အခန်း (၂၆) - ပျောက်ဆုံးနေသော အစိတ်အပိုင်း [၄]
တိတ်ဆိတ်သွားသည်။
တေးဂီတသံ ရပ်သွားသည့် ခဏမှာပင် အရာအားလုံး ငြိမ်ကျသွားတော့သည်။ ကျွန်တော့်နောက်ဘက်က ထွက်သက်သံ တဖြည်းဖြည်း တိတ်သွားသလို ဆူညံသံတွေပါ ပျောက်ကွယ်သွားခဲ့သည်။
အခုတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့ပြီ။
ဒီအခန်းထဲမှာ လုံးဝကို မယုံနိုင်လောက်အောင် တစ်ယောက်တည်း ဖြစ်ကျန်ရစ်ခဲ့ပြီ။
ဒါပေမဲ့ ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ကျွန်တော့်စိတ်ထဲမှာ အရိပ်လို ခြံရံနေဆဲ ဖြစ်သည်။
ကျွန်တော့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူသံ မမှန်တော့သလို၊ နှုတ်ခမ်းတွေလည်း တုန်ရီနေပြီး လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတာကြောင့် လက်တွေတောင် နာကျင်လာခဲ့သည်။
အသက်ကို ပုံမှန်ပြန်ရှူနိုင်ဖို့အတွက် အချိန်တော်တော်လေး ကြာအောင် စိတ်ကို ထိန်းလိုက်ရသည်။
‘ငါ အသက်ရှင်သေးတယ်’
အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်လို့ မျှော်လင့်မိတာပဲ။
အမှောင်ထုက ဒုတိယမြောက် အရေပြားတစ်ခုလို ကျွန်တော့်ကို ရစ်ပတ်ထားပြီး အေးစက်စက် အထိအတွေ့တွေ ပေးနေတုန်းပင်။ ကျွန်တော် ဘာမှမမြင်ရပါ။ ကြားနေရတဲ့ တစ်ခုတည်းသော အသံမှာ အသက်ရှူသံကို ထိန်းနေရသည့် ကျွန်တော့်ကိုယ်ပိုင် အသက်ရှူသံ လေးလေးပင်ပင်သာ ဖြစ်သည်။
ကျွန်တော် လှုပ်ရှားဖို့ လိုသည်။ ဒီကုလားထိုင်ကနေ ထရမည်။ ပြီးတော့ ဒီအခန်းထဲမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကိုယ်တိုင် ကြည့်ရမည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ တကယ်လား၊ ဒါမှမဟုတ် ကျွန်တော့်စိတ်ကူးယဉ်မှုတွေလား ဆိုတာ သိချင်မိသည်။
ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေသည်။
“ငါ လှုပ်လို့မရဘူး”
ညဘက်လမ်းလျှောက်သူ (Nightwalker) ကို ဘယ်မှာမှ မတွေ့ရတော့။ မူလကတည်းက မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားပြီ။
ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
‘သူ အသတ်ခံလိုက်ရတာတော့ မဟုတ်ပါစေနဲ့...’
ဘယ်လိုခံစားရမှန်း ကျွန်တော် မသိတော့ပါ။ ညဘက်လမ်းလျှောက်သူနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ မရှိခဲ့ပေမဲ့ သူက ကျွန်တော့်ဘက်တော်သား ဖြစ်သည်။ သူ့ကို ရဖို့အတွက် ကျွန်တော် အပင်ပန်းခံ တိုက်ပွဲဝင်ခဲ့ရသည်။ သူက ကျွန်တော့်ဘက်မှာ ရှိနေပေးခဲ့သူဖြစ်သည်။ အခုလိုမျိုး ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာက...
