အခန်း (၃၀) - မိုးကြိုးမီးတောက်
စင်မြင့်ပေါ်မှ ဝမ်ဇီအန်က "စီးဆင်းနေတဲ့ အလင်းတန်း စမ်းသပ်မှုရဲ့ စုစုပေါင်း အမှတ်က ၂၀၀ ဖြစ်ပါတယ်။ အမှတ် ၁၂၀ အောက် ရတဲ့သူတွေကတော့ ပြုတ်သွားပြီလို့ သတ်မှတ်ပါတယ်" ဟု ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်။
ဖန်သားပြင်ကြီးပေါ်တွင် စမ်းသပ်ခံသူ သုံးဆယ်၏ အမည်များက မှေးမှိန်ပျောက်ကွယ်သွားသည်။
"နောက်ထပ် လူ ၃၀ ပြုတ်သွားပြန်ပြီ"
"လူ ၄၀ တောင် မကျန်တော့ဘူး"
ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျောင်း၏ စမ်းသပ်မှုက တကယ်ကို မလွယ်ကူကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။
နောက်ဆုံး စမ်းသပ်မှုမှာသာ ဒီလိုမျိုး လူအများကြီး ထပ်ပြုတ်သွားဦးမည်ဆိုလျှင် ဤစမ်းသပ်မှုကို အောင်မြင်သူ ၁၀ ယောက်ပင် ပြည့်တော့မည် မဟုတ်ပေ။
ဒါက အနိမ့်ဆုံးအဆင့် စမ်းသပ်မှုသာ ဖြစ်သော်လည်း အောင်မြင်မှုရာခိုင်နှုန်းက ကြောက်ခမန်းလိလိ နိမ့်ကျလွန်းနေသည်။
"မိုးကြိုးမီးတောက် စမ်းသပ်မှုဆိုတာ တိတိကျကျ ဘယ်လိုမျိုးလဲ" ကျန်းယဲ့၏ ရင်ထဲတွင် မျှော်လင့်တကြီး ဖြစ်နေသည်။
ပထမ စမ်းသပ်မှုနှစ်ခုက ပုံရိပ်ယောင်ကမ္ဘာထဲတွင် ပြုလုပ်ခဲ့သော်လည်း မိုးကြိုးမီးတောက် စမ်းသပ်မှုကမူ လက်တွေ့ပြင်ပတွင် ပြုလုပ်ခြင်း ဖြစ်သည်။
မိုးကြိုးမီးတောက် စမ်းသပ်မှုတွင် ပို၍ ကြာရှည်စွာ တောင့်ခံနိုင်လေ အကျိုးအမြတ် ပိုရလေဖြစ်ကြောင်း ဝမ်ဇီအန်က အရင်ကတည်းက ပြောထားခဲ့သည်။
သိသာထင်ရှားစွာပင် ဤစမ်းသပ်မှုက သာမန်ထက် ထူးကဲနေသည်။
ကျန်ရစ်နေသေးသော အခြားစမ်းသပ်ခံသူများကလည်း စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။
ထိုအခိုက်တွင်။
ဝမ်ဇီအန်က "နောက်ဆုံး စမ်းသပ်မှု... မိုးကြိုးမီးတောက် စမ်းသပ်မှု" ဟု ခပ်ပေါ့ပေါ့ ပြောရင်း နံရံပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
နောက်တစ်ခဏမှာပင်။
လူတိုင်း၏အောက်ရှိ ပုံရိပ်ယောင် အခန်းငယ်များက မြေပြင်အောက်သို့ တစ်ခုပြီးတစ်ခု နစ်မြုပ်သွားကြသည်။
"ဒုန်း..." သတ္တုနံရံများက အရပ်မျက်နှာ အသီးသီးမှ မြင့်တက်လာပြီး ခန်းမဆောင်တစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။
ထိုသတ္တုနံရံများပေါ်တွင် ရေတွက်၍မရနိုင်လောက်အောင် သိပ်သည်းစွာ ပြည့်နှက်နေသည့် သတ္တုပိုက်ခေါင်းများ ရှိနေပြီး အရေအတွက်အားဖြင့် ရာချီရှိကာ အားလုံးက ကွင်းထဲရှိ စမ်းသပ်ခံသူများထံသို့ ချိန်ရွယ်ထားကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း ကျောချမ်းမသွားဘဲ မနေနိုင်တော့ပေ။
"မိုးကြိုးမီးတောက် စမ်းသပ်မှုဆိုတာ ငါတို့ကို လျှပ်စီးတွေ၊ မီးတောက်တွေနဲ့ တကယ်ကြီး ကင်ပစ်မှာတော့ မဟုတ်ပါဘူးနော်"
ကျန်းယဲ့သည်လည်း အနည်းငယ် ထိတ်လန့်သွားမိသည်။ ဒါက နည်းနည်းလေး များလွန်းမနေဘူးလား။
လူတိုင်းက အာရုံကြောများ တင်းမာကာ စိုးရိမ်ပူပန်နေကြချိန်မှာပင်။
ဝှီး...
