အခန်း (၁၉) - ဂိမ်းဖန်တီးခြင်း [၁]
"....."
နောက်ဆုံးမှာတော့ ထွက်ပေါက်ကို ရောက်ရှိသွားပြီး တံခါးအပြင်ဘက်ကို လှမ်းထွက်လိုက်တဲ့အခါ ကျွန်တော့်ဆီကို စုပြုံကျရောက်နေတဲ့ အကြည့်ပေါင်းများစွာကို ခံစားလိုက်ရပါတယ်။
လူတိုင်းက ကျွန်တော့်ကို စိုက်ကြည့်နေကြတာမို့ တစ်လောကလုံး တိတ်ဆိတ်သွားသလိုပါပဲ။
'ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား?'
သူတို့ရဲ့ အကြည့်တွေကြောင့် ကျွန်တော် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသွားပါတယ်။ ဒါပေမဲ့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားတာနဲ့ လက်ထဲက လက်ပ်တော့ပ်ကို ဌာနခွဲမှူးဆီ ကမ်းပေးလိုက်ပါတယ်။
"ဒါကို ကျွန်တော် မှားပြီး ယူလာမိလို့ပါ။ ဘယ်သူ့ကို ပြန်ပေးရမလဲ?"
ထူးဆန်းတဲ့နေရာကနေ ထွက်လာကတည်းက ဒါကို ကျွန်တော် စိတ်ပူနေခဲ့တာပါ။ ဈေးအကြီးဆုံး မော်ဒယ်မဟုတ်ပေမဲ့ ကြည့်ရတာတော့ အတော်အတန် တန်ဖိုးရှိမယ့်ပုံပါပဲ။
ပစ္စည်းပျောက်ဆုံးမှုအတွက် လျော်ကြေး အတောင်းမခံချင်ပါဘူး။ ကျွန်တော့်မှာ အဲ့ဒီလောက် ပိုက်ဆံမရှိဘူးလေ။
"...အော်၊ ဟုတ်သားပဲ။"
ဌာနခွဲမှူးက လက်ပ်တော့ပ်ကို လှမ်းယူပြီး စားပွဲပေါ် တင်လိုက်ပါတယ်။
သူက ခေါင်းတညိတ်ညိတ်နဲ့ "မင်းက တော်တော် စိတ်ထားကောင်းတာပဲ။ လက်ပ်တော့ပ်ကို ပြန်ပေးတယ်ဆိုတော့။ တော်တော် စိတ်ထားကောင်းတာပဲ။ တော်တော်ကို..." လို့ တိုးတိုးလေး ရေရွတ်နေပါတယ်။
ဒါပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး စားပွဲကို လက်နဲ့ ဝုန်းကနဲ ရိုက်ချလိုက်ပါတယ်။
ဒိုင်း!
"ဒါက အဓိက မဟုတ်ဘူး!"
ရုတ်တရက် ထရပ်လိုက်တဲ့ ဌာနခွဲမှူးကို ကြည့်ပြီး ကျွန်တော် လန့်သွားမိပါတယ်။
"မင်း ဒီစမ်းသပ်မှုကို ဘယ်လိုအောင်မြင်အောင် လုပ်လိုက်တာလဲ? ဘာတွေလုပ်ခဲ့တာလဲ?!"
သူ့မျက်နှာတစ်ခုလုံး အံ့ဩတုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
"ဒီစမ်းသပ်မှုကို ဒီလောက် မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်တဲ့လူမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ဗျာ...?"
ကျွန်တော် ဇဝေဇဝါနဲ့ ဌာနခွဲမှူးကို ကြည့်လိုက်မိပါတယ်။
သူ မမြင်လိုက်ဘူးလား?
"မင်း ဘယ်လိုနည်းနဲ့ စမ်းသပ်မှုထဲကနေ အမြန်ဆုံး ထွက်လာနိုင်တာလဲ?"
