အခန်း (၂၅)၊ ပျောက်ဆုံးနေသော အစိတ်အပိုင်း [၃]
အရပ်မျက်နှာအနှံ့က အမှောင်ထုက ကျွန်တော့်ကို ဝါးမြိုသွားခဲ့သည်။
ထို့နောက် ဂီတသံက ကျွန်တော့်နားထဲသို့ တွားသွားဝင်ရောက်လာသည်— အစပိုင်းတွင် တိုးညင်းပြီး မိန်းမောစရာကောင်းနေသလိုရှိသော်လည်း ကျွန်တော် ထိုအသံကို ပိတ်ပင်ရန် ကြိုးစားလေလေ၊ အခြားအသံများက ပို၍ကျယ်လောင်လာလေ ဖြစ်နေသည်။
အသံတိုင်းက ကျွန်တော့်စိတ်ထဲတွင် ပေါက်ကွဲထွက်နေသည်— ကျွန်တော့်အောက်ရှိ သစ်သားကုလားထိုင်၏ တကျွိကျွိ အက်ကွဲသံ၊ တင်းကျပ်နေသော ကြိုးများ၏ ညည်းတွားသံ၊ ကျွန်တော့်နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော အသက်ရှူသံ အနည်းငယ်။
အသံတစ်ခုချင်းစီက ကျွန်တော့်အာရုံကြောများကို ခြစ်ဆွဲနေပြီး အရေပြားအောက်ထဲအထိ ထိုးဖောက်ဝင်ရောက်နေသဖြင့် အရာအားလုံးထက် ထိုအသံများကိုသာ အာရုံစိုက်နေရသလို ခံစားနေရသည်။
သို့သော် မကြာမီမှာပင် ဂီတသံက ပြောင်းလဲသွားသည်။
တီ—
ရင်းနှီးနေသော တေးသွားတစ်ခု စတင်ထွက်ပေါ်လာပြီး ကျွန်တော့်တစ်ကိုယ်လုံး တုန်ယင်လာသည်။
အခန်းတွင်း အပူချိန်က ရုတ်တရက် ထိုးကျသွားသဖြင့် အဆုတ်ထဲမှ လေများပင် ခမ်းခြောက်သွားသလို ခံစားရသည်။ နှလုံးခုန်သံများ မြန်လာပြီး ပြတင်းပေါက်များ ဖွင့်ထားမိသလားဟု သံသယဖြင့် ခေါင်းကို လှည့်ကြည့်မိသည်။
သို့သော် ခေါင်းအလှည့်တွင် ပို၍နက်ရှိုင်းသော အအေးဓာတ်က ကျွန်တော့်ကို လွှမ်းခြုံသွားသည်။
ဒီအခန်းမှာ ပြတင်းပေါက်မရှိ။
ဘယ်တုန်းကမှ မရှိခဲ့တာ။
'လာနေပြီ!'
ကျွန်တော် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ကုလားထိုင်လက်တန်းကို ဆုပ်ကိုင်ထားလိုက်သည်။ တစ်စုံတစ်ခုက ကျွန်တော့်အတွေးများထဲသို့ ဝင်ရောက်လာပြီး အရာအားလုံးကို ထိန်းချုပ်တော့မည့်အလား လက်များ တုန်ယင်နေသည်။
'ငါးမိနစ်ပဲ... ငါးမိနစ်လောက်ပဲ တောင့်ခံထားဖို့ လိုတယ်...'
