အခန်း (၂၅) - ရာခိုင်နှုန်း ၃၀ သာရှိသော အခွင့်အရေး
"ဆန်းလု... ဘာ ဆန်းလုလဲ"
ထိုစကားကို ကြားသောအခါ လင်းရွှမ်က မျက်မှောင်အပြင်းအထန် ကြုတ်သွားသည်။
"ဘာမှမဟုတ်ပါဘူး" ကျန်းယဲ့က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "နာမည်မကြီးတဲ့ နို့မှုန့်တံဆိပ်တစ်ခုအကြောင်း ပြောလိုက်တာပါ" ဟု ဖြေလိုက်သည်။
လင်းရွှမ်က သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ဘေးဘက်မှ လီကျစ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "အထူးတန်းဆိုတာ ငါ ဝင်ချင်တဲ့အချိန် ဝင်လို့ရတယ်။ အခုလောလောဆယ်တော့ ငါ ရိုးရိုးတန်းမှာပဲ နေချင်သေးလို့" ဟု ပြောလိုက်သည်။
"ဒါလည်း မဆိုးပါဘူးလေ"
လင်းရွှမ်က ရယ်မောလိုက်ပြီး "ဒီစမ်းသပ်မှုမှာ အဆင့်မြင့် သိုင်းပညာရပ်တစ်ခု ရနိုင်မယ့် အခွင့်အရေး ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် နေရာက သုံးနေရာပဲ ရှိတာ"
"ကျစ်ချောင်... မင်း အစွမ်းကုန် ကြိုးစားတာ ကောင်းလိမ့်မယ်။ မင်းက ဒုတိယနှစ်ရောက်နေပြီဆိုတော့ ငါတို့ ပထမနှစ်တွေကို အရှုံးမပေးစေချင်ဘူးနော်"
ထိုသို့ပြောပြီးနောက် လင်းရွှမ်က သူတို့နှစ်ယောက်ရှေ့တွင် ဆက်မနေတော့ဘဲ လှည့်ထွက်သွားလေသည်။
ကောင်းကင်နဂါးရပ်ကွက်မှ ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်တစ်ယောက်၊ ပြီးတော့ အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသားတစ်ယောက်အနေဖြင့် ရိုးရိုးတန်းကျောင်းသားများနှင့် ယှဉ်တွဲရပ်နေရခြင်းကို သူက အမြဲတမ်း အထင်အမြင်သေးလေ့ရှိသည်။
နောက်ထပ် တစ်စက္ကန့်လောက် ဆက်နေရမည်ဆိုလျှင်ပင် သူ၏ ဂုဏ်အတန်းအစားနှင့် ပါရမီကို ကြီးမားစွာ စော်ကားလိုက်သကဲ့သို့ ခံစားရသည်။
"ကျစ်ချောင်ကတော့ ကောင်းကင်နဂါးရပ်ကွက်ကို တကယ် အရှက်ခွဲတာပဲ။ တတိယနှစ်ရောက်တော့မယ့်ဥစ္စာ ရိုးရိုးတန်းက အောက်ခြေလူတန်းစားတွေနဲ့ ရောနှောနေတုန်းပဲလား" လင်းရွှမ်က မထီမဲ့မြင် တွေးလိုက်သည်။
သူ၏ အမြင်တွင် အထူးတန်း ကျောင်းသားများနှင့် ရိုးရိုးတန်း ကျောင်းသားများသည် မျိုးစိတ်တူသည်ဟုပင် မသတ်မှတ်ထားပေ။
"တကယ်တော့လည်း ကျစ်ချောင်ကိုယ်တိုင်က အဆင့်နိမ့် ပါရမီပဲ ရှိတာကိုး။ ရိုးရိုးတန်းက လူတွေနဲ့ ဘာမှမကွာပါဘူးလေ"
"နောင်ကျရင် သူနဲ့ ခပ်ကင်းကင်းပဲ နေရမယ်။ ငါတို့က လမ်းကြောင်းမတူဘူးပဲ"
လင်းရွှမ်က ခေါင်းခါရင်း လျှောက်သွားတော့သည်။
ကျန်ရစ်ခဲ့သော နေရာတွင်။
လီကျစ်ချောင်က နှာခေါင်းရှုံ့လိုက်ကာ "ဒီကောင်ကတော့..."