"...ကျွန်တော် ကွန်ပျူတာကို သုံးလိုက်တာပါ" လို့ ဖြေရင်း မော်နီတာတွေဆီကို မျက်လုံးဝေ့ကြည့်လိုက်မိပါတယ်။
ဒါပေမဲ့ ကျွန်တော် ကြောင်သွားပါတယ်။ မော်နီတာတွေပေါ်မှာ စမ်းသပ်မှုနဲ့ ပတ်သက်တဲ့ မြင်ကွင်းတစ်ခုမှ ပြမနေပါဘူး။ အဲ့ဒီအစား စမ်းသပ်မှုနဲ့ လုံးဝမသက်ဆိုင်တဲ့ တိုင်းတာချက် ကိန်းဂဏန်းတွေပဲ ပြနေတာပါ။
ကျွန်တော် ဘာတွေးနေလဲဆိုတာကို ရိပ်မိပုံရတဲ့ ဌာနခွဲမှူးက စိတ်ပျက်သလိုနဲ့ လျှာသပ်လိုက်ပါတယ်။
"ငါသာ မြင်ရရင် မင်းကို မေးနေပါ့မလား?"
"ဟုတ်ကဲ့၊ အဲ့ဒါလည်း ဟုတ်တာပဲ..."
"အဲ့တော့?"
"ပြောပြီးသားအတိုင်းပါပဲ၊ ကျွန်တော် ကွန်ပျူတာကို သုံးလိုက်တာပါ။"
ကျွန်တော် လက်ပ်တော့ပ်ကို လှမ်းယူပြီး အဖုံးကို ဖွင့်လိုက်ပါတယ်။ တစ်စက္ကန့်လေးတောင် အချိန်မဖြုန်းဘဲ ကျွန်တော် ရေးထားတဲ့ ပရိုဂရမ်ကို ဖွင့်ပြလိုက်ရာ မျက်နှာပြင်က မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပါတယ်။
လက်ပ်တော့ပ်ကို ဌာနခွဲမှူးဘက် အနည်းငယ် လှည့်ပေးလိုက်ရင်း -
"အထဲက အဲ့ဒီအရာက အလင်းရောင်ကို ကြောက်တဲ့အတွက် ကျွန်တော်က လက်ပ်တော့ပ်ကို အလင်းမှိတ်တုတ်မှိတ်တုတ် ဖြစ်နေအောင် လုပ်မယ့် ပရိုဂရမ်တစ်ခုကို ရေးလိုက်တာပါ။ အဲ့ဒီနည်းနဲ့ သူ့ကို ပိတ်မိအောင် လုပ်လိုက်တာပေါ့။ အဲ့ဒီနောက်မှာတော့ အားလုံးက လွယ်သွားပါပြီ။"
ခိုင်လုံတဲ့ အကြောင်းပြချက်တွေကြောင့် အချို့သော အချက်အလက်တွေကို ကျွန်တော် ချန်လှပ်ထားခဲ့ပေမဲ့ အခုပြောပြနေတဲ့ နည်းလမ်းက မှားနေတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ဇာတ်လမ်းထဲမှာ ဟာကွက်တွေ ရှာတွေ့သွားမှာကို စိုးရိမ်စရာ မလိုပါဘူး။
"ဒါက ပြီးပြည့်စုံတယ်လို့ မဆိုလိုပေမဲ့ ကျွန်တော့်ရဲ့ အခုလက်ရှိ အရည်အချင်းနဲ့တော့ ဒါက အကောင်းဆုံး လုပ်နိုင်ခဲ့တာပါပဲ။"
ကျွန်တော် စကားအဆုံးသတ်လိုက်ပြီး ဌာနခွဲမှူး ပြောမယ့်စကားကို စောင့်နေလိုက်ပါတယ်။ ဒါပေမဲ့ တုံ့ပြန်မှုကတော့ တိတ်ဆိတ်ခြင်းသာ ဖြစ်ပြီး အခန်းထဲက လူတိုင်းရဲ့ အကြည့်တွေက ကျွန်တော့်ဆီမှာပဲ ရပ်တန့်နေပါတယ်။
"....."
အဲ့ဒီ တိတ်ဆိတ်မှုက စိတ်ကို အတော်လေး အနှောင့်အယှက် ပေးပါတယ်။
ခဏအကြာမှာတော့ —
"ဝိုး... သွားစမ်းပါကွာ... ဒီလိုနည်းနဲ့လည်း လုပ်လို့ရတာလား?"
