အခန်း (၂၄) - လင်းရွှမ်
—— အဆင့်နိမ့် ကိုယ်ခံပညာ အောင်မြင်မှုစနစ် ——
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - သာမန်ခန္ဓာကိုယ် (B အဆင့်)]
[ပါရမီ - မွေးရာပါ ပါရမီ]
[ကျင့်စဉ်]
ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ် - ကျွမ်းကျင်မှုအဆင့်ကြီး (၄၁%)
[အောင်မြင်မှုများ]
သိုင်းသခင်၊ သိုင်းဘိုးဘေး၏ မိတ်ဆွေ၊ သိုင်းသခင်ကြီး၊ အလှတရားလမ်းစဉ် လိုက်စားသူ၊ လေစုန်နား၊ လေပြင်းခြေလှမ်း
[သိုင်းပညာ ကောင်းကင်လှေကား]
ပထမထပ်
——
"အထွတ်အထိပ်အဆင့်ဆီ သွားမယ့် လမ်းခရီးက တစ်ဝက်ကျိုးသွားပြီပဲ။" ကျန်းယဲ့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်။
လွန်ခဲ့သော ခြောက်လကဆိုလျှင် ဤမြင်ကွင်းမျိုးကို သူ လုံးဝ စိတ်ကူးယဉ်ရဲခဲ့မည် မဟုတ်ပေ။
ထိုအချိန်က ကျန်းယဲ့သည် ကျင့်စဉ်၌ ကျွမ်းကျင်မှုအဆင့်ငယ်ကိုပင် မချိုးဖျက်နိုင်သေးပေ။
ခြောက်လတည်းသော အချိန်ကာလအတွင်း ကျွမ်းကျင်မှုအဆင့်ငယ်မှသည် အထွတ်အထိပ်အဆင့်ဆီသို့ လှမ်းတက်နိုင်ခဲ့သည်ပေါ့လေ။
ဤကျင့်ကြံမှုအမြန်နှုန်းမျိုးကို အထူးတန်းမှ ကျောင်းသားများပင်လျှင် တွေးကြည့်ဝံ့မည် မဟုတ်ပေ။
"ဒီကာလတွေအတွင်း ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပြင် အဓိကအချက်က ဆရာမရဲ့ လမ်းညွှန်မှုနဲ့ အဲဒီ ယွမ်သုံးသောင်းကြောင့်ပဲ"
ချန်ဇီလု၏ ယွမ်သုံးသောင်းသည် လိုအပ်နေချိန်တွင် အချိန်ကိုက် ကူညီမှုပေးလိုက်ခြင်းပင် ဖြစ်သည်။
ထိုငွေကြောင့်သာ ဒီတစ်လလုံး နေ့စဉ်နေ့တိုင်း ကျားသစ်သည်းခြေသာမက ကျားသည်းခြေကိုပါ အာဟာရဖြည့်စွက်စာအဖြစ် မှီဝဲနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးကို အထူးတန်း ကျောင်းသားများပင် ရရှိနိုင်မည် မဟုတ်ပေ။
"ဒါပေမယ့် ပိုက်ဆံပေါတဲ့ ကျောက်ချင်းလီနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး လိုအပ်နေသေးတာပဲ" ဟု ကျန်းယဲ့ သက်ပြင်းချလိုက်သည်။
သူက တစ်လလုံးမှ ယွမ်သုံးသောင်းသာ သုံးစွဲနိုင်ပြီး ဒီလိုခံစားခွင့်မျိုးကို တစ်လသာ ရရှိနိုင်ခြင်း ဖြစ်သည်။
အခြားသူများကမူ လစဉ်လတိုင်း ယွမ်တစ်သိန်းအထိပင် အသုံးပြုနိုင်ကြသည်။
မည်သို့ပင်ဖြစ်စေ ကျန်းယဲ့ ဂရုမစိုက်ပါ။
ကြွယ်ဝချမ်းသာမှုနဲ့ ပတ်သက်လာရင် သူက ယှဉ်နိုင်မှာ မဟုတ်ပေမယ့် သူ့မှာ ရွှေလက်ချောင်း ရှိတယ်လေ။
သူ၏ လက်ရှိ အထောက်အပံ့များက မလုံလောက်သေးသော်လည်း သူ၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ အောင်မြင်မှုများမှ ရရှိသော အထောက်အပံ့များကလည်း တိုးပွားလာမည်သာ ဖြစ်သည်။
