အခန်း (၅) မိသားစုဝင် လေးဦး
"ကျေးဇူးပါပဲ"
သူ့ရှေ့ရှိ ရှက်သွေးဖြာနေသော မိန်းကလေးကိုကြည့်ရင်း ကျန်းယဲ့သည် ဟန်မဆောင်နေတော့ဘဲ ရေသန့်ဘူးကို တိုက်ရိုက်ပင် လှမ်းယူလိုက်သည်။
ထိုမိန်းကလေး၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားလေသည်။
အတန်းမဆင်းမီ ဆရာမချန်ဇီလု ပြောသွားခဲ့သည့် နောက်ဆုံးစကားကို ကျန်းယဲ့ ပြန်လည်အမှတ်ရသွားသည်။
"ရှေ့လျှောက် ဆရာမဆီမှာ ငါ ပိုပြီးတော့ အကြံဉာဏ်တောင်းဖို့ လိုအပ်လာပြီပဲ"
စနစ်၏ ဖော်ပြချက်အရ သူ၏ နားလည်နိုင်စွမ်းသည် ဆရာမချန်ဇီလု သင်ကြားပေးနေချိန်တွင်သာ ၃၀% တိုးလာမည်ဖြစ်သည်။
အတန်းတွင်းမှာပဲဖြစ်ဖြစ်၊ သီးသန့်သင်ကြားချိန်မှာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက သူ့အတွက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေချည်းပင် ဖြစ်သည်။
သူ၏ ရှေ့ဆက်ရမည့် လမ်းခရီးအတွက် သူ စတင် စီစဉ်တွေးတောနေမိသည်။
ကျန်းယဲ့သည် တစ်နေ့တာ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး နေဝင်ဆည်းဆာအောက်တွင် အိမ်အပြန်လမ်းဆီသို့ ခြေလှမ်းစတင်လိုက်လေတော့သည်။
...
ထောင်ယန်ရပ်ကွက်။
အဆောက်အအုံအမှတ် (၁၂)၊ အခန်းအမှတ် (၆၀၆)။
သူ အိမ်ပြန်ရောက်သည်နှင့် တပြိုင်နက် အရသာရှိလှသော အစားအစာရနံ့များက လေထဲတွင် သင်းပျံ့နေသည်။ မော့ကြည့်လိုက်ရာ ထမင်းစားစားပွဲပေါ်တွင် အရောင်အဆင်း ဆွဲဆောင်မှုရှိလှသော အမဲသားနှပ်နှင့် ပြောင်းဖူးဝက်နံရိုးဟင်းတို့ကို တွေ့လိုက်ရသည်။
"သား ပြန်ရောက်ပြီလား"
မီးဖိုချောင်ထဲမှ သူ၏ မွေးစားမိခင်ဖြစ်သူ လီအန်းဖျင်က သူ့ကိုမြင်သွားပြီး ပြုံးကာ "မြန်မြန်လာ ထမင်းစားကြမယ်" ဟု ပြောလိုက်သည်။
ကျန်းယဲ့ လက်ဆေးပြီး ထမင်းစားပွဲဆီသို့ လျှောက်လာခဲ့သည်။
"အစ်ကို!"