ဇိုယီက စိတ်မထိန်းနိုင်ဘဲ အံ့ဩတကြီး ပြောလိုက်တဲ့ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။
သူမရဲ့ စကားကြောင့် ဌာနခွဲမှူးလည်း အတွေးထဲကနေ နိုးလာပြီး ထိုင်ခုံမှာ ပြန်ထိုင်ကာ ကွန်ပျူတာထဲက ပရိုဂရမ်ကို အသေးစိတ် စစ်ဆေးနေပါတယ်။
"ငါ ဘာလို့ ဒါကို အရင်က မတွေးမိခဲ့တာပါလိမ့်?"
သူက လုံးဝ နားမလည်နိုင်သလို ဖြစ်နေပြီးမှ ရုတ်တရက် ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ သူ့ရဲ့ အကြည့်ကြောင့် ကျွန်တော် နောက်ကို တစ်လှမ်း ဆုတ်လိုက်မိပါတယ်။
မကောင်းတဲ့ အတိတ်နိမိတ်တစ်ခုခုကို စတင် ခံစားလိုက်ရလို့ပါ။
"နေပါဦး၊ မင်းက တကယ်ပဲ စောင့်ကြည့်သူအဖြစ်နဲ့ပဲ နေချင်တာ သေချာလား?"
သူက လက်ပ်တော့ပ်ကို ပိတ်ပြီး ကျွန်တော့်အနားကို တိုးလာပါတယ်။
ကျွန်တော် နောက်ထပ် တစ်လှမ်း ဆုတ်လိုက်ပါတယ်။
"ကြည့်ပါဦး၊ မင်းက တကယ်ကို အရည်အချင်း ရှိတာပဲ။ ငါတို့တစ်ခါမှ မတွေးဖူးတဲ့ နည်းလမ်းမျိုးကို မင်းက တွေးမိတယ်ဆိုကတည်းက မင်းမှာ ပါရမီရှိလို့ပဲ။ မင်း ငါတို့အဖွဲ့ထဲ မဝင်ဘူးဆိုရင် ဒါက နှမြောစရာကြီး ဖြစ်လိမ့်မယ်။"
"အဲ့ဒါကတော့..."
ကျွန်တော် ကူညီပေးဖို့ ကိုင်လီကို လှမ်းကြည့်လိုက်ပေမဲ့ သူ့ဆီကနေလည်း အံ့ဩမှင်သက်နေတဲ့ မျက်နှာအမူအရာကလွဲလို့ ဘာမှ ပြန်မရခဲ့ပါဘူး။
"ငါတို့ပေးတဲ့ ခံစားခွင့်တွေက တော်တော်လေး မြင့်ပါတယ်။ အလုပ်ဝင်ကြေးတွေကလည်း အများကြီးပဲ။ မင်းကို သင့်တော်တဲ့ နည်းဗျူဟာတွေလည်း ပေးမှာဖြစ်ပြီး—"
"ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ငြင်းပါရစေ။"
ဘယ်သူကမှ ကူညီမှာ မဟုတ်တာကို သိလိုက်တာကြောင့် ဌာနခွဲမှူးရဲ့ စကားကို ကျွန်တော် တိုက်ရိုက်ပဲ ဖြတ်ပြောလိုက်ပါတယ်။
"ကျွန်တော်က သည်းထိတ်ရင်ဖို ထိတ်လန့်စရာကိစ္စတွေကို တော်တော်လေး ကြောက်တတ်လို့ပါ။"
"....."