ထိုအချိန်ရောက်လျှင်တော့ ဟိုကိုယ်ခံပညာ ပါရမီရှင်ဆိုသူတွေ၊ ပြိုင်ဖက်ကင်း ပါရမီရှင်ဆိုသူတွေ အားလုံး ဆွံ့အသွားရလိမ့်မည်။
"ခဏလောက်တော့ နားရမယ်"
ဒီတစ်လလုံး အိပ်ရေးမဝဘဲ မနားမနေ ကျင့်ကြံခြင်း သို့မဟုတ် ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ လေ့ကျင့်နေခဲ့ရသဖြင့် ကျန်းယဲ့ မျက်လုံးများကို မှိတ်၍ အနားယူလိုက်သည်။
စမ်းသပ်မှုကြီးကလည်း နီးကပ်လာပြီဖြစ်ရာ အနားယူသင့်သည့်အချိန် ရောက်နေပြီ ဖြစ်သည်။
...
နောက်တစ်နေ့နံနက်။
ကျန်းယဲ့သည် ကုတင်ပေါ်မှ နိုးထလာပြီး ခေါင်းကို ကိုင်ကာ "ကျစ်... ဘယ်အချိန်ကတည်းက..."
မနေ့ညက မျက်လုံးကို ခဏလောက်ပဲ မှိတ်ပြီး အနားယူရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ဘဲ မိုးလင်းသည်အထိ အိပ်ပျော်သွားခဲ့သည်။
အဆိုးဆုံးမှာ အိပ်မောကျနေစဉ် ထိုအိပ်မက်ဆိုးကို ထပ်မံ မက်ခဲ့ခြင်းပင်။
သူ၏ အရင်းအချာဖခင်ဟု ယူဆရသော လူရွယ်တစ်ဦး။
ထို့နောက် 'ကြယ်တာရာသမုဒ္ဒရာ နတ်ဘုရားလမ်းစဉ်' ဟုခေါ်သော ရွှေရောင်နန်းတော်ကြီး။
"ကြယ်တာရာသမုဒ္ဒရာ နတ်ဘုရားလမ်းစဉ်ဆိုတာ ဘယ်လိုနေရာမျိုးလဲ"
ကျန်းယဲ့ အိပ်မက်ထဲမှ နန်းတော်ကြီးကို ပြန်လည်အမှတ်ရလာသည်။ ထိုလူရွယ်က နန်းတော်ထဲသို့ ဝင်သွားပြီး သူ့ကို နန်းတော်တံခါးဝတွင် စွန့်ပစ်ထားခဲ့သလို ထားရစ်ခဲ့သည်။
သို့သော် အိပ်မက်၏ အစပိုင်းက အရင်းအချာဖခင်ဖြစ်သူက သူ့ကို စွန့်ပစ်ခဲ့သည့်ပုံစံမျိုးတော့ မဟုတ်ပေ။
အိပ်မက်ထဲတွင် မပီဝိုးတဝါး အပိုင်းအစများစွာ ပါဝင်နေပြီး ပြတ်တောင်းပြတ်တောင်းဖြစ်ကာ အရေးကြီးသော အစိတ်အပိုင်းများစွာ ပျောက်ဆုံးနေသဖြင့် သိချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ကံမကောင်းသည်မှာ ထိုဆွေမျိုးအရင်းအချာဆိုသည့် ကိစ္စအပေါ် သူက လျစ်လျူရှုထားပြီး ဆက်လက် စူးစမ်းလေ့လာလိုစိတ် မရှိခြင်းပင်။
"ညဘက်တွေ နောက်ထပ် မအိပ်တော့ဘူး။ ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ နေတော့မယ်။ ဒါမှ အိပ်မက်ဆိုးတွေ မမက်တော့ဘဲ နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်မှာ"
ကျန်းယဲ့ ဆုံးဖြတ်ချက် ချလိုက်သည်။
"ကျောင်းသွားရမယ့် အချိန်ရောက်ပြီ"
သူ ထရပ်လိုက်ပြီး အခန်းထဲမှထွက်ကာ မျက်နှာသစ်၊ အစာစားပြီးနောက် ကျောင်းသို့ ထွက်လာခဲ့သည်။
"အစ်ကို... အကောင်းဆုံး ကြိုးစားခဲ့နော်"
