အခန်း (၆) - လူပြက် [၅]
အချိန်ကုန်ဆုံးသွားပြီး နားကြပ်တွေလည်း အလုပ်မလုပ်တော့ပေ။
ဒါပေမဲ့ ဒါက အရေးမကြီးတော့ပါဘူး။ သီချင်းသံတွေ ရပ်တန့်သွားခဲ့ပြီဖြစ်ပြီး အဲ့ဒီနေရာမှာ စိတ်ခြောက်ခြားစရာကောင်းကာ အသက်ရှူကျပ်လောက်တဲ့ တိတ်ဆိတ်မှုက အစားထိုးဝင်ရောက်လာတယ်။
"ဟား... ဟား..."
တုန်ယင်နေတဲ့ အသက်ရှူသံနဲ့အတူ ကျွန်တော့်ရင်ဘတ်တွေပါ တုန်လှုပ်နေခဲ့တယ်။ အခုအချိန်မှာတော့ ကျွန်တော့်ဝမ်းဗိုက်ထဲက အူတွေအကုန်လုံးဟာ နည်းမျိုးစုံနဲ့ လိမ်ခေါက်ဗြောင်းဆန်နေပြီ ဖြစ်သည်။
သို့သော်လည်း တေးဂီတအဖွဲ့ခေါင်းဆောင်နှင့် မျက်လုံးချင်းဆုံလိုက်သည့်အခါ ကျွန်တော့်ဝမ်းဗိုက်ထဲကနေ တစ်ခုခုက အပြင်ကို တိုးထွက်ချင်နေသလိုမျိုး ခံရခက်သည့် ဖိအားတစ်ခုက ကျွန်တော့်ကို ဖိနှိပ်ထားပြန်သည်။
"...ပြန်... ပြန်ပြောစမ်း။"
သူ့အသံက ငရဲနက်ထဲကနေ ကုတ်ခြစ်တိုးထွက်လာသလိုမျိုး နိမ့်ဆင်းပြီး သြဇာကြီးလွန်းလှသည်။
လည်ချောင်းထဲအထိ တက်လာသည့် ပျို့အန်ချင်စိတ်တွေကို ပြန်မျိုချရင်း ကျွန်တော် တံတွေးကို အသာအယာ မျိုချလိုက်မိသည်။
'စိတ်အေးအေးထား၊ တည်တည်ငြိမ်ငြိမ်နေ။'
အခြေအနေက ကျွန်တော်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာနေတာပဲ။ ကျွန်တော် စတင်ခဲ့တဲ့အလုပ်ကို အဆုံးသတ်ဖို့ပဲ လိုတော့တယ်။
ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ရင်ကော? ကျွန်တော်ထင်ထားတာက အဖြေအမှားကြီး ဖြစ်နေရင်ကော? တကယ်ပဲ အဆင်ပြေပါ့မလား? ဒါပေမဲ့—
မလိုအပ်တဲ့ အတွေးပေါင်းစုံထဲမှာပဲ ကျွန်တော့်နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့သည်။
"မင်းရဲ့ တေးဂီတက..."
ကျွန်တော် ခဏရပ်လိုက်ပြီး လည်ချောင်းထဲက အလုံးအခဲကြီးကို အတင်းမျိုချလိုက်ရသည်။
"...အမှိုက်ပဲ။"
ဂျုန်း!
ခန်းမတစ်ခုလုံး တုန်ခါသွားသည်။ ကုလားထိုင်တွေ ကြမ်းပြင်ပေါ်မှာ တိုက်စားသံတွေ ထွက်ပေါ်လာပြီး လိုက်ကာတွေလည်း လွင့်ခါသွားသည်။ ဝရန်တာတွေ တုန်ခါနေပြီး တူရိယာတွေလည်း ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ ပြုတ်ကျကုန်သည်။
တုန်ခါမှုက ပြင်းထန်ပြီး နားကွဲလုမတတ် ဖြစ်နေခဲ့ရာမှ ရုတ်တရက်ဆိုသလို ပြန်လည်ငြိမ်သက်သွားသည်။
"အ... အမှိုက်?"
