အခန်း (၁၈) - ထွက်ပေါက် [၄]
"ဘာ... ဘာကြီးလဲ...?"
ကျွန်တော့်ရှေ့မှာ ပေါ်နေတဲ့ အသိပေးချက်ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေမိတယ်။
'ငါ မျက်စိမှားနေတာတော့ မဟုတ်ပါဘူးနော်?'
သေချာအောင် မျက်လုံးကို လက်နဲ့ ပွတ်ကြည့်လိုက်သေးတယ်။
ဒါတောင်မှ ဘာမှ ပြောင်းလဲမသွားဘူး။ အသိပေးချက်က ပေါ်မြဲအတိုင်း ရှိနေဆဲဖြစ်ပြီး ကျွန်တော့်ရဲ့ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားတော့တယ်။
'ညဉ့်လှည့်လမ်းလျှောက်သူအား ပိုင်ဆိုင်ရရှိပြီး...?'
ကျွန်တော် နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း မီးတွေ ပြန်ပိတ်သွားမယ့်အချိန်ကို စောင့်နေလိုက်တယ်။
ဖျတ်!
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားတာနဲ့ ကျွန်တော် လပ်တော့ပ်ကို အနားဆွဲကပ်လိုက်ပြီး ကင်မရာမြင်ကွင်းတွေကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
ဒါပေမဲ့ ဒီတစ်ခါတော့...
ဘာမှ မရှိတော့ဘူး။
စင်္ကြံလမ်းတွေထဲမှာ တွန့်လိမ်နေတဲ့ အရိပ်မည်းကြီး တိုးဝှေ့သွားတာမျိုးလည်း မရှိတော့သလို၊ ပြေးလွှားနေတဲ့ ခြေသံတွေလည်း မကြားရတော့ဘူး။
မြင်ကွင်းတွေက ငြိမ်သက်နေပြီး အသက်ရှူရကျပ်မတတ် တိတ်ဆိတ်နေတော့တယ်။
'...သူ မရှိတော့ဘူးဆိုရင် ဖြစ်နိုင်ခြေ သုံးခုရှိတယ်။ ငါ သူ့ကို မှတ်လောက်သားလောက် ရိုက်နှက်လိုက်လို့ ကြောက်ပြီး မလာရဲတော့တာပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ပုန်းပြီး ငါ့ကို ခုန်အုပ်ဖို့ ချောင်းနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါ တစ်နည်းနည်းနဲ့ သူ့ကို ဖမ်းလိုက်နိုင်တာပဲဖြစ်ဖြစ်ပေါ့။'
အမှန်တရားကတော့ ကျွန်တော့်မျက်စိရှေ့မှာတင် ရှိနေတာပါ။ ဒါတောင်မှ ယုံကြည်ဖို့ ခက်ခဲနေတုန်းပဲ။
ဖျတ်!
မီးတွေ ပြန်လင်းလာတော့ ကျွန်တော် အားယူပြီး ထလိုက်တယ်။
ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း အနီးဆုံးတံခါးဆီ လျှောက်သွားပြီး တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်တယ်။
ကလောက်!
ကံမကောင်းစွာနဲ့ပဲ တံခါးက ခတ်ထားတုန်းပါပဲ။
"....."