အိမ်အပြင်သို့ မထွက်ခွာမီ ကျန်းထင်က သူမ၏ အခန်းထဲမှ ရုတ်တရက် ပြေးထွက်လာသည်။
"ဘာလို့ စောစောစီးစီး ထနေတာလဲ" ကျန်းယဲ့ အံ့ဩသွားသည်။
"ဟီးဟီး" ကျန်းထင်က သူ့ကို ပြုံးပြကာ "ဒီနေ့ရက်ကို သေသေချာချာ မှတ်ထားတာပေါ့။ အစ်ကို စမ်းသပ်မှုလုပ်ဖို့ သွားရမှာလေ"
ဒီတစ်လလုံး ကျန်းယဲ့က ဤကိစ္စကို နေ့တိုင်း ပြောနေခဲ့သည် မဟုတ်ပါလား။
ကောင်မလေးက စမ်းသပ်မှုဆိုတာ ဘာမှန်း နားမလည်သော်လည်း အစ်ကိုဖြစ်သူက တစ်လလုံးလုံး ပြောနေခဲ့သည့်အရာဖြစ်၍ အရေးကြီးသောကိစ္စ ဖြစ်မည်ကိုတော့ သိနားလည်သည်။
"အရူးမလေး... သွား ပြန်အိပ်တော့" ကျန်းယဲ့က ခေါင်းခါရင်း ပြုံးလိုက်ပြီး သူမ၏ နူးညံ့သော ပါးပြင်လေးကို ပွတ်သပ်ကာ လှည့်ထွက်လာခဲ့သည်။
...
အန်းမြို့ အမှတ် (၃) အထက်တန်းကျောင်း။
နွေရာသီ ကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းဝင်းကြီးက တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့သော် ယနေ့တွင်မူ ကျောင်းဝင်းအတွင်း လူရိပ်လူယောင်များစွာ လှုပ်ရှားသွားလာနေကြသည်။
ကျောင်းဝင်းထဲသို့ ကျန်းယဲ့ ဝင်ရောက်လာချိန်တွင် ရင်းနှီးနေသော ကျောပြင်တစ်ခုကို တွေ့လိုက်ရသည်။
"လီကျစ်ချောင်"
သူက အဝေးမှ လှမ်းခေါ်လိုက်သည်။
တစ်ဖက်လူ လှည့်ကြည့်လာသောအခါ ကျန်းယဲ့ အနည်းငယ် မှင်သက်သွားသည်။
တစ်လတာ အချိန်ကုန်လွန်သွားပြီးနောက် လီကျစ်ချောင်၏ ခန္ဓာကိုယ်မှာ ပိုမို တောင့်တင်းသန်စွမ်းလာပြီး သွေးကြောများ ဖောင်းကြွကာ ကြွက်သားများ အမြှောင်းလိုက်ထလျက် အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သို့သော် သူ၏ ဦးခေါင်းထိပ်ပိုင်းမှာမူ အမြင်အာရုံကြောင့်လားတော့ မသိ၊ ပို၍ ချွန်ထွက်နေသယောင် ရှိသည်။
"ကျန်းယဲ့"
လီကျစ်ချောင်က ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် လျှောက်လာခဲ့သည်။
"မင်းရဲ့ ဒီတစ်လ ဘယ်လိုနေလဲ။ ကျင့်ကြံတာ အဆင်ပြေရဲ့လား" လီကျစ်ချောင်က ကျန်းယဲ့ကို ကြည့်ကာ မေးလိုက်သည်။
ကျန်းယဲ့ ခေါင်းညိတ်ပြလိုက်ပြီး "မဆိုးပါဘူး။ မင်းကရော"
"ငါ ဒီတစ်လ အများကြီး တိုးတက်လာခဲ့တယ်"
လီကျစ်ချောင် ပြုံးလိုက်ကာ "ဒီတစ်လ ငါက တစ်ပတ်ကို ဆေးနှစ်လုံးထိုးရတဲ့ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီ။ အခု သုံးလုံးတောင် ထိုးလို့ရနေပြီကွ"
သူက ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ယုံကြည်မှုအလင်းရောင်များ တောက်ပနေသည်။
တစ်ပတ်ကို ဆေးသုံးလုံး!
