အခန်း (၇) သိုင်းအရိုး နိုးထခြင်း
ကျန်းယဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဒီရက်ပိုင်းအတွင်း ဆရာမချန်ဇီလုထံမှ အကြံဉာဏ်များ အကြိမ်ကြိမ် တောင်းခံခဲ့ဖူးသည်ဆိုသော်လည်း သူမကို သီးသန့်သွားရောက်တွေ့ဆုံခဲ့ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ပေ။
ချန်ဇီလုကလည်း သူနှင့်တွေ့ရန် ယခုလို ကိုယ်တိုင်ကိုယ်ကျ စတင်ခေါ်ယူဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကျန်းယဲ့ တွေးတောနေစဉ်မှာပင် မိန်းကလေးတစ်ယောက် သူ့ထံလျှောက်လာပြီး ရေသန့်တစ်ဘူး ကမ်းပေးလာသည်။
"ဟိုလေ... ဒီရေက နင့်အတွက်ပါ"
ကျန်းယဲ့ မော့ကြည့်လိုက်တော့ သူ့ကို မကြာခဏ ရေလာပေးလေ့ရှိသည့် 'ရှာချင်း' ဆိုသော မိန်းကလေး ဖြစ်နေသည်။
"ကျေးဇူးပဲ။ နောက်တစ်ခါကျရင် ငါ့ဘက်က ပြန်ဝယ်တိုက်ပါ့မယ်" ဟု ကျန်းယဲ့က ပြန်ဖြေလိုက်သည်။
ရှာချင်းက ရှက်ရွံ့စွာ ခေါင်းညိတ်ပြပြီးနောက် မျက်နှာလေး နီရဲကာ ကမန်းကတန်း ပြေးထွက်သွားတော့သည်။
သူမ၏ ကျောပြင်လေးကို ကြည့်ရင်း ကျန်းယဲ့မှာ ရင်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ဒါ ရုပ်ချောတဲ့သူတွေရဲ့ အခွင့်ထူးများလား။ ဝမ်းနည်းစရာကောင်းတာက ဒီကမ္ဘာကြီးမှာ ရုပ်ချောတာလေး တစ်ခုတည်းနဲ့တော့ ထမင်းစားလို့ မရနိုင်ပေ။
အဝေးမှ ဝမ်ယဲ့ဟွေး လျှောက်လာပြီး သူ့ကို မယုံနိုင်သလို စိုက်ကြည့်နေသည်။
"ဟေ့ကောင်... ငါ့ဘော်ဒါ"
ဝမ်ယဲ့ဟွေးက မကျေမနပ် မျက်နှာထားဖြင့် "မင်း လူစားထိုးခံလိုက်ရတာလား" ဟု မေးလိုက်သည်။
ကျန်းယဲ့က နားမလည်သလို ခေါင်းလှည့်ကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ငါသိတဲ့ ကျန်းယဲ့က ဒီလောက် အထင်ကြီးစရာကောင်းတဲ့ သိုင်းပါရမီမျိုး ရှိစရာအကြောင်းကို မရှိတာကွ။ ဟေ့ကောင်... မင်းက ဘယ်သူလဲ။ ငါ့ရဲ့ ဘော်ဒါရင်းကြီးကို အခုချက်ချင်း ပြန်ပေးစမ်း"
ဝမ်ယဲ့ဟွေးက အကျယ်ကြီး အော်ဟစ်ညည်းတွားတော့သည်။
လွန်ခဲ့သည့် တစ်လအတွင်း ကျန်းယဲ့၏ တိုးတက်မှုနှုန်းကို တခြားသူများ သတိမထားမိလျှင် မထားမိမည် ဖြစ်သည်။
သို့သော် အတူဆိုးတူကောင်း အမြဲပူးကပ်နေသည့် သူငယ်ချင်းဖြစ်သူ ဝမ်ယဲ့ဟွေးကတော့ အထင်အရှား မြင်တွေ့နေရသည်။
