အခန်း (၁၉) - ငွေသုံးသောင်း
ဒုတိယနှစ်၊ အတန်း (၉) ၏ ကိုယ်ခံပညာ စာသင်ခန်းထဲတွင်။
စာသင်ခန်းနောက်ဘက်ရှိ အီလက်ထရောနစ် ကျောက်သင်ပုန်းပေါ်၌ ဤစာသင်နှစ်၏ နောက်ဆုံး ကိုယ်ခံပညာ စစ်ဆေးမှုမှ ရမှတ်များနှင့် အဆင့်များကို ဖော်ပြထားသည်။
[အဆင့် (၁) - လီကျစ်ချောင် ၃၅၅ မှတ်]
[အဆင့် (၂) - ကျန်းယဲ့ ၃၃၀ မှတ်]
[အဆင့် (၃) - ရွှီစစ်စစ် ၃၁၅ မှတ်]
[...]
"အစ်ကိုကျန်း... ဂုဏ်ပြုပါတယ်ဗျာ!"
ထောင်ရှောင်ကန်း၊ ရှာချင်းနှင့် အခြားသူများက သူ့အနားသို့ရောက်လာကာ ဂုဏ်ပြုစကား ဆိုကြသည်။ "အတန်းထဲမှာ အဆင့်နှစ် ရသွားပြီပဲ။"
ကျန်းယဲ့က သူတို့ကို ကြည့်ကာ ပြုံးလိုက်ပြီး "မင်းတို့ကိုလည်း ဂုဏ်ပြုပါတယ်။ ဒီတစ်ကြိမ်တော့ အားလုံးပဲ ထိပ်ဆုံးအယောက်သုံးဆယ်စာရင်းထဲ ဝင်သွားကြပြီပဲ" ဟု ပြောလိုက်သည်။
အတန်းထဲတွင် ကျောင်းသားစုစုပေါင်း တစ်ရာ ရှိသည်။
ထိပ်ဆုံးအယောက်သုံးဆယ်စာရင်းဝင်သည် ဆိုသည်မှာ ပျမ်းမျှအဆင့်ထက် သာလွန်သော စွမ်းဆောင်ရည်ကို ရရှိသွားခြင်းပင် ဖြစ်သည်။
ထောင်ရှောင်ကန်းက ခေါင်းကုတ်ရင်း ပြုံးကာ "အစ်ကိုကျန်းကို တကယ် ကျေးဇူးတင်ရမှာပါ။ စတုတ္ထမြောက် စစ်ဆေးမှုမှာ အစ်ကိုသာ လမ်းညွှန်မှုမပေးခဲ့ရင် ကျွန်တော် ဒီလောက်အမှတ်များများ ရမှာမဟုတ်ဘူး" ဟု ပြောလာသည်။
ယခင်က ပုံရိပ်ယောင်စစ်ဆေးမှုများတွင် သူသည် အလွန်ဆုံးရလျှင် အမှတ် ၂၀ သို့မဟုတ် ၃၀ ခန့်သာ ရရှိတတ်သည်။
ဒီတစ်ကြိမ်တွင်တော့ ၅၀ မှတ်တိတိ ရရှိခဲ့သည်။
ရှာချင်းနှင့် အခြားသူများမှာလည်း အမှတ်လေးဆယ်ကျော်စီ ရရှိခဲ့ကြသည်။
အမှတ်နှစ်ဆယ်ကွာဟချက်လေးကို အထင်မသေးသင့်ပေ။ ထိုအမှတ်က မိမိ၏အဆင့်ကို ဆယ်ဂဏန်းကျော်အထိ ဆွဲတင်ပေးနိုင်စွမ်း ရှိသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် နှိုင်းယှဉ်ရလျှင် အမှတ်နှစ်ဆယ်ကွာဟခြင်းက လူသောင်းနှင့်ချီ၍ ကျော်တက်သွားနိုင်သည်အထိ အရေးပါသည်။
"ဒါဆိုရင် မင်းတို့တွေ ပိုပြီးကြိုးစားဖို့ လိုသေးတာပေါ့။ နောက်နှစ်ကျရင် အဆင့်တွေ ပြန်ကျမသွားစေနဲ့ဦး" ဟု ကျန်းယဲ့က ပြုံးလျက် ပြောလိုက်သည်။
"ဟားဟား... သေချာတာပေါ့ဗျာ။"
သူတို့ စကားစမြည်ပြောနေကြစဉ်၊ ဂါဝန်အဖြူရောင်နှင့် ဇာခြေအိတ်ကို ဝတ်ဆင်ထားသော ချန်ဇီလု စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။
"နောက်ဆုံးစစ်ဆေးမှုရဲ့ ရလဒ်တွေကို မင်းတို့အားလုံး မြင်ပြီးကြပြီမှတ်လား..."