တေးသွားက နှေးကွေးပြီး ညင်သာစွာ စတင်လာသော်လည်း ၎င်းက အခြေအနေကို ပို၍ဆိုးရွားစေသည်။ စည်းချက်က ပို၍နှေးလေလေ၊ ကျွန်တော့်ကို မိန်းမောသွားအောင် မြှူဆွယ်နေသည့်အလား ပို၍ အန္တရာယ်ရှိလာလေ ဖြစ်သည်။ စည်းချက်တိုင်းက စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာပြီး ကျွန်တော့်အတွေးများကိုပါ ဆွဲခေါ်သွားသည်။
ယခုဆိုလျှင် ကျွန်တော့်နှလုံးခုန်သံကိုပါ ကြားနေရပြီ— ကျယ်လောင်ပြီး စည်းချက်မမှန်သည့် ထိုအသံက ခန္ဓာကိုယ်အပြင်ဘက် တစ်နေရာရာမှ ပဲ့တင်ထပ်နေသလိုမျိုး။
အေးစက်သော အရည်အစက်အချို့ ကျွန်တော့်မျက်နှာပေါ်သို့ စီးကျလာသည်။ ချွေးများလား၊ မျက်ရည်များလား ကျွန်တော် မခွဲခြားနိုင်တော့။ သို့သော် အမှောင်ထုထဲတွင် ထိုခံစားချက်က ပို၍ထင်ရှားနေသည်။
ကုန်ဆုံးသွားသော စက္ကန့်တိုင်းက ဝေဒနာတစ်ခုလိုပင်။
'ဘယ်လောက်တောင် ကြာသွားပြီလဲ...'
အချိန်ကို ကြည့်ချင်သော်လည်း မျက်လုံးဖွင့်တော့မည့် ဆဲဆဲတွင် သိမ်မွေ့သော ခလောက်ခနဲ အသံတစ်ခုကို ကြားလိုက်ရသည်။ နှလုံးခုန်သံက ပို၍မြန်လာသည်။
ချက်!
အသံက တံခါးဘက်ဆီမှ လာခြင်းဖြစ်သည်။
'တစ်ယောက်ယောက် တံခါးကို လာဖွင့်တာလား?'
တံခါးလက်ကိုင်လှည့်သံ တကျွိကျွိကို ကြားရပြီးနောက် တံခါးရှေ့တွင် ကျွန်တော် ပိတ်ဆို့ထားသော စားပွဲကို တံခါးက သွားတိုက်သည့် ဗုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
ဒိုင်း!
ခေတ္တမျှ ငြိမ်သက်သွားသည်။
ပြီးတော့—
တံခါးက စားပွဲကို အားနှင့် ပြန်တိုက်လိုက်ပြန်သည်။
ဘုန်း!
ဒီတစ်ကြိမ်တွင် အရင်ကထက် ပိုကျယ်လောင်သွားပြီး ကျွန်တော့်တစ်ကိုယ်လုံး တွန့်ခနဲ ဖြစ်သွားသည်။
ဒါတင်မကသေးဘဲ—
ဘုန်း! ဘုန်း!
တစ်ကြိမ်၊ နှစ်ကြိမ်၊ ထပ်ခါထပ်ခါ။ ကြိုးပမ်းမှုတိုင်းက အရင်ကထက် ပို၍ပြင်းထန်လာပြီး လေဟာနယ်မရှိသော ကျဉ်းမြောင်းသည့် အခန်းထဲတွင် သေနတ်သံများကဲ့သို့ ပဲ့တင်ထပ်နေသည်။
ဖိအားကြောင့် စားပွဲက တုန်ခါနေပြီး သစ်သားများ မြည်ဟီးကာ စားပွဲခြေထောက်များက ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် အသံထွက်နေသည်။
အပြင်ဘက်က တစ်စုံတစ်ယောက်— သို့မဟုတ် တစ်စုံတစ်ခုက အထဲကို ဝင်ဖို့ပဲ ကြိုးစားနေတာ မဟုတ်ဘူး။
ကျွန်တော့်မျက်လုံးများက ပွင့်နေသော်လည်း ဘာမှမမြင်ရပါ။ မှောင်လွန်းလှသည်။
'...အော့အန်ချင်လာပြီ။ တကယ်ပဲ အန်ချင်နေပြီ။'
တစ်ကိုယ်လုံး တုန်ယင်နေပြီး အရေပြားများ တင်းကျပ်လာသည်အထိ ကြောက်ရွံ့မှုက လွှမ်းမိုးထားသည်။
တံခါးကို စောင့်ကန်သံတိုင်းက ကျွန်တော့်အစာအိမ်ကို လိမ်ဆွဲနေသလို ခံစားရသည်။
'အခန်းထဲကို ဝင်ဖို့ ကြိုးစားနေတဲ့သူက ဒီဂီတသံရဲ့ လွှမ်းမိုးမှုကို ခံထားရသူ ဒါမှမဟုတ် အဲဒီဂီတအဖွဲ့ခေါင်းဆောင် (Conductor) ပဲ ဖြစ်ရမယ်။ တော်သေးတာက တံခါးကို ချိုးဖျက်ပစ်နိုင်လောက်အောင်တော့ သူ မသန်မာဘူးထင်တယ်။'
...ကံမကောင်းစွာဖြင့်ပင် ဒီအနီးအနားမှာ အခြားဘယ်သူမှ မရှိနိုင်ဘူးဆိုတာ ကျွန်တော် သေချာပေါက် သိနေသည်။
ဒါက ဘာကို ဆိုလိုတာလဲဆိုရင်...
