အခန်း (၁၂) - လမ်းညွှန်သင်တန်းနေ့ [၂]
ဒေါင်!
ဓာတ်လှေကားတံခါး ပွင့်သွားသည့်အခါ ကြမ်းပြင်အနှံ့ မီးခိုးရောင်ကော်ဇော ခင်းထားသည့် ကျယ်ဝန်းသော အခန်းတစ်ခန်းကို မြင်လိုက်ရသည်။ ပရိုဂျက်တာ စခရင်အကြီးကြီးတစ်ခုကို မျက်နှာမူလျက် အဖြူရောင်ကုလားထိုင်များကို အစီအရီ ချထားသည်။
နေရာတွင် လူတော်တော်စုံနေပြီဖြစ်ပြီး တချို့မှာ စကားစမြည် ပြောဆိုနေကြသော်လည်း အချို့၏ မျက်နှာထက်တွင်မူ တင်းမာသည့် အမူအရာများကို တွေ့ရသည်။
"အို... ဘယ်သူများ ရောက်နေတာလဲ ကြည့်ပါဦး။"
မီးခိုးရောင်ဝတ်စုံနှင့် နက်ကတိုင်အမည်းကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူတစ်ယောက် ကျွန်တော်တို့ဆီ လျှောက်လာသည်။ သူ၏ အကြည့်များက ကိုင်လီဆီမှာပဲ အသေအချာ ကျရောက်နေသည်။
"ငါတို့ရဲ့ အလားအလာအကောင်းဆုံး ကြယ်ပွင့်လူသစ်တစ်ယောက်က ဒီလို လမ်းညွှန်သင်တန်းကို လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။"
အလားအလာအကောင်းဆုံး ကြယ်ပွင့်လူသစ်?
ကျွန်တော် ကိုင်လီကို လှည့်ကြည့်လိုက်ရာ သူက အနေရခက်စွာနှင့် ခပ်ယောင်ယောင် ရယ်မောနေသည်။
"မဟန်ပါနဲ့ဗျာ၊ ခင်ဗျားကလည်း ပိုပြောနေပြန်ပြီ။"
သူကလား?
"ပိုပြောတယ်?"
ထိုလူက လက်ခါပြလိုက်သည်။
"ကဲပါ... မင်းရော ငါရော သိတာပဲလေ။ မင်းက အခု ဂိုဏ်းထဲမှာ နာမည်အကြီးဆုံး လူသစ်တစ်ယောက်ဆိုတာ။ တခြားဂိုဏ်းတွေက မင်းအကြောင်း စုံစမ်းနေကြတာ ငါ့မှာ ခေါင်းတောင် ကိုက်နေပြီ။"
သူတို့စကားပြောနေသည်ကို နားထောင်ရင်း ကျွန်တော့်မျက်နှာက ပို၍ ထူးဆန်းလာသည်။
'ကမ္ဘာကြီး ပြောင်းလဲသွားတာတင် မကဘဲ ကိုင်လီကပါ အခုတော့ လူတိုင်း ဝိုင်းလုနေရတဲ့ လူသစ်တစ်ယောက် ဖြစ်နေပြီပေါ့?'
"ဒါနဲ့..."
ထိုလူက ကျွန်တော့်ဘက်သို့ အာရုံလွှဲလာပြီး ကျွန်တော့်ကို အခုမှ သတိထားမိသလိုမျိုး ခေါင်းစောင်းကြည့်သည်။
"...ဒါက ဘယ်သူလဲ။ မျက်နှာသစ်ပဲ။ လူသစ်တွေထဲကလား?"
"မဟုတ်ပါဘူး ဌာနမှူး၊ သူက ကျွန်တော်နဲ့အတူ လာတာပါ။"
"အော်..."
ဌာနမှူးက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုမျိုး သူ၏ လက်သီးကို လက်ဝါးနှင့် ပြန်ရိုက်လိုက်သည်။
"မင်းပြောတဲ့ လေ့လာသူဆိုတာ သူလား?"
"ဟုတ်ပါတယ်။"
"အေးအေး... သိပြီ။"
ဌာနမှူးက ကျွန်တော့်ကို စူးစမ်းသည့် အကြည့်တစ်ချက် ထပ်ပေးပြီးနောက် အခန်းအဆုံးဘက်သို့ လှည့်ကြည့်ကာ တစ်ဖက်မှ လူတစ်ယောက်ကို လက်ယမ်းပြလိုက်သည်။
"ဒီကို လာဦး! မင်းကို မိတ်ဆက်ပေးစရာ လူရှိတယ်။"
မကြာခင်မှာပင် ဆံပင်အနက်ရောင် ဆံတိုလေးနှင့် မျက်လုံးအညိုရောင်ရှိသည့် လူငယ်လေးတစ်ယောက် ရောက်လာသည်။
"ဌာနမှူး ခေါ်တာလား?"