ခဏလောက် ငြိမ်သက်စွာ ရပ်နေပြီးမှ အသိပေးချက်ကို တစ်ခေါက်ပြန်ကြည့်လိုက်တယ်။ အတွေးတစ်ခု ခေါင်းထဲဝင်လာတာနဲ့ ကွန်ပျူတာဆီ အာရုံပြန်လှည့်လိုက်တယ်။
မောက်စ်ကို နှိပ်ပြီး အချိန်မှတ်တမ်း (timestamp) ကို နောက်ပြန်ဆွဲလိုက်တယ်၊ အဲဒီထူးဆန်းတဲ့ အရိပ်မည်းကြီးကို ကျွန်တော် စတင်ရိုက်နှက်ခဲ့တဲ့ အချိန်အတိအကျကိုပေါ့။
'ဒီမှာပဲ။'
အချိန်အတိအကျကို ရှာတွေ့တော့ မောက်စ်ကို နှိပ်ပြီး ပြန်ကြည့်လိုက်တယ်။
'အခု ပြန်ကြည့်တော့မှ ငါထင်ထားတာထက် အများကြီး ပိုအန္တရာယ်များပါလား။ တော်သေးတာပေါ့၊ ငါ့အစီအစဉ် အလုပ်ဖြစ်သွားလို့။'
ထူးဆန်းတဲ့ အရိပ်သတ္တဝါကြီးကို ကျွန်တော်ကိုယ်တိုင် ရိုက်နှက်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း နဖူးပေါ်က ထွက်လာတဲ့ ချွေးအေးတွေကို သုတ်လိုက်မိတယ်။
ကျွန်တော် လုပ်ခဲ့တဲ့အရာက ဘယ်လောက်တောင် အန္တရာယ်များသလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။
ငါ့အကြံသာ အလုပ်မဖြစ်ခဲ့ရင် ငါ ခုလောက်ဆို လည်ပင်းညှစ်ခံရပြီး သေနေလောက်ပြီ။ တစ်နည်းနည်းနဲ့ အကယ်တင်ခံရရင်တော့ တစ်မျိုးပေါ့။
"ဟမ်?"
ကျွန်တော့် မျက်ခုံးတွေ ရုတ်တရက် မြင့်တက်သွားတယ်။
ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်ရင်း မသိလိုက်မသိဘာသာ ခေါင်းက ရှေ့တိုးသွားပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။
"ဒါ ဘာကြီးလဲ..."
မျက်နှာပြင်ကို သေချာအာရုံစိုက်ရင်း ဗီဒီယိုကို အနှေးပြကွက်နဲ့ ပြန်ကြည့်လိုက်တယ်၊ ကျွန်တော့်မျက်လုံးတွေက ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ အရိပ်မည်းကြီးဆီမှာပဲ ရှိနေတယ်။
ကွန်ပျူတာမီးတွေရဲ့ တဖျတ်ဖျတ်လက်မှုကြောင့် အဖမ်းခံထားရပြီး ကျွန်တော့်ရဲ့ ရိုက်နှက်မှုကို အလူးအလဲ ခံထားရတဲ့ အဲဒီအရိပ်က ကြမ်းပြင်ပေါ်မှာ တွန့်လိမ်နေတယ်။
ကျွန်တော် မျက်တောင်မခတ်ဘဲ ကြည့်နေတုန်းမှာပဲ...
"ဟော... ဟိုမှာ!"
မီးတွေ တဖျတ်ဖျတ်လက်သွားတဲ့အချိန်၊ မှိန်ဖျော့ဖျော့ အရိပ်မည်းလေးတစ်ခု ကျွန်တော့်လက်မောင်းဆီ ပြေးဝင်သွားတာကို မြင်လိုက်ရတယ်။
ငါ့လက်မောင်းထဲကိုလား?
ရုတ်တရက် ကြက်သီးတွေ ဖြန်းခနဲ ထသွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားတယ်။
ဗီဇအရပဲ လက်မောင်းကို ငုံ့ကြည့်လိုက်မိတယ်။
အဲဒီနောက်...
ကျွန်တော် မြင်လိုက်ရပြီ။
".....!"
မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး အသက်ရှူတောင် ရပ်မတတ် ဖြစ်သွားရတယ်။
ထူးဆန်းတဲ့ အမည်းရောင် အမှတ်အသားတစ်ခုက ကျွန်တော့်လက်မောင်းမှာ တက်တူးတစ်ခုလို ပတ်ခွေနေတယ်။ လက်နဲ့ ထိကြည့်ဖို့ ကြိုးစားပေမဲ့ အဲဒီအမှတ်အသားက ကျွန်တော့်လက်နဲ့ မထိအောင် ရှောင်တိမ်းပြီး တွန့်လိမ်လှုပ်ရှားနေသလိုပဲ။
"ဒါ ဘာကြီးလဲ..."