စတုတ္ထတန်း၊ သို့မဟုတ် ပဉ္စမတန်းအရွယ်ခန့်ရှိသော ကောင်မလေးတစ်ယောက် ပြေးလာသည်။ သူမသည် အလွန်ချစ်စရာကောင်းပြီး မျက်လုံးလေးများမှာလည်း ကလည်ကလည်နှင့်ဖြစ်ကာ ကျန်းယဲ့အား အချွဲတပို ဖက်တွယ်လိုက်လေသည်။
"အစ်ကို... သကြားလုံး ပါလာလားဟင်"
"ထင်းထင်း... ထမင်းစားချိန်ရောက်နေပြီလေ" ဟု လီအန်းဖျင်က အပြစ်တင်သလို လှမ်းပြောလိုက်သည်။
ကျန်းယဲ့၏ ညီမလေး ကျန်းထင်းသည် အသက်ဆယ့်နှစ်နှစ်ပင် မပြည့်သေးသော ချစ်စရာ ကောင်မလေးတစ်ယောက် ဖြစ်သည်။
ကျန်းယဲ့သည် သူ၏ အိတ်ကပ်ထဲမှ တုတ်ထိုးသကြားလုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး "ထမင်းအရင်စား၊ ပြီးမှ သကြားလုံးစားရမယ်။ မဟုတ်ရင် နောက်တစ်ခါ သကြားလုံး ထပ်မဝယ်ပေးတော့ဘူးနော်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ သိပါပြီရှင့်"
ကျန်းထင်းက ဝမ်းသာပျော်ရွှင်သော မျက်နှာထားလေးဖြင့် တုတ်ထိုးသကြားလုံးကို လှမ်းယူလိုက်သည်။
သူတို့သုံးယောက် ထမင်းစားပွဲတွင် ထိုင်လိုက်ကြပြီး လီအန်းဖျင်က "ယဲ့... သားရဲ့ ဒီနေ့ စာသင်နှစ်စ စာမေးပွဲ ဘယ်လိုနေလဲ" ဟု ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"အဆင်ပြေပါတယ် အမေ၊ အဆင့် ၂၅ ရတယ်" ဟု ကျန်းယဲ့က ပြန်ဖြေလိုက်သည်။
လီအန်းဖျင်က အံ့ဩဝမ်းသာစွာဖြင့် "အဆင့် ၂၅ ဟုတ်လား။ ဒါဆို ပြီးခဲ့တဲ့နှစ်ဝက်ကထက် အဆင့် ၁၅ တောင် တက်လာတာပေါ့!? သားအဖေသာ ဒါကိုကြားရင် အရမ်းဝမ်းသာနေမှာပဲ" ဟု ရေရွတ်လိုက်သည်။
ကျန်းယဲ့ ပြုံးလိုက်ပြီး "အဖေက ဒီရက်ပိုင်း ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ" ဟု မေးလိုက်သည်။
"ဒီရက်ပိုင်း စက်ရုံမှာ အချိန်ပို ဆင်းနေရလို့ပါ သားရယ်"
လီအန်းဖျင်က အသေးစိတ် ဆက်မပြောတော့ချေ။
သူ၏ မွေးစားဖခင် ကျန်းတာ့ဟိုင်သည် အန်းမြို့ရှိ ဇီဝစက်ရုပ် အတုအပ အစိတ်အပိုင်းများ ထုတ်လုပ်သော စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူဖြစ်သည်။
"အရိပ်ဘေးအန္တရာယ်" ကြောင့် မြို့ကြီးပြကြီးများအတွင်း၌ပင် ပုန်းကွယ်နေသော အန္တရာယ်များ ရှိနေနိုင်သည်။
အရိပ်ဘေးအန္တရာယ် ကျရောက်လာတိုင်း ထိခိုက်ဒဏ်ရာရမှု နှုန်းထားများ သိသိသာသာ မြင့်တက်လာတတ်ပြီး ဇီဝစက်ရုပ်နည်းပညာလုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးတက်လာစေခဲ့သည်။
"သတင်းကြေညာချက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညက အနောက်တောင်တန်းပြည်နယ်၊ ချင်းယန်မြို့မှာ အဆင့် (၂) 'အရိပ်ဘေးအန္တရာယ်' တစ်ခု ကျရောက်ခဲ့ပါတယ်..."
"ရဲတပ်ဖွဲ့နဲ့ ချင်းယန်မြို့ အရိပ်မုဆိုးဗျူရိုတို့ ပူးပေါင်းပြီး အရိပ်ဘေးအန္တရာယ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်... ဒေသခံတွေအနေနဲ့ ညဘက်အပြင်ထွက်တာကို လျှော့ချကြဖို့နဲ့၊ ကိုယ်ခံပညာ ပထမနယ်ပယ်အောက်မှာရှိတဲ့သူတွေအနေနဲ့ ညဘက်အပြင်ထွက်တာကို ရှောင်ကြဉ်ကြဖို့ အကြံပြုအပ်ပါတယ်..."
ဧည့်ခန်းရှိ နံရံကပ်ရုပ်မြင်သံကြားစက်တွင် ညနေခင်းသတင်းများ ကြေညာနေလေသည်။
"ချင်းယန်မြို့?"