“... ဒါက တော်တော်လေး ပြဿနာတက်နိုင်တယ်”
မတတ်သာလို့သာ ခေါ်လိုက်ရတာ၊ အခြေအနေက အသည်းအသန် မဖြစ်နေရင် သူ့ကို ကျွန်တော် ဘယ်တော့မှ ခေါ်ထုတ်မှာ မဟုတ်ဘူး။
ဒါပေမဲ့ အခုတော့ ညဘက်လမ်းလျှောက်သူဟာ တေးဂီတသံရဲ့ သက်ရောက်မှုကို မခံရဘူးဆိုတာ ကျွန်တော် သိလိုက်ပြီ။
‘ဒါတောင်မှ အခြေအနေက နည်းနည်းတော့ ခက်ခဲနေတုန်းပဲ’
ညဘက်လမ်းလျှောက်သူ မရှိတော့တဲ့အတွက် ကျွန်တော့်အတွက် အခြေအနေက နည်းနည်း ရှုပ်ထွေးသွားသည်။ အရာအားလုံး ပြီးသွားတဲ့အခါ သူ့ကို ကျွန်တော့်ကို ပြန်ဖြည်ပေးဖို့ အစီအစဉ်ဆွဲထားပေမဲ့ အခုတော့ အဲ့ဒါက မဖြစ်နိုင်တော့သလိုပဲ။
“ကိုင်းလ်ီကို ဖုန်းဆက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလား?”
ကျွန်တော့်အကြည့်တွေက ဖုန်းဆီ ရောက်သွားသည်။
ဒီလို အခြေအနေမျိုး ကြုံလာရင် သုံးဖို့အတွက် ဖုန်းကို အနားမှာ ထားခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို သူ့ကို ဘယ်လို ရှင်းပြရမလဲ? ကျွန်တော် ဖြစ်နေတဲ့ ပုံစံကိုကော?
အခန်းထဲက အခြေအနေနဲ့ ကျွန်တော် ကြားခဲ့ရတဲ့ ဆူညံသံတွေကို ပြန်စဉ်းစားမိသည်။ ရုံးခန်းကတော့ အကောင်းအတိုင်း ရှိတော့မှာ မဟုတ်ဘူးဆိုတာ သေချာသည်။ အဲ့ဒါတွေကိုကော သူ့ကို ဘယ်လို ရှင်းပြရမလဲ...?
‘စိတ်ကူးသစ်ရဖို့အတွက် ထိတ်လန့်စရာ အခြေအနေတစ်ခုကို ကိုယ်တိုင် ဖန်တီးကြည့်နေတာလို့ ပြောရမလား?’
အဲ့ဒီဆင်ခြေက အလုပ်ဖြစ်နိုင်ခြေ ရှိသည်ဟု ထင်ရသော်လည်း ဒါက ကျွန်တော် နောက်ဆုံးမှ လုပ်ချင်သည့် အလုပ်ဖြစ်သည်။ ပထမဆုံးအချက်က ကိုင်းလ်က မအပါ။ သူက တော်တော်လေး ထက်မြက်သူဖြစ်သည်။ ကျွန်တော် ပြောတဲ့စကားထဲက ကွဲလွဲချက်တွေနဲ့ သိသာထင်ရှားနေတဲ့ သဲလွန်စတွေကို သူ ရိပ်မိသွားနိုင်သည်။
စနစ် (System) ရဲ့ သတ်မှတ်ချက်ကြောင့် သူ့ကို ဒီအကြောင်းတွေ လုံးဝ သိသွားခွင့် မပေးနိုင်ပါ။
သူ့ကို ဖုန်းဆက်ဖို့က ကျွန်တော့်ရဲ့ နောက်ဆုံးလက်နက်သာ ဖြစ်သည်။
“ဒါဆို ဘာလုပ်ရမလဲ...? ငါ ဘာလုပ်သင့်လဲ?”
ကျွန်တော် ခေါင်းကို နောက်ပစ်လိုက်ပြီး နည်းလမ်းရှာရန် ကြိုးစားလိုက်သည်။
ကုလားထိုင်ကို တိမ်းမှောက်လိုက်ရမလား? ကြိုးတွေကို ပွတ်တိုက်ပြီး ဖြုတ်ရမလား? ဒါမှမဟုတ် လက်ကောက်ဝတ်ကို ချိုးလိုက်ရမလား?
