာပေါ် နေရာချလိုက်စဉ် ရင်တွေ တုန်နေမိသည်။
ရင်ထဲကနေ စိုးရိမ်ထိတ်လန့်မှုတစ်ခု မြင့်တက်လာသည်။
'ငါ သရဲတွေ မြင်ရတော့မှာ မဟုတ်ပါဘူးနော်?'
"အာ...!"
မျက်မှန်တပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော့်အမြင်အာရုံက အပြာရောင်သို့ ပြောင်းလဲသွားသည်။
"အေးလိုက်တာ။"
အပူချိန်က ရုတ်ချည်း ထိုးကျသွားသည်။ မော်နီတာ၏ အလင်းဖျော့ဖျော့အောက်တွင် ကျွန်တော့်ထံမှ ထွက်လာသော ထွက်သက်ငွေ့များကိုတောင် မြင်နေရသည်။ မတ်တပ်ရပ်လိုက်စဉ် လက်ချောင်းများ တုန်ရီနေပြီး ခန္ဓာကိုယ်ကလည်း အလိုအလျောက် တောင့်တင်းသွားသည်။
မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ရုံးခန်းက တိတ်ဆိတ်ခြောက်ကပ်နေပြီး အခန်းငယ်လေးများစွာက အမှောင်ထဲတွင် တန်းစီလျက် ရှိနေသည်။
မီးခိုးရောင် ကော်ဇောနုနုပေါ် ခြေလှမ်းကျဲကျဲ လှမ်းရင်း သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့သည်။
လက်ဆေးကန်ရှေ့တွင် ရပ်ကာ အေးစက်နေသော ကြွေထည်ကန်ကို ကိုင်ထားလိုက်သည်။ မှန်ထဲမှ ကျွန်တော့်ပုံရိပ်ကို မော့ကြည့်မိသည်။
မျက်မှန်က မျက်ကွင်းညိုနေတာတွေကို ဖုံးကွယ်ပေးထားပေမဲ့ လုံးဝကြီးတော့ ဖုံးမပေးနိုင်ဘူး။ ကျွန်တော် ဆံပင်တွေကို လက်ဖြင့် သသပ်လိုက်သည်။
အမြင်အာရုံက အပြာရောင်သန်းနေသော်လည်း ဆံပင်တွေကတော့ နက်မှောင်နေဆဲဖြစ်ပြီး၊ ပုံမှန်ဆိုလျှင် ညိုရောင်ရှိသော ကျွန်တော့်မျက်လုံးများက မီးခိုးရောင်ဖျော့ဖျော့ သန်းနေသည်။
ခဏကြာ စိုက်ကြည့်နေပြီးမှ မျက်မှန်ကို ချွတ်လိုက်သည်။
"မျက်မှန်မပါတာက ပိုကြည့်ကောင်းပါတယ်။"
ဒီမျက်မှန်က ကျွန်တော့်ကို စာကြမ်းပိုးတစ်ယောက်နဲ့ တူအောင် လုပ်နေသလိုပဲ။ တော်သေးတာက ကမ္ဘာကြီးကို အပြာရောင် မြင်နေရတာကလွဲလို့ ထူးထူးခြားခြား ဘာမှ မရှိသေးခြင်းပင်။
ထိတ်လန့်စရာ ဘာတစ်ခုမှ မမြင်ခဲ့ရသေးပေ။
အခုထိတော့။
"ဟူး။"
သက်ပြင်း တစ်ချက်ချလိုက်ရင်း ပါးစပ်ကနေ အငွေ့တွေ ထပ်မထွက်လာတော့တာကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် မျက်နှာကို ရေအေးအေးဖြင့် သစ်လိုက်ပြီး စားပွဲဆီသို့ ပြန်လာခဲ့သည်။
"ဟင်?"
မျက်နှာပြင်ရှေ့ ရောက်ရောက်ချင်းမှာပဲ ကျွန်တော် ရပ်တန့်သွားမိသည်။
မျက်နှာပြင်ပေါ်က မမျှော်လင့်ထားတဲ့အရာကိုကြည့်ရင်း မျက်လုံးတွေ ပြူးသွားရသည်။ တစ်နေရာရာမှာ ကြုံဖူးနေသလို ခံစားချက်မျိုး က ကျွန်တော့်ကို ရိုက်ခတ်သွားသည်။
"ထပ်ပြီးတော့လား..."