ချန်ဇီလုသည် ဆရာမစင်မြင့်ထက်မှနေ၍ အေးစက်စက်ဟန်ပန်ဖြင့် စစ်ဆေးမှုရလဒ်များကို အကျဉ်းချုံးသုံးသပ်ကာ မှတ်ချက်ပေးလိုက်သည်။
ဆယ်မိနစ်အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ချန်ဇီလုက စကားအများကြီး ပွားမနေတော့ဘဲ အကျဉ်းရုံးနိဂုံးချုပ်လိုက်ပြီးနောက် "ကျန်းယဲ့၊ လီကျစ်ချောင်... ဆရာမရုံးခန်းကို ခဏလောက် လိုက်ခဲ့ကြ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူမ၏ သွယ်လျသော ခြေတံရှည်များဖြင့် စာသင်ခန်းထဲမှ ထွက်ခွာသွားလေသည်။
စာသင်နှစ် ပြီးဆုံးသွားပြီဖြစ်ကြောင်း လူတိုင်းသိထားကြသဖြင့် အိမ်ပြန်ရန် ပစ္စည်းများ စတင်သိမ်းဆည်းနေကြပြီဖြစ်သည်။
"ယဲ့... ဆရာမက မင်းကို ဘာလို့ ခေါ်တာလဲ" ဝမ်ယဲ့ဟွေးက နားမလည်နိုင်စွာဖြင့် ကျန်းယဲ့ကို မေးလိုက်သည်။
"အမှတ်စာရင်းတွေနဲ့ ပတ်သက်ပြီး ဖြစ်လောက်ပါတယ်" ကျန်းယဲ့ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ၏စိတ်ထဲတွင်တော့ အခြားသော ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သည်။
...
ခဏအကြာ၊ ချန်ဇီလု၏ ရုံးခန်းထဲတွင်။
"မင်းတို့ကို အသိပေးစရာ ကိစ္စလေးတစ်ခု ရှိတယ်။"
ချန်ဇီလုက သူမရှေ့ရှိ ကောင်လေးနှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်ပြီး "နောက်တစ်လနေရင် ကျောင်းမှာ စမ်းသပ်မှုတစ်ခု ရှိတယ်။ မင်းတို့နှစ်ယောက် ဝင်ပါချင်ကြလား?" ဟု မေးလိုက်သည်။
"နောက်တစ်လ? နွေရာသီကျောင်းပိတ်ရက်ကြီးမှာလား?" ကျန်းယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။
စမ်းသပ်မှုကိစ္စဖြစ်မည်ဟု သူ ခန့်မှန်းထားပြီးသား ဖြစ်သည်။
သို့သော် ဤမျှမြန်ဆန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
လီကျစ်ချောင် မျက်မှောင်ကြုတ်သွားပြီး "ရိုးရိုးတန်းက စမ်းသပ်မှုအတွက် နေရာတစ်နေရာပဲ ရတာမဟုတ်ဘူးလား? ကျွန်တော်တို့ နှစ်ယောက်စလုံး ပါဝင်ခွင့်ရမှာလား" ဟု မေးလိုက်သည်။
ချန်ဇီလုက တည်ငြိမ်စွာဖြင့် "စည်းမျဉ်းဆိုတာ သေနေတဲ့အရာပဲ၊ လူဆိုတာကတော့ ရှင်သန်နေတဲ့အရာလေ။ မင်းတို့တွေသာ လုံလောက်တဲ့ ထူးချွန်မှုရှိမယ်ဆိုရင် ကျောင်းက ကင်းလွတ်ခွင့်တွေ ပြုလုပ်ပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းယဲ့၏ရင်ထဲတွင် လှုပ်ခတ်သွားရသည်။