တေးဂီတအဖွဲ့ခေါင်းဆောင်ရဲ့ ခေါင်းက သဘာဝမကျတဲ့ ပုံစံနဲ့ စောင်းသွားသည်။ ထိုလှုပ်ရှားမှုက နှေးကွေးပြီး တမင်တကာ လုပ်နေသလိုမျိုးပင်။ တိတ်ဆိတ်မှုကြားထဲမှာ စူးရှတဲ့ အရိုးကျိုးသံတစ်ခု ပဲ့တင်ထပ်သွားသည်။
"...ငါ့ရဲ့... တေးဂီတက အမှိုက်တဲ့လား?"
ဂျောက်!
ဒီတစ်ကြိမ်မှာတော့ အသံက ပိုကျယ်ပြီး ပိုစူးရှလာသည်။ အဖွဲ့ခေါင်းဆောင်ရဲ့ ခေါင်းက ပိုပြီးလည်ထွက်သွားသည်— ၉၀ ဒီဂရီ၊ ၁၈၀ ဒီဂရီကို ကျော်လွန်သွားပြီး ခေါင်းက ဇောက်ထိုးကြီး တွဲလောင်းကျနေသည်အထိပင်။
"ဟုတ်တယ်။"
ကျွန်တော် တည်တည်ငြိမ်ငြိမ်ရှိနေဖို့ ကြိုးစားရင်း ခေါင်းညိတ်ပြလိုက်သည်။ သို့မဟုတ် အနည်းဆုံးတော့ ထိုသို့ဖြစ်အောင် ကြိုးစားနေမိသည်။ ထိုစဉ်—
အေးစက်နေတဲ့ လက်တစ်ဖက်က ကျွန်တော့်ပုခုံးကို လာဆုပ်ကိုင်လိုက်သည်။
".....!?"
ကျွန်တော် ရှေ့ကိုပဲ စိုက်ကြည့်နေပြီး ကြွက်သားတွေကို တင်းထားမိသည်။ ဒါပေမဲ့ တစ်ခုခုက ကျွန်တော့်ကို ဆွဲခေါ်နေသလိုပင်။ ကျွန်တော့်ပေါင်ပေါ်မှာ အရိပ်တစ်ခု ရှည်ထွက်လာပြီး မျက်နှာမပါတဲ့ လူရုပ်တစ်ခုက ဘေးနားမှာ ဖြည်းဖြည်းချင်း ပေါ်လာသည်။ ၎င်းရဲ့ ဟောင်းလောင်းပေါက် မျက်လုံးတွေက ကျွန်တော့်ကို စိတ်မသက်မသာဖြစ်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေသည်။
'အန်တော့မယ်။'
ဒါပေမဲ့ အခြေအနေတွေက ပိုဆိုးလာဖို့ပဲ ရှိသေးသည်။
ဂျောက်... ဂျွတ်!
ဘေးနားက မျက်နှာမပါတဲ့ အရုပ်ကလည်း အဖွဲ့ခေါင်းဆောင်ကို အတုယူပြီး ခေါင်းကို နှေးကွေးကာ သဘာဝမကျတဲ့ ပုံစံနဲ့ စောင်းလိုက်သည်။ ၎င်းရဲ့ မျက်နှာက လိမ်ခေါက်သွားပြီး အရေပြားတွေ ဆန့်ထွက်ကာ စုတ်ပြဲသွားတဲ့ ရွံရှာဖွယ် အသံတွေနဲ့အတူ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ပါးစပ်တစ်ခု ပေါ်လာပြီး ကျွန်တော့်နားနားမှာ အသံတစ်ခု ကပ်ပြောလာသည်။
"ဘာလို့လဲ...? မင်း ဘာလို့ ဒီလို ပြောရတာလဲ...? ငါက ပြည့်စုံတယ်။ ဒါက... ပြည့်စုံခဲ့တာပဲ။"
ကျွန်တော့်လက်တွေ တုန်ယင်နေပြီး ကျောပြင်မှာလည်း ချွေးအေးတွေ စိုရွှဲနေပြီ။
အဲ့ဒီအသံက...
'ဒါ တေးဂီတအဖွဲ့ခေါင်းဆောင်ရဲ့ အသံပဲ!'
