အခန်း (၅) - လူပြက် [၄]
‘အခြေအနေတွေက ဒီလိုမျိုး ဖြစ်မလာသင့်ခဲ့ဘူး...’
ကလယ်ရာသည် စင်မြင့်ထက်က ဂီတအဖွဲ့ခေါင်းဆောင်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ဂီတအဖွဲ့ခေါင်းဆောင်၏ လက်ထဲမှ စည်းချက်တံသည် လေထုထဲတွင် ပြတ်သားပြီး စီးဆင်းမှုရှိသည့် အကွေးအဝိုက်များဖြင့် လှုပ်ရှားနေကာ လှုပ်ရှားမှုတိုင်းနှင့်အတူ သံစဉ်များကို ဦးဆောင်နေသည်။
သူမ၏ လက်ထဲမှ ဝေါ်ကီတော်ကီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ နားကြပ်များက အသံကို လျှော့ချပေးထားသော်လည်း ထိုဂီတသံကိုတော့ လုံးဝဥဿုံ တိတ်ဆိတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ ထိုသံစဉ်သည် သူမ၏ စိတ်အာရုံထဲသို့ တိုးဝင်ရောက်ရှိလာခဲ့သည်။
ကလစ်!
“တောင့်ခံထား... တောင့်ခံထား... တောင့်ခံထား...”
သူမ၏ နှုတ်ခမ်းများက ထိုစကားလုံးများကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ တစ်ချိန်က သူမ၏ အဖွဲ့ဝင်များကို သတိပေးရန် ပြောခဲ့ဖူးသည့် ထိုစကားလုံးများသည် ယခုအခါတွင်တော့ သူမကိုယ်သူမ စိတ်မဖောက်ပြန်သွားစေရန် ထိန်းချုပ်နေရသည့် စကားလုံးများ ဖြစ်နေရရှာသည်။ အကယ်၍ သူမသာ ခဏလောက်ပဲဖြစ်ဖြစ် ရပ်တန့်လိုက်မည်ဆိုလျှင် ထိုဂီတသံက သူမကို လုံးဝဝါးမြိုသွားလိမ့်မည်ဟု သူမ ကြောက်ရွံ့နေမိသည်။
အကယ်၍ သူမသာ ခဏလေးလောက် စိတ်လွတ်သွားခဲ့ရင်...
ကလယ်ရာ သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။
‘ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ’
အရာအားလုံး လွဲချော်နေပြီဆိုသည့် ပထမဆုံးလက္ခဏာမှာ ‘လူပျက်’ (Jester) ပေါ်လာခြင်းပင်။ ၎င်းရှိနေခြင်းကပင် သတိပေးချက်တစ်ခု ဖြစ်သင့်သည်။ ထိုကဲ့သို့သော ပုံမှန်မဟုတ်တဲ့အခြေအနေ (Abnomarly) မျိုးက ဒီအတိုင်း ပေါ်လာလေ့မရှိဘဲ ၀င်ပေါက် (Gate) အတွင်း၌ တစ်ခုခု ပြောင်းလဲသွားပြီဖြစ်ကြောင်း သတိပေးသည့် နိမိတ်တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း အဆင့်သတ်မှတ်ချက်ရှိသည့် အထူးအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ထူးဆန်းတဲ့အမျိုးအစား ၀င်ပေါက်တစ်ခုကို ရင်ဆိုင်ရုံဖြင့် သူမ ဤမျှ ခက်ခဲလိမ့်မည်ဟု ကလယ်ရာ မထင်ခဲ့မိပေ။
ပုံမှန်မဟုတ်တဲ့အမျိုးအစား ၀င်ပေါက်များသည် ရှင်သန်နှုန်း အနိမ့်ဆုံးဖြစ်တတ်သော်လည်း သူမ ဤမျှအထိ ရုန်းကန်ရလိမ့်မည် မဟုတ်ဟု ယူဆခဲ့သည်။ အောင်မြင်ရန်အတွက် လုံလောက်သော ပြင်ဆင်မှုများကိုလည်း သူမ ပြုလုပ်ခဲ့သည်။
ဂီတ၏ သက်ရောက်မှုကို လျှော့ချရန် ဆူညံသံပယ်ဖျက်သည့် ကိရိယာများမှစ၍ ကြိုတင်ယူဆောင်လာခဲ့သည့် အသံလှိုင်းဖြတ်တောက်သည့် ကိရိယာများစွာအထိ...