တစ်ခုချင်းစီက ပိုပိုပြီး ရူးကြောင်ကြောင်နိုင်လာသည်။ တချို့အတွေးတွေက အရမ်းကို မဆီမဆိုင်လွန်းတာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရိုက်ချင်စိတ် ပေါက်လာသည်။
ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကို စဉ်းစားကြည့်ပြီးနောက်မှာတော့ နိဂုံးတစ်ခုပဲ ထွက်လာသည်။
‘ငါ တကယ်ကို ရူးချင်နေပြီပဲ’
ခဏလောက်ဆိုပေမဲ့ လက်ကောက်ဝတ်ကို ချိုးဖို့အထိ တွေးမိလိုက်တာကပဲ ကျွန်တော် စိတ်လွတ်နေပြီဆိုတဲ့ သက်သေပင်။
သက်ပြင်း အရှည်ကြီးတစ်ချက် ချလိုက်ရင်း လက်ရှိအကျပ်အတည်းကနေ လွတ်မြောက်ဖို့ နည်းလမ်းမျိုးစုံကို ဆက်စဉ်းစားနေမိသည်။ ဒါပေမဲ့ နည်းလမ်းတိုင်းက အသုံးမဝင်သလို ဖြစ်နေပြီး ကိုင်းလ်ကို ဖုန်းဆက်ဖို့ ဆုံးဖြတ်ခါနီးမှာပဲ လက်ကောက်ဝတ်ဆီကနေ ပူထူလာတဲ့ ခံစားချက်တစ်ခု ရလိုက်သည်။
“....!?”
အရေပြားအောက်ထဲ အပ်ပေါင်း ထောင်သောင်းချီ ထိုးစိုက်လိုက်သလိုမျိုး စူးခနဲ၊ ရုတ်တရက် နာကျင်သွားခြင်း ဖြစ်သည်။
ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ကြောက်စိတ်တွေ ဝင်လာသည်။ ဒါ ဂီတမှူး (Conductor) များ ပြန်လာတာလား? အဲ့ဒါဆိုရင်တော့...
‘ဒါတော့ မဟုတ်သေးပါဘူး’
ဒါပေမဲ့ အဲ့ဒါက တခြားအရာတစ်ခုဆိုတာ သိလိုက်ရတဲ့အခါ ကျွန်တော့်စိတ်တွေ မြန်မြန်ဆန်ဆန်ပဲ ပြန်ငြိမ်သွားသည်။
“ဒါက...”
နာကျင်နေတဲ့ လက်ကောက်ဝတ်ဆီ ကျွန်တော် လှည့်ကြည့်လိုက်သည်။
နာကျင်မှုနဲ့အတူ ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုကို ရလိုက်တာကြောင့် ကျွန်တော့် မျက်ဝန်းတွေ လင်းလက်သွားသည်။
‘သူ ပြန်ရောက်လာပြီ!’
နိုက်ဝေါ့ကာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာခြင်း ဖြစ်သည်။
ဘယ်လိုကြောင့်လဲ၊ ဘာလို့လဲဆိုတာကို ကျွန်တော် မမေးတော့ပါ။ စိတ်ထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ ဒီကြိုးတွေကနေ လွတ်မြောက်ဖို့ပဲ ဖြစ်သည်။
ကျွန်တော် ချက်ချင်းပင် လက်မောင်းဆီကို အာရုံစိုက်လိုက်သည်။
ကျွန်တော့်ရှေ့မှာ အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ကျွန်တော် အသက်အောင့်ထားမိမှန်းတောင် မသိဘဲ အခုမှ အသက်ကို ဝဝရှူလိုက်နိုင်တော့သည်။
“ဒီကြိုးတွေကို ဖြည်ပေးစမ်း”
ဒါပေမဲ့—
“.....”
သူ မလှုပ်ရှားပါ။
ထိုအရိပ်က ကျွန်တော့်ရှေ့မှာ ဘာအသံမှ မထွက်ဘဲ ငြိမ်သက်စွာ ရပ်နေပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။ သူ့အကြည့်အောက်မှာ ကျွန်တော် ကြက်သီးတွေ ထသွားပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
‘ဒါကတော့ မဟုတ်ပါစေနဲ့...’