တစ်ဖက်လူက သက်သက်မဲ့ လာကြွားသွားမှန်း သိသာလှသော်လည်း သူ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူက အန်းမြို့ အမှတ် (၃) အထက်တန်းကျောင်းက ရိုးရိုးတန်းရဲ့ အဆင့် (၁) သာ ဖြစ်သည်။
လင်းရွှမ်ကမူ အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်း အထူးတန်း၏ ထိပ်သီးဆယ်ယောက်စာရင်းဝင် ဖြစ်သည်။
ထိုကဲ့သို့သော ကွာဟချက်ကြီးကို သူက တစ်နှစ် ပိုကြီးနေသည့်တိုင် ကျော်လွှားနိုင်ရန် ခက်ခဲလှသည်။
"ငါ အိမ်ပြန်ရောက်ရင် တစ်ပတ်ကို ဆေးငါးလုံးထိုးမယ့် အစီအစဉ်ကို စိန်ခေါ်ကြည့်ရမယ်" လီကျစ်ချောင်က တိတ်တဆိတ် လက်သီးဆုပ်လိုက်သည်။
ဘေးဘက်မှ ကျန်းယဲ့ကတော့ ဤကိစ္စအပေါ် သိပ်ပြီး တွေးမနေဘဲ လင်းရွှမ် ထွက်သွားချိန်ကို အခွင့်ကောင်းယူကာ အချက်အလက်ပြဘောင်ကို ဖွင့်၍ သူ့ကို ကြည့်လိုက်သည်။
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - သာမန်ခန္ဓာကိုယ် (A အဆင့်အလယ်ပိုင်း)]
[ပါရမီ - မွေးဖွားခြင်း ပါရမီ]
"A အဆင့်အလယ်ပိုင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ... ဒါက အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်းရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းပဲလား။ ဒါက ငါတို့ကျောင်းကို အဆင့်အတန်းချင်း မတူအောင် နှိမ်လိုက်တာနဲ့တောင် တူနေပြီ"
ဟု ကျန်းယဲ့ စိတ်ထဲမှ တွေးလိုက်သည်။
ခန်းမထဲရှိ ကျောင်းသားအများစုမှာ B အဆင့် သာမန်ခန္ဓာကိုယ်များသာ ဖြစ်ကြပြီး A အဆင့်အနိမ့်ပိုင်းသို့ ရောက်ရှိသူ အနည်းငယ်သာ ရှိသည်။
နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက လင်းရွှမ်သည် ကြက်အုပ်ထဲ ရောက်နေသော ကြိုးကြာငှက်တစ်ကောင်ပမာ ထင်းထွက်နေသည်။
...
ထိုအချိန်တွင် ခန်းမဆောင်ထဲ၌ လူများ တဖြည်းဖြည်း ပြည့်နှက်လာသည်။
သို့သော် စမ်းသပ်မှုမှာ တရားဝင် မစတင်ရသေးပေ။
"ဒီစမ်းသပ်မှုကိုလည်း ပုံရိပ်ယောင် ကြယ်တာရာကောင်းကင်ထဲမှာပဲ ပြုလုပ်မှာလား"
ကျန်းယဲ့က ရှေ့သို့ လှမ်းကြည့်ရင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ "တိကျတဲ့ စမ်းသပ်မှုက ဘာများဖြစ်မလဲ။ အရိပ်လူမျိုးနွယ်တွေကို ပြန်ပြီး အမဲလိုက်ခိုင်းတာမျိုးတော့ မဖြစ်နိုင်လောက်ဘူးမလား"
ဤကိစ္စနှင့် ပတ်သက်၍ သူက ချန်ဇီလုကို အရင်က မေးမြန်းခဲ့ဖူးသည်။
ဝမ်းနည်းစရာမှာ စမ်းသပ်မှု၏ အကြောင်းအရာသည် အလွန်လျှို့ဝှက်ထားသော ကိစ္စဖြစ်ပြီး တရားဝင် မစတင်မီ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
"ကျောင်းအဖို့တော့ စမ်းသပ်မှုဆိုတာ နောက်ဆုံးအကဲဖြတ် စစ်ဆေးမှုထက်တောင် ပိုပြီး အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒါက တကယ့် ထူးချွန်တဲ့ ကျောင်းသားတွေကို ဖော်ထုတ်ပေးနိုင်လို့ပဲ"
"ဒါကြောင့်လည်း စမ်းသပ်မှုမှာ အောင်မြင်သူတွေအတွက် ဆုလာဘ်တွေက အလွန် များပြားကြွယ်ဝနေတာ"
ကျန်းယဲ့က စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။ "များပြားလှတဲ့ ငွေသားဆုတွေအပြင်... ဒီတစ်ကြိမ်အတွက် အရေးအကြီးဆုံးအရာက အဲဒီ အဆင့်မြင့် သိုင်းပညာရပ်ပဲ"
သိုင်းပညာရပ်။