ဒါတွေအားလုံးက...
တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။
“အားးးးးးးး!”
အက်ကွဲပြီး နာကျင်စရာကောင်းလှသည့် အော်ဟစ်သံတစ်ခုက ဂီတသံစဉ်များကြားမှ ထိုးထွက်လာသည်။
ဘန်း!
ကလယ်ရာ တုန်လှုပ်သွားသည်။
‘ဟင့်အင်း... မဟုတ်ဘူး... ရပ်စမ်း... ဒါတွေ အားလုံး ရပ်သွားဖို့ လိုတယ်...’
သူမကိုယ်သူမ အတင်းအကျပ် ထိန်းချုပ်ပြီး ရှေ့သို့ကြည့်လိုက်သောအခါ သူမ၏ လက်များ တုန်ယင်နေသည်။ မည်းနက်နေသည့် ဝါယာကြိုးများဖြင့် ရွံရှာဖွယ်ကောင်းအောင် ချုပ်ပိတ်ထားသည့် ဂီတအဖွဲ့ခေါင်းဆောင်၏ နှုတ်ခမ်းများသည် စက်ဆုပ်ဖွယ်ရာ အပြုံးတစ်ခုအဖြစ် ပြန့်ကားသွားသည်။
သူက ဒါကို သဘောကျနေတာပဲ။
ကလယ်ရာသည် သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ခြင်းထက် ပိုမိုနက်ရှိုင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ယခင်က မခံစားဖူးသည့် ခိုကိုးရာမဲ့မှု။
သူမ၏ အဖွဲ့တစ်ခုလုံးသည် ထိုကဲ့သို့သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် လေ့ကျင့်ထားသည့် ထူးချွန်အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့သော် ယခုအခြေအနေကမူ... လုံးဝကွဲပြားနေသည်။
ဂိတ်အမျိုးအစား အားလုံးထဲတွင် ရှင်သန်နှုန်း အနည်းဆုံးဟု ယူဆရသည့် အနော်မယ်လီအမျိုးအစား ဂိတ်ဖြစ်သော်လည်း အခြေအနေများက ဤမျှအထိ ခက်ခဲမနေသင့်ပေ။
တစ်ခုခုတော့ မှားယွင်းနေပြီ။
အဆိုးရွားဆုံး မှားယွင်းနေခြင်း ဖြစ်သည်။
ဒါက သာမန်အဆင့်သတ်မှတ်ချက်ရှိတဲ့ ဂိတ်မဟုတ်ဘူး... ဒါက အဲဒီထက် ပိုမြင့်တဲ့ အဆင့်ပဲ။
ဂီတသံစဉ်များသည် လေထုထဲတွင် လှိုင်းထနေပြီး မှတ်စုတစ်ခုချင်းစီက သူမ၏ စိတ်ကို ထုံထိုင်းသွားအောင် တွန်းအားပေးနေကာ သူမ၏ စိတ်အာရုံထဲသို့ တဖြည်းဖြည်း ချဉ်းကပ်ဝင်ရောက်လာပြီး သူမ၏ လက်ချောင်းများကို တုန်ယင်သွားစေသည့် ထူးဆန်းသော အခြေအနေတစ်ခုထဲသို့ ဆွဲသွင်းနေသည်။
‘စဉ်းစားစမ်း... စဉ်းစား... စဉ်းစားစမ်း...’