သတ္တုပိုက်ခေါင်း ရာပေါင်းများစွာက သိပ်သည်းသော ဓာတ်ငွေ့တစ်မျိုးကို တစ်ပြိုင်နက်တည်း မှုတ်ထုတ်လိုက်ကြသည်။
ထိုဓာတ်ငွေ့များမှာ ခရမ်းနီရောင်ဖျော့ဖျော့ရှိပြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် စမ်းသပ်ခံသူ အားလုံး၏ ချွေးပေါက်များအတွင်းသို့ အလျင်အမြန် တိုးဝင်သွားကြတော့သည်။
ဝမ်ဇီအန်က မိတ်ဆက်ပေးလိုက်သည်။
"ဒီဓာတ်ငွေ့ထဲမှာ မိုးကြိုးနဲ့ မီးတောက် သဘာဝပါဝင်တဲ့ ကြယ်တာရာစွမ်းအင် အနည်းငယ် ပါဝင်ပြီး မင်းတို့ရဲ့ ခန္ဓာကိုယ်ကို စင်ကြယ်ကြံ့ခိုင်စေနိုင်တယ်။"
"ပိုပြီး ကြာကြာ တောင့်ခံနိုင်လေ အကျိုးအမြတ် ပိုရလေပဲ။"
"သေချာတာကတော့ ဒီလုပ်ငန်းစဉ်က အရမ်းကို နာကျင်ရလိမ့်မယ်"
ဝမ်ဇီအန်က မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုကို ပြသလိုက်ကာ "ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်ကို အထွတ်အထိပ်အဆင့်အထိ မရောက်သေးတဲ့ သူတွေအတွက်တော့ ဒီနာကျင်မှုက အဆပေါင်းများစွာ ပိုပြီး ပြင်းထန်လိမ့်မယ်"
သူက ဆက်ပြီး ရှင်းပြနေရန်ပင် မလိုတော့ပေ။
ထိုနေရာရှိ လူတိုင်းက ခံစားနေရပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဤနေရာ၌ ကျင့်စဉ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ကျောင်းသားတစ်ယောက်မျှ မရှိပေ။
ခရမ်းနီရောင် ဓာတ်ငွေ့များ ချွေးပေါက်ထဲသို့ တိုးဝင်လာသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့က စူးရှသော နာကျင်မှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။
ဆူပွက်ပူလောင်နေသော ပုရွက်ဆိတ် အကောင်ရေ မရေမတွက်နိုင်အောင်က သူ၏ ဆဲလ်များကို ကိုက်ခဲနေပြီး ဒဏ်ရာများပေါ်သို့ ဆားသိပ်ခံနေရသကဲ့သို့ ခံစားရသည်။
ထိုအချိန်မှာပင် ကျောင်းသားအချို့က စတင် အော်ဟစ်ငိုယိုနေကြပြီ ဖြစ်သည်။
"အမေရေ..."
ကျောင်းသားအချို့က နာကျင်မှုကို ဆက်လက်သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။
ဝမ်ဇီအန်က ခပ်ပေါ့ပေါ့ပင် "သည်းမခံနိုင်တော့ရင် ဘေးနားက ခလုတ်ကို အချိန်မရွေး နှိပ်ပြီး စမ်းသပ်မှုကနေ ချက်ချင်း ထွက်သွားလို့ ရတယ်" ဟု ပြောလိုက်သည်။
"ဒါပေမယ့်..."