ထိုသတ္တဝါက ပိုတိုးကပ်လာပြီး ၎င်းရဲ့ အသက်ရှူသံက ကျွန်တော့်နားရွက်ကို အေးစက်သွားစေသည်။
"ပြော... စမ်း။"
"...စည်းချက် (Tempo) ကြောင့်။"
ကျွန်တော် တည်တည်ငြိမ်ငြိမ်ရှိနေဖို့ အစွမ်းကုန် ကြိုးစားရင်း လျှာကို ကိုက်ထားမိသည်။
"ရသ (Rhythm) ရောပဲ။ အရာအားလုံးက ပျင်းစရာကောင်းလွန်းတယ်။"
ကျွန်တော် မျက်နှာမပါတဲ့ ထိုသတ္တဝါကို တိုက်ရိုက်ရင်ဆိုင်ဖို့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ ဘယ်လိုခံစားချက်ကိုမှ ထုတ်မပြမိဖို့ ကျွန်တော် သိနေသည်။
ဒီသတ္တဝါက... ကြောက်ရွံ့မှုကို စားသုံးပြီး ရှင်သန်တာ။
"အမှိုက်ကောင်—!"
ဝုန်း!
ပြဇာတ်ရုံကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ ပီယာနို တေးမှတ်စုစာရွက်တွေ ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲကုန်ပြီး တူရိယာတွေလည်း တိုက်မိလဲကုန်သည်။
ကျွန်တော် လက်တင်ခုံကို အတင်းဆုပ်ကိုင်ထားမိသည်။
'ကိုယ့်ကိုယ်ကိုယ် ထိန်းထား။ စိတ်လျှော့မသွားနဲ့!'
ပြီးတော့—
"....."
အရာအားလုံး ရပ်တန့်သွားသည်။
တိတ်ဆိတ်မှု။
အသက်ရှူလို့တောင် မရနိုင်တော့လောက်အောင် အသက်ရှူကျပ်စရာကောင်းလှသည်။
မကြာခင်မှာပဲ ကျွန်တော့်နားထဲမှာ တစီစီအသံတွေ ထွက်လာပြီး အဖွဲ့ခေါင်းဆောင်ရဲ့ အသံကို ထပ်ကြားလိုက်ရပြန်သည်။
"မင်း... လုပ်ပြလေ။"
လုပ်ပြရမယ်?
စကားလုံးတွေကို နားလည်အောင် ကျွန်တော် ခဏလောက် စဉ်းစားလိုက်ရသည်။
"ငါ့ရဲ့ လက်ရာက... အမှိုက်လို့ မင်းပြောရင်။ မင်းကိုယ်တိုင် လုပ်ပြ။"
"ကျွန်တော် လုပ်ပြရမယ်...?"
မမျှော်လင့်ဘဲ ထွက်လာမယ့် အသံကို ထိန်းချုပ်ဖို့ ကျွန်တော် ပါးစပ်ကို လက်နဲ့ အုပ်ထားလိုက်သည်။
"ဟက်။"
မကြာခင်မှာပဲ ကျွန်တော့်နှုတ်ခမ်းကနေ အသံတစ်ခု ထွက်လာသည်။
"ဘာ... ဖြစ်တာလဲ?"
"ဟားဟားဟားဟား။"
အဲ့ဒီအသံက ရယ်သံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျွန်တော် အော်ဟစ်ရယ်မောမိတော့သည်။ ဖိစီးမှုတွေ အကုန်လုံး ပေါက်ကွဲထွက်လာတာကြောင့် ကျွန်တော့်အသံက နည်းနည်း စူးရှနေခဲ့သည်။
တစ်စုံတစ်ခုသော အကြောင်းကြောင့်... အဲ့ဒီရယ်သံက လူပြက်တစ်ယောက်ရဲ့ ရယ်သံလိုမျိုး ကြောက်စရာကောင်းနေခဲ့သည်။
ကျွန်တော်က လုပ်ပြရမယ်ဟုတ်လား? ဒါက ဘယ်လိုတုံ့ပြန်မှုမျိုးလဲ? ကျွန်တော်က တေးဂီတအဖွဲ့ခေါင်းဆောင်မှ မဟုတ်တာ။ သူတို့လုပ်ရမယ့်အလုပ်ကို လုပ်ပေးဖို့က ကျွန်တော့်အလုပ်မှ မဟုတ်ဘဲ။
ဒီတုံ့ပြန်မှုက အရမ်းမိုက်မဲလွန်းတာကြောင့် ကျွန်တော် မထိန်းနိုင်ဘဲ ရယ်မိသွားခြင်း ဖြစ်သည်။
ကျွန်တော့်ပတ်ဝန်းကျင်က လူတွေရဲ့ မျက်နှာအမူအရာတွေ ပြောင်းလဲသွားသည်။ သူတို့ ကျွန်တော့်ကို ကြည့်နေတဲ့ပုံစံက လွန်ခဲ့တဲ့ မိနစ်ပိုင်းက အဖွဲ့ခေါင်းဆောင်ကို ကြည့်ခဲ့တဲ့ပုံစံနဲ့ အတူတူပင် ဖြစ်သည်။
ဂျုန်း!