သူ လှုပ်ရှားလာသည့်အခါ ကျွန်တော့်တစ်ကိုယ်လုံး တင်းမာသွားသည်။
ကျွန်တော့်ရှေ့ကို တိုးလာပြီး သူ့ရဲ့ ထွက်သက်သံက ကျွန်တော့်အပေါ် ကျရောက်နေသော်လည်း ကျွန်တော်ကတော့ မျက်တောင်မခတ်ဘဲ သူ့ကို ကြည့်နေမိသည်။
ကျွန်တော် မျက်တောင်မခတ်မိပါ။ အသက်ပင် မရှူမိပါ။
စိုးရိမ်တကြီးဖြင့် သူ့ကို ပြန်စိုက်ကြည့်နေမိသည်။
ထို့နောက် သူက ဖြည်းဖြည်းချင်း လက်လှမ်းလိုက်ပြီး... ကြိုးတွေကို စတင်ဖြည်ပေးတော့သည်။
ကိုယ်ပေါ်က ကြိုးတွေ ပြေလျော့သွားပေမဲ့ ကျွန်တော် မပျော်နိုင်ပါ။ တစ်ချိန်လုံး ကျွန်တော့်အကြည့်တွေက ရှေ့က ညဘက်လမ်းလျှောက်သူဆီမှာပဲ ရှိနေသည်။ သူ့ဆီကနေ တစ်ခုခုက မူမမှန်သလို ခံစားနေရသည်။
စိတ်မသက်မသာ ဖြစ်စရာကြီးပင်။
သူ့ကို စိုက်ကြည့်နေလေလေ၊ ပိုပြီး စိတ်မချမ်းမြေ့စရာ ကောင်းလေလေ ဖြစ်နေပြီး ကြိုးအားလုံး ပြုတ်သွားတဲ့ ခဏမှာပင် သူ့ကို လက်ကောက်ဝတ်ထဲ ပြန်သိမ်းလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အဲ့ဒီမှာတော့ ဘာပြဿနာမှ မရှိခဲ့ပါ။
တိတ်ဆိတ်မှုက တစ်ဖန် ပြန်လည်စိုးမိုးသွားပြီး ကျွန်တော် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် နံရံဆီ လက်လှမ်းပြီး မီးခလုတ်ကို စမ်းလိုက်သည်။
ခဏအကြာမှာတော့ ရှာတွေ့သွားသည်။
ဖျောက်!
ရုံးခန်းမီးများ ပွင့်လာသည်နှင့်အမျှ ကျွန်တော့်မျက်လုံးများ အလိုလို မှေးစင်းသွားသည်။
မီးရောင်နဲ့ မျက်စိကျင့်သားရဖို့ စက္ကန့်အနည်းငယ် ကြာသွားပြီးနောက်မှာတော့ ရုံးခန်းရဲ့ အခြေအနေကို သေချာ မြင်လိုက်ရသည်။
ကျွန်တော် အသက်ရှူမှားသွားသည်။
‘... ငါ ထင်ထားတာထက် ပိုဆိုးနေတာပဲ’
သစ်သားစားပွဲပေါ်မှာ ပင့်ကူအိမ်လို အက်ကြောင်းတွေ ထင်နေပြီး တံခါးမှာလည်း နက်ရှိုင်းတဲ့ အစင်းရာတွေ ရှိနေသည်။ မီးခိုးရောင် ကော်ဇောက တချို့နေရာတွေမှာ စုတ်ပြတ်နေပြီး တစ်ခုခုက ကုတ်ခြစ်သွားသလိုမျိုး အစအနတွေ ထွက်နေသည်။
ဒါပေမဲ့ ကျွန်တော့်ကို တုန်လှုပ်သွားစေတာက...
နံရံဖြစ်သည်။
ဖြူဖွေးနေတဲ့ နံရံမျက်နှာပြင်ပေါ်မှာ တစ်ခုခုက ကုတ်ခြစ်သွားသလိုမျိုး နီနီရဲရဲ အစွန်းအထင်း အရှည်ကြီး ရှိနေသည်။
ပြီးတော့ အဲ့ဒီအပေါ်မှာပဲ အနီရောင်နဲ့ ရေးခြစ်ထားတာက—
[VI]
“ခြောက်လား?”