"စမ်းသပ်မှုကို အောင်မြင်ဖို့ဆိုရင် ၁၅ မိနစ်ကျော်အောင်တော့ တောင့်ခံထားရမယ်"
"အမှတ်ပြည့်ရဖို့ကတော့ တစ်နာရီကျော်အောင် တောင့်ခံရမှာပဲ"
သူ၏ စကားများက လူတိုင်းကို ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရစေသည်။
ဤမျှ နာကျင်နေတာကို ၁၅ မိနစ်တောင် တောင့်ခံရဦးမယ်တဲ့လား။
သို့သော်လည်း လူတိုင်းက အံကြိတ်ထားကြပြီး မည်သူကမျှ ထွက်ခွာမည့်ခလုတ်ကို မနှိပ်ကြပေ။
တတိယအဆင့်အထိ ရောက်လာဖို့ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတာပဲ။ ဘယ်လိုလုပ် အလွယ်တကူ လက်မြှောက်အရှုံးပေးနိုင်ပါ့မလဲ။
ခဏတာမျှ ခန်းမဆောင်တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက အံကိုကြိတ်ကာ သည်းခံနေကြသည်။
ကျန်းယဲ့၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။ သူ၏ ခိုင်မာအားကောင်းသော သိုင်းပညာ စိတ်ဆန္ဒကြောင့် ဖြစ်နိုင်ပြီး ဤနာကျင်မှုအဆင့်က သူ သည်းခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။
မလှမ်းမကမ်းရှိ ကျန်ရွှယ်ချင်း၊ ရွှီလဲ့နှင့် အခြားသူများမှာလည်း အလားတူပင် တည်ငြိမ်သော အမူအရာများ ရှိနေကြသည်။
သူတို့က ကျင့်စဉ်တွင် အထွတ်အထိပ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူတို့ ခံစားရသော နာကျင်မှုမှာ အခြားသူများထက် ပိုမို ပေါ့ပါးနေခြင်း ဖြစ်သည်။
ကျန်းယဲ့၏ ဘေးတွင်တော့။
လီကျစ်ချောင်က ပြီးခဲ့သည့် ခြောက်လအတွင်း ဆေးဝါးများကို ဇွဲမလျှော့ဘဲ ဆက်တိုက် မှီဝဲခဲ့ခြင်း၏ အကျိုးကျေးဇူးကို ပြသနေသည်။ ဆေးဝါးများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိခဲ့သောကြောင့် သူ၏ သည်းခံနိုင်စွမ်းက အခြားသူများထက် ပိုမို အားကောင်းနေခြင်း ဖြစ်သည်။
လင်းရွှမ်၏ မျက်နှာကမူ အလွန်အရုပ်ဆိုးနေသည်။ မည်သို့ပင်ဆိုစေ သူက ပထမနှစ် ကျောင်းသားသာ ဖြစ်ပြီး ကျင့်စဉ်တွင် ကျွမ်းကျင်မှုအဆင့်ကြီးသို့ ချိုးဖျက်နိုင်ခဲ့သည်မှာ မကြာသေးပေ။
သူ ခံစားရသော နာကျင်မှုက အခြားသူများထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေသည်။
"တောင့်ခံထားရမယ်။ ငါ ကျစ်ချောင်ကို လုံးဝ အရှုံးပေးလို့ မဖြစ်ဘူး" လင်းရွှမ်က အံကို တင်းတင်းကြိတ်ထားလိုက်သည်။
...
အချိန်များက အဆက်မပြတ် ကုန်လွန်နေသည်။
ငါးမိနစ်... ဆယ်မိနစ်။
နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က နာကျင်မှုကို သည်းမခံနိုင်တော့ဘဲ ထွက်ခွာခလုတ်ကို နှိပ်လိုက်တော့သည်။
နောက်တစ်ခဏမှာပင် ထိုလူရပ်နေသော မြေပြင်က တိုက်ရိုက် နစ်မြုပ်သွားပြီး သူ့ကို စမ်းသပ်မှုကွင်းပြင်ထဲမှ အပြင်သို့ ပို့ဆောင်ပေးလိုက်သည်။
ရှေ့ရှိ ဖန်သားပြင်ကြီးပေါ်တွင် ကျန်ရစ်သူ အရေအတွက်ကို အဆက်မပြတ် မွမ်းမံဖော်ပြနေသည်။
[ကျန်ရစ်သူ - ၃၉ ယောက်၊ ၃၈ ယောက်၊ ၃၇ ယောက်...]