အန္တရာယ်မရှိမှန်း သိလိုက်ရတော့ ကျွန်တော် မြန်မြန်ဆန်ဆန် စိတ်အေးသွားပြီး အဲဒီထူးဆန်းတဲ့ အမည်းရောင်အမှတ်အသားကို သေချာကြည့်နေမိတယ်။
ကြည့်လေလေ၊ ပိုပြီး ထူးဆန်းလေလေပဲ။
အဲဒီနောက်—
ဖျတ်!
မီးတွေ ငြိမ်းသွားပြီး မြင်ကွင်းတွေ ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အမှတ်အသားက လှုပ်ရှားတာ ရပ်သွားတယ်။
မျက်စိနဲ့ မမြင်ရပေမဲ့ ခံစားလို့တော့ ရနေတယ်။
ကျွန်တော် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိတယ်။
ပေါ်လာခဲ့တဲ့ အသိပေးချက်ကို ပြန်စဉ်းစားရင်း အဲဒီအမှတ်အသားပေါ်ကို ဖိနှိပ်လိုက်တယ်။
လေထုက ရုတ်တရက် အေးစိမ့်လာပြီး တစ်ကိုယ်လုံး တုန်တက်သွားတော့တယ်။ ကျွန်တော်လည်း သတိနဲ့ ကိုယ်ကို ကျုံ့ထားလိုက်မိတယ်။
".....!"
အဲဒီအချိန်မှာပဲ ခံစားလိုက်ရတယ်။
ရှိနေခြင်းတစ်ခု။
အဲဒါက ကျွန်တော့်ရှေ့မှာ ပုံပေါ်လာတယ်၊ ရွေ့လျားနေတဲ့ အမှောင်ထု၊ ပုံသဏ္ဌာန်ယူထားတဲ့ အရိပ်တစ်ခုလိုပဲ။ ဘာအင်္ဂါရပ်မှ သဲသဲကွဲကွဲ မမြင်ရပေမဲ့ သူ့ရဲ့ အကြည့်တွေက ကျွန်တော့်ဆီမှာ ရှိနေတာကို ခံစားလို့ရတယ်။
ကျွန်တော့်လက်မောင်းပေါ်က အမည်းရောင်အမှတ်အသားကတော့ မှိန်ဖျော့သွားပြီး မူလကတည်းက မရှိခဲ့သလိုမျိုး အရေပြားထဲ ပြန်ငုပ်လျှိုးသွားတယ်။
ကျွန်တော် ခေါင်းမော့ပြီး အရိပ်ရဲ့အကြည့်ကို ရင်ဆိုင်လိုက်တယ်။
သူက တိတ်ဆိတ်စွာ ရပ်နေရင်း ကျွန်တော့်ကို စောင့်ကြည့်နေတယ်။
ကျွန်တော့်ကို စောင့်နေတာ။
"....."
စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးမှ ပါးစပ်တွေ ခြောက်ကပ်လာလို့ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။ ပြီးမှ စကားစလိုက်တယ်။
"....ထွက်ပေါက် ရှာပေးစမ်း။"
အရိပ်က ငြိမ်နေတုန်းပဲ။
တိတ်ဆိတ်မှုတွေ ပြန်စိုးမိုးလာတဲ့တိုင်အောင် သူက မလှုပ်မယှက် ရှိနေဆဲမို့ ကျွန်တော့်တစ်ကိုယ်လုံး တင်းမာလာတယ်။
'အလုပ်မဖြစ်ဘူးလား? ငါ့စကားကို နားမထောင်ဘူးလား? သူက ငါ့ကို ပြန်တိုက်ခိုက်ရင်ကော...? တကယ်လို့—'
စွပ်။
ခြေတစ်လှမ်း တိုးလိုက်တဲ့ ခပ်ဖွဖွအသံလေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
ကျွန်တော် လပ်တော့ပ်မျက်နှာပြင်ဆီ အကြည့်အမြန်ပို့လိုက်တော့ နှလုံးခုန်နှုန်းတွေ မြန်လာတယ်။
ဟိုမှာပဲ— အဲဒီအရိပ်။ မျက်နှာပြင်ပေါ်မှာတင်၊ ကျွန်တော့်ဆီကနေ လက်မအနည်းငယ်အကွာမှာ။
သူက နှေးနှေးကွေးကွေး ရွေ့လျားသွားတယ်၊ သူ့ပုံသဏ္ဌာန်က ကြမ်းပြင်ပေါ်မှာ မီးခိုးငွေ့တွေလို ဝေ့ဝဲနေတယ်။ သူ့ရဲ့ ရှည်လျားသေးသွယ်တဲ့ လက်ချောင်းက ပထမဆုံးတံခါးရဲ့ သော့ပေါက်ဆီ တိုးသွားတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရတယ်။
အဲဒီနားမှာ ခဏလောက် ဝဲနေပြီးမှ... စတင် လှည့်လိုက်တယ်။
ကလောက်!