ဤသတင်းကို ကြားသောအခါ ကျန်းယဲ့ အနည်းငယ် တအံ့တဩ ဖြစ်သွားသည်။
ချင်းယန်မြို့သည် အန်းမြို့ဘေးနားတွင်ရှိပြီး အနောက်တောင်တန်းပြည်နယ်၏ ထိပ်တန်းမြို့ကြီးငါးမြို့စာရင်းဝင် မြို့တစ်မြို့ဖြစ်သည်။
ထို့အပြင် ၎င်းမြို့တွင် ကိုယ်ခံပညာတက္ကသိုလ်တစ်ခုလည်း ရှိပြီး အန်းမြို့ထက် ပြည်သူ့လုံခြုံရေး ပိုမိုကောင်းမွန်သည်ဟု နာမည်ကြီးလေသည်။
သို့တိုင်အောင် အရိပ်ဘေးအန္တရာယ် ကျရောက်လာပြီဆိုပါက လူအသေအပျောက်မှာ ရှောင်လွှဲ၍မရနိုင်ပေ။
ကျန်းယဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ကိုယ်ခံပညာ ပထမနယ်ပယ်မှာရှိတဲ့ သူတွေလောက်ပဲ အရိပ်ဘေးအန္တရာယ်ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အခွင့်အရေး အနည်းအကျဉ်း ရှိတာ..."
ကိုယ်ခံပညာတွင် နယ်ပယ်ခုနစ်ခု ရှိလေသည်။
နယ်ပယ်တစ်ခုစီကို ဖောက်ထွက်နိုင်ခြင်းသည် သက်ရှိတို့၏ ကန့်သတ်ချက် သံကြိုးများကို ရိုက်ချိုးကာ အမြင့်အသစ်များဆီသို့ တက်လှမ်းနိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
ဤလုပ်ငန်းစဉ်အတွင်း ထူးကဲသော စွမ်းရည်အမျိုးမျိုး ထွက်ပေါ်လာတတ်သည်။
ဘဝ၏ ကန့်သတ်ချက်သံကြိုးများကို ပထမဆုံးအကြိမ် ဖောက်ထွက်နိုင်သူများကို "ကြယ်တာရာ ကိုယ်ခံပညာရှင်များ" ဟု ခေါ်ဆိုကြသည်။
၎င်းကို "ပထမအဆင့် ဖောက်ထွက်ခြင်း" ဟုလည်း ခေါ်ကြသည်။
ထိုအဆင့်သို့ရောက်မှသာ အရိပ်ဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်မည့် စွမ်းအားနှင့် ယုံကြည်မှုတို့ ရှိလာမည်ဖြစ်သည်။
...
ညစာစားပြီးနောက် ကျန်းယဲ့သည် ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်ရန် သူ၏ အခန်းထဲသို့ ပြန်လာခဲ့သည်။
ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်သည် အပြာရောင်ကြယ် ဖက်ဒရေးရှင်းမှ ရေးဆွဲချမှတ်ထားသော အခြေခံကျင့်စဉ်တစ်ခုဖြစ်ပြီး၊ ကြယ်တာရာ ကိုယ်ခံပညာလမ်းကြောင်းပေါ်ရှိ ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။
ကျင့်ကြံခြင်းတွင် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိခြင်းသည် ပထမဆုံး ဘဝကန့်သတ်ချက် သံကြိုးများနှင့် နီးကပ်လာပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
သို့သော် ဤမျှနှင့် ကိုယ်ခံပညာ ပထမနယ်ပယ်သို့ ဝင်ရောက်ရန် မလုံလောက်သေးပေ၊ အမှန်တကယ် အသွင်ကူးပြောင်းနိုင်ရန် ကြယ်တာရာစွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို အကြိမ်ကြိမ် သန့်စင်ရန် လိုအပ်သေးသည်။
ယခုလောလောဆယ်တွင်မူ ဤအရာများသည် ကျန်းယဲ့အတွက် အလှမ်းဝေးနေဆဲဖြစ်သည်။
သူ၏ အချက်အလက်ပြဘုတ်ကို သူ တစ်ချက် လှမ်းကြည့်လိုက်သည်။
—အဆင့်နိမ့် ကိုယ်ခံပညာ အောင်မြင်မှုစနစ်—
[အမည် - ကျန်းယဲ့]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - သာမန်ခန္ဓာကိုယ် (C အဆင့်)]
[ကျင့်စဉ်]
ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ် - ကျွမ်းကျင်မှုအဆင့်ငယ် (၁%)
[အောင်မြင်မှုများ]
သိုင်းသခင်၊ သိုင်းဘိုးဘေး၏ မိတ်ဆွေ
—