အထူးသဖြင့် ဆရာမချန်ဇီလုကိုယ်တိုင်က ကျန်းယဲ့ကို အချိန်ပို သင်ခန်းစာများ သင်ပေးရန် ကမ်းလှမ်းလာသောအခါ ဝမ်ယဲ့ဟွေး၏ မနာလိုဖြစ်မှုမှာ အတိုင်းသား ပေါ်လွင်နေတော့သည်။
နာရေးအိမ်ရောက်နေသကဲ့သို့ ဖြစ်နေသော ဝမ်ယဲ့ဟွေး၏ မျက်နှာထားကိုကြည့်ပြီး ကျန်းယဲ့မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။
တကယ်ပါပဲ၊ ကိုယ့်ဘော်ဒါ ဒုက္ခရောက်မှာကိုလည်း စိုးရိမ်သလို၊ ကိုယ့်ဘော်ဒါ Land Rover ကားကြီး စီးပြီး ကြီးပွားသွားမှာကိုလည်း ကြောက်နေတယ် မဟုတ်လား။
ထိုစဉ်မှာပင် ဝမ်ယဲ့ဟွေးက ရုတ်တရက် "ယဲ့... မင်း တစ်ခုခု ခိုးချနေတာလား။ အကောင်းစားတွေတစ်ခုခုရထားရင်လည်း ငါ့ကို သတိရပါဦးကွာ" ဟု ဆိုလာသည်။
ကျန်းယဲ့က ခေါင်းခါလျက် သက်ပြင်းချကာ "ငါ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်များ ဖြစ်မနေနိုင်ဘူးလားကွာ"
ဝမ်ယဲ့ဟွေး တစ်ခဏမျှ ဆွံ့အသွားသည်။
ထို့နောက် တုံ့ဆိုင်းဆိုင်းဖြင့် "ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုကသာ အဲဒီလောက် ထိရောက်တယ်ဆိုရင် အချမ်းသာဆုံးပုဂ္ဂိုလ်က မြည်းတစ်ကောင် ဖြစ်နေလောက်ပြီပေါ့" ဟု ပြန်ပက်လိုက်သည်။
"..."
ဒီစကားကိုတော့ ပြန်ချေပစရာ စကားလုံး ရှာမတွေ့တော့ပေ။
ဝမ်ယဲ့ဟွေး ဆက်ပြီး ပွစိပွစိ လုပ်ချင်နေသေးသည်ကို မြင်လိုက်ရသဖြင့် ကျန်းယဲ့က "ကျောင်းကန်တင်းကို သွားကြစို့။ အခုမှမသွားရင် ဟင်းရည်တောင် ကျန်တော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"သောက်ကျိုးနည်း!"
ဝမ်ယဲ့ဟွေးမှာ ရုတ်တရက် သတိဝင်လာပြီး စာသင်ခန်းထဲမှ ကမန်းကတန်း ပြေးထွက်သွားတော့သည်။
ကျန်းယဲ့လည်း နောက်မှ ကပ်လိုက်သွားရာ သူတို့နှစ်ယောက် ကျောင်းကန်တင်း အဝင်ဝသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။
ကန်တင်းအဝင်ဝတွင် အီလက်ထရောနစ် စာတန်းပြဘုတ်တစ်ခု ချိတ်ဆွဲထားသည်။
၎င်းပေါ်တွင် ကြွေးကြော်သံ စာတန်းများက အဆက်မပြတ် ရွေ့လျားပေါ်လွင်နေသည်။
[စွမ်းဆောင်ရည်သည်သာ အသက်! စားသောက်ချိန် သတ်မှတ်ချက်ကို လိုက်နာကြပါ!]