ချန်ဇီလုက သူ့အတွက် သီးသန့်တောင်းဆိုပေးထားသော နေရာတစ်ခုဖြစ်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။
ချန်ဇီလုက ဆက်ပြောသည်။ "ဒီစမ်းသပ်မှုက အနိမ့်ဆုံးအဆင့် စမ်းသပ်မှုတစ်ခုပဲ။ ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်မှာ ကျွမ်းကျင်မှုအဆင့်ကြီး ရောက်နေပြီဆိုတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်လို့ရတယ်။ ပြီးတော့ ကျောင်းမှာပဲ ကျင်းပသွားမှာ။"
"ဒါပေမဲ့ မင်းတို့က ကျွမ်းကျင်မှုအဆင့်ကြီးလောက်ပဲ ရှိသေးတယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေ အတော်လေးကို နည်းပါးလိမ့်မယ်။"
"စမ်းသပ်မှုမှာ ကျရှုံးသွားရင် အန္တရာယ်တချို့ ရှိနိုင်တယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူးဆိုပေမဲ့ မင်းတို့ရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်အပေါ် သက်ရောက်မှု ရှိသွားနိုင်တယ်။"
ထိုစကားကြောင့် ကျန်းယဲ့နှင့် လီကျစ်ချောင်တို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။
စမ်းသပ်မှုမှာ အန္တရာယ်ရှိနိုင်တယ်ပေါ့!
သို့သော်လည်း သူတို့ အံ့ဩမသွားကြပေ။
မည်သည့်စမ်းသပ်မှုမဆို အန္တရာယ်များ ပါဝင်စမြဲပင်။ ထိုသို့မဟုတ်လျှင် ၎င်းကို စမ်းသပ်မှုဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း?
ချန်ဇီလုက "ဒီအခွင့်အရေးက တစ်ကြိမ်ပဲ ရမှာ။ မင်းတို့ ပါဝင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အခုချက်ချင်း ဆရာမကို ပြောပါ" ဟု ပြောလိုက်သည်။
သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက်တည်း။
ကျန်းယဲ့နှင့် လီကျစ်ချောင်တို့က "ကျွန်တော် ပါဝင်ပါမယ်" ဟု ပြိုင်တူ ဖြေလိုက်ကြသည်။
ချန်ဇီလုက ခေါင်းညိတ်လိုက်ပြီး အံ့ဩဟန် မပြပေ။
"လီကျစ်ချောင်... မင်း ပြန်လို့ရပြီ။ ကျန်းယဲ့၊ မင်း ခဏလောက် နေခဲ့ဦး။"
"ဟုတ်ကဲ့။"
လီကျစ်ချောင်က ကျန်းယဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ကျန်းယဲ့က ချန်ဇီလုကို ကြည့်ကာ "ဆရာမ၊ တခြားကိစ္စများ ရှိသေးလို့လား" ဟု မေးလိုက်သည်။
ချန်ဇီလုက ဒစ်ပြားပုံစံ ပစ္စည်းတစ်ခုကို နံရံဆီသို့ ပစ်လိုက်သည်။
"ဝီ" ဟူသော အသံနှင့်အတူ ထိုပစ္စည်းက နံရံတွင် ကပ်သွားလေသည်။
၎င်းမှာ အသံလုံစေသော ကိရိယာတစ်ခု ဖြစ်သည်။