ကျွမ်းကျင်မှု တိုက်ခိုက်ရေး နည်းစနစ်။
ယင်းက တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကို အများကြီး မြှင့်တင်ပေးနိုင်သည်။
"ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်" ကလည်း စွမ်းအားကို မြှင့်တင်ပေးနိုင်သော်လည်း ၎င်းက အခြေခံကျင့်စဉ်တစ်ခုသာ ဖြစ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် ပိုမိုရည်ရွယ်ထားကာ တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကိုမူ အနည်းငယ်သာ တိုးမြှင့်ပေးနိုင်သည်။
သို့သော် သိုင်းပညာရပ်ကမူ သိသာထင်ရှားသော ဖျက်ဆီးနိုင်စွမ်း ရှိသည်။
ကျောက်ချင်းလီနှင့် လင်းမြောင်မြောင်တို့ကဲ့သို့ ထိပ်တန်းအဆင့်ရှိ ကျောင်းသူများ။
သူတို့၏ ရမှတ်မြင့်မားမှုများသည်လည်း သိုင်းပညာရပ်များကို ကျင့်ကြံထားခြင်းကြောင့်ပင် ဖြစ်သည်။
"ဒီတစ်ကြိမ်မှာ သုံးနေရာပဲ ရှိတာ"
"ဆိုလိုတာက... အဲဒီ အဆင့်မြင့် သိုင်းပညာရပ်ကို ရဖို့အတွက် ငါ အကောင်းဆုံး ထိပ်သီးသုံးယောက်ထဲ ဝင်အောင် လုပ်ရမယ်"
ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သူ အထူးတလည် သတိထားစောင့်ကြည့်ရမည့် လင်းရွှမ်အပြင် ဤစမ်းသပ်မှုတွင် ဒုတိယနှစ် အထူးတန်းကျောင်းသား အနည်းငယ်လည်း ပါဝင်နေသည်။
သူတို့က အထူးတန်း၏ အောက်ခြေအဆင့်များ ဖြစ်ပုံရပြီး သူတို့၏ ကျင့်စဉ်များမှာလည်း အထွတ်အထိပ်အဆင့်သို့ မရောက်ရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည်လည်း အထွတ်အထိပ်အဆင့်နှင့် များစွာ ကွာဝေးလှသည်တော့ မဟုတ်ပေ။
ဤလူများက အင်အားကြီးမားသော ပြိုင်ဖက်များ ဖြစ်ကြသည်။
ထိုအချိန်မှာပင် ကျန်းယဲ့က ရုတ်တရက် အနည်းငယ် မှင်သက်သွားသည်။
"ဝမ်ဇီအန်... သူက ဘာလို့ ဒီရောက်နေတာလဲ" ကျန်းယဲ့က အဝေးသို့ လှမ်းကြည့်ရင်း မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။
တစ်ကျောင်းလုံး အဆင့် (၃) ကတောင် ဒီလိုစမ်းသပ်မှုမျိုးမှာ လာပြီး ပါဝင်နေတာလား။ ရူးတော့မှာပဲ။
...
ထိုအချိန်တွင် ဝမ်ဇီအန်သည် စင်မြင့်တစ်ခုပေါ်၌ ရပ်နေသည်။
ကျန်းယဲ့၏ ခန့်မှန်းချက်နှင့် ဆန့်ကျင်စွာပင် သူက စမ်းသပ်မှုတွင် ပါဝင်ရန် ရောက်နေခြင်း မဟုတ်ပေ။
သူက အခင်းဖြစ်ပွားရာ နေရာတွင် စည်းကမ်းထိန်းသိမ်းရန် ရောက်ရှိနေခြင်း ဖြစ်သည်။
"ဒါက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ဆရာကျန်းက ဘာအလုပ်မှ မရှိဘူးထင်တယ်။ စည်းကမ်းထိန်းသိမ်းခိုင်းဖို့ ဒီလောက်ပူတဲ့အချိန်ကြီး ငါ့ကို ခေါ်ရတယ်လို့"
ဝမ်ဇီအန်က မှုန်ကုပ်ကုပ်ဖြင့် ညည်းညူလိုက်သည်။ "ငါက တစ်ကျောင်းလုံး အဆင့် (၃) ကွ။ ငါ့မှာ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူးလား"
ထိုအခိုက်အတန့်တွင် မနှစ်မြို့သည့် အကြည့်တစ်ခုကို သူ ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအကြည့်ကို လိုက်ရှာကြည့်လိုက်ပြီးနောက် ဝမ်ဇီအန်က သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။
ပို၍မြင့်သော စင်မြင့်ပေါ်တွင် လူရိပ်တစ်ခုက ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ပေါ်လာခဲ့သည်။
အဲဒါက ဆရာကျန်းကျန်းဝူပဲ!