ဂျောက်!
ကျွန်တော် တွန့်ခနဲ ဖြစ်သွားပြီး ထုရိုက်သံများ ရပ်တန့်သွားသည်။
တိတ်ဆိတ်ခြင်း။
ထို့နောက် ဂီတသံက ပြန်လည်ဝင်ရောက်လာပြီး အရှိန်က ပို၍မြန်လာကာ ပို၍ကျယ်လောင်လာသည်။
ကျွန်တော့်လက်မောင်းများ ဆတ်ခနဲ လှုပ်ရှားလာသည်။ အစပိုင်းတွင် အနည်းငယ်သာဖြစ်သော်လည်း နောက်ပိုင်းတွင် ပို၍ကြမ်းတမ်းလာသည်။ တေးသွားက ကျွန်တော့်အရေပြားအောက်ရှိ ကြိုးများကို ဆွဲငင်နေသလိုမျိုး။
ကျွန်တော် မထိန်းချုပ်နိုင်သော နည်းလမ်းများဖြင့် လှုပ်ရှားရန် စေ့ဆော်နေသည်။
ပထမဆုံး ဖြစ်ရပ်တုန်းက ကြောက်မက်ဖွယ် မြင်ကွင်းများကို ရုတ်တရက် သတိရမိပြီး နှလုံးက ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားသည်။
'စပြီ။'
ပထမဆုံးအနေဖြင့် မျက်နှာပေါ်တွင် အနည်းငယ် ယားယံသလို ခံစားရသည်။ အစပိုင်းတွင် လျစ်လျူရှုနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုယားယံမှုက ပို၍သိသာလာကာ မအောင့်အီးနိုင်တော့ပေ။
"ဟ... ဟား။"
မျက်နှာကို ကုတ်ရန် ကြိုးစားရင်း အသိစိတ်မရှိဘဲ ကြိုးများကို ဆွဲငင်မိရာ အသက်ရှူသံများက ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။
ဗုန်း!
သို့သော် ကြိုးများက ကျွန်တော့်ကို တားဆီးထားသည်။
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး အသက်ရှူရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်က နားမထောင်တော့ပါ။
ထိုနေရာတွင် ထိုင်နေလေလေ၊ ပို၍ဆိုးရွားလာလေ ဖြစ်သည်။ အရေပြားအောက်မှ ယားယံမှုက ပြင်းထန်လာပြီး တစ်စုံတစ်ခုက အတွင်းထဲတွင် လူးလွန့်နေသကဲ့သို့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ကုန်ဆုံးသွားသော စက္ကန့်တိုင်းက မသက်မသာဖြစ်မှုကို သယ်ဆောင်လာပြီး မျက်နှာအရေပြားအောက်တွင် ပိုးကောင်ပေါင်း ထောင်ချီ တွားသွားနေသလိုမျိုး ခံစားရသည်။
'ကုတ်ရမယ်... ငါ ကုတ်မှဖြစ်မယ်...'