ခန်းမကြီး ထပ်မံတုန်ခါသွားသည်။ ကျောရိုးတစ်လျှောက် စိမ့်တက်လာပြီး အေးစက်ကာ အရိုးတွေချည်းပဲရှိတဲ့ လက်ချောင်းတွေက ကျွန်တော့်လည်ပင်းကို ရစ်ပတ်လာသည်။
"....မင်းက ရယ်နေတာလား?"
ဆုပ်ကိုင်ထားမှုက ပိုတင်းကျပ်လာသည်။ အဆုတ်ထဲက လေတွေ ကုန်ခမ်းသွားသည်။
အဲ့ဒီအချိန်မှာ ကျွန်တော် ခံစားလိုက်ရသည်။
ကျွန်တော်ဟာ သေခြင်းတရားနဲ့ လက်တစ်လုံးအကွာကို ရောက်နေပြီ။
"မင်းက... ဘယ်လိုတောင် သတ္တိရှိတာလဲ?"
လည်ပင်းကို ညှစ်ထားတာ ပိုပြင်းထန်လာပြီး ကျွန်တော့်အမြင်အာရုံတွေ ဝေဝါးလာသည်။
'ငါ သေတော့မယ်။'
ကျွန်တော့်တစ်ကိုယ်လုံးက အရိုးတွေကအစ အဲ့ဒီအသိကို သိနေသည်။
ဒါပေမဲ့ ကျွန်တော် မထိတ်လန့်သေးဘူး။ ကျွန်တော် လုပ်နိုင်သေးတယ်။
လက်ထဲက 'စိတ်အာရုံ ပရင်တာ' (mind printer) ဆီကို လက်လှမ်းလိုက်ပြီး စိတ်ထဲမှာ တေးဂီတစာရွက်တစ်ရွက်ရဲ့ ပုံရိပ်ကို ဖော်လိုက်သည်။ ဒါက အရင်တုန်းက ကျွန်တော် မြင်ဖူးတဲ့ ဂန္ထဝင်တေးသွားတစ်ခုပဲ။ အဲ့ဒါကို နည်းနည်း ပြုပြင်ပြောင်းလဲလိုက်ပြီး စက္ကူပေါ်ကို ဖိနှိပ်လိုက်သည်။
'အလုပ်ဖြစ်ပါစေ၊ ဒါ အလုပ်ဖြစ်မှရမယ်!'
ကျွန်တော့်လက်ထဲက စက္ကူက တုန်ခါနေသည်။ တေးမှတ်စုသင်္ကေတတွေက ဟောင်းလောင်းပြင်ထဲကနေ မှင်တွေ စိမ့်ထွက်လာသလို တစ်ခုပြီးတစ်ခု ပေါ်လာသည်။
မြန်မြန်၊ ပိုမြန်မြန်!!
"မင်း... ငါ့ကို မပြနိုင်ဘူးဆိုရင်... မင်း ဒီကို ဘာလို့ လာတာလဲ?"
အဖွဲ့ခေါင်းဆောင်ရဲ့ အသံက ကျွန်တော့်နားနားမှာ ကပ်တွယ်နေပြီး တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
ကျွန်တော် ဂရုမစိုက်အားဘူး။
လက်ထဲက စက္ကူကိုပဲ ဆက်ပြီး စိုက်ကြည့်နေမိသည်။
တစ်ဝက်ပြီးသွားပြီ။
"ဘာလို့လဲ...? အဲ့ဒီလိုဆိုရင်... မင်း သေသင့်ပြီ ထင်တယ်။"
ကျွန်တော့်ပတ်ဝန်းကျင်ကို မခံစားနိုင်တော့ဘူး။ စိတ်တွေက ဝေဝါးနေပြီး ကမ္ဘာကြီးက ချာချာလည်နေသည်။ နှလုံးခုန်သံက ခေါင်းထဲမှာ ကျယ်လောင်စွာ မြည်ဟည်းနေသည်။
အချိန်က ကုန်ဆုံးနေပြီ။
နီးပြီ၊ နီးနေပြီ!