ထိုအချိန်တွင် ကျန်းကျန်းဝူသည် လက်ပိုက်ကာ အေးစက်သော အမူအရာဖြင့် သူ့ကို ငုံ့ကြည့်နေသည်။
ဝမ်ဇီအန်က မမြင်လိုက်သကဲ့သို့ ဟန်ဆောင်ကာ "ဆရာကျန်းက နားလေးတယ်လေ... ငါပြောတာ ကြားလိုက်မှာ မဟုတ်ပါဘူး။ ဟုတ်တယ်... အဲဒီလိုပဲ ဖြစ်ရမယ်" ဟု စိတ်ထဲမှ တွေးလိုက်သည်။
သူက ခန်းမဆောင်ကို မသိမသာ ဝေ့ကြည့်ရင်း လုံခြုံရေးတာဝန်ကို လိမ္မာရေးခြားရှိစွာ ယူလိုက်တော့သည်။
ထိုအခိုက်တွင် သူ ရုတ်တရက် ရပ်တန့်သွားသည်။
"အတန်း (၉) က ဟိုနှစ်ယောက်လား"
ဝမ်ဇီအန်က လီကျစ်ချောင်နှင့် ကျန်းယဲ့တို့ရှိရာဘက်သို့ ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ "စိတ်ဝင်စားစရာပဲ... ဒီနှစ်ယောက်က တကယ်ပဲ စမ်းသပ်မှုမှာ လာပါဝင်တာလား"
"ကောင်းပြီလေ။ သူတို့ ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ဝမ်ဇီအန်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
အဲဒီနေ့က ကျန်းကျန်းဝူ ပြောခဲ့တဲ့ 'အလားအလာရှိတဲ့ နဂါး' ဆိုတာ သူ့ကို ရည်ညွှန်းတာလို့ သူက အခိုင်အမာ ယုံကြည်ထားပေမယ့်...
အတန်း (၉) က အဲဒီနှစ်ယောက်မှာ တကယ့် ထူးခြားတဲ့ အရည်အချင်းတွေ ရှိမရှိကို သူ မြင်တွေ့ချင်သေးသည်။
...
ပိုမြင့်သော စင်မြင့်ထက်တွင်။
ကျန်းကျန်းဝူသာမက အခြားသော ဆရာများလည်း ရှိနေကြသည်။
ကျန်းကျန်းဝူက ဝမ်ဇီအန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီကောင်လေး... တော်တော် ရဲတင်းလာတာပဲ။ ငါ့ကိုတောင် ကျိန်ဆဲရဲတယ်။ ဒီစာသင်နှစ်ဝက်အတွက် ပညာသင်ဆုကို နောက်နှစ်မှပဲ ပေးတော့မယ်"
တစ်ကျောင်းလုံး၏ ထိပ်သီးဆယ်ယောက်စလုံးသည် များပြားလှသော ပညာသင်ဆုများကို ရရှိကြသည်။
သို့သော် ကျန်းကျန်းဝူက ဝမ်ဇီအန်ကို ဆရာသမားများကို လေးစားခြင်းနှင့် တာအိုလမ်းစဉ်၏ စည်းမျဉ်းကို တန်ဖိုးထားခြင်းဆိုသည့် အဓိပ္ပာယ်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
"ဆရာကျန်း"
ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
မကြာမီမှာပင် ခြေတံရှည်ရှည်နှင့် ဆွဲဆောင်မှုရှိကာ အေးစက်တည်ငြိမ်သော အသွင်အပြင်ရှိသည့် အဖြူရောင်ဂါဝန်ဝတ် အမျိုးသမီးတစ်ဦး လျှောက်လာခဲ့သည်။
"ဆရာမချန်"
သူမကို မြင်သောအခါ ကျန်းကျန်းဝူ၏ တင်းမာနေသော မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု နောက်ဆုံးတော့ ပေါ်လာခဲ့သည်။