ယင်းက အချိန်တိုအတွင်း သူ၏ ခန္ဓာကိုယ်ကို သိသာထင်ရှားစွာ ပြောင်းလဲသွားစေခဲ့သည်။
လာမည့် စမ်းသပ်မှုအတွက် လီကျစ်ချောင် ယုံကြည်မှု အပြည့်ရှိနေသည်။
"..."
ကျန်းယဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဆေးထိုးတဲ့ ကိစ္စရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ဆရာမချန် မင်းကို မပြောပြဘူးလား"
လီကျစ်ချောင်က ခေါင်းခါရင်း "စွမ်းအားရှင်တစ်ယောက်ရဲ့ လမ်းစဉ်မှာ ပေးဆပ်ရမှု မရှိဘဲ ဘယ်ဖြစ်မလဲ။ ဒီဘေးထွက်ဆိုးကျိုးလေးတွေက ငါ့အတွက် ဘာမှမဟုတ်ပါဘူး"
"ဒါနဲ့ မင်းရော ဒီတစ်လလုံး ဆေးမထိုးဘူးလား"
သူက ကျန်းယဲ့ကို ကြည့်လိုက်သည်။
ကျန်းယဲ့ ခေါင်းခါပြလိုက်ပြီး "ငါ တစ်ခါမှ ဆေးမထိုးဘူး"
ထိုစကားကို ကြားသောအခါ လီကျစ်ချောင်က ခေါင်းခါရင်း ရယ်မောလိုက်သည်။
"အခုအချိန်အထိ မင်းက ခေါင်းမာနေတုန်းပဲလား"
"ဆေးထိုးတာက ရှက်စရာမှ မဟုတ်တာ... ထားပါတော့လေ။ မင်း ဒီတစ်လလုံး ဆေးမထိုးဘူးဆိုတော့လည်း စမ်းသပ်မှုမှာ အောင်မြင်ပါစေလို့ပဲ ငါ ဆုတောင်းပေးပါတယ်။"
လီကျစ်ချောင် သက်ပြင်းချလိုက်သည်။
အတန်းထဲတွင် သူ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် ပြိုင်ဖက်ကောင်းတစ်ယောက် ရှိလာရန် သူ မျှော်လင့်ခဲ့သည်။
သို့သော် ကျန်းယဲ့ကသာ ဆေးဆက်မထိုးပါက လီကျစ်ချောင်က သူ့ကို သေချာပေါက် နောက်ချန်ထားရစ်ခဲ့တော့မည် ဖြစ်သည်။
ချန်ဇီလုက ဆေးထိုးခြင်း၏ အန္တရာယ်များအကြောင်းကို လီကျစ်ချောင်အား သတိပေးခဲ့မည်ဟု ယုံကြည်သဖြင့် ကျန်းယဲ့ ထပ်မပြောတော့ပေ။
သို့သော် တစ်ဖက်လူက ဤလမ်းကို ရွေးချယ်ခဲ့သည်ဆိုလျှင်လည်း နားလည်ပေး၍ ရပါသည်။
လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာများ ရှိကြသည်ဖြစ်ရာ အတင်းအကျပ် ဝင်ရောက်စွက်ဖက်နေစရာ မလိုပေ။
သူတို့နှစ်ဦး စမ်းသပ်မှု ပြုလုပ်မည့် နေရာဆီသို့ ယှဉ်တွဲလျက် လျှောက်သွားခဲ့ကြသည်။
စမ်းသပ်မှု ပြုလုပ်မည့် နေရာမှာ ယခင် ပုံရိပ်ယောင် ကြယ်တာရာကောင်းကင် စစ်ဆေးမှု ပြုလုပ်ခဲ့သည့် စက်လုံးပုံစံ အဆောက်အအုံတွင် ဖြစ်သည်။
စက်လုံးပုံစံ အဆောက်အအုံ၊ ခန်းမဆောင်။