ညင်သာတဲ့ အသံလေးတစ်ခု လေထဲမှာ ပဲ့တင်ထပ်သွားတယ်။
အဲဒီအချိန်မှာပဲ ကျွန်တော် နားလည်သွားပြီ။
'ငါ လုပ်နိုင်ခဲ့ပြီ။'
စမ်းသပ်မှုကို ကျွန်တော် အောင်မြင်သွားခဲ့ပြီ။
***
"အချိန် ဘယ်လောက်ကျန်သေးလဲ? သူတို့ ထွက်လာတော့မှာ မဟုတ်လား?"
"ဟုတ်ကဲ့။"
"တစ်ယောက်ယောက် အကူအညီ တောင်းသေးလား?"
"...မရှိသေးဘူး။ အကူအညီတောင်းဖို့လောက်ထိ အချိန်မကြာသေးဘူးလေ။"
"မင်း သေချာလား?"
"ကိုင်လ် (Kyle) ရယ်။"
ဌာနမှူးက စကားရပ်လိုက်ပြီး သူ့ကုလားထိုင်ကို လှည့်ကာ စိတ်ပျက်လက်ပျက် အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒါပေမဲ့ ခဏအကြာမှာပဲ ပြုံးလိုက်ပြီး လေကို ကန်ပြလိုက်တယ်။
"ပါးစပ်ပိတ်ထားစမ်း၊ မဟုတ်ရင် ကန်လွှတ်လိုက်မယ်။"
"...."
ကိုင်လ်က အောင့်ကာနမ်း ပြုံးလိုက်ပြီး ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်တော့တယ်။ သူက အရင်က ဌာနမှူးရဲ့ ကန်တာကို ခံဖူးတာမို့ အဲဒါက ဘယ်လိုမှ မနေသာဘူးဆိုတာ ကောင်းကောင်းသိနေတယ်။
အဲဒီနောက် ဌာနမှူးရှေ့က မော်နီတာတွေဆီ အကြည့်ရွှေ့လိုက်တယ်။
မော်နီတာတွေပေါ်မှာ အချက်အလက်နဲ့ သတင်းအချက်အလက်တွေ အမျိုးမျိုး ပေါ်နေတယ်။ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ တိုက်ရိုက်မမြင်ရပေမဲ့ စမ်းသပ်မှုအတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ထူးခြားမှုမှန်သမျှကိုတော့ ဒီမှာ ပြသပေးနေတယ်။
'သူ... အဆင်ပြေမှာပါနော်?'
ကိုင်လ် စိတ်ပူနေရတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။
ဆတ် (Seth) ကြောင့်ပါ။
ဘာကြောင့်မှန်းမသိဘဲ ဆတ်က ရုတ်တရက် စမ်းသပ်မှုမှာ ပါဝင်ချင်တယ်လို့ ပြောလာခဲ့လို့ ကိုင်လ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရတယ်။
ဒါက ရိုးရိုးတန်းတန်း ပုံတူစမ်းသပ်မှု (simulation) မဟုတ်ဘူး။
ဒါက တကယ့် စမ်းသပ်မှု (trial) အစစ်ပဲ!
အဆင့်အနိမ့်ဆုံးဖြစ်ပေမဲ့ အန္တရာယ်ရှိတာကတော့ အမှန်ပဲ။ မတော်တဆမှု မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်တာကြောင့် သူ စိတ်ပူနေတာ ဖြစ်တယ်။
အထူးသဖြင့် ဆတ်က... ကြောက်စရာကောင်းတဲ့ အရာတွေကို အရမ်းကြောက်တတ်တဲ့သူ မဟုတ်လား။
"ဟင်း..."