အရာအားလုံး စီစဉ်ပြီးနောက် သူမက ကျန်းယဲ့အား ပြုံး၍ ကြည့်လိုက်ကာ "မဆိုးဘူးပဲ၊ စာသင်နှစ်တစ်ဝက်လေးအတွင်းမှာ အဆင့် ၂၅ ကနေ ၂ အထိ တက်လာတာဆိုတော့" ဟု ပြောလိုက်သည်။
"ဒါတွေအားလုံး ဆရာမရဲ့ သွန်သင်ပြသမှုတွေကြောင့်ပါ" ကျန်းယဲ့က ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"မင်းကတော့ အမြဲတမ်း နှိမ့်ချနေတတ်တာပဲ။"
ချန်ဇီလု၏ မျက်လုံးများထဲတွင် ချီးကျူးဂုဏ်ပြုလိုသော အရိပ်အယောင်များ အပြည့်အဝ ရှိနေသည်။
ဤတစ်ကြိမ်တွင်လည်း ကျန်းယဲ့၏ ရလဒ်က သူမ၏ မျှော်မှန်းချက်များကို ကျော်လွန်နေခဲ့သည်။
ယခင်က ကျန်းယဲ့အား ဆရာကျန်းကျန်းဝူနှင့် မိတ်ဆက်ပေးခဲ့စဉ်က ကျန်းယဲ့အနေဖြင့် ထိပ်ဆုံးအယောက်ဆယ်စာရင်းထဲ ဝင်နိုင်ခဲ့လျှင်ပင် သူ၏ထူးချွန်မှုကို လုံလောက်စွာ သက်သေပြနိုင်လိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။
မထင်မှတ်ထားစွာပင်၊ သူက ထိပ်ဆုံးအဆင့်နှစ်နေရာအထိ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့သည်။
ဤသည်က သူမအတွက်လည်း ဂုဏ်ယူစရာတစ်ခု ဖြစ်လာခဲ့သည်။
ချန်ဇီလုက အံဆွဲထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီး "ဒါကို ယူသွားလိုက်။ အိမ်ရောက်ရင် အာဟာရဖြည့်တင်းဖို့ သုံးလိုက်" ဟု ပြောသည်။
ကျန်းယဲ့က စာအိတ်ကို လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ငွေသုံးသောင်း ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာမ၊ ဒါက..."
သူက ချန်ဇီလုကို အံ့ဩတကြီး ကြည့်လိုက်သည်။
ဝင်ငွေနည်းပါးသော မိသားစုများအတွက် အဆင့်နှစ်ရရှိသူအား ပေးအပ်သည့် ထပ်ဆောင်းပညာသင်ဆုမှာ ငွေတစ်သောင်းသာဖြစ်ပြီး တတိယနှစ်ရောက်မှသာ ရရှိမည်ဖြစ်သည်။
ငွေသုံးသောင်း? သူက အဆင့်တစ်တောင် မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်များပြားတဲ့ ငွေပမာဏကို ရပိုင်ခွင့်ရှိနေရတာလဲ?
"တာဝန်ခံကျန်းနဲ့ ဆရာမ အလောင်းအစားတစ်ခု လုပ်ထားတယ်။"
ချန်ဇီလုက တိုးညှင်းစွာ ရယ်မောလိုက်ပြီး "မင်း ဒီစမ်းသပ်မှုကို အောင်မြင်လိမ့်မယ်လို့ ဆရာမ လောင်းထားတယ်။ ဒါကြောင့် ဆရာမကို စိတ်ပျက်အောင် မလုပ်နဲ့နော်" ဟု ပြောလိုက်သည်။
ကျန်းယဲ့၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ဒီတော့၊ ဒီငွေသုံးသောင်းက ဆရာမဆီက 'ပံ့ပိုးကူညီမှု' ပေါ့?