နောက်ဆုံးတွင်တော့ အချိန်က ၁၅ မိနစ်သို့ ရောက်ရှိလာခဲ့သည်။
စမ်းသပ်ခံသူ အများစုက သက်ပြင်းတစ်ချက်ချလိုက်ကြပြီး စမ်းသပ်မှုထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။
သူတို့ စမ်းသပ်မှုကို အောင်မြင်သွားပြီလေ။
ထိပ်သီးသုံးယောက်နေရာအတွက် မယှဉ်ပြိုင်သရွေ့ ဆက်နေစရာ အကြောင်းမရှိတော့ပေ။
မကြာမီမှာပင် ခန်းမဆောင်ထဲတွင် လူဆယ်ယောက်ပင် မကျန်တော့ပေ။
"ဒီလောက် နာကျင်မှုအဆင့်ပဲ ဆိုရင်တော့..."
လင်းရွှမ်၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ငါ တစ်နာရီလောက် တောင့်ခံနိုင်လောက်တယ်"
အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသား တစ်ယောက်အနေဖြင့်...
သူ၏ သိုင်းပညာ စိတ်ဆန္ဒက တကယ်ကို အားကောင်းလှသည်။
ယခုအခါတွင် ထိုနာကျင်မှုနှင့် သူ တဖြည်းဖြည်း အသားကျလာခဲ့ပြီ ဖြစ်သည်။
အဆုံးမရှိသော ထိုနာကျင်မှုများကြားတွင် သိမ်မွေ့သော သာယာမှုတစ်မျိုးကိုပင် သူ ရှာတွေ့သွားပြီး ယင်းကို သူ သာယာနှစ်သက်နေလေသည်။
သို့သော် လင်းရွှမ်က ဆက်လက်၍ တောင့်ခံထားရန် စီစဉ်နေဆဲမှာပင်။
စင်မြင့်ပေါ်မှ...
ဝမ်ဇီအန်က ရုတ်တရက် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီးနောက် ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
"ဝုန်း..."
စမ်းသပ်မှုကွင်းပြင်ထဲတွင်။
သတ္တုပိုက်ခေါင်း ရာပေါင်းများစွာက ယခင်ကထက် အဆပေါင်းများစွာ ပိုမို သိပ်သည်းသော ခရမ်းနီရောင် ဓာတ်ငွေ့များကို ရုတ်တရက် မှုတ်ထုတ်လိုက်ကြသည်။
ဓာတ်ငွေ့သိပ်သည်းဆ ရုတ်တရက် မြင့်တက်လာမှုက ပို၍ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုကိုပါ တစ်ပါတည်း သယ်ဆောင်လာခဲ့သည်။
"အား..."
လင်းရွှမ်က နောက်ဆုံးတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်တော့သည်။
ကျန်းယဲ့ပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲလာသည်။ ယခင်က နာကျင်မှုသည် ဒဏ်ရာပေါ်သို့ ဆားသိပ်ခံနေရသကဲ့သို့ ဖြစ်ခဲ့မည်ဆိုပါက...
ယခုအခါတွင်တော့ ထိုဒဏ်ရာများအပေါ်သို့ အရက်အပြင်းစားများနှင့် ဆီပူများ လောင်းချနေသကဲ့သို့ပင်။
ဤခံစားချက်က မယုံနိုင်လောက်အောင်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
မလှမ်းမကမ်းရှိ ကျန်ရွှယ်ချင်း၊ ရွှီလဲ့နှင့် အခြားသော ဒုတိယနှစ် အထူးတန်း ကျောင်းသားများမှာလည်း မျက်နှာများ ရှုံ့မဲ့လာကြသည်။
အထွတ်အထိပ်အဆင့်နှင့် အနီးစပ်ဆုံးဖြစ်သော ကျန်ရွှယ်ချင်းပင်လျှင် ဆက်လက် တောင့်ခံထားရန် အနည်းငယ် ခက်ခဲလာကြောင်း ခံစားလိုက်ရသည်။
"၁၅ မိနစ်တိုင်းမှာ စမ်းသပ်မှုရဲ့ အခက်အခဲအဆင့်က တစ်ဆင့်စီ မြင့်တက်သွားလိမ့်မယ်"
ဝမ်ဇီအန်က ပြုံးလျက် ပြောလိုက်သည်။ "မင်းတို့အားလုံး ကံကောင်းပါစေကွာ"
ဤစကားက မိစ္ဆာတစ်ကောင်၏ တီးတိုးရေရွတ်သံအလား လူတိုင်း၏ မျက်နှာအမူအရာများကို ချက်ချင်း ပြောင်းလဲသွားစေသည်။
၁၅ မိနစ်ကို တစ်ဆင့် မြင့်မှာလား။
ဆိုလိုတာက... နောက်ထပ် ၁၅ မိနစ်နေရင် နာကျင်မှုက ထပ်ပြီး ပြင်းထန်လာဦးမယ်ပေါ့။
"တောင့်ခံထားရမယ်"
ကျန်းယဲ့က သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်သည်။ ဤနာကျင်မှုအဆင့်ကို သူ အနိုင်နိုင် တောင့်ခံထားနိုင်သေးသည်။
သို့သော် နောက်ထပ် ၁၅ မိနစ် ထပ်ပြီး သည်းခံနိုင်ပါ့မလား ဆိုတာကိုတော့ သူ သေချာ မသိပေ။
မည်သို့ပင်ဖြစ်စေ ဤအဆင့်ကို သူ ဖြတ်ကျော်ရမည်သာ ဖြစ်သည်။
...