ကျွန်တော် စိတ်ပျက်အားငယ်လာသည်။ ယားယံမှုက ရပ်မသွားဘဲ အချိန်နှင့်အမျှ တိုးလာသဖြင့် လက်ကို မျက်နှာဆီသို့ ယူဆောင်ရန် ဗီဇအရ ကြိုးများကို ရုန်းကန်နေမိသည်။
"အု...!"
ဂီတသံနှင့်အတူ မသက်မသာဖြစ်မှုက ပို၍ပြင်းထန်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ယားယံမှုက သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီး အတွင်းပိုင်းကို တမြုံ့မြုံ့စားနေသလို ခံစားရသည်။
'...နောက်ထပ် နှစ်မိနစ်ပဲ။ နှစ်မိနစ်လောက်ပဲ အောင့်ထားဖို့ လိုတယ်။'
ဘေးနားရှိ အချိန်မှတ်နာရီက ရပ်တန့်ခြင်းမရှိ။
ခဏလေးပဲ... ခဏလေးပဲ ထပ်အောင့်ထားရုံပဲ။
ကျွန်တော်—
"....!?"
မျက်နှာပေါ်တွင် အေးစက်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားပြီး ကျောရိုးထဲအထိ စိမ့်သွားသည်။ အေးစက်ပြီး ရှည်လျားပိန်လှီသော လက်တစ်ဖက်က ကျွန်တော့်မျက်နှာကို ပွတ်သပ်သွားသလိုမျိုး။
ထိုခံစားချက်က ကျွန်တော့်ကို လုံးဝ ထိတ်လန့်သွားစေသည်။
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး...'
ကျွန်တော် တံခါးရှိရာဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ သို့သော် အမှောင်ထုကြောင့် ဘာမှမမြင်ရ။
ဒါပေမဲ့လည်း...
မှောင်နေသော်လည်း တံခါးက ယခုအခါ ဟောင်းလောင်းပွင့်နေပြီဆိုသည်ကို ကျွန်တော် ကောင်းကောင်း နားလည်လိုက်သည်။
အသိတရားဝင်လာချိန်တွင် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားသည်။
ပြီးတော့—
"အု!"
ဖြူဖျော့ပိန်လှီသော လက်တစ်ဖက်က ကျွန်တော့်မျက်နှာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ နွေးထွေးသော အသက်ရှူသံတစ်ခုက ကျွန်တော့်ညာဘက်နားနားတွင် ကပ်၍ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး စိမ့်တက်သွားသည်။
'ဒါက တကယ် မကောင်းတော့ဘူး!'
တံခါးက ပွင့်မလာသင့်ဘူး။ ဒါပေမဲ့ အခု ကျွန်တော့်နောက်မှာ တစ်ယောက်ယောက် ရပ်နေတယ်။ ကျွန်တော့်အသက်ရှူသံတွေ မြန်လာပြီး နှလုံးခုန်သံက နားထဲမှာ စည်တီးနေသလို ကျယ်လောင်နေသည်။
ထိုလက်က ကျွန်တော့်မျက်နှာကို ပို၍ အားဖြင့်ညှစ်ထားပြီး ပါးစပ်နှင့် နှာခေါင်းကို ပိတ်ဆို့ကာ အသက်ရှူကျပ်အောင် လုပ်နေသည်။
'ဒီအတိုင်းဆို ငါ တကယ် သေတော့မှာပဲ! တစ်ခုခု လုပ်မှဖြစ်မယ်!'
ကျွန်တော် လက်ကို အမြန်နှိမ့်ချပြီး လက်မောင်းပေါ်က တစ်ခုခု လှုပ်ရှားနေတာကို ကြည့်လိုက်သည်။
'သွား!'
ဘုန်း!
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ထိုလက်က ဆွဲခွာသွားပြီး ကျွန်တော် အသက်ကို အလုအယက် ရှူသွင်းလိုက်ရသည်။
"ဟူး... ဟူး..."
ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း ယခုအခါ အခန်းက တုန်ခါနေပြီး အမှောင်ထုထဲတွင် ဆက်တိုက်ဆိုသလို ကျယ်လောင်သော ထုရိုက်သံများ ပဲ့တင်ထပ်နေသည်။
ဘုန်း! ဘုန်း! ဘုန်း!
ကျွန်တော် ဘာဖြစ်နေမှန်း မသိဘဲ အမှောင်ထဲတွင် ကုလားထိုင်ပေါ် ထိုင်နေရုံသာ တတ်နိုင်သည်။
ကျွန်တော်ကတော့ အသတ်ခံရဖို့ စောင့်နေရတဲ့ ပစ်မှတ်တစ်ခုလိုပါပဲ။
'ခဏလေးပဲ ထပ်တောင့်ခံထားရမယ်။ ခဏလေးပဲ။'
ကျွန်တော့်ကိုယ်မှာ ပတ်ထားတဲ့ ကြိုးတွေကို ကြည့်လိုက်မိတယ်။ အခြေအနေအရ ဂီတရဲ့ မြှူဆွယ်မှုနောက် မပါသွားအောင် ဒီကြိုးတွေကနေ လွတ်မြောက်နိုင်မယ့် ဘယ်လိုနည်းလမ်းကိုမှ ကျွန်တော် ကြိုတင်မပြင်ဆင်ထားခဲ့ဘူး။
ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ သိပေမဲ့ အခုအချိန်မှာတော့ ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို ခံစားနေရတယ်။
ဘုန်း! ဘုန်း! ဘုန်း!
အသံတွေက ပိုကျယ်လာပြီး ပိုပြီး ပြင်းထန်လာတယ်။ ဖိအားတွေကြောင့် စားပွဲက မြည်ဟီးနေပြီး ကုလားထိုင်ကလည်း လိုက်ပြီး ကျွိကျွိမြည်နေတယ်။
အခန်းတစ်ခုလုံး တုန်ခါနေပြီး အမှောင်ထဲမှာ အသံတိုင်းက ပိုကျယ်လောင်နေသလို ခံစားရရင်း ကျွန်တော် စိုးရိမ်တကြီး ထိုင်နေမိတယ်။
ဒါပေမဲ့ နောက်တော့...
အရာအားလုံး တိတ်ဆိတ်သွားတယ်။
"....."
လေထဲမှာ ပဲ့တင်ထပ်နေတဲ့ တစ်ခုတည်းသော အသံက ဂီတသံပဲ။ အဲဒီအသံက အေးဆေးနေပေမဲ့ တစ်ချိန်တည်းမှာပဲ သေမင်းဆီက လာတဲ့ တိုးညင်းတဲ့ တီးတိုးသံလို ခံစားရတယ်။
စွပ်။
ကျွန်တော့်နောက်မှာ ခြေလှမ်းသံ တစ်ချက်။ ကြမ်းပြင်က အဲဒီအလေးချိန်အောက်မှာ ကျွိခနဲ မြည်သွားတယ်။
ကျွန်တော် မလှုပ်နိုင်ဘူး။ နှလုံးက လည်ချောင်းဝအထိ ရောက်လာသလို ခံစားရတယ်။
လာတဲ့သူက... အထဲကို ရောက်လာတာလား?
ခြေလှမ်းသံ ရပ်သွားတယ်။ အဲဒီအရာက ကျွန်တော့်နောက်တည့်တည့်မှာ။
နွေးထွေးတဲ့ အသက်ရှူသံက ကျွန်တော့်နားရွက်နားကို ဖြတ်သန်းသွားတယ်။
ရင်ဘတ်ထဲမှာ အသက်ရှူသံတွေ တန့်သွားသလို ခံစားလိုက်ရတယ်။
ပြီးတော့ စိုးရိမ်ထိတ်လန့်မှုတွေက ကျွန်တော့်ကို ဝါးမြိုတော့မယ့် အချိန်မှာပဲ—
ဂီတသံ ရပ်သွားခဲ့တယ်။