ဌာနခွဲမှူးက 'မင်း ဘာတွေ လျှောက်ပြောနေတာလဲ?' ဆိုတဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်။
ကျွန်တော် ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်။
"တကယ်ပြောတာပါ။"
သူကတော့ အခုထိ မယုံသေးတဲ့ပုံပါပဲ။
"...ပြီးတော့ ကျွန်တော်က ကျွန်တော့်အလုပ်ကိုလည်း မြတ်နိုးပါတယ်။"
စနစ်က ကျွန်တော့်ကို ဂိမ်းတွေ ဖန်တီးဖို့ ဖိအားပေးထားတာပါ။ အကယ်၍ ကျွန်တော် ဂိုဏ်းထဲဝင်လိုက်ရင် ဂိမ်းဖန်တီးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။
"....နောင်အနာဂတ်မှာတော့ ဖြစ်နိုင်ရင် ဖြစ်မှာပါ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ မဟုတ်သေးပါဘူး။"
"ကောင်းပြီလေ။"
ဌာနခွဲမှူးက ပြောစရာတွေ ကျန်သေးတဲ့ပုံ ပေါ်နေပေမဲ့ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး ခေါင်းညိတ်ပြပါတယ်။
"မင်း မဝင်ချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မခိုင်းပါဘူး။ ဒါပေမဲ့ နှမြောစရာတော့ ကောင်းတာပေါ့။ မင်းမှာ တကယ့်ကို ပါရမီရှိတယ်လို့ ငါထင်တယ်။"
"ကျေးဇူးတင်ပါတယ်။"
နောက်ဆုံးမှာတော့ ဌာနခွဲမှူးက အတင်းအကျပ် ထပ်မပြောတော့ဘဲ လက်လျှော့လိုက်ပါတယ်။ ကျွန်တော်လည်း ကိုင်လီရှိရာဆီ တိတ်တဆိတ် လမ်းလျှောက်သွားပြီး နံရံကို မှီကာ ထိုင်ချလိုက်ပါတယ်။
"ဟူး..."
အဲ့ဒီအခါကျမှပဲ အသက်ကို ဝဝရှူနိုင်ပြီး စိတ်လျှော့လိုက်ပါတော့တယ်။
'ငါ တကယ် သေတော့မယ်လို့ ထင်ခဲ့တာ။'
စမ်းသပ်မှုထဲက စက္ကန့်တိုင်းက ငရဲကျနေသလိုပါပဲ။ အဲ့ဒီအချိန်တုန်းက ဘာတွေ ဖြစ်သွားခဲ့မှန်း ကျွန်တော် မသေချာပေမဲ့ အခုပြန်တွေးကြည့်တော့ ကျွန်တော် တကယ်ပဲ ရူးသွပ်သွားခဲ့တာ ဖြစ်ရမယ်။
'...နောက်တစ်ပတ်လောက်အထိတော့ သည်းထိတ်ရင်ဖိုကိစ္စတွေနဲ့ ဘာမှမပတ်သက်ချင်တော့ဘူး။'
ဒါက ကျွန်တော့်ရဲ့ ကြီးမားတဲ့ ဆန္ဒတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော့်နောက်ကို အမြဲလိုက်နေတဲ့ အဲ့ဒီမိစ္ဆာကောင်အကြောင်း တွေးမိတာနဲ့တင် ဗိုက်ထဲက မအီမသာ ဖြစ်လာပါတယ်။
ဘယ်လောက်တောင်လဲဆိုရင် အိမ်သာသွားချင်စိတ်တောင် ပေါက်လာတဲ့အထိပါပဲ။
ကျွန်တော် ထသွားတော့မယ့်အချိန်မှာပဲ အသံတစ်ခုက နားထဲကို ရောက်လာပါတယ်။
"ဘာလို့ ကမ်းလှမ်းချက်ကို မလက်ခံတာလဲ?"
အသံရှင်က တခြားသူမဟုတ်ပါဘူး၊ လက်ပိုက်ပြီး နံရံကို ကျောမှီကာ ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေတဲ့ ဇိုယီပါ။
"ဌာနခွဲမှူးက လူတစ်ယောက်ကို ချီးကျူးခဲတယ်။ မင်းက ကျေးဇူးတင်ပြီး ဒီအခွင့်အရေးကို ယူသင့်တာ။ လူအများကြီးက ဒီအခွင့်အရေးမျိုးရဖို့ အသေအလဲ ကြိုးစားနေကြတာ။"
သူမရဲ့ စကားကို နားထောင်ရင်း ကျွန်တော် မျက်မှောင်ကြုတ်မိပါတယ်။ ဒါက ဘယ်လိုမျိုး အကြောင်းပြချက်လဲ...? သူမက ဂိမ်းထဲကအတိုင်းပါပဲ။ တော်တော်လေးကို ဘွင်းဘွင်းရှင်းရှင်းရှိပြီး အလိုလိုက်ခံထားရတဲ့ မင်းသမီးလေး တစ်ပါးလိုပါပဲ။
'ဒါတောင် သူမ ကြုံတွေ့ခဲ့ရတဲ့ အရာတွေပြီးနောက်မှာ အခုထိ ဒီလိုမျိုး ပြုမူနေသေးတာကိုပဲ ကျွန်တော် အံ့ဩမိတယ်။'
"အဲ့လိုလား?"