ဌာနမှူးရဲ့ အသံကြောင့် ကိုင်လ်ရဲ့ အာရုံက သူ့ဆီ ပြန်ရောက်သွားတယ်။
ထိန်းချုပ်ခလုတ်တွေရှေ့မှာ ထိုင်နေတဲ့ ဌာနမှူးက ရှေ့ကို ကိုင်းလိုက်ပြီး စားပွဲပေါ်ကို လက်ချောင်းတွေနဲ့ တတောက်တောက် ခေါက်နေတယ်။
အချက်အလက်တွေကို အေးအေးဆေးဆေး စစ်ဆေးရင်း သူက တိုးတိုးလေး ပြောလိုက်တယ် "ပထမ ၁၀ မိနစ်ကတော့ ကုန်သွားပြီ။ ပထမဆုံး ကိုယ်စားလှယ် ထွက်မလာခင် နောက်ထပ် ၁၀ မိနစ်လောက်တော့ လိုဦးမှာပါ။ အခုထိတော့ အားလုံး အဆင်ပြေပုံရပါတယ်။ မင်းသူငယ်ချင်း အထဲမှာ ရှိနေသေးတာကို ငါတောင် အံ့သြမိတယ်။ သူ တော်တော် ဇွဲကောင်းတာပဲ။"
သူကလား...?
ကိုင်လ် သိသလောက်တော့ ဆတ်မှာ ဘာဇွဲမှ မရှိဘူး။ သူက လေ့ကျင့်ခန်းလည်း မလုပ်သလို အချိန်အတော်များများကို ကွန်ပျူတာရှေ့မှာပဲ ကုန်ဆုံးတတ်တဲ့သူ။
သူ့မှာ အချိန်အကြာကြီး ခံနိုင်ရည်ရှိမယ်လို့ ကိုင်လ် တစ်စက္ကန့်တောင် မယုံဘူး။
ဘာပဲဖြစ်ဖြစ် ကိုင်လ်ကိုယ်တိုင်လည်း ဒီစမ်းသပ်မှုကို အရင်က ဖြတ်ကျော်ခဲ့ဖူးတာပဲ။ ဒါ ဘယ်လောက် ခက်ခဲသလဲဆိုတာ သူ ကောင်းကောင်း သိတာပေါ့။
"မင်း တော်တော် စိတ်ပူနေတာပဲ။ ဒါက မင်းနဲ့ မတူဘူး။"
ညင်သာတဲ့ အသံတစ်ခုက သူ့အတွေးတွေကို ဖြတ်တောက်လိုက်တယ်။
သူ လှည့်ကြည့်လိုက်တော့ ဇိုးအီ (Zoey) ဖြစ်နေတယ်၊ သူမက နံရံကို ပေါ့ပေါ့ပါးပါး မှီထားတယ်။ သူမရဲ့ အကြည့်က ဖုန်းဆီမှာပဲ ရှိနေပြီး ဂိမ်းတစ်ခုခု ဆော့နေပုံရတဲ့ သူမရဲ့ လက်ချောင်းတွေက မြန်မြန်ဆန်ဆန် လှုပ်ရှားနေတယ်။
တီ—!
"တောက်!"
အသံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် သူမက တောက်တစ်ချက်ခေါက်ကာ ဖုန်းကို ဖယ်လိုက်တယ်။ သူမရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကို ကြည့်ရတာ ဂိမ်းရှုံးသွားတာ ဖြစ်ရမယ်။
သူမ ခေါင်းခါလိုက်ပြီး ကိုင်လ်ကို မော့ကြည့်လိုက်တယ်။
"....မင်းနဲ့အတူ ကြီးပြင်းလာတဲ့သူဆိုတာ သူလား?"