[နောက်ဆုံးနှစ်များအတွက် (၁၅) မိနစ်၊ ဒုတိယနှစ်များအတွက် (၂၀) မိနစ်၊ ပထမနှစ်များအတွက် (၃၀) မိနစ်]
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ယဲ့ဟွေးမှာ ကျိန်ဆဲစကား မဆိုဘဲ မနေနိုင်တော့ချေ။ "ချီးတဲ့မှပဲ... ဘာလို့ အချိန်တွေ ထပ်လျော့သွားရပြန်တာလဲ။ အရင်တုန်းက ဒုတိယနှစ်တွေအတွက် နာရီဝက် မဟုတ်ဘူးလား"
ကျန်းယဲ့လည်း ဆွံ့အသွားမိသည်။
ကျောင်းသားများ သင့်င့်ကျင့်ကြံနိုင်ရန် အချိန်ပိုထွက်လာစေရန် ကျောင်းဘက်မှ စည်းမျဉ်းထုတ်ပြီး အချိန်ညှစ်ထုတ်ပေးနေခြင်းဖြစ်ကြောင်း သူ နားလည်ပါသည်။
သို့သော် ယခုတော့ စားသောက်ချိန် ထပ်လျော့သွားပြန်ပြီ။
မိနစ်နှစ်ဆယ်ပဲ ကျန်တော့သည်။
သိုင်းပညာ ကျင့်ကြံခြင်းက အစားအသောက် အလွန်အကျွံ စားသုံးရန် လိုအပ်သည်။
နွားကို အပြေးမြန်စေချင်ပေမယ့် မြက်ကျတော့ အစားမခံဘူးဆိုတာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စကြီး မဟုတ်ဘူးလား။
သူတို့နှစ်ယောက် ကန်တင်းထဲသို့ ညည်းညူရင်း ဝင်လာခဲ့သော်လည်း ကျောင်းသားများမှာ စကားတစ်ခွန်းမျှ မဟကြဘဲ အရူးအမူး မျိုချသံများသာ ထွက်ပေါ်နေအောင် အစားအသောက်များကို အငမ်းမရ စားသောက်နေကြသည်ကိုသာ တွေ့လိုက်ရသည်။
ကျန်းယဲ့သည် ဒုတိယထပ်ရှိ သီးသန့် စားသောက်ခန်းများကို မလွှဲမရှောင်သာ လှမ်းကြည့်လိုက်မိသည်။
"အဲဒီအခန်းတွေက အထူးတန်းက ကျောင်းသားတွေ နေရာယူထားတာလေ"
ရိုးရိုးတန်းနှင့် အထူးတန်းတို့သည် ကျောင်းတစ်ကျောင်းတည်းတွင် ရှိနေကြသော်လည်း သူတို့ရရှိသည့် အခွင့်အရေးနှင့် ဆက်ဆံခံရမှုများကတော့ မိုးနှင့်မြေလို ကွာခြားလှသည်။
စားသောက်ချိန် ကန့်သတ်ချက် စည်းမျဉ်းသည် ရိုးရိုးတန်းများအတွက်သာ အကျုံးဝင်ပြီး အထူးတန်းများကိုမူ သက်ရောက်မှု မရှိပေ။
အထူးတန်း ကျောင်းသားများသည် ပိုမိုကောင်းမွန်သော အာဟာရဖြည့်စွက်စာများကို ရရှိကြပြီး အထောက်အပံ့ အရင်းအမြစ် အမျိုးမျိုးကိုလည်း သုံးစွဲခွင့်ရှိကြသည်။
ဒီလို အခွင့်အရေးမျိုးလောက်ကတော့ သည်းခံနိုင်ပါသေးသည်။
အချို့သော ကျောင်းများတွင်ဆိုလျှင် အနာဂတ် လုပ်ငန်းခွင် ယဉ်ကျေးမှုအတွက် အလေ့အကျင့်ဖြစ်စေရန် ရိုးရိုးတန်း ကျောင်းသားများက အထူးတန်း ကျောင်းသားများကို နှုတ်ဆက်ရသည်အထိ ရှိကြောင်း ကျန်းယဲ့ ကြားဖူးထားသည်။
"တော်ပါသေးရဲ့... အန်းမြို့ အမှတ် (၃) အထက်တန်းကျောင်းက အဲဒီလို မဟုတ်လို့..."