စမ်းသပ်မှု စတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း ခန်းမဆောင်ထဲတွင် လူအများအပြား ပြည့်နှက်နေသည်။
ကျန်းယဲ့ ဝင်သွားသောအခါ အငယ်တန်းကျောင်းသား အများအပြားကို တွေ့လိုက်ရသည်။
ဝတ်စုံဒီဇိုင်း ကွဲပြားမှုကြောင့် ယင်းကို အထင်းသား သိမြင်နိုင်သည်။
အန်းမြို့ အမှတ် (၃) အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံများမှာ အငယ်တန်းမှသည် အကြီးတန်းအထိ ကွဲပြားကြသည်။
ထို့အပြင် ရိုးရိုးတန်းနှင့် အထူးတန်းအတွက်လည်း မတူညီကြပေ။ အထူးတန်းဝတ်စုံများမှာ အရည်အသွေးပိုကောင်းပြီး သီးသန့်ဒီဇိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ရိုးရိုးတန်းဝတ်စုံများမှာမူ ရိုးရှင်းပြီး ငယ်ရွယ်စဉ် အချစ်ရေးကိစ္စများကို တားဆီးနိုင်ရန် ရည်ရွယ်ပုံရသည်။
"အငယ်တန်း ကျောင်းသားတွေလား။ အားလုံးက အထူးတန်းကချည်းပဲ"
ကျန်းယဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အံ့ဩမသွားပေ။
ဤစမ်းသပ်မှုသည် အနိမ့်ဆုံးအဆင့် စမ်းသပ်မှုဖြစ်ပြီး ကျင့်စဉ် ကျွမ်းကျင်မှုအဆင့်ကြီးသို့ ရောက်ရှိရန် လိုအပ်သည်။
အထူးတန်းများမှာ ပထမနှစ်မှာတင် ကျွမ်းကျင်မှုအဆင့်ကြီးသို့ ရောက်ရှိနိုင်သဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီနေခြင်း ဖြစ်သည်။
သေချာသည်မှာ ဒုတိယနှစ် ကျောင်းသားအနည်းငယ်သာ ပါဝင်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိပ်တန်းပါရမီရှင်များသည် အဆင့်နိမ့် စမ်းသပ်မှုများကို ကျော်ဖြတ်လေ့ရှိသောကြောင့်ပင်။
"လီကျစ်ချောင်... မင်းလည်း လာတာလား"
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
ကျန်းယဲ့ လှည့်ကြည့်လိုက်သောအခါ ပုံပန်းသဏ္ဌာန် ထူးထူးခြားခြားနှင့် ကောင်လေးတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူတွင် ပခုံးအကျယ်နှင့် နီးပါးတူညီသော ခေါင်းကြီးတစ်ခု ရှိနေပြီး ခန္ဓာကိုယ်အချိုးအစားနှင့် လုံးဝ မဟပ်မိဘဲ ဖြစ်နေသည်။
ထိုသူကို မြင်သောအခါ လီကျစ်ချောင် မျက်မှောင်ကြုတ်သွားသည်။
"လင်းရွှမ်... မင်းက အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်းက မဟုတ်ဘူးလား။ ဘာလို့ ဒီရောက်နေတာလဲ"
အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်းသည် အန်းမြို့တွင် အဆင့် (၁) ရှိပြီး အမှတ် (၃) အထက်တန်းကျောင်းထက် များစွာ သာလွန်သည်။
တချို့ကျောင်းများတွင် ရိုးရိုးတန်း ကျောင်းသားများက အထူးတန်း ကျောင်းသားများကို ဦးညွှတ်နှုတ်ဆက်ရကြောင်း ကျန်းယဲ့ ကြားဖူးထားသည်။ ယင်းမှာ အမှတ် (၁) အထက်တန်းကျောင်း၏ ရိုးရာတစ်ခုပင် ဖြစ်သည်။
စွမ်းအားကြီးသူက အားနည်းသူကို အညှာအတာကင်းမဲ့စွာ အရှက်ခွဲနိုင်သည်ဆိုသော စည်းမျဉ်းသည် အမှတ် (၁) အထက်တန်းကျောင်း၏ တွန်းအားပေးရေး မူဝါဒကို ကိုယ်စားပြုနေသည်။
ခေါင်းကြီးနှင့်ကောင်လေး လင်းရွှမ်က ပြုံးကာ "အန်းမြို့ အမှတ် (၁) အထက်တန်းကျောင်း ပထမနှစ်ကိုယ်စားလှယ်အဖြစ် ဒီစမ်းသပ်မှုအတွက် ငါ အဖိတ်ခံရလို့လေ" ဟု ဖြေသည်။
ထို့နောက် သူက ကျန်းယဲ့ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းရဲ့ အတန်းဖော်လား။ ရိုးရိုးတန်းက ပုံပဲ"
လင်းရွှမ် ရယ်မောလိုက်ကာ "ကျစ်ချောင်ရာ... မင်းကတော့ အောက်တန်းကျသွားပြီပဲ။ ရိုးရိုးတန်းက ကောင်တွေနဲ့ ရောနှောနေတုန်းလား"
"ဒီလိုပုံစံနဲ့ ဆက်သွားနေရင် မင်းကို ငါ့အိမ်နီးချင်းလို့ ငါ အသိအမှတ်ပြုမှာ မဟုတ်တော့ဘူးနော်"
ထိုသို့ပြောရင်း သူက ကျန်းယဲ့ကို ကြည့်ကာ "အတန်းဖော်... စိတ်ဆိုးဖို့ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူးနော်"
ကောင်းကင်နဂါးရပ်ကွက်သည် အန်းမြို့ရှိ လူသိများသော သူဌေးရပ်ကွက် ဖြစ်သည်။
လင်းရွှမ်သည်လည်း လီကျစ်ချောင်ကဲ့သို့ပင် ချမ်းသာကြွယ်ဝသူများ၏ မျိုးဆက် ဖြစ်ပုံရသည်။
ကျန်းယဲ့နှင့် မရင်းနှီးသဖြင့် သူ့ကို ပုဂ္ဂိုလ်ရေးအရ တမင်သက်သက် ရည်ရွယ်တိုက်ခိုက်ခြင်း မဟုတ်သော်လည်း ရိုးရိုးတန်းများအပေါ် သူ၏ အထင်အမြင်သေးမှုက အထင်းသား ပေါ်လွင်နေသည်။
မည်သို့ပင်ဆိုစေကာမူ။
ကျန်းယဲ့က လင်းရွှမ်၏ စကားများကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ခေါင်းကြီးကို အကဲခတ်ကြည့်ရှုကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "မင်း ငယ်ငယ်တုန်းက နို့မှုန့်အတုတွေ အများကြီး သောက်ခဲ့ရလို့လား"