အောင်မြင်မှု နှစ်ခုမှ ဆောင်ကြဉ်းပေးလာသော အကျိုးကျေးဇူးများကို သူ ပြန်လည်သုံးသပ်ကြည့်မိသည်။
ကျန်းယဲ့ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ရင်း "ရွှေလက်ချောင်းပါတာ တကယ်ကို ကောင်းတာပဲ" ဟု ရေရွတ်လိုက်သည်။
ရွှေလက်ချောင်းစနစ်ကို အသုံးပြုရခြင်းအတွက် သူ အနည်းငယ်မျှ ရှက်ရွံ့မနေချေ။
အဆုံးအစမရှိ ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ဘယ်လိုထိပ်တန်းသိုင်းပညာရှင်ကများ ရွှေလက်ချောင်းကို မသုံးဘဲ နေခဲ့ဖူးလို့လဲ။
ရွှေလက်ချောင်းကို အသုံးပြုခြင်းသည် ကြိုးစားအားထုတ်မှုနှင့် ဆန့်ကျင်ဘက်မဟုတ်ပေ။ ရွှေလက်ချောင်းကို အသုံးပြုရင်း ကြိုးစားအားထုတ်ခြင်းသည်သာ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်၏ အစစ်အမှန် လမ်းကြောင်းပင်ဖြစ်သည်။
"မြန်မြန် ပိုသန်စွမ်းလာဖို့အတွက် ငါ နောက်ထပ် အောင်မြင်မှုတွေကို ထပ်ပြီး ဖွင့်နိုင်ဖို့ လိုတယ်" ဟု ကျန်းယဲ့ တွေးတောလိုက်သည်။
ဤအောင်မြင်မှုများသည် အခြေခံအားဖြင့် အထောက်အကူပြု စွမ်းအင်များသာ ဖြစ်သည်။
၎င်းတို့၏ အကျိုးသက်ရောက်မှုများကို အကန့်အသတ်မရှိ ထပ်ဆင့် ပေါင်းစပ်နိုင်သည်။
အခက်အခဲမှာ အောင်မြင်မှုအသစ်များကို မည်သို့မည်ပုံ ဖွင့်ရမည်ကို ရှာဖွေရခြင်းပင်ဖြစ်သည်။
"ငါ ဖွင့်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေက စနစ်ရဲ့ အကဲဖြတ်မှု မှားယွင်းတာကြောင့်များလား..." ကျန်းယဲ့၏ မျက်နှာထားမှာ တစ်မျိုးကြီး ဖြစ်သွားသည်။
ရိုးရိုးလေးပြောရလျှင် စနစ်သည် သူ၏ ပတ်ဝန်းကျင်ကို တိတိကျကျ ပိုင်းခြားသိမြင်နိုင်ရန် ပျက်ကွက်ခဲ့ခြင်းပင်။
အဆင့်မြင့်ကိုယ်ခံပညာကမ္ဘာကို အဆင့်နိမ့် ကိုယ်ခံပညာကမ္ဘာဟု အထင်မှားခဲ့သည်။
စာမေးပွဲများကိုလည်း သိုင်းပြိုင်ပွဲများအဖြစ် အထင်မှားခဲ့သည်။
ရလဒ်က မှန်နေသော်လည်း လုပ်ငန်းစဉ်ကတော့ ရှုပ်ထွေးကမောက်ကမ ဖြစ်နေလေသည်။
ယခုမေးစရာရှိသည်မှာ စနစ်က ဤလမ်းကြောင်းအတိုင်း ဆက်သွားနေဦးမည်လား ဆိုသည်ပင်။
နောက်ပိုင်းကျရင်ရော သူ့ဘာသာသူ အလိုအလျောက် အမှားပြင်ဆင်သွားမှာလား။
ဒါတွေအားလုံးက အဖြေမသိရသေးတဲ့ ပဟေဠိတွေချည်းပါပဲ။
"လောလောဆယ်တော့ ငါ ရိုးရိုးသားသားနဲ့ ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်သင့်တယ်" ဟု ကျန်းယဲ့ တွေးလိုက်သည်။
သူ့အတွက် အလုံခြုံဆုံး မဟာဗျူဟာမှာ သူ၏ စွမ်းရည်များကို မြှင့်တင်ပြီး ပိုမိုမြင့်မားသော ကိုယ်ခံပညာ အောင်မြင်မှုများကို ဖွင့်လှစ်နိုင်ရန်ပင်ဖြစ်သည်။
အောင်မြင်မှုများ ပိုမိုဖွင့်လှစ်ပြီး ၎င်းတို့၏ ပုံစံများကို ဖော်ထုတ်ခြင်းအားဖြင့် သူ တစ်ခုခုကို သဘောပေါက်နားလည်လာနိုင်သည်။
"ကျင့်စဉ်မှာ ကျွမ်းကျင်မှုအဆင့်ကြီးကို ဖောက်ထွက်နိုင်ရင် အသွင်ကူးပြောင်းမှုတစ်ခုကို ယူဆောင်လာပေးလိမ့်မယ်"
"အဲဒီအချိန်ရောက်ရင် အောင်မြင်မှုအသစ်တွေကို ဖွင့်နိုင်ကောင်း ဖွင့်နိုင်မှာပါ"
ကျန်းယဲ့သည် အာရုံလွင့်ပါးခြင်း အလျဉ်းမရှိဘဲ လေ့ကျင့်မှုထဲသို့ တဖြည်းဖြည်း နစ်မြောဝင်ရောက်သွားလေတော့သည်။
...