သူမ ကျွန်တော့်ကို လာမနှောင့်ယှက်စေဖို့အတွက်ပဲ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက သူမကို ပိုပြီး စိတ်တိုသွားစေပုံရပါတယ်။
အခြေအနေတွေ ပိုဆိုးမလာခင်မှာပဲ သူမ တစ်ခွန်းမှ ထပ်မပြောနိုင်အောင် ကျွန်တော် မတ်တတ်ရပ်ပြီး စကားဖြတ်လိုက်ပါတယ်။
"ကျွန်တော့်ကို ကျွန်တော့်ဘာသာ နေပါရစေ။ ကျွန်တော့်မှာ ခင်ဗျားလိုမျိုး ရွေးချယ်စရာတွေ အများကြီး မရှိဘူး။"
"အဲ့ဒါ ဘာကို ဆိုလိုတာလဲ?"
ကျွန်တော် သူမကို တစ်ချက်ဝေ့ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ "ကျွန်တော့်မှာတော့ အဆင်မပြေတဲ့အခါ အားကိုးစရာ ချမ်းသာတဲ့ မိဘတွေ မရှိဘူးလေ။"
အကယ်၍သာ ကျွန်တော့်မှာ ရှိခဲ့ရင် ဒီလို အစုတ်အပဲ့ ဆေးဝါးတွေအတွက် စိတ်ပူနေမှာ မဟုတ်ပါဘူး။
ဒါ့အပြင် စနစ်ကလည်း ကျွန်တော့်ကို အဲ့ဒီလို ရွေးချယ်ခွင့်မျိုး မပေးထားပါဘူး။
"ဘာ... မင်း ဘာပြောလိုက်တာလဲ?"
ကျွန်တော့်စကားကြောင့် သူမရဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားပုံရပါတယ်။ ကျွန်တော့်ရဲ့ စကားက သူမရဲ့ အထိမခံတဲ့နေရာကို ထိသွားတာ ဖြစ်နိုင်ပေမဲ့ ကျွန်တော် လိမ်ပြောခဲ့တာမှ မဟုတ်တာ။
အားလုံးထက် အရေးကြီးတာက ကျွန်တော် တကယ်ပဲ အိမ်သာသွားဖို့ လိုနေတာပါ။
"နောက်တစ်ခါ ထပ်ပြောစမ်း။ ပြော—"
"ခွင့်ပြုပါဦး။"
ကျွန်တော် ဘေးကို ရှောင်ထွက်လိုက်ပြီး ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ ကိုင်လီကို ကျော်ဖြတ်လာခဲ့ပါတယ်။ သူလည်း ကျွန်တော်နဲ့ သူမကို တလှည့်စီကြည့်ရင်း အနည်းငယ် ကြောင်နေပုံပါပဲ။
သူက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကြောင့် အခုထိ အံ့ဩနေတုန်းလား?
ဖြစ်နိုင်ပါတယ်။
'ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် တကယ် သွားဖို့ လိုနေပြီ။'
***
ရှဲ—
ဘေစင်မှာ မျက်နှာသစ်နေစဉ် အေးစက်နေတဲ့ ရေတွေ စီးကျနေပါတယ်။
"အစ်...!"