"ငါ... မျှော်လင့်တာက နော်—"
"ရော့၊ ဒီမှာ။"
ကျွန်တော် စကားလုံးကို အတင်းညှစ်ထုတ်ပြီး စက္ကူကို မြှောက်ပြလိုက်သည်။
"....."
အသံတွေ အကုန်လုံး ငြိမ်ကျသွားပြီး ကျွန်တော့်လည်ပင်းကို ညှစ်ထားတဲ့ လက်ကလည်း လျော့သွားသည်။
"ဒါ... ဒါက ဘာလဲ?"
ကျွန်တော် ပြန်မဖြေဘဲ ဘေးနားက အရုပ်ကိုပဲ ကြည့်နေလိုက်သည်။
နားလည်သွားတဲ့ပုံစံနဲ့ ၎င်းက ဆုပ်ကိုင်ထားတာကို ပိုလွှတ်ပေးလိုက်တော့မှ ကျွန်တော် ပါးစပ်ဟလိုက်နိုင်သည်။
"ဒါကို တီးခတ်ကြည့်ပါ။ ဒါက... ကျော်ကြားတဲ့ တေးသွားတစ်ခုပဲ။"
တိတ်ဆိတ်ခြင်း။
ကျွန်တော် ခံစားလိုက်ရတာက ကျွန်တော့်လက်ထဲက စက္ကူကို စိုက်ကြည့်နေတဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ အေးစက်စက် အကြည့်တွေပဲ ဖြစ်သည်။
ကျွန်တော် ဆက်ပြောလိုက်သည်။
"...ဖြစ်နိုင်တာက မူလတေးသွားက ပျင်းစရာကောင်းနေလို့ ဖြစ်မှာပါ။ မင်းက ပြည့်စုံတယ်လို့ ပြောတယ်မလား။ အဲ့ဒါဆို သက်သေပြလေ။ ဒီတေးသွားကို တီးပြပါ။ ဒါ ကျွန်တော် အကြိုက်ဆုံးပဲ။"
"ဒါက... ငါ့ကို စိန်ခေါ်တာလား?"
"ဟုတ်တယ်။"
တစ်ဖန် ခန်းမကြီးထဲမှာ တိတ်ဆိတ်မှုတွေ လွှမ်းမိုးသွားပြန်သည်။
အဲ့ဒီတိတ်ဆိတ်မှုက အဆုံးမရှိသလို ရှည်လျားနေပြီး စက္ကန့်တိုင်းက စိုးရိမ်ထိတ်လန့်စရာတွေနဲ့ ပြည့်နှက်နေသည်။ အဲ့ဒီအချိန်မှာ ကျွန်တော့်နဖူးပေါ်က ချွေးစက်တိုင်းကို အထင်အရှား ခံစားနေရသည်။
ကျွန်တော် ထပ်ပြီး မတောင့်ခံနိုင်တော့မယ့် အချိန်ရောက်မှ...
"ကောင်းပြီ။"
လက်က ဖယ်ခွာသွားပြီး ကျွန်တော် အသက်ကို အဝရှူခွင့် ရသွားသည်။
ကျွန်တော် မသိလိုက်ခင်မှာပဲ အဖွဲ့ခေါင်းဆောင်က တေးမှတ်စုစာရွက်ကို လက်ထဲကိုင်ပြီး စင်မြင့်ပေါ်မှာ တင်လိုက်သည်။
တစ်ချိန်တည်းမှာပဲ အခြားတေးဂီတအဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ တူရိယာတွေကို ကိုင်လိုက်ကြသည်။
သူတို့ရဲ့ ဟန်ချက်ညီမှုက အံ့သြစရာကောင်းလှသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အရာအားလုံးက နေရာတကျ ပြန်ဖြစ်သွားသည်။ အားလုံးရဲ့ ခေါင်းတွေကလည်း ရှေ့ကိုပဲ ပြန်လှည့်သွားကြသည်။
စင်မြင့်ပေါ်မှာ တီးဝိုင်းစန္ဒရားကို သူ့ရဲ့ တုတ်တံ နဲ့ ခေါက်လိုက်ပြီး အဖွဲ့ခေါင်းဆောင်က လက်ကို မြှောက်လိုက်ရာ...