တစ်ဖက်တွင်တော့ လင်းရွှမ်၏ မျက်နှာက အလွန်အမင်း မှုန်ကုပ်နေသည်။
ဤအုပ်စုထဲတွင် သူက တစ်ဦးတည်းသော ပထမနှစ် ကျောင်းသား ဖြစ်သည်။
ကျင့်စဉ်အဆင့် လိုအပ်နေမှုကြောင့် သူ ခံစားရသော နာကျင်မှုက အခြားသူများထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေသည်။
"ကျစ်... ဒါက တကယ်ပဲ ငါ့ရဲ့ ကန့်သတ်ချက်လား"
"ငါက ကျစ်ချောင်ကို ရှုံးရမှာလား။ ရိုးရိုးတန်းကို တကယ်ကြီး အရှုံးပေးရတော့မှာလား"
လင်းရွှမ်၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏ ရင်ထဲတွင် ဟိန်းဟောက်လိုက်သည်။ "တောင့်ခံထားစမ်း... သောက်ကျိုးနည်း"
အချိန်များက ဆက်လက် ကုန်လွန်နေသည်။
တဖြည်းဖြည်းနှင့် ပိုမို ပြင်းထန်လာသော နာကျင်မှုများကြားတွင် လင်းရွှမ်က ရင်းနှီးနေသော ထိုသာယာမှု အရိပ်အယောင်လေးကို ထပ်မံ ရှာတွေ့သွားပြန်သည်။
သူ... တောင့်ခံနိုင်ခဲ့ပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤစမ်းသပ်မှုက နာရီဝက် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် ကွင်းထဲ၌ လူငါးယောက်သာ ကျန်တော့သည်။
ကျန်းယဲ့၊ ကျန်ရွှယ်ချင်း၊ ရွှီလဲ့၊ လီကျစ်ချောင် နှင့် လင်းရွှမ်။
စင်မြင့်ပေါ်မှ ဝမ်ဇီအန်က အနည်းငယ် ပြုံးကာ "တတိယအဆင့်ကို စတင်လိုက်"
ဝုန်း...
စမ်းသပ်မှုကွင်းပြင်ထဲတွင် သတ္တုပိုက်ခေါင်း ရာပေါင်းများစွာက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး ပိုမိုသိပ်သည်းသော ခရမ်းနီရောင် ဓာတ်ငွေ့များကို မှုတ်ထုတ်လိုက်ကြပြန်သည်။
တတိယအဆင့် ရောက်ရှိလာမှုနှင့်အတူ ထိုနေရာရှိ လူငါးယောက်က ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ဖိအားကို ချက်ချင်း ခံစားလိုက်ကြရသည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ ပထမဆုံး ပြုတ်သွားသူမှာ လင်းရွှမ် မဟုတ်ခဲ့ပေ။
လီကျစ်ချောင် ဖြစ်နေသည်။
လင်းရွှမ်က လီကျစ်ချောင် ပြုတ်သွားသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားသည့် ခံစားချက်မျိုး ခံစားလိုက်ရပုံပေါ်ပြီး မကြာမီမှာပင် စမ်းသပ်မှုကို အဆုံးသတ်လိုက်တော့သည်။
ကွင်းထဲတွင် အသည်းအသန် တောင့်ခံနေသော လူသုံးယောက်သာ ကျန်တော့သည်။
ကျန်ရွှယ်ချင်း၊ ရွှီလဲ့ နှင့် ကျန်းယဲ့။
ထိပ်သီးသုံးယောက်ကတော့ အတည်ပြုလို့ ရသွားခဲ့ပြီ။
ဒါပေမယ့် ဘယ်သူက ပထမ ရမလဲ။ မကြာခင်မှာ အဖြေပေါ်လာတော့မှာပါ။