ညည်းတွားသံတစ်ခု ကျွန်တော့်ပါးစပ်ကနေ ရုတ်တရက် ထွက်လာပါတယ်။
ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး မှန်ထဲက ကိုယ့်မျက်နှာကိုယ် စိုက်ကြည့်လိုက်ပါတယ်။ လက်တွေ တုန်ယင်လာတာကြောင့် ခန္ဓာကိုယ်ကို မလဲအောင် ဘေစင်ရဲ့ ဘေးနှစ်ဖက်ကို အားပြုပြီး တင်းတင်းဆုပ်ကိုင်ထားမိပါတယ်။
ကျွန်တော်.... နောက်ထပ် ဝေဒနာတစ်ခု ခံစားနေရပြန်ပြီ။
"တ-တောက်!"
အရမ်း ပြင်းထန်တာမျိုး မဟုတ်ပေမဲ့ ဝေဒနာက ရှိနေတုန်းပါပဲ။
မလဲကျသွားအောင် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားရပါတယ်။ ခေါင်းထဲမှာ နာကျင်မှုတွေက အရိပ်လို လိုက်နေပြီး လက်မောင်းတွေကလည်း ဆက်တိုက် တုန်ယင်နေပါတယ်။
စိုးရိမ်စရာ မဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းဖို့တော့ ခက်ခဲစေပါတယ်။
"ဟူး... ဟူး..."
ရင်ဘတ်က အတက်အကျ မြန်နေတာကြောင့် တိတ်တဆိတ်ပဲ မျိုသိပ်ထားလိုက်ပါတယ်။
'ထင်တဲ့အတိုင်းပဲ... ငါ တကယ် သည်းထိတ်ရင်ဖိုတာတွေကို မုန်းတယ်။'
ဒီလို ဝေဒနာ ခံစားရတာတွေက အရင်ကထက် ပိုပြီး စိပ်လာပါတယ်။ အခုတလော ကြုံတွေ့ခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကြောင့် ဖြစ်ရမယ်။
"ဒီ—"
ကျွီ!
တံခါးပွင့်လာတဲ့ အသံကြောင့် အတွေးတွေ ပြတ်တောက်သွားပါတယ်။
ကျွန်တော် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး အသက်ရှူနှုန်းကို ပြန်ထိန်းလိုက်တဲ့အခါ —
— သူ့ကို တွေ့လိုက်ရပါတယ်။
မိုင်းစ် (Myles) ပါ။ သူက ဘာအမူအရာမှ မရှိဘဲ လမ်းလျှောက်ဝင်လာပါတယ်။
သူ့ကို ကြည့်ရတာ ထူးထူးခြားခြား ပြောင်းလဲနေသလိုပါပဲ။
ဒါပေမဲ့ ကျွန်တော့်ကို မြင်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ပါးချိုင့်လေးတွေ ပေါ်လာတဲ့အထိ ပြုံးပြပါတယ်။
"အော်၊ မင်း ဒီမှာရှိနေတာလား။"
သူက ကျွန်တော့်ဘေးက ဘေစင်မှာ ရပ်ပြီး ဆပ်ပြာကို သာမန်ကာလျှံကာပဲ ညှစ်ယူလိုက်ပါတယ်။
"...မင်း စမ်းသပ်မှုမှာ ပထမရတယ်လို့ ကြားတယ်။"
"အော်၊ ဟုတ်ကဲ့။"
အသက်ရှူနှုန်းကို ထိန်းဖို့ ကြိုးစားရင်း ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပါတယ်။
"တကယ်ကို ချီးကျူးစရာပဲ။"
"ကျေးဇူးတင်ပါတယ်၊ ခင်ဗျားရော ဘယ်လိုလဲ?"
"ဒုတိယ။ ငါ ဒုတိယ ရတယ်။"
"အော်။"
ကျွန်တော်တို့ကြားမှာ ခဏတာ တိတ်ဆိတ်သွားပါတယ်။
အဲ့ဒီ တိတ်ဆိတ်မှုက အချိန်အနည်းငယ် ကြာသွားပြီးမှ မိုင်းစ်က ပြန်စကားပြောပါတယ်။
"မင်း ပါဝင်မှာ မဟုတ်ဘူးလို့ ငါ ထင်ခဲ့တာ။"
"ဟုတ်တယ်..."
ကျွန်တော် နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း ခေါင်းခါလိုက်ပါတယ်။
"...အခြေအနေက အဲ့လို ဖြစ်သွားလို့ပါ။"
"အခြေအနေက အဲ့လို ဖြစ်သွားတာလား? အဲ့လိုမျိုးက ဒီအတိုင်း ဖြစ်သွားလို့ ရလို့လား?"