ဟု ကျန်းယဲ့ ရင်ထဲတွင် တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။
...
နေ့လယ်စာစားပြီးနောက် ကျန်းယဲ့သည် ဆရာမချန်ဇီလု၏ ရုံးခန်းသို့ အလျင်အမြန် သွားခဲ့သည်။
ရုံးခန်းထဲတွင် ဘယ်သူမှမရှိပေ။ ချန်ဇီလု ထမင်းစားလို့ မပြီးသေးဘူးဆိုတာ သိသာသည်။
ထို့ကြောင့် ကျန်းယဲ့သည် ထိုနေရာတွင်ပင် ကျင့်ကြံခြင်းကို စတင်ရန် ဆုံးဖြတ်လိုက်သည်။
မကြာမီမှာပင် နာရီဝက်ခန့် ကုန်လွန်သွားခဲ့သည်။
ကျန်းယဲ့ ခေါင်းလှည့်ကြည့်လိုက်သောအခါ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လှပပြီး အေးစက်စက်ဟန်ရှိသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
"ဆရာမ"
ခေါ်ကာ ကျန်းယဲ့က အနီးသို့ ချဉ်းကပ်သွားခဲ့သည်။
ချန်ဇီလုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီရက်ပိုင်းအတွင်း မင်း တော်တော်လေး တိုးတက်လာတယ်။ မင်း နဂါးဆေးလုံး အသုံးပြုခဲ့တာလား" ဟု မေးလိုက်သည်။
ကျန်းယဲ့ လန့်သွားသည်။
ဆရာမ၏ ပထမဆုံး စကားလုံးက ဒါဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ့ရဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုက ဆရာမကိုယ်တိုင်တောင် ဆေးလုံးတွေ အသုံးပြုနေတယ်လို့ သံသယဝင်သွားစေတာလား။
ချက်ချင်းပင် သူက ခေါင်းခါပြကာ ငြင်းဆန်လိုက်သည်။
ချန်ဇီလုက ပေါ့ပေါ့ပါးပါးပင် "ဆေးလုံးတွေကို စောလွန်းတဲ့အချိန်မှာ အသုံးပြုတာက သိပ်မကောင်းလှဘူး။ မင်းက ကျင့်စဉ်မှာ ကျွမ်းကျင်မှုအဆင့်ကြီးကိုတောင် မရောက်သေးဘူးလေ။ အခုချိန်မှာသာ ဆေးလုံးတွေ အသုံးပြုလိုက်ရင် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်ဖို့ ပိုပြီး ခက်ခဲသွားလိမ့်မယ်"
"လီကျစ်ချောင်ကို ငါ ဆေးလုံး သုံးခွင့်ပေးလိုက်တာက သူ့မိဘနှစ်ပါးစလုံးက သိုင်းပညာရှင်ကြီးတွေ ဖြစ်နေပြီး ဘေးထွက်ဆိုးကျိုးတချို့ကို ဖယ်ရှားပေးနိုင်လို့ပဲ။"
"မင်းသာ အချိန်မတိုင်မီ ဆေးလုံးတွေကို အသုံးပြုလိုက်ရင် မင်းကိုယ်မင်း ပိုပြီး ကုန်ခမ်းသွားအောင် လုပ်သလိုပဲ ဖြစ်လိမ့်မယ်။"
ဝမ်ယဲ့ဟွေးကတောင် ကျန်းယဲ့ရဲ့ တိုးတက်မှုကို မြင်နိုင်သေးရာ ဆရာမဖြစ်သူ ချန်ဇီလုကတော့ ပိုလို့တောင် ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိပေသည်။
သူမအမြင်တွင် လွန်ခဲ့သောတစ်လအတွင်း ကျန်းယဲ့၏ တိုးတက်လာမှုက သိသိသာသာကို ထူးခြားနေခဲ့သည်။
ကျန်းယဲ့က မတတ်သာသည့်ဟန်ဖြင့် "ဆရာမ... ကျွန်တော် တကယ်ပဲ ဘာဆေးလုံးမှ အသုံးမပြုခဲ့ပါဘူး" ဟု ပြောလိုက်သည်။
သူသည် နောက်ပိုင်းမှ လူတိုင်းကို အံ့အားသင့်သွားစေရန်ရည်ရွယ်ပြီး အားနည်းဟန်ဆောင်ကာ ပုန်းကွယ်နေလိုစိတ် မရှိပေ။
သူ့တွင် ပါရမီရှိကြောင်း ဆရာမက ပို၍ သဘောပေါက်လေလေ၊ သူ့ကို သင်ကြားပေးရန် ပိုမိုလိုလားလေလေ ဖြစ်ပြီး တိုးတက်ရန် အခွင့်အလမ်းများလည်း ပိုရနိုင်လေလေပင် ဖြစ်သည်။
သို့သော် ချန်ဇီလုက ပြုံးလိုက်ကာ "ဘာလို့ အဲဒီလောက် စိုးရိမ်နေရတာလဲ။ မင်း ဆေးလုံးတွေ အသုံးမပြုခဲ့ဘူးဆိုတာ ငါ သိပါတယ်"
"ဗျာ?"