ခေါ်ဝေါ်သံကို ကြားလိုက်ရသော ချန်ဇီလုက ဘာမှမတတ်နိုင်စွာဖြင့် "ဆရာကျန်း... ကျွန်မကို ချန် လို့ပဲ ခေါ်ပါ" ဟု ပြောလိုက်သည်။
"ဒါဆိုလည်း ရဲရဲတင်းတင်းပဲ ချန် လို့ ခေါ်လိုက်တော့မယ်" ကျန်းကျန်းဝူက ရင်းနှီးစွာ ရယ်မောလိုက်သည်။
ချန်ဇီလု၏ နောက်ခံမှာ အန်းမြို့ကဲ့သို့ သေးငယ်သော နေရာမျိုးမှ စိတ်ကူးယဉ်ကြည့်နိုင်သည်ထက် များစွာ ကျော်လွန်နေကြောင်း သူ သိထားသည်။
ထို့ကြောင့် သူမ၏ အသက်မှာ ၂၀ ပင် မပြည့်သေးသော်လည်း မည်သည့်နည်းနှင့်မျှ သူ မစော်ကားရဲပေ။
ထိုနေရာရှိ အခြားဆရာများမှာ တိကျသော အချက်အလက်များကို မသိကြသော်လည်း ချန်ဇီလုကို လေးစားစွာ ကြည့်နေကြသည်။
တာဝန်ခံ ကိုယ်တိုင်ကပင် ဤမျှ သတိထားဆက်ဆံနေရသူတစ်ယောက်ကို သူတို့က ပို၍ပင် မရန်စဝံ့ကြပေ။
ချန်ဇီလုက သူတို့၏ သဘောထားများကို ကြာမြင့်စွာကတည်းက ကျင့်သားရနေပြီဖြစ်ရာ အများကြီး ဆက်မပြောတော့ပေ။
သူမက ကျန်းကျန်းဝူကို ကြည့်ကာ "ဆရာကျန်း... ဒီစမ်းသပ်မှုမှာ အဲဒီ အဆင့်မြင့် သိုင်းပညာရပ်ကို ဘယ်သူတွေ ရသွားမယ်လို့ ထင်လဲ" ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းကျန်းဝူ၏ အကြည့်များက ခန်းမဆောင်တစ်ခွင်သို့ ဝေ့ကြည့်လိုက်သည်။
"ဒုတိယနှစ် အထူးတန်းကျောင်းသား အနည်းငယ်လည်း ဒီစမ်းသပ်မှုမှာ ပါဝင်နေကြတယ်"
ကျန်းကျန်းဝူက ဖြည်းညင်းစွာ ပြောသည်။ "သူတို့က အထူးတန်းမှာ အောက်ခြေအဆင့်တွေ ဖြစ်ပေမယ့် ဒီလူအုပ်ထဲမှာတော့ သူတို့က ထင်းထွက်နေတာပဲ"
"ကျန်ရွှယ်ချင်းနဲ့ ရွှီလဲ့တို့လိုပေါ့... သူတို့အားလုံးက ထိပ်သီးသုံးယောက်နေရာအတွက် ရေပန်းစားတဲ့သူတွေပဲ"
အခြားဆရာတစ်ယောက်ကသာ မေးခဲ့လျှင် ဤမျှသာ သူ ပြောမည်ဖြစ်သည်။
သို့သော် ယခုအခါ ကျန်းကျန်းဝူက ကျန်းယဲ့ရှိရာဘက်သို့ ကြည့်လိုက်သည်။
ကျန်းယဲ့သည် ချန်ဇီလုက အထူးတလည် အာရုံစိုက်ထားသော ကျောင်းသားဖြစ်ကြောင်း သူ သိထားသည်။
"အတန်း (၉) က ဟိုနှစ်ယောက်နဲ့ ပတ်သက်ပြီးတော့..."
ကျန်းကျန်းဝူက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် "ထိပ်သီးသုံးယောက်ထဲ ဝင်နိုင်ခြေက ရာခိုင်နှုန်း ၂၀ လောက်ပဲ ရှိမယ်လို့ ကျွန်တော် ခန့်မှန်းတယ်။ အင်း... ကျန်းယဲ့ကတော့ နည်းနည်း ပိုမြင့်နိုင်တယ်။ ရာခိုင်နှုန်း ၃၀ လောက်ပေါ့" ဟု ပြောလိုက်သည်။