ညဆယ်နာရီ အချိန်တွင်။
"ကျွိ..."
တံခါးပွင့်လာသံနှင့်အတူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အိမ်ထဲသို့ ဝင်လာလေသည်။
"ဘယ်လိုလဲ ရှင်၊ အလုပ်သစ်ရှာလို့ ရခဲ့လား"
လီအန်းဖျင်က အနားသို့လျှောက်သွားကာ ညင်သာစွာ မေးလိုက်သည်။
ကျန်းတာ့ဟိုင်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် "ရှာရတာ ခက်တယ်ကွာ။ ကုမ္ပဏီတော်တော်များများက အသက်လေးဆယ်ကျော်ပြီဆိုတာ ကြားတာနဲ့တင် လက်မခံကြတော့ဘူး" ဟု ဖြေလေသည်။
သက်လတ်ပိုင်းအရွယ်တွင် အလုပ်လက်မဲ့ဖြစ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းပင်။
ကျန်းတာ့ဟိုင်သည်လည်း ယခု အလုပ်ဖြုတ်ခံရသည့် လှိုင်းလုံးကြီးအတွင်း ရိုက်ခတ်ခံရသူများထဲမှ တစ်ဦးအပါအဝင် ဖြစ်လေသည်။
"မနက်ဖြန်ကျရင်တော့ အရိပ်မုဆိုးဗျူရိုမှာ အလုပ်သွားလျှောက်ကြည့်မလို့ စဉ်းစားထားတယ်။ ညဘက် လုံခြုံရေးအစောင့် နေရာလွတ်တွေ ရှိတယ်လို့ ကြားတယ်" ဆိုဖာပေါ်တွင် ထိုင်ရင်း ကျန်းတာ့ဟိုင်က သူ၏ အစီအစဉ်ကို ပြောပြလိုက်သည်။
လီအန်းဖျင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး "အရိပ်မုဆိုးဗျူရို? အဲဒါက အရိပ်ဘေးအန္တရာယ်တွေကို ဖြေရှင်းတဲ့နေရာ မဟုတ်ဘူးလား။ အန္တရာယ်မများလွန်းဘူးလားရှင်"
"မစိုးရိမ်ပါနဲ့ကွာ၊ အဲဒီမှာ အစောင့်လုပ်ရုံ သက်သက်ပါ။ ဘာအန္တရာယ်မှ မရှိပါဘူး"
"ဒါပေမဲ့ ညဘက်ကြီး အလုပ်လုပ်ရမှာလေ..."