ကျန်းယဲ့က နားမလည်နိုင်သလို သူမကို ကြည့်လိုက်သည်။
ချန်ဇီလုက ဆက်လက်၍ "ဒါပေမဲ့ နောက်ပိုင်း မင်း ဆေးလုံးတွေ အသုံးပြုဖို့ အစီအစဉ်ရှိလာရင် ငါ့ဆီ လာခဲ့လို့ရတယ်။ ငါ့မှာ ဘေးထွက်ဆိုးကျိုး နည်းပြီး ဈေးပိုသက်သာတဲ့ လမ်းကြောင်း ရှိတယ်"
"..."
ကျန်းယဲ့ တစ်ခဏမျှ အကြောင်သား ဖြစ်သွားသည်။
ထို့နောက် သူ၏ ရင်ထဲတွင် အံ့သြမှုများ ပေါက်ကွဲထွက်လာတော့သည်။
ဒါဆို သူမ အခုပြောခဲ့တာတွေ အားလုံးက သူ့ကို ဆေးလုံး လာရောင်းနေတာပေါ့လေ။
လီကျစ်ချောင်ရဲ့ နဂါးဆေးလုံးကရော ချန်ဇီလုဆီကများ ဝယ်ထားတာ ဖြစ်နေမလား။
"ဆရာမ... ခုနလေးတင်ပဲ ဆေးလုံးတွေ မသုံးဖို့ ပြောထားတယ် မဟုတ်ဘူးလား" အတန်ကြာ ဆွံ့အသွားပြီးနောက် ကျန်းယဲ့က မေးလိုက်သည်။
ချန်ဇီလုက ပြန်ဖြေသည်။ "အချိန်မတိုင်ခင် မသုံးဖို့ ပြောတာလေ။ လုံးဝ မသုံးဖို့ ပြောတာမှ မဟုတ်တာ"
"ကြယ်တာရာ ကိုယ်ခံပညာလမ်းစဉ်ကို လျှောက်လှမ်းရာမှာ ဆေးလုံးတွေ အသုံးပြုတာက မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ။"
"ဒါပေမဲ့ အကောင်းဆုံးကတော့ ဆေးလုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိဖို့အတွက် 'ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်' ကို အထွတ်အထိပ်အဆင့် ရောက်တဲ့အထိ ကျွမ်းကျင်အောင် လုပ်ထားဖို့ လိုတယ်။"
ကျန်းယဲ့က ဇဝေဇဝါဖြင့် "ဒါဆို လီကျစ်ချောင်ကျတော့..." ဟု မေးလိုက်သည်။
ချန်ဇီလုက သူ့ကို ဆေးလုံးသုံးရန် အကြံမပေးမီ လီကျစ်ချောင်သည် လက်သီးပညာရပ်တွင် ကျွမ်းကျင်မှုအဆင့်ကြီးကိုသာ တတ်မြောက်ထားသေးသည်ကို သူ မှတ်မိနေသည်။
ချန်ဇီလုက ပေါ့ပေါ့ပါးပါးပင် "လီကျစ်ချောင်ရဲ့ ပါရမီက ကုန်ခန်းသွားပြီလေ။ ဆေးလုံးတွေကို စောစောစီးစီး အသုံးပြုတာကသာ သူ့ကို ပိုကောင်းတဲ့ ကိုယ်ခံပညာတက္ကသိုလ်တစ်ခု ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှိစေမှာပဲ"
"မင်းနဲ့ ပတ်သက်ပြီးတော့က...."