ဖြစ်နိုင်ခြေ အမျိုးမျိုးကို ကလယ်ရာ၏ ဦးနှောက်ထဲတွင် အပြင်းအထန် စဉ်းစားနေမိသည်။
သူမမှာ အချိန်ရှိသေးသည်။
သူမနှင့်အတူ သူမ၏ အဖွဲ့ဝင်များကိုပါ ဤဘေးဒုက္ခမှ ကယ်ထုတ်နိုင်မည့် နည်းလမ်းကို စဉ်းစားရမည်။ ဂီတသံစဉ်က သူမ၏ စိတ်စွမ်းအားကို တဖြည်းဖြည်းချင်း တိုက်စားနေသော်လည်း သူမသည် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိရန် အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်ထားဆဲ ဖြစ်သည်။
—ခ... ခေါင်းဆောင်။ ကျွန်တော်... ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။
—ခေါင်းဆောင်! ကျွန်တော်တို့ တိုက်ခိုက်လိုက်ရမလား။ သူ့ကို အနိုင်မရနိုင်ရင်တောင် အနည်းဆုံးတော့ ဒါတွေကို ရပ်သွားအောင် လုပ်နိုင်လိမ့်မယ်။
အနိုင်ယူဖို့ ဟုတ်လား?
ကလယ်ရာ ခေါင်းမော့ကာ ဂီတအဖွဲ့ခေါင်းဆောင်ကို ကြည့်လိုက်သည်။
သူမ အလျင်အမြန် ခေါင်းခါလိုက်မိသည်။ ထိုအရာက မဖြစ်နိုင်ပေ။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အရိုးတိုင်းက ထိုအရာကို ခံစားသိရှိနေသည်။ ဤအရာသည် သူတို့ အနိုင်ယူနိုင်မည့် သတ္တဝါမျိုး မဟုတ်ပေ။
သူ့ကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စည်းမျဉ်းများကို အသုံးပြုခြင်းသာ ဖြစ်သည်။
—က... ကယ်ပါဦး။ ကျွန်မတော့... ဖြစ်တော့မယ်...!
စဉ်းစားစမ်း... စဉ်းစား!
သူမ၏ အဖွဲ့ဝင်များ၏ အော်ဟစ်သံနှင့် အသနားခံသံများကို ကြားနေရသဖြင့် ကလယ်ရာ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်သည်။ သူမ၏ မျက်လုံးများက ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုကာ ဤအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနေသော်လည်း မည်မျှပင် ကြိုးစားစေကာမူ ထွက်ပေါက်ကို ရှာမတွေ့ခဲ့ပေ။
ဒီ... အခြေအနေက...
‘မျှော်လင့်ချက် မရှိတော့ဘူး။ ဒါက...’
သူမ ခိုကိုးရာမဲ့စွာဖြင့် စိတ်ပျက်အားငယ်နေစဉ်မှာပင် ဝေါ်ကီတော်ကီထဲမှ အသံတစ်ခု တိုးတိုးလေး ထွက်ပေါ်လာသည်။
—မင်းတို့ အသက်ရှင်ချင်ရင် ငါပြောတဲ့အတိုင်း လုပ်။
‘ဘာ...?’
၎င်းသည် သူမ မမှတ်မိသည့် အသံဖြစ်ပြီး ပို၍အရေးကြီးသည်မှာ ထိုအသံသည် ဤအခြေအနေမျိုးနှင့် လုံးဝမလိုက်ဖက်အောင် အစွန်းရောက်လောက်အောင် တည်ငြိမ်နေခြင်းပင်။
ကလယ်ရာ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။ သူမ တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
လူပျက်။
သူလည်းပဲ... ဝေါ်ကီတော်ကီ တစ်ခုကို ကိုင်ထားသည်။
‘ဘယ်လိုလုပ်ပြီး...?’