လီအန်းဖျင်က သူမ၏ ခင်ပွန်းကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။
သတင်းတွေထဲမှာတောင် ညဘက် အပြင်မထွက်ဖို့ သတိပေးထားသည် မဟုတ်ပါလား။
အရိပ်ဘေးအန္တရာယ်များသည် နေ့ဘက်တွင် ဖြစ်ပွားနိုင်သော်လည်း ညဘက်များတွင် ပို၍ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ကျန်းတာ့ဟိုင်သည် လေ့ကျင့်မှုအချို့ ပြုလုပ်ခဲ့ဖူးသော်လည်း ပထမအဆင့် ဖောက်ထွက်ခြင်းသို့ပင် မရောက်သေးရာ၊ အန္တရာယ်ကြုံတွေ့လာပါက မိမိကိုယ်ကို ကာကွယ်ရန် ခက်ခဲလှပေမည်။
ဤစိုးရိမ်ပူပန်မှုများကို နားလည်သော်လည်း လီအန်းဖျင်သည် သူ့ကို မည်သို့ ဖျောင်းဖျရမည်ကို သေချာမသိဖြစ်နေသည်။
ကျန်းထင်းကလည်း ဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ဝစွာ လိုအပ်နေသည့် အရွယ်ဖြစ်ပြီး၊ ကျန်းယဲ့ကလည်း ကိုယ်ခံပညာ ကျင့်ကြံမှုအတွက် အလွန်အရေးကြီးသော အဆင့်သို့ ရောက်ရှိနေကာ အားဖြည့်အာဟာရများစွာ လိုအပ်နေသည်။
ကလေးနှစ်ယောက်စလုံးအတွက် ငွေလိုနေသည်။
ကြီးမားလှသော မိသားစု အသုံးစရိတ်များကြောင့် သူမ ဆက်ပြီး မတားဆီးနိုင်တော့ချေ။
"ကဲပါ... မစိုးရိမ်ပါနဲ့ကွာ"
ကျန်းတာ့ဟိုင်က သူမကို စိတ်သက်သာရာရစေရန် ကြိုးစားပြောဆိုလိုက်သည်။ "ငါက အဲဒီနေရာမှာ အစောင့်သွားလုပ်ရုံသက်သက်ပါ၊ ပြီးတော့ အဲဒါက အရိပ်မုဆိုးဗျူရိုလေ၊ တစ်မြို့လုံးမှာ အလုံခြုံဆုံးနေရာပေါ့"
"ဒါ့အပြင် ငါလည်း ပထမအဆင့် ဖောက်ထွက်ခြင်းကို ရောက်ဖို့ နီးနေပါပြီ။ မင်းထင်သလောက်လည်း ငါက မစွမ်းမသန် ဖြစ်မနေပါဘူးကွ"
"ဒါနဲ့... ဒီတစ်ခေါက် စာသင်နှစ်စ စာမေးပွဲမှာ ငါတို့ရဲ့ ယဲ့လေးက အဆင့် ၂၅ ရတယ်တဲ့" လီအန်းဖျင်က သတိရသွားပြီး ပြောလိုက်သည်။
"တကယ်လား!"
ကျန်းတာ့ဟိုင်၏ မျက်လုံးများ အံ့ဩဝမ်းသာမှုကြောင့် အရောင်လက်သွားပြီး "ဟားဟားဟား! ဒီကောင်လေး လုပ်နိုင်မယ်ဆိုတာ ငါ သိနေတာပေါ့ကွာ။ ဒီတစ်ခါ သူ အများကြီးကို တိုးတက်လာတာပဲ..."
ကျန်းတာ့ဟိုင်သည် ကျန်းယဲ့၏ မဆုတ်မနစ် ကြိုးစားအားထုတ်နေမှုများကို အမြဲစောင့်ကြည့်နေခဲ့သူ ဖြစ်သည်။
သို့သော် ဝမ်းသာရွှင်မြူးသွားပြီးနောက် ကျန်းတာ့ဟိုင်၏ မျက်နှာထားမှာ တည်ကြည်သွားကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့လေ... သူ့ရဲ့ ကြိုးစားမှုအဆင့်နဲ့ဆို သူ့မှာသာ ပါရမီလေး နည်းနည်းပိုကောင်းခဲ့မယ်ဆိုရင် ကိုယ်ခံပညာ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်ခွင့်ရပြီး ငါတို့လို ဘဝမျိုးကို နင်းဖြတ်စရာ လိုတော့မှာ မဟုတ်ဘူး"
သူနှင့် လီအန်းဖျင် နှစ်ဦးစလုံးမှာ ပါရမီနည်းပါးသူများ ဖြစ်ကြသည်။
ပါရမီနည်းပါးခြင်းက သိုင်းပညာခရီးလမ်းတွင် မည်မျှအထိ ကန့်သတ်ချက်များ ဖြစ်စေသည်ကို ကျန်းတာ့ဟိုင် ကောင်းကောင်းကြီး သိထားလေသည်။
ကျန်းတာ့ဟိုင် သူ၏ လက်သီးကို ဖြည်းညင်းစွာ ဆုပ်လိုက်ပြီး "ဘာပဲဖြစ်ဖြစ်လေ၊ ဒီလောက် ကြိုးစားနေတဲ့ သူ့ကို ဖခင်တစ်ယောက်အနေနဲ့ ဆွဲချသလိုတော့ အဖြစ်မခံနိုင်ဘူး"
"ရှိသမျှ အကုန်ရောင်းရရင်တောင်မှ ငါတို့ရဲ့ သားကို ကိုယ်ခံပညာတက္ကသိုလ် ရောက်အောင် ပို့ပေးရမယ်" ဟု ကျန်းတာ့ဟိုင်က ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်လေသည်။