ဝုန်း!
တေးဂီတ စတင်လိုက်သည်။
ပြဇာတ်ရုံကြီးက ပြန်လည်သက်ဝင်လာပြီး သာယာတဲ့ တေးသံက ပတ်ဝန်းကျင်မှာ ပျံ့လွင့်သွားပြန်သည်။
အရင်တုန်းကလိုပဲ ကျွန်တော့်စိတ်တွေက တေးဂီတထဲကို ဖြည်းဖြည်းချင်း ဆွဲခေါ်ခံလိုက်ရပြီး အတွေးတွေက ရုန်းကန်နေကာ ခန္ဓာကိုယ်ကလည်း တုန်လှုပ်နေသည်။ တစ်ခုခု မှားယွင်းနေပြီဆိုတာကို သိလိုက်ရတဲ့ အခြားလူတွေရဲ့ မျက်နှာတွေ ပြောင်းလဲသွားတာကိုလည်း ကျွန်တော် မြင်နေရသည်။
—ဘာဖြစ်တာလဲ? ဘာလို့ ဘာမှ မပြောင်းလဲတာလဲ? တေးဂီတက ငါ့ခေါင်းကို ထပ်ပြီး နှောက်ယှက်နေတာကို ခံစားနေရတယ်။ ဒါတွေအားလုံးက ထောင်ချောက်တစ်ခုလို့တော့ မပြောနဲ့ဦး!
ဝေါ်ကီတော်ကီထဲကနေ အမျိုးသမီးအသံက အလောတကြီး ထွက်ပေါ်လာသည်။
ကျွန်တော် သူမကို လျစ်လျူရှုထားဖို့ ရွေးချယ်လိုက်သည်။
ဒါပေမဲ့ မကြာခင်မှာပဲ တခြားလူတွေလည်း လိုက်ပါလာကြသည်။
—ငါ သိသားပဲ! ငါ သိသားပဲ!
—ဒါက ထောင်ချောက်ပဲ...!
—ဗိုလ်ကြီး၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ!?
သူတို့တွေ ထိတ်လန့်နေကြပြီ။ ဒါကလည်း ဖြစ်သင့်ပါတယ်။
ဘာလို့လဲဆိုတော့ သူတို့အတွက်တော့ ဘာမှ ပြောင်းလဲမသွားလို့ပဲ။
ဒါပေမဲ့ ကျွန်တော်ကတော့ ပိုသိတာပေါ့။
ကျွန်တော် အဖွဲ့ခေါင်းဆောင်ကို အသေအချာ စောင့်ကြည့်နေမိသည်။ သူက နောက်တစ်ပိုင်းအတွက် တုတ်တံကို မြှောက်လိုက်တဲ့အခါ—
သူ ရပ်သွားသည်။
တေးဂီတသံ ရပ်တန့်သွားသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အဖွဲ့ခေါင်းဆောင်က ဇဝေဇဝါဖြစ်နေတဲ့ ပုံစံနဲ့ စက္ကူကို စိုက်ကြည့်ရင်း သူ့မျက်နှာကို ကုတ်ခြစ်နေသည်။ သူ ထပ်ကြိုးစားကြည့်သည်— တုတ်တံကို ချလိုက်ပြီး—
ပြီးတော့ ပြန်ရပ်သွားသည်။
သူ တွန့်ဆုတ်နေသည်။
အဲ့ဒီအချိန်မှာပဲ ကျွန်တော် ပြုံးလိုက်မိသည်။
ဘာလို့လဲဆိုတော့...
ပြင်ဆင်ထားတဲ့ တေးသွားတစ်ခုကို သူ ဘယ်လိုမှ တီးခတ်နိုင်မှာ မဟုတ်လို့ပဲ။
'ငါ အောင်မြင်သွားပြီ။'