တွန့်ဆုတ်နေသော်လည်း မောက်စ်ကို ကိုင်ကာ ထိုအရာကို နှိပ်လိုက်သည်။
ချက်ချင်းပင် နှိပ်လိုက်သောအရာက ပျောက်ကွယ်သွားပြီး Application စနစ်တစ်ခု စတင် ဒေါင်းလုဒ်ဆွဲနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် Home Screen မူလမျက်နှာပြင် ပေါ်တွင် တံဆိပ်တစ်ခု ပေါ်လာသည်—၎င်းက အလယ်တွင် အီမိုဂျီတစ်ခုပါသော ဂိမ်းကောင်လေး Game Boy ပုံစံဖြစ်ပြီး၊ အီမိုဂျီ၏ မျက်လုံးများနေရာတွင် X ပုံစံနှစ်ခု ပါရှိသည်။
ကျွန်တော် ဘာမှ မလုပ်ရသေးခင်မှာပင် ထို App စနစ် က အလိုအလျောက် ပွင့်လာသည်။
─────
ဂိမ်းဖန်တီးသူ (Game Developer) : Seth Thorne
အဆင့်အတန်း (Status) : ပထမအဆင့် (First Order)
▪ အခြေခံနုဒ် : ချုပ်နှောင်ရာအိုး (Containment Vessel)
ပစ္စည်းများ :
▪ အလွတ်မျက်နှာဖုံး (Blank Mask)
▪ ဝိညာဉ်မြင်မျက်မှန် (Spectral Glasses)
ဆိုင် (Shop) : ပိတ်ထားသည် (Locked)
လုပ်ဆောင်ရမည့်တာ၀န်များ (Quests) : ဖွင့်ထားသည် (ရရှိနိုင်သည် : ၁)
▪ ၁ စတား (1-star) အဆင့်ရှိသော ဂိမ်းတစ်ခုကို ဖန်တီးပါ။
- ဆုလာဘ်: ဆိုင် (Shop) ကို ဖွင့်ပေးမည်။
ဖန်တီးခဲ့သော ဂိမ်းများ :
[Gentle Whispers] အဆင့်သတ်မှတ်ချက် : ⯪☆☆☆☆ (၀.၅)
─────
စကရင်ကို ခဏမျှ စိုက်ကြည့်နေပြီးမှ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
ကျွန်တော့်အာရုံက မစ်ရှင်အပိုင်းဆီသို့ ချက်ချင်း ရောက်သွားသည်။
"ဆုလာဘ်က... ဆိုင်ကို ဖွင့်ပေးမှာလား?"
ဆုလာဘ်အနေနဲ့ ကြည့်ရင် သိပ်ပြီး ထူးခြားလှတယ်လို့ မထင်ရပေမဲ့၊ ကျွန်တော့်ရဲ့ လက်ရှိ ရည်မှန်းချက်က ကိုယ့်ရောဂါကို ကုသဖို့ နည်းလမ်းရှာဖို့ ဖြစ်နေတာကြောင့်၊ ကုသဖို့ သော့ချက်က အဲဒီ ဆိုင်ထဲမှာပဲ ရှိနေမှာ သေချာသည်။
ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ ပထမဆုံး ရည်မှန်းချက်က ရှင်းသွားပါပြီ။
"... ကြယ် ၁လုံးရတဲ့ ဂိမ်းတစ်ခု ငါ ဖန်တီးရမယ်။"
ခဏလောက် ငြိမ်နေပြီးမှ ညည်းညူလိုက်မိသည်။
"ငါတော့ သွားပြီ ထင်တယ်။"
Gentle Whispers ကို ဖန်တီးတုန်းက အဖွဲ့သားတွေအများကြီးနဲ့ ဘတ်ဂျက်အမြောက်အမြား သုံးခဲ့ရတာတောင် ၀.၅ ကြယ်ပဲ ရခဲ့တာ။ အဲဒါက ဘတ်ဂျက်ကောင်းကောင်း၊ ထုတ်လုပ်မှု ကောင်းကောင်းနဲ့ လုပ်ခဲ့တဲ့ ဂိမ်း။ ၁ စတားရတဲ့ ဂိမ်းတစ်ခု ဖန်တီးဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေမှာ အသေအချာပင်။
ဒါ့အပြင် ကျွန်တော့် အာရုံက 'Status' အပိုင်းဆီ ရောက်သွားပြန်သည်။
"ပထမအဆင့် (First Order)? အခြေခံနုဒ် (Basic Node)?"
ကျွန်တော့်အတွက် ရှုပ်ထွေးနေတဲ့ အသုံးအနှုန်းတွေ အများကြီး ရှိနေသေးသည်။ 'အခြေခံနုဒ်' က ဆုလာဘ်ကနေ ရခဲ့တာမှန်း သိပေမဲ့ အခုထိ ဘယ်လိုသုံးရမလဲဆိုတာ မသိသေးဘူး။
'ဒီထူးဆန်းတဲ့ စနစ်ကိုပဲ မေးကြည့်ရမလား?'