တုန်ယင်နေသော လက်များဖြင့် သူမသည် ကိရိယာကို နှုတ်ခမ်းနားသို့ ကပ်လိုက်သည်။
“ရှင်... ရှင် ဘယ်သူလဲ။”
တိတ်ဆိတ်ခြင်းသာ ပြန်လည်ရောက်ရှိလာသည်။
ကလယ်ရာ အသက်ရှူမှားသွားသည်။
အခန်းတစ်ဖက်ရှိ ဂျက်စတာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ၏ မျက်နှာသည် တင်းမာသွားပြီး မကျေနပ်သည့် လက္ခဏာအဖြစ် မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် သူက ထပ်မံပြောဆိုလာသည်။
—ဒါက အရေးမကြီးဘူး။ မင်းတို့မှာ အချိန်သိပ်မရှိတော့ဘူး။
ကလယ်ရာ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။ ‘ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ? ရှင်က လူသားလား? ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ?’ စသည့် မေးခွန်းများစွာ မေးချင်သော်လည်း လက်ရှိအခြေအနေကို သိရှိထားသဖြင့် အချိန်ဖြုန်းရန် အခွင့်အရေးမရှိကြောင်း သူမ နားလည်ထားသည်။
ထို့ကြောင့် သူမတွင် ဝေါ်ကီတော်ကီကို နှုတ်ခမ်းနားသို့ ပြန်ကပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
“ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ။”
ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
လူပြက်၏ မျက်နှာက ထပ်မံ၍ တွန့်လိမ်သွားပြီး တစ်ခုခုကို အတင်းအကျပ် အောင့်အည်းထားရသကဲ့သို့ ပါးစပ်များ ဖောင်းတက်လာသည်။
ကလယ်ရာ စိုးရိမ်တကြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူမ၏ အဖြေက မကျေနပ်စရာ ဖြစ်နေလို့လား? သူ ထွက်သွားတော့မှာလား? ဘာ—
ထို့နောက် အဖြေက ရောက်ရှိလာသည်။
—ဂီတအဖွဲ့ခေါင်းဆောင်ကို စော်ကားလိုက်။
“ရှင်?”
ဒါက သူမ မျှော်လင့်ထားသည့် အဖြေမျိုး မဟုတ်ပေ။
ဂီတအဖွဲ့ခေါင်းဆောင်ကို စော်ကားရမယ် ဟုတ်လား? ကလယ်ရာသည် ဂီတအဖွဲ့ခေါင်းဆောင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် ဝေခွဲမရသည့် အမူအရာများ ဖြတ်ပြေးသွားသည်။ ဒါက ဘယ်လို ပြက်လုံးမျိုးလဲ?
လှည့်ကွက်တစ်ခုလား? သူတို့ မလွဲမသွေ သေဆုံးရတော့မည့်အချိန်မှာ လူပြက်က သူတို့ကို ကစားနေတာလား?
—ခ... ခေါင်းဆောင်?
—ကျွန်မ... ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။
—သူပြောတာ... မနားထောင်ပါနဲ့။ ဒါက ထောင်ချောက် ဖြစ်နိုင်တယ်။
သူမ၏ အဖွဲ့ဝင်များ၏ စိုးရိမ်တကြီး အသံများသည် ဆူညံသံများကြားမှ တုန်ယင်စွာ ထွက်ပေါ်လာသည်။ အချို့က အသနားခံကြပြီး အချို့က သတိပေးကြသည်။ သို့သော် အားလုံးက သူမ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်မျှော်နေကြသည်။
လူပြက်၏ အသံက ပိုမိုပြတ်သားစွာ ထပ်မံထွက်ပေါ်လာသည်။
—မင်း လုပ်မှာလား၊ မလုပ်ဘူးလား။
ကလယ်ရာ၏ လက်ချောင်းများက ဝေါ်ကီတော်ကီပေါ်တွင် ပို၍တင်းကျပ်သွားသည်။ သူမ၏ နှလုံးခုန်သံက နားထဲတွင် ဒိတ်ဒိတ်တုန်နေသည်။ ဤရွေးချယ်မှုမှာ မဖြစ်နိုင်သကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင်မူ သူမ၌ ရွေးချယ်စရာ အခြားမရှိတော့ပေ။
“လုပ်လိုက်ကြ...”
—ခေါင်းဆောင်!
“လုပ်လိုက်ကြစမ်း။”
ထိုစကားလုံးများ သူမ၏ နှုတ်ဖျားမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ဂီတအဖွဲ့ခေါင်းဆောင်ဘက်သို့ လှည့်ကာ သူမ၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့် အရာကို အတင်းအကျပ် ပြောချလိုက်သည်။
“ဒါက... ပျင်းစရာကြီးပဲ။”
‘ဒါက ထောင်ချောက်ဖြစ်နေရင်တောင် ငါ့မှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ။ အားလုံး သေရတော့မယ့်အတူတူ ဒါကို အနည်းဆုံးတော့ စမ်းကြည့်သင့်တယ်!’