"ဟုတ်တယ်။"
"အင်း၊ စိတ်ဝင်စားစရာပဲ။ ဒီလုပ်ငန်းထဲကို ဝင်ချင်တဲ့ တခြားလူတစ်ယောက်ကို မင်း သိလိမ့်မယ်လို့ ငါ မထင်ထားဘူး။"
"အာ၊ မဟုတ်ဘူး။"
သူမ အထင်လွဲနေတာကို သတိပြုမိတော့ ကိုင်လ်က ပြန်ပြင်ပေးလိုက်တယ်။
"တကယ်တော့ သူက ပါရမီရှင်တစ်ယောက်အနေနဲ့ ဒီကို လာတာ မဟုတ်ဘူး။"
"ဟမ်?"
ဇိုးအီက ကိုင်လ်ကို ထူးဆန်းသလို ကြည့်လိုက်တယ်။
"မဟုတ်ဘူးလား?"
"မဟုတ်ဘူး..."
"ဒါဆို သူက စမ်းသပ်မှုထဲမှာ ဘာသွားလုပ်နေတာလဲ?"
"...အဲဒါကို ငါလည်း သိချင်နေတာပဲ။"
ကိုင်လ် သူ့ခေါင်းကို သူ နှိပ်လိုက်မိတယ်။ ဆတ်ရဲ့ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ကို တွေးမိတိုင်း ခေါင်းကိုက်ရတယ်။
"သူက ဒီကို လာလေ့လာပြီး ပိုကောင်းတဲ့ ဂိမ်းတွေ ဖန်တီးနိုင်အောင် သင်ယူဖို့ပဲ လာတာ။ ဒါပေမဲ့ ဒီလောက်အထိ လုပ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။"
"ဟင်? ဂိမ်းတွေလား?"
ဇိုးအီ ချက်ချင်း ခေါင်းမော့လာတယ်။ သူမ မျက်လုံးတွေက စိတ်ဝင်တစား တောက်ပလာတယ်။
"မင်း သူငယ်ချင်းက ဂိမ်းတွေ ဖန်တီးတာလား?"
"အင်း..."
ကိုင်လ် နှုတ်ခမ်းကို တစ်ချက်စေ့လိုက်ပြီးမှ ဆက်ပြောလိုက်တယ်၊
"ထိတ်လန့်ချောက်ချားဖွယ် (Horror) ဂိမ်းတွေပေါ့။"
"...သြော်။"
ဇိုးအီရဲ့ မျက်နှာပေါ်က စိတ်ဝင်စားမှုတွေ ချက်ချင်း ပျောက်ကွယ်သွားပြီး ခေါင်းငြိမ့်ပြတာကို ကိုင်လ် ကြည့်နေမိတယ်။
"ဟုတ်ပြီလေ။ ကောင်းတာပေါ့။"
သူမ ခေါင်းပြန်ငုံ့သွားပြီး ဖုန်းပြန်ထုတ်လိုက်တယ်။
"...သူ ဒီစမ်းသပ်မှုကနေ တစ်ခုခု သင်ယူနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ။ သူသာ ထွက်လာနိုင်ရ—"
ကလောက်!
ရုတ်တရက် 'ကလောက်' ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး အဲဒီမှာ ရှိနေတဲ့သူအားလုံးရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။ စမ်းသပ်မှုခန်းဆီ ဦးတည်ထားတဲ့ တံခါးဆီ အားလုံး လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ လူတစ်ယောက်က အေးအေးဆေးဆေး လျှောက်ထွက်လာတယ်၊ သူ့ရဲ့ လက်ကောက်ဝတ်နဲ့ နံဘေးကြားမှာ လပ်တော့ပ်တစ်လုံးကို ညှပ်ထားလျက်သား။
အဲဒါကတော့ အားလုံး ပြောနေကြတဲ့ လူပါပဲ၊ သူ့ရဲ့ တည်ငြိမ်တဲ့ အကြည့်တွေက ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေတယ်။
နောက်ဆုံးမှာတော့ သူ့အကြည့်က ဌာနမှူးဆီ ကျရောက်သွားပြီး နံဘေးမှာ ညှပ်ထားတဲ့ လပ်တော့ပ်ကို ထုတ်လိုက်တယ်။
"ဒါကို ကျွန်တော် မတော်တဆ ယူလာမိလို့။ ဒါ ဘယ်သူ့ကို ပေးရမလဲ?"