"ဟမ်၊ ဘာပြောတာလဲ?"
"ထားလိုက်ပါတော့။ မင်း အဆင်ပြေသွားတာ ဝမ်းသာပါတယ်။"
သူက ထပ်ပြုံးပြပြီး ဘုံဘိုင်ကို ဖွင့်ကာ အေးအေးဆေးဆေးပဲ လက်ဆေးနေပါတယ်။
"...."
အရင်က ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားရင်း ကျွန်တော် တိတ်တဆိတ် ရပ်နေမိပါတယ်။
တစ်ခုခု မှားနေသလိုပဲ။
ကျွန်တော် သူ့ကို ဘေးတိုက် တစ်ချက် ကြည့်လိုက်ပြီး တစ်ခုခုကို ရှာဖွေနေမိပါတယ်။ ဒါပေမဲ့ ဘာမှ ထူးခြားတာ မရှိပါဘူး။ သူက တစ်ရှူးနဲ့ အေးအေးဆေးဆေး လက်သုတ်နေတာပဲ ရှိပါတယ်။
ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်ခုခုက ခြောက်လှန့်နေသလို ခံစားနေရတုန်းပါပဲ။
'မိုင်းစ်... မိုင်းစ်... မိုင်းစ်...'
သူ့ကို စတွေ့ကတည်းက သူ့ဆီက တစ်ခုခုက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေခဲ့တာပါ။
ဒါပေမဲ့ ဘာလဲဆိုတာကို အခုထိ ရှာမတွေ့သေးပါဘူး။
"ငါ သွားတော့မယ်။"
သူက အရင်လိုပဲ ပါးချိုင့်လေးတွေ ပေါ်အောင် နူးနူးညံ့ညံ့ ပြုံးပြပြီး တံခါးဆီကို လှမ်းလိုက်ပါတယ်။
သူ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာပဲ —
"နေပါဦး..."
"ဟင်?"
သူ ရပ်လိုက်ပြီး ကျွန်တော့်ဘက်ကို ပြန်လှည့်ကြည့်ပါတယ်။
"ဘာဖြစ်လို့လဲ?"
"ဟိုဟာ..."
ကျွန်တော် ခဏ တုံ့ဆိုင်းနေပြီးမှ မေးလိုက်ပါတယ်။ "ခင်ဗျားကို အရင်က မေးဖို့ မေ့သွားလို့။ ခင်ဗျားရဲ့ မျိုးရိုးနာမည်က ဘယ်သူလဲ?"
"ငါ့ရဲ့ မျိုးရိုးနာမည်လား?"
သူ ခဏလောက် ကြောင်သွားပါတယ်။
ပြီးတော့မှ တံခါးကို ကိုင်ထားတဲ့ လက်တစ်ဖက်နဲ့ပဲ သူ ပြန်ဖြေလိုက်တာက —
"ဟုမ်းစ် (Holms)။"
ဂလောက်!
သူ့နောက်က တံခါး ပိတ်သွားပြီး အိမ်သာထဲမှာ ပြန်လည် တိတ်ဆိတ်သွားပါတယ်။
အဲ့ဒီနာမည်က ကျွန်တော့်ခေါင်းထဲမှာ ပဲ့တင်ထပ်နေပြီး ကျွန်တော် ရပ်နေတဲ့နေရာမှာပဲ မျက်လုံးတွေကို မှိတ်ထားမိပါတယ်။
"ငါ... သိပြီ။"
ရုတ်တရက် အရာအားလုံးက ကွင်းဆက်မိသွားပါတယ်။
ရင်းနှီးနေသလို ခံစားချက်၊ စိတ်မသက်မသာ ဖြစ်မှု၊ အရာအားလုံးပါပဲ။
မိုင်းစ်...
သူက ကျွန်တော် အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ ဂိမ်းတွေထဲက တစ်ခုမှာ ပါဝင်တဲ့ နောက်ထပ် ဂိမ်းဇာတ်ကောင် တစ်ကောင်ပဲ။