သူ့မျက်နှာက သွယ်လျပြီး လျှောက်လာစဉ် ပါးချိုင့်လေးများ ပေါ်လာသည်။ ပထမဆုံး မြင်လိုက်ရသည့် အထင်အမြင်မှာ လူကောင်းတစ်ယောက်ပုံစံမျိုး ဖြစ်သဖြင့် စိတ်ထဲတွင် သဘောကျမိသွားသည်။
"ကဲ ကိုင်လီ၊" ဌာနမှူးက ထိုကောင်လေး၏ ပုခုံးကို ပုတ်ရင်း ပြောသည်။ "ဒါက မိုင်းလ် တဲ့။ သူက အရည်အချင်းရှိတယ်။ အားရင် သူ့ကို ကူညီပေးလိုက်ဦး။ နောင်ကျရင် ငါတို့အတွက် အသုံးဝင်လာမှာ။"
မိုင်းလ်?
ကိုင်လီကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေသည့် ထိုလူငယ်လေးကို ကြည့်ရင်း ကျွန်တော် ခေါင်းအနည်းငယ် စောင်းမိသွားသည်။
သူ့ကို ကြည့်နေရင်း မျက်မှောင်ကြုတ်မိသွားသည်။ တစ်ခုခုက ရင်းနှီးနေသလိုပင်။ ဘာကြောင့်မှန်း သေချာ မရှင်းပြတတ်သော်လည်း မိုင်းလ်ကို ကြည့်လေလေ ထူးဆန်းသည့် 'မြင်ဖူးနေသလို' ခံစားချက်မျိုး ခံစားရလေလေဖြစ်ပြီး အဆိုပါ ခံစားချက်က ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေသည်။
ဘာကြောင့် သူ့ကို ရင်းနှီးနေရသလဲဆိုသည်ကိုမူ ကျွန်တော် အဖြေရှာမရသေးပေ။
"နေကောင်းလား။"
"ဟင်?"
ကျွန်တော် အတွေးထဲမှ ရုန်းထွက်ပြီး မျက်တောင်ခတ်လိုက်သည်။ သူ ကျွန်တော့်ဆီ ရောက်လာမှန်းတောင် မသိလိုက်ပေ။
သူက ယဉ်ကျေးသည့် အပြုံးနှင့်အတူ ကျွန်တော့်ထံ လက်ကမ်းပေးလာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။"
"...အော်၊ ဟုတ်ကဲ့ နေကောင်းပါတယ်။"
ကျွန်တော်လည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။
ကျွန်တော်က စကားပြော သိပ်မတော်သဖြင့် လက်လွှတ်လိုက်သည့်အခါတွင် အနေရခက်သွားသော်လည်း မိုင်းလ်ကမူ ဂရုမစိုက်သည့်ပုံပင်။ သူက ပြန်ပြုံးပြသည်။
"ခင်ဗျားက လေ့လာသူအဖြစ် ရောက်နေတာလို့ ကြားတယ်။ ဂိုဏ်းထဲ ဝင်ဖို့ စိတ်ကူးရှိလို့လား?"
"ကျွန်တော်လား?"
ကျွန်တော် အမြန်ပဲ ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်တော်က ဂိမ်းဖန်တီးသူ တစ်ယောက်ပါ။ ဂိမ်းကောင်းကောင်း တစ်ခု ဖန်တီးနိုင်ဖို့ အတွေ့အကြုံ လာယူတာပါ။"
"ဂိမ်းဖန်တီးသူလား?"
သူက စိတ်ဝင်တစား မေးသည်။
"ဟုတ်ပါတယ်။"
အတော်ဆုံးတော့ မဟုတ်သော်လည်း တစ်ယောက်ပေါ့။
"ဘယ်လို အမျိုးအစားလဲ? ထိတ်လန့်စရာ (Horror) လား?"
"...ဟုတ်တယ်။"
အဆိုပါအချက်ကို ဝန်ခံရသည်မှာ အနည်းငယ် ရှက်မိသည်။
"ဟင်း..."
မိုင်းလ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားသည်။ အနေရခက်သွားသလိုပင်။ သူ တစ်ခုခု ပြောချင်သော်လည်း ထိန်းထားသည့်ပုံရသည်။
ထို့ကြောင့် ကျွန်တော် ပိုသိချင်လာသည်။
"ဘာဖြစ်လို့လဲ?"
"မဟုတ်ပါဘူး၊ အဲဒါက..."