သူမ၏ စကားများက လှိုင်းဂယက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် သူမ၏ နောက်သို့ လိုက်ပါလာကြပြီး သူတို့၏ အသံများသည် တုန်ယင်နေသော်လည်း ယုံကြည်ချက်များ တိုးလာသည်။ စော်ကားသံများ၊ လှောင်ပြောင်သံများ၊ ကဲ့ရဲ့ရယ်မောသံများ... အချို့ကတော့ အသက်မဲ့နေသလို ရှိသော်လည်း အချို့ကတော့ မျှော်လင့်ချက်မဲ့စွာဖြင့် ထွက်ပေါ်လာသည်။ သို့သော် သူတို့အားလုံး ပြောဆိုလိုက်ကြသည်။
“...ငါ ဒီထက်ကောင်းတာတွေ ကြားဖူးတယ်။”
“ဒါကြီးကို ရပ်သွားအောင် လုပ်လို့မရဘူးလား။”
“တကယ့်ကို ရွံစရာကောင်းလိုက်တာ။”
“ဒါကြီးက အရမ်းညံ့လွန်းလို့... ကိုယ့်ကိုယ်ကိုယ်ပဲ သတ်သေလိုက်ချင်တော့တယ်—!”
ခရက်!
စုတ်ပြတ်သွားသည့် ရွံရှာဖွယ်အသံတစ်ခုက ခန်းမတစ်ခုလုံးတွင် ရုတ်တရက် ပြည့်နှက်သွားသည်။
ဂီတအဖွဲ့ခေါင်းဆောင်သည် ရပ်တန့်သွားသည်။
ထို့အတူ ဂီတသံစဉ်များလည်း ရပ်တန့်သွားသည်။
“.....”
သူသည် တိတ်ဆိတ်စွာ ရပ်နေသည်။
ခန်းမတစ်ခုလုံးတွင် ရှိနေသူများ၏ အသက်ရှူသံများသာ ပဲ့တင်ထပ်နေသည်။
ထိုအချိန်မှာပင် တစ်ခုခု ဖြစ်ပျက်ခဲ့သည်။
ဝှစ်!
မျက်နှာမရှိသော ပရိသတ်များသည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး သူတို့၏ ‘မျက်လုံး’ လွတ်များက သူတို့ကို စိုက်ကြည့်နေကြသည်။
ကလယ်ရာ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ခန်းမအတွင်း၌ အသားစုတ်ပြတ်သွားသည့် ရွံရှာဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် ဂီတအဖွဲ့ခေါင်းဆောင်ထံမှ လာခြင်းဖြစ်သည်။
“....!?”
သူ၏ ဦးခေါင်းကို အားပြင်းစွာ ဆတ်ခနဲ လှည့်လိုက်သည်နှင့်အတူ ဂီတအဖွဲ့ခေါင်းဆောင်၏ နှုတ်ခမ်းကို ချုပ်ထားသည့် ချုပ်ရိုးများ ပြတ်ထွက်သွားသည်။ သူ၏ နှုတ်ခမ်းများ ပြဲထွက်သွားပြီး အသားစများမှာ ရွံရှာဖွယ်ကောင်းအောင် ကွဲအက်သွားသည်။
သူ၏ ပါးစပ်ကြီးမှာ ဟစိစိဖြစ်နေပြီး စုတ်ပြတ်နေသော အသားစများက တွဲလောင်းကျနေသည်။
ထို့နောက် အက်ကွဲပြီး ကြမ်းတမ်းလှသည့် အသံတစ်ခုက သူ၏ လည်ချောင်းထဲမှ တိုးထွက်လာကာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
“မင်း... ဘာ... ပြောလိုက်တာလဲ။”
သူ၏ အကြည့်များက...
မည်သည့် အမူအရာမျှ မရှိသော လူပြက်ထံသို့ စိုက်ကြည့်နေတော့သည်။