ကျွန်တော် ထိုသင်္ကေတကို စိုက်ကြည့်နေမိသည်။
ဒါကို ကျွန်တော် သိသည်။ ရောမဂဏန်း ခြောက် (VI) ဖြစ်သည်။
“ဒါက ဘာကို ဆိုလိုတာလဲ? သတိပေးချက် တစ်ခုခုလား...?”
ရင်ထဲမှာ မအီမသာ ဖြစ်လာသည်။ ကျွန်တော့်မှာ အချိန် ခြောက်ရက်ပဲ ကျန်တော့တယ်လို့ ပြောတာလား? ခြောက်ရက်ကြာရင် သူ ပြန်လာဦးမှာလား? ... ဒါမှမဟုတ် ခြောက်နာရီလား? ခြောက်မိနစ်လား?
နံရံပေါ်က အမှတ်အသားတွေကို ကြည့်ပြီး အတွေးတွေ ရှုပ်ထွေးနေမိသည်။
ဒါပေမဲ့ ကျွန်တော် ချက်ချင်း စိတ်ကို ပြန်စုစည်းလိုက်ပြီး ကွန်ပျူတာဆီ အာရုံပြောင်းလိုက်သည်။ စိုးရိမ်စိတ်အသစ်ဖြင့် ကွန်ပျူတာရှေ့ကို သွားပြီး ဂိမ်းကို ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဖုန်းကို ဖွင့်ပြီး အသံသွင်းထားတာကို ကြည့်လိုက်သည်။
အသက်ကို ပြင်းပြင်းရှူလိုက်ရင်း—
‘ကျေးဇူးပြုပြီး အလုပ်ဖြစ်ပါစေ။ အလုပ်ဖြစ်ပါစေ။ အလုပ်ဖြစ်ပါစေ...’
ကစားမည် (Play) ခလုတ်ပေါ်မှာ လက်တင်ထားရင်း ခဏတုံ့ဆိုင်းသွားပြီးမှ နှိပ်လိုက်သည်။
မကြာခင်မှာပဲ ရင်းနှီးနေတဲ့ တေးသံတစ်ခု လေထုထဲမှာ ပျံ့လွင့်လာသည်။
ကျွန်တော် ထိုတေးသံကို အသေအချာ နားထောင်နေရင်း...
ကျွန်တော့်စိတ်တွေ ဝေဝါးလာသည်။
အဲ့ဒီလို ဖြစ်လာတဲ့ ခဏမှာပဲ ဖုန်းကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး ကုလားထိုင်ပေါ် ပစ်ထိုင်လိုက်သည်။
“ဟဟ”
အဲ့ဒီနောက်မှာတော့ ရယ်သံသဲ့သဲ့လေး တစ်ခု ထွက်လာသည်။
“အောင်မြင်သွားပြီ”
အသံသွင်းထားတာက...
အလုပ်ဖြစ်သွားပြီ။
ကျွန်တော့်ရဲ့ လောင်းကြေးက အောင်မြင်ခဲ့ပြီ။ အဲ့ဒါကို သိလိုက်ရတဲ့ ခဏမှာပဲ အသံဖိုင်ကို လက်ပ်တော့ဆီ ပြောင်းပြီး ဂိမ်းဖန်တီးမှုနေရာ(Engine) ကို စတင် မောင်းနှင်ကာ အလုပ်စလုပ်တော့သည်။
အချိန်ဖြုန်းနေလို့ မဖြစ်တော့ပါ။
အထူးသဖြင့် ကျွန်တော့်နောက်က နံရံပေါ်က အမှတ်အသားကို တွေးမိတဲ့အခါ ပိုပြီးတော့တောင် အချိန်မရှိတော့ဘူးလို့ ခံစားရသည်။
‘ခြောက်...’
အဲ့ဒါက အတိအကျ ဘာကို ဆိုလိုတာပါလိမ့်?