သူ နှုတ်ခမ်းကို ဖိလိုက်သည်။
"...ကျွန်တော်တော့ မသိဘူးဗျာ။ ဒီဘက်ခေတ်မှာ Horror ထိတ်လန့်စရာဂိမ်းတွေက သိပ်အလုပ်မဖြစ်တော့ဘူး ထင်လို့။"
"ဗျာ?"
သူက ခေါင်းခါပြီး သက်ပြင်းချသည်။
"လူတိုင်း ဂိုဏ်းတွေမှာ အလုပ်မလုပ်ကြပေမယ့် တော်တော်များများကတော့ ကြောက်စရာကောင်းတဲ့ အရာတွေကို နေ့တိုင်းလိုလို မြင်နေကြရတာလေ။ အဲဒီတော့ Horror ထိတ်လန့်စရာဆိုတာကြီးက သိပ်ပြီး ထူးခြားတဲ့ အမျိုးအစား မဟုတ်တော့သလိုပဲ။ ခင်ဗျား တကယ်လို့ Horror ထိတ်လန့်စရာဂိမ်း လုပ်ချင်တယ်ဆိုရင်တော့ တကယ့်ကို ထူးထူးခြားခြား ဖြစ်နေမှ ရလိမ့်မယ်။"
"...."
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်စွာ ရပ်နေမိသည်။
ဒါကို ဘာလို့ အရင်က မစဉ်းစားမိခဲ့တာလဲ?
တကယ်ပင်၊ ဒီကမ္ဘာက ကျွန်တော့်ကမ္ဘာဟောင်းနှင့် မတူတော့ပေ။ ဂိုဏ်းတွေ၊ ၀င်ပေါက် (Gates) တွေ ရှိနေသဖြင့် လူများ၏ ထိတ်လန့်စရာအပေါ် ခံနိုင်ရည်က အရင်ကထက် အများကြီး ပိုမြင့်နေပြီဖြစ်သည်။
အတိုပြောရလျှင် ဤကမ္ဘာတွင် Horror ထိတ်လန့်စရာဂိမ်းများက အသုံးမကျတော့ပေ။
'အား...'
ကျွန်တော် အော်ဟစ်ပစ်ချင်စိတ် ပေါက်သွားသည်။
'အခြေအနေတွေ ပိုဆိုးမလာတော့ဘူးလို့ ထင်နေချိန်မှာမှ...'
ဒီအတိုင်းဆိုလျှင်တော့ ကျွန်တော် လပိုင်းအတွင်း တကယ် သေရတော့မည်။
"အားလုံးပဲ၊ ဒီနားကို စုပေးကြပါ!"
ဌာနမှူး၏ အသံက အခန်းထဲ ဟိန်းသွားပြီး လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
"ထိုင်ကြပါဦး။ လမ်းညွှန်သင်တန်း မကြာခင် စပါတော့မယ်။"
ကျွန်တော် ကိုင်လီကို လိုက်ရှာကြည့်ရာ ပရိုဂျက်တာ နားတွင် သူ့ကို တွေ့ရသည်။ သူက အနက်ရောင် ခေါင်းစွပ်အင်္ကျီနှင့် ဦးထုပ်ဆောင်းထားသည့် လူတစ်ယောက်နှင့် စကားပြောနေသည်။ ထိုလူက ခေါင်းငုံ့ထားသဖြင့် မျက်နှာကို မမြင်ရသော်လည်း ကိုင်လီက ရိုရိုသေသေ ရှိနေသည်ကို ကြည့်လျှင် အရေးကြီးသည့် လူတစ်ယောက် ဖြစ်ပုံရသည်။
"ကျွန်တော်နဲ့ အတူ ထိုင်မလား...?" မိုင်းလ်က ရုတ်တရက် မေးလိုက်သဖြင့် ကျွန်တော့်အတွေးများ ပြတ်သွားသည်။
"...ကောင်းသားပဲ။"
ဘေးတွင် သိသည့်လူ ရှိသဖြင့် စိတ်သက်သာရာရသွားသည်။ ကျွန်တော်တို့ လွတ်နေသည့် နေရာတွင် သွားထိုင်လိုက်ကြသည်။ အခုထိတော့ သူ့အပေါ် ကျွန်တော့်အမြင်က တော်တော်ကောင်းပါသည်။
သူက တည်တည်ငြိမ်ငြိမ်နှင့် ဖော်ရွေသည့်ပုံပင်။
လူများ တိတ်ဆိတ်သွားသည့်အခါ အားလုံး၏ အကြည့်က ဌာနမှူးနှင့် ခေါင်းစွပ်ဝတ်ထားသည့် လူဆီ ရောက်သွားသည်။ ထိုလူက ခြေထောက်ချိတ်၍ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားသည်။
ကိုင်လီကတော့ သူ့ဘေးတွင် ခါးကို မတ်မတ်ထား၍ ထိုင်နေသည်။