"ဆရာမ၊ ငွေသုံးသောင်းဆိုတာ အရမ်းမများလွန်းဘူးလား? ဆရာမလည်း ကျင့်ကြံဖို့ အရင်းအမြစ်တွေ လိုအပ်တာပဲလေ။" ကျန်းယဲ့သည် အခြားသူများထံမှ အကြောင်းမဲ့ ကူညီမှုကို လက်ခံလေ့မရှိသူဖြစ်သည်။
အထူးသဖြင့် ငွေရေးကြေးရေးနှင့် ပတ်သက်လာလျှင် သေချာစဉ်းစားဆုံးဖြတ်ရန် လိုအပ်သည်။
"ဆရာမက ကျောင်းဆရာမတစ်ယောက်လေ၊ ဒီငွေလေးနဲ့တော့ မခက်ခဲပါဘူး။"
ချန်ဇီလုက သူ့ကိုကြည့်ကာ "ဒါပေမဲ့ မင်းကတော့ မတူဘူးလေ။"
"ဒီတစ်လအတွင်းမှာ မင်းရဲ့စွမ်းရည် တိုးတက်လာဖို့အတွက် အစွမ်းကုန် ကြိုးစားမှ နောက်တစ်လနေရင် ကျင်းပမယ့် စမ်းသပ်မှုမှာ အခွင့်အရေးရနိုင်မှာ။"
"ဒီကာလအတွင်းမှာ စမ်းသပ်မှုအောင်မြင်နိုင်ခြေ များလာဖို့အတွက် ကိုယ်ခံပညာ အာဟာရဖြည့်စွက်စာတွေကို နေ့စဉ် စားသုံးဖို့ လိုအပ်တယ်။" သူမ၏အသံမှာ ရှင်းလင်းပြတ်သားနေသည်။
ကျန်းယဲ့၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားရသည်။
သူမ၏ စကားများအရ၊ စမ်းသပ်မှု၏ အခက်အခဲမှာ သူထင်ထားသည်ထက် များစွာ မြင့်မားနေပုံရသည်။
ချန်ဇီလုက သူမ၏ ညာဘက်ခြေထောက်ကို ချိတ်ထိုင်လိုက်ရာ ဂါဝန်စအောက်မှ ဖြူဖွေးပြီး သွယ်လျသော ခြေတံရှည်လေး ပေါ်လာလေသည်။
သူမက တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။
"ကိုယ်ခံပညာ အာဟာရဖြည့်စွက်စာ အမျိုးအစားများစွာ ရှိတယ်။ မြန်မြန်ဆန်ဆန် တိုးတက်ချင်တယ်ဆိုရင် ကျားသည်းခြေ၊ ဝေလငါးမျက်လုံး အစရှိတဲ့ အရည်အသွေးမြင့် အဆင့်မီ ပစ္စည်းတွေကို ရွေးချယ်ဖို့ လိုအပ်တယ်။"
"ဒီအတွက် ကုန်ကျစရိတ်က အလွန်ကြီးမားတယ်။ ဒီငွေသုံးသောင်းက မင်းရဲ့ အာဟာရဖြည့်စွက်ဖို့အတွက်ပဲ။"
"နောက်ဆုံးအနေနဲ့၊ ဒီငွေကို ချေးယူတယ်လို့ပဲ သဘောထားလိုက်ပါ။ နောက်မှ ဆရာမကို ပြန်ဆပ်ရမှာနော်။"
အနည်းငယ် ပြုံးလိုက်ရင်း ချန်ဇီလုက သူမ၏ သေးသွယ်လှပသော ခြေဖဝါးလေးကို ဖွဖွလေး လွှဲကာ နောက်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
ကျန်းယဲ့က "တတိယနှစ်ကျရင် ပညာသင်ဆုရတဲ့အခါ ဒါမှမဟုတ် စမ်းသပ်မှုကနေ ငွေရလာတဲ့အခါ ပြန်ဆပ်ပါ့မယ်" ဟု ပြောလိုက်သည်။
"မင်း အထက်တန်းကျောင်း ပြီးတဲ့အခါမှပဲ ဆက်ပြောကြတာပေါ့။ သုံးသောင်းဆိုတဲ့ ပမာဏလေးပဲဟာ။ အခုချိန်မှာ ဆရာမက ဒီငွေပမာဏအတွက် မပူပန်ပါဘူး။"
ချန်ဇီလုက လက်ယမ်းပြလိုက်ပြီး သူမ ငွေကြေး မခက်ခဲကြောင်းကို နောက်တစ်ကြိမ် ထပ်မံ အလေးအနက်ထား ပြောဆိုလိုက်သည်။
ကျန်းယဲ့တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
သူမက ဘယ်လောက်တောင် ချမ်းသာနေလို့လဲ? ငွေသုံးသောင်းကို ဘာမှမဟုတ်သလို သဘောထားနေရတာလား?
သူမမိသားစုကများ သတ္တုတွင်း ပိုင်ထားလို့လား?
ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ သူက လေးနက်စွာ ဦးညွှတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ဆရာမ" ဟု ပြောလိုက်သည်။
ကျန်းယဲ့ ကောင်းစွာ သဘောပေါက်ပါသည်။
သူမပြောခဲ့သော 'အလောင်းအစား' ဆိုသည်ဖြစ်စေ၊ ပြန်ဆပ်ရမည်ဟု အလေးအနက်ပြောသည်ဖြစ်စေ၊ လက်တွေ့တွင်တော့ သူ၏ သိက္ခာကို ငဲ့ညှာစဉ်းစားပေးခြင်းသာ ဖြစ်သည်။
အချို့သော အကူအညီများမှာ အလှူပေးခြင်းသက်သက်သာ ဖြစ်သည်။
သို့သော် အချို့သော အကူအညီများမှာတော့ တစ်စုံတစ်ယောက်ကို မိုးရွာထဲ ထီးတစ်လက် ကမ်းပေးလိုက်ခြင်းမျိုး ဖြစ်သည်။
ဘဝနှစ်ခု ဖြတ်သန်းခဲ့ဖူးသူဖြစ်ရာ၊ ကျန်းယဲ့သည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းစွာ နားလည်သဘောပေါက်နေပြီး သူမအပေါ် ပို၍ပင် ကျေးဇူးတင်သွားမိသည်။
ချန်ဇီလုက ပြုံးရုံလေး ပြုံးပြလိုက်သည်။
"အော်... ဒါနဲ့ စကားမစပ်၊ အန်းမြို့က မကြာသေးခင်က သိပ်ပြီးလုံခြုံမှုမရှိဘူး။ ကျောင်းပိတ်ရက်အတွင်းမှာ အပြင်သိပ်မထွက်ဖို့ ကြိုးစားပါ" ဟု သူမက ရုတ်တရက် ပြောလာသည်။
သိပ်ပြီးလုံခြုံမှုမရှိဘူး?
ကျန်းယဲ့၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ 'အရိပ်ဘေးအန္တရာယ်' ကြောင့်များလား?
ချန်ဇီလုက ဆက်၍ "တစ်ခုခုလိုအပ်ရင် WeChat ကနေ ဆရာမဆီ စာပို့လိုက်ပါ။ ဆရာမရဲ့ WeChat ID က czl23060901 ပဲ" ဟု ပြောလိုက်သည်။
ကျန်းယဲ့ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ "ဆရာမ... ဖုန်းနံပါတ်ရော ရှိလား? ဆရာမကို ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်လေးတစ်ခုလောက် ဝယ်လိုက်မယ်လေ။ ဖုန်းတွေက အရမ်းဈေးကြီးလို့..." ဟု ပြောလိုက်သည်။
ချန်ဇီလုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အံဆွဲထဲမှ လက်ပတ်နာရီတစ်ခုကို ထုတ်ယူလိုက်သည်။ "ဆရာမရဲ့ ဆက်သွယ်ရေးနာရီကို ယူသုံးလိုက်။ အဲဒီကနေလည်း ဆရာမဆီ ဆက်သွယ်လို့ရတယ်။"
"ဟုတ်ကဲ့ပါ ဆရာမ။"
ဤအခြေအနေရောက်မှတော့ ကျန်းယဲ့လည်း ငြင်းမနေတော့ဘဲ နာရီကို လက်ခံလိုက်သည်။
"ဆရာမ... ကျွန်တော် ပြန်တော့မယ်နော်။"
"အင်း... ပြန်တော့လေ။"
ချန်ဇီလုက လက်လှမ်းပြလိုက်သည်။
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ရုံးခန်းထဲမှ ထွက်ရန် လှည့်ထွက်သွားလေသည်။
သို့သော် ရုံးခန်းထဲမှ မထွက်ခွာမီ၊ သူ တစ်စုံတစ်ခုကို သတိရသွားပြီး ချန်ဇီလုကို နောက်ကြောင်းပြန်၍ တစ်ချက်လှမ်းကြည့်လိုက်သည်။
အချက်အလက်ပြဘောင်က ပေါ်လာသည်။
ချန်ဇီလု၏ ဦးခေါင်းအထက်တွင် ပေါ်လာသော စာကြောင်းနှစ်ကြောင်းကို မြင်လိုက်ရသောအခါ ကျန်းယဲ့တစ်ယောက် ချက်ချင်းပင် အံ့အားသင့်သွားရလေတော့သည်။