သူမက ကျန်းယဲ့ကို တစ်ချက် ကြည့်လိုက်ပြီး "မင်း ဆေးလုံးတွေ အသုံးပြုထားတဲ့ လက္ခဏာမျိုး ငါ မခံစားမိဘူး။ ဒါဟာ မင်းမှာ 'သိုင်းအရိုး နိုးထခြင်း' ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လား" ဟု ဆိုလိုက်သည်။
"သိုင်းအရိုး နိုးထခြင်း?"
ကျန်းယဲ့၏ မျက်နှာတွင် နားမလည်မှုများ အထင်းသား ပေါ်လာသည်။
ချန်ဇီလုက ရှင်းပြသည်။ "လူတစ်ယောက်ရဲ့ သိုင်းပါရမီကို ဆုံးဖြတ်ပေးတာက မွေးရာပါ ပါရမီအပြင် သိုင်းအရိုးပဲ ဖြစ်တယ်။"
"သေချာတာပေါ့... ပါရမီ ပိုမြင့်လေ၊ သဘာဝအလျောက် သိုင်းအရိုးက ပိုသန်မာလေပဲ။"
"ပုံမှန်အားဖြင့်တော့ သိုင်းအရိုးဟာ မွေးရာပါ ပါရမီလိုပဲ ပြောင်းလဲလို့ မရဘူး" ချန်ဇီလုက ပြောသည်။ "ဒါပေမဲ့ ရှားရှားပါးပါး အခြေအနေတွေမှာတော့ နောက်ပိုင်းမှ သိုင်းအရိုးက တဖြည်းဖြည်း ပြောင်းလဲသွားပြီး ပါရမီကို အံ့မခန်း မြှင့်တင်ပေးနိုင်တဲ့ အဖြစ်အပျက်မျိုးတွေ ရှိခဲ့ဖူးတယ်။ အဲဒါကို သိုင်းအရိုး နိုးထခြင်းလို့ ခေါ်တာပဲ။"
"သြော်... အဲဒီလိုကိုး"
ကျန်းယဲ့ ခေါင်းညိတ်လိုက်ပြီး အနည်းငယ် သဘောပေါက်သွားသည်။
သိုင်းအရိုးဆိုတာက 'ခန္ဓာကိုယ်ဖွဲ့စည်းပုံ' နဲ့ သဘောသဘာဝချင်း တူညီပုံရသည်။
သူသည် သိုင်းအရိုး နိုးထခဲ့ခြင်း မဟုတ်သော်လည်း သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာတော့ မြင့်မားတိုးတက်လာခဲ့သည်။
ဤရှင်းပြချက်က သူ၏ မြန်ဆန်သော ကျင့်ကြံမှုနှုန်းကို အကြောင်းပြရန် အလွန်ပင် သင့်လျော်နေပေသည်။
ကျန်းယဲ့က ချက်ချင်းပင် "ဒါဆိုရင် သိုင်းအရိုး နိုးထလာတာပဲ ဖြစ်ရမယ်။ အရင်ကတည်းက ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတချို့ကို တကယ် ခံစားမိခဲ့တယ်..."
သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မြင့်မားလာစဉ်က ပြောင်းလဲမှုများကို စကားအနည်းငယ် ပြင်ဆင်၍ ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ချန်ဇီလုသည် မတ်တတ်ရပ်ကာ ကျန်းယဲ့အနီးသို့ လျှောက်လာခဲ့သည်။
ကျန်းယဲ့ ဘာမှန်းမသိ နားမလည်သေးခင်မှာပင် ကျော့ရှင်းသော လက်တစ်ဖက်က သူ၏ လည်ပင်းနောက်ကျောကို လာရောက်ထိတွေ့လိုက်ကြောင်း ခံစားလိုက်ရသည်။
"မင်း စိတ်မဆိုးဘူးမလား" ဟု ချန်ဇီလုက မေးလိုက်သည်။
"ဆရာမ သဘောအတိုင်း လုပ်ပါ"
ကျန်းယဲ့က တည်ငြိမ်စွာ ပြန်ဖြေသည်။
နောက်တစ်ခဏတွင် သူ၏ ကျောရိုးဆစ်များမှတစ်ဆင့် ဆန်းကြယ်သော စွမ်းအင်တစ်ခု ဖြတ်သန်းစီးဆင်းသွားသည်ကို သူ ခံစားလိုက်ရသည်။
ကျင်တက်သွားသော ခံစားမှုတစ်ခုက ကျန်းယဲ့၏ အာရုံကြောများကို ချက်ချင်း နိုးကြားသွားစေသည်။
"ဒါက..." ကျန်းယဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
သက်စောင့်ကြိုး အတားအဆီးများကို ချိုးဖျက်နိုင်သူများသည် ထူးကဲသော အတွင်းအားများကို ဖန်တီးနိုင်ကြောင်း သူ ကြားဖူးခဲ့သည်။
ဒါက အဲဒီလို ထူးကဲတဲ့ စွမ်းအင်မျိုးလား။
အံ့သြစရာကောင်းလောက်အောင် ထိုစွမ်းအင်က ရုတ်တရက် ရွှင်လန်းကြည်နူးမှုကို ဖြစ်ပေါ်စေပြီး သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို သက်သောင့်သက်သာ ဖြစ်သွားစေသည်။
အလျင်အမြန်ပင် ချန်ဇီလုသည် သူမ၏လက်ကို ရုပ်သိမ်းလိုက်ပြီး ခေါင်းညိတ်ကာ-
"မင်းဆီမှာ တကယ်ပဲ သိုင်းအရိုး နိုးထမှု ဖြစ်ပေါ်ခဲ့ပုံရတယ်"
ကျန်းယဲ့ကို ကြည့်ကာ သူမက ပြုံးလိုက်ပြီး "အခုဆို မင်း ပိုကောင်းတဲ့ ကိုယ်ခံပညာတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိသွားလောက်ပြီ" ဟု ပြောသည်။
ကျန်းယဲ့ လက်အုပ်ချီလိုက်ပြီး "ဆရာမရဲ့ သွန်သင်လမ်းပြမှုကြောင့်ပါ"
ချန်ဇီလုက ရယ်မောလိုက်သည်။ သိသာထင်ရှားစွာပင် သူမ သဘောကျသွားပုံရသည်။
"နှိမ့်ချနေစရာ မလိုပါဘူး။ ဆရာဆိုတာ တံခါးကို ဖွင့်ပေးရုံပါပဲ။ ကျင့်ကြံတယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ မင်းရဲ့ ကြိုးစားအားထုတ်မှုကသာ အဓိကပဲ။"
ချန်ဇီလုက ဆက်လက်၍ "မင်းဆီမှာ သိုင်းအရိုး နိုးထမှု ဖြစ်ပေါ်လာပြီဆိုတော့ အခုအချိန်မှာ မင်း နားလည်ဖို့ အသင့်ဖြစ်နေတဲ့ ကိစ္စတချို့ ရှိလာပြီ" ဟု ပြောသည်။
ကျန်းယဲ့က နားမလည်သောဟန်ဖြင့် "ဆရာမ... အသေအချာ ရှင်းပြပေးပါဦး" ဟု တောင်းဆိုလိုက်သည်။