"အရည်အချင်းရှိတဲ့ လူတွေ အများကြီး တွေ့ရတာ ဝမ်းသာပါတယ်။"
ဌာနမှူးက ကျေနပ်သည့် အပြုံးဖြင့် ပြောသည်။
"ဒီသင်တန်းကို ပျင်းစရာ မကောင်းအောင် လုပ်ပေးပါ့မယ်။ အရင်ဆုံး မိတ်ဆက်ပေးချင်တဲ့ ကျွန်တော်တို့ရဲ့ ကြယ်ပွင့်လူသစ် နှစ်ယောက် ရှိတယ်။"
ကိုင်လီ ထရပ်လိုက်သည့်အခါ လူတိုင်းက လက်ခုပ်တီး နှုတ်ဆက်ကြသည်။ အားလုံးက သူ့ကို သိနေကြသည့်ပုံပင်။ တချို့ကမူ မနာလိုသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
သူက လက်ယမ်းပြပြီးနောက် ပြန်ထိုင်လိုက်သည်။
ထို့နောက် ဌာနမှူးက ခေါင်းစွပ်ဝတ်ထားသည့် လူဆီ လက်ညှိုးထိုးပြသည်။
"နောက်တစ်ယောက်ကိုတော့ အားလုံး သဘောကျမယ်လို့ ယုံကြည်တယ်။"
ဌာနမှူးက ပြုံးရင်းနှင့် ခေါင်းစွပ်ဝတ်ထားသည့်သူကို တို့လိုက်သည်။ အဆိုပါလူက သက်ပြင်းချကာ မတ်တပ်ရပ်ပြီးနောက် ဦးထုပ်ကို ချွတ်လိုက်သည့်အခါ ရွှေအိုရောင် ဆံပင်ရှည်ကြီးများ ကျဆင်းလာသည်။
ခေါင်းစွပ်အင်္ကျီကို ဖွင့်လိုက်သည့်အခါ အတွင်းမှ စစ်တပ်ဝတ်စုံ ဂျာကင်နှင့် အနက်ရောင် အင်္ကျီတိုကို မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားကလည်း အတော်လေး တောင့်တင်းလှပသည်။
သူမ မတ်တပ်ရပ်လိုက်သည့် ခဏတွင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အချို့က သူမ၏ ရုပ်ရည်ကြောင့် မှင်သက်သွားကြသလို အချို့ကမူ သူမ၏ ကျော်ကြားမှုကြောင့်လား?
ကျွန်တော်တော့ မသေချာပေ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မှင်သက်နေသောကြောင့် ဖြစ်သည်။
သို့သော် ကျွန်တော်ကမူ တခြားလူများနှင့် အကြောင်းပြချက် မတူပေ။
"မင်းတို့ထဲက တော်တော်များများကတော့ သူ့ကို သိကြမှာပါ..."
ဌာနမှူးက မိတ်ဆက်ပေးသည်။
"....ဒါကတော့ ငါတို့ဌာနရဲ့ ဒုတိယမြောက် ကြယ်ပွင့်လူသစ်၊ ဇိုးယီ တာလင် (Zoey Terlin) ပါပဲ။ တစ်ခုခု လိုအပ်ရင် သူ့ကို ဒါမှမဟုတ် ကိုင်လီကို မေးလို့ရတယ်။ သူတို့က ဒီနေ့ ကူညီပေးကြလိမ့်မယ်။"
"ဟေး။"
ဇိုးယီက လည်ပင်းကို ပွတ်ရင်း ပေါ့ပေါ့ပါးပါးပင် နှုတ်ဆက်သည်။ သူမက အနည်းငယ် ပင်ပန်းနေသည့်ပုံပင်။
သူမ နှုတ်ဆက်ပြီးသည့်နောက်တွင်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ကျွန်တော်ကတော့ ကြောင်ပြီး စိုက်ကြည့်နေမိသည်။ ဦးနှောက်က ဗလာဖြစ်သွားပြီး ဘာမှ စဉ်းစား၍ မရတော့ပေ။ သူမကို မြင်လိုက်ရသည့်အခါတွင် ဘယ်လို တုံ့ပြန်ရမည်တောင် မသိတော့ပေ။
ဘာလို့လဲဆိုတော့...
ကျွန်တော် သူမကို သိနေသောကြောင့် ဖြစ်သည်။
ဟုတ်တယ်၊ ကျွန်တော် ကောင်းကောင်း သိတာပေါ့။
မသိဘဲ နေမလား?
သူမက ကျွန်တော် အရင်က ဖန်တီးခဲ့သည့် ဂိမ်းများထဲမှ ဇာတ်ကောင်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။