ပြန်ဖြေပါ့မလား? ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းမှာတင် သူက လုံးဝ တိတ်ဆိတ်နေခဲ့တာ။
ကျွန်တော် ဘာမှ မပြောရသေးခင်မှာပဲ အနောက်ကနေ တံခါးဖွင့်သံ ခပ်တိုးတိုး ကြားလိုက်ရသည်။
ဂျောက်!
လန့်သွားပြီး လှည့်ကြည့်လိုက်တော့ လူတစ်ယောက် ယိုင်တိယိုင်တိုင် ဝင်လာတာကို တွေ့ရသည်။ အဖြူရောင် ရှပ်အင်္ကျီက ဖရိုဖရဲ ဖြစ်နေပြီး နက်ကတိုင်ကလည်း လည်ပင်းမှာ လျော့ရဲရဲ ချိတ်ထားသည်။ သူ၏ ညိုရောင်ဆံပင်တွေကလည်း ပွယောင်းနေပြီး အိပ်ရေးပျက်ထားတဲ့ လက္ခဏာတွေက အထင်အသား၊ အရက်နံ့တွေကလည်း သူ့ဆီကနေ ထွက်နေသည်။
"အာ... ဆက်သ် (Seth)။"
သူက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ အဲလ်ဘတ် (Elbert) ပင်။
"မင်္ဂလာနံနက်ခင်းပါ...?"
အချိန်ကို ကြည့်လိုက်တော့ မနက် ၆ နာရီနီးပါး ရှိနေပြီမို့ အံ့သြသွားမိသည်။
'အချိန်တွေ ဘယ်လိုတောင် ကုန်သွားတာလဲ?'
ဖရိုဖရဲ ဖြစ်နေတဲ့ ကိုယ့်အဝတ်အစားတွေကို ငုံ့ကြည့်လိုက်မိသည်။ ဌာနမှူးနဲ့ ဒီပုံစံအတိုင်း ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ဘာမှ မစဉ်းစားတော့ဘဲ သန့်စင်ခန်းဘက်ကို ဦးတည်လိုက်သည်။ အလုပ်မပြုတ်ဖို့ အခွင့်အရေး အနည်းငယ်လောက်ပဲ ရှိနေဦးမယ်ဆိုရင်တောင် အနည်းဆုံးတော့ သပ်သပ်ရပ်ရပ် ဖြစ်နေဖို့ လိုသည်။ မဟုတ်ရင် ၁ ကြယ်ရမယ့် ဂိမ်းကို ဖန်တီးဖို့ အခွင့်အရေးက လုံးဝ မရှိသလောက် ဖြစ်သွားလိမ့်မည်။
တစ်ယောက်တည်းနဲ့ ဂိမ်းကို ဘယ်လို ဖန်တီးရမှာလဲ?
'ဟုတ်တယ်၊ ငါ အဖွဲ့အပေါ်မှာ စိတ်ရောကိုယ်ပါ ရှိနေသေးတယ်ဆိုတာကိုပဲ ပြဖို့ လိုတာ။ ငါ...'
"မင်း ဘယ်သွားမလို့လဲ?"
ကျွန်တော် လှုပ်ရှားလိုက်တာနဲ့ အဲလ်ဘတ်ရဲ့ အသံက တားလိုက်သည်။
ရပ်လိုက်ပြီး သူ့ကို ကြည့်လိုက်မိသည်။
"အင်္ကျီသွားလဲမလို့။ တစ်ညလုံး မအိပ်ဘဲ နေလိုက်တာ အင်္ကျီတွေလည်း ညစ်ပတ်နေပြီ။ ဌာနမှူး မလာခင် အင်္ကျီအရင်လဲထားရမယ်။"
သန့်စင်ခန်းဘက်ကို သွားဖို့ ပြင်လိုက်သော်လည်း အဲလ်ဘတ်က ကျွန်တော့်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေသည်။
"...မင်း မက်ဆေ့ချ် မရဘူးလား?"
"မက်ဆေ့ချ်?"
သူ့မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ကျေးဇူးပြုပြီး အဲဒီလိုတော့ မဖြစ်ပါစေနဲ့...
"ငါတို့ကို အလုပ်ဖြုတ်လိုက်ပြီ။"
အဲလ်ဘတ်က သူ့ဖုန်းကို ထုတ်ပြီး မျက်နှာပြင်ပေါ်က နောက်ဆုံးရောက်နေတဲ့ မက်ဆေ့ချ်ကို လှည့်ပြလိုက်သည်။
"ငါတို့ အားလုံးကိုပဲ။"