အခန်း (၁၂) - အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း
လတ်တလောတွင် ကျန်းယဲ့ အိပ်ရာဝင်ရန် ပျင်းရိနေမိသည်။ ဤကာလအတွင်း နေ့တိုင်းလိုလို အိပ်မက်ဆိုးများ မက်နေတတ်သဖြင့် ညဘက်များတွင် ကောင်းကောင်း အိပ်မပျော်ခဲ့ချေ။
အချိန်စောနေသေးသဖြင့် ကျန်းယဲ့ သူ၏အခန်းထဲတွင် လက်သီးထိုး လေ့ကျင့်ခန်းများကို စတင်ပြုလုပ်နေလိုက်သည်။
လက်သီးဟန် ဖမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကွာခြားမှုတစ်ခုကို သူ ချက်ချင်း ခံစားလိုက်ရသည်။
"ကျင့်စဉ်အပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုက ပိုပြီး နက်ရှိုင်းလာသလိုပဲ။"
ကျန်းယဲ့ အတိတ်ကို အနည်းငယ် ပြန်လည်စဉ်းစားကြည့်လိုက်ရာ ဆရာမချန်ဇီလု၏ သင်ကြားပြသမှုများမှာ မယုံနိုင်လောက်အောင် ရှင်းလင်းပြတ်သားနေကြောင်း တွေ့ရှိလိုက်ရသည်။
အသေးစိတ်အချက်အလက်လေးများကအစ အသက်ဝင်စွာဖြင့် မျက်စိထဲ ပြန်မြင်လာသည်။
အရင်ကဆိုလျှင် ဤမှတ်ဉာဏ်များမှာ ဝေဝါးနေပြီး အသေးစိတ်အချက်အလက် အများအပြားကို မကြာခဏ လျစ်လျူရှုမိတတ်သည်။
"ပါရမီရှင်တစ်ယောက်ရဲ့ ခံစားချက်ဆိုတာ ဒါမျိုးလား။"
ကျန်းယဲ့တစ်ယောက် ချက်ချင်းပင် ထိုခံစားချက်ထဲ၌ သာယာနစ်မူးသွားတော့သည်။
ရှေးဆိုရိုးစကားရှိသည် မဟုတ်ပါလော။ 'ဆရာက လမ်းပြ၊ ကျင့်ကြံမှုက မိမိကိုယ်တိုင်အပေါ်မှာသာ မူတည်သည်' ဟူ၍။
မည်သည့် ကိုယ်ခံပညာဆရာမှ ကျင့်စဉ်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက် အားလုံးကို ကုန်စင်အောင် မရှင်းပြနိုင်ပေ။
ထို့ကြောင့် ဆရာက သရုပ်ပြနေချိန်တွင် သိမြင်နားလည်နိုင်စွမ်းသည် ကျောင်းသားအပေါ်၌သာ အလုံးစုံ မူတည်နေပေသည်။
အချို့သော အပိုင်းများကို အဖန်တလဲလဲ ကြည့်ရှုလေ့လာလျှင်ပင် နားလည်နိုင်စွမ်း မရှိပါက သဘောပေါက်နိုင်မည် မဟုတ်ချေ။
သို့သော် အချို့သော သိုင်းပါရမီရှင်များသည် ထိုအဓိကအချက်များကို ကိုယ်တိုင် နားလည်သဘောပေါက်နိုင်ပြီး ၎င်းတို့ထံမှ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်ကြသည်။
ယခုအချိန်တွင် ကျန်းယဲ့သည်လည်း ထိုကဲ့သို့ အတိအကျပင် ဖြစ်နေချေပြီ။
သူသည် မှတ်ဉာဏ်ထဲရှိ ဆရာမချန်ဇီလုကို အကဲခတ်ကြည့်လိုက်ပြီး ရင်ဘတ်၊ ခါး၊ တင်ပါးနှင့် အခြားသော အဓိက အစိတ်အပိုင်းများကို အာရုံစိုက်လိုက်သည်။
"အစကနေ အဆုံးအထိ စွမ်းအင်တွေက ဆက်စပ်နေတယ်။ သိုင်းကွက်တစ်ခုပြီး တစ်ခုက ခိုင်ခိုင်မာမာ ချိတ်ဆက်နေတာပဲ။"
"ဒီတော့ 'နဂါးအမြီးရိုက်ခတ်ခြင်း' ကို ဒီလိုမျိုး သုံးရတာကိုး။"
မိနစ်အနည်းငယ်အတွင်းမှာပင် ကျန်းယဲ့သည် များစွာ အကျိုးအမြတ် ရရှိသွားခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို မေ့လျော့ကာ ယစ်မူးသာယာနေသည့် အခြေအနေသို့ ရောက်ရှိနေပြီး မမောမပန်းနိုင်ဘဲ ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်ကို ဆက်တိုက် ကျင့်ကြံနေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နေ့အလင်းရောင်က ကောင်းကင်ယံကို လင်းထိန်သွားစေသည်။
ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာသော တောက်ပသည့် နေရောင်ခြည်ကို ကျန်းယဲ့ သတိပြုမိလိုက်ချိန်မှသာ မနက် ၁၁ နာရီပင် ထိုးနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
ကံကောင်းစွာဖြင့် ယနေ့သည် ကျောင်းပိတ်ရက်ဖြစ်ရာ သူ ကျောင်းသွားရန် မလိုပေ။
"ခြောက်နာရီ ဆက်တိုက် လေ့ကျင့်ဖြစ်သွားမယ်လို့ မထင်ထားဘူး။"
ကျန်းယဲ့တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ နက်ရှိုင်းသော ပြည့်ဝမှုတစ်ခုကို ခံစားနေရသည်။
"ကျွမ်းကျင်မှုအဆင့်ကြီးကို ရောက်ပြီးရင် တိုးတက်ဖို့ ခက်ခဲမှုက ကျွမ်းကျင်မှုအဆင့်ငယ်ထက် အများကြီး သာလွန်တယ်လို့ ငါ ကြားဖူးတယ်။ ဒါပေမဲ့ ဘာလို့ ကျွမ်းကျင်မှုအဆင့်ငယ်တုန်းကထက် ပိုလွယ်နေသလို ခံစားနေရတာလဲ။"
ကျန်းယဲ့သည် ကျင့်စဉ်၏ ကျွမ်းကျင်မှုအဆင့်ငယ်တွင် ၉၉ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် ၃ ရက်တိတိ အချိန်ယူခဲ့ရသည်။
ဆရာမချန်ဇီလု၏ အဆိုအရ ကျွမ်းကျင်မှုအဆင့်ကြီးသို့ ရောက်ရှိပြီးနောက် တိုးတက်ရန် ခက်ခဲမှုသည် ကျွမ်းကျင်မှုအဆင့်ငယ်ကာလထက် ငါးဆကျော် ပိုမိုမြင့်မားသည်ဟု ဆိုသည်။
ဆိုလိုသည်မှာ သူသည် ၁ ရာခိုင်နှုန်းမျှ တိုးတက်ရန်အတွက်ပင် လဝက်ခန့် အချိန်ယူရနိုင်ချေရှိသည်။
သို့သော် အဲဒါက အရင်တုန်းကလေ။
"ငါ ဘယ်လောက်တောင် တိုးတက်လာပြီလဲ မသိဘူး။" ကျန်းယဲ့သည် အနည်းငယ် စိုးရိမ်တကြီးဖြင့် အချက်အလက်ပြဘောင်ကို ကြည့်လိုက်သည်။
[ကျင့်စဉ်]
ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ် - ကျွမ်းကျင်မှုအဆင့်ကြီး (၃%)
——
"ခြောက်နာရီပဲ ရှိသေးတာကို ၂ ရာခိုင်နှုန်းတောင် တိုးတက်လာတယ်!?"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယဲ့၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာကို မဖုံးကွယ်နိုင်တော့ချေ။
ယုတ္တိတန်တန် တွေးကြည့်ရလျှင် တစ်လလောက် အချိန်ယူရမည့်အရာကို ခြောက်နာရီအတွင်း လုပ်နိုင်သွားသည်ပေါ့လေ?!
"ဒါ ငါ့ရဲ့ အလားအလာတွေလား။"
ဤကဲ့သို့ တိုးတက်လာခြင်းမှာ ယခုလေးတင် သူ ရရှိခဲ့သော ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုနှင့် အတိအကျ ဆက်စပ်နေကြောင်းကို ကျန်းယဲ့ နားလည်လိုက်သည်။
လက်ရှိတွင် သိုင်းအရိုးသည် 'သာမန်ခန္ဓာကိုယ် B အဆင့်' သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ နားလည်နိုင်စွမ်းကလည်း ထာဝရ ၁၀ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ သူ၏ ကိုယ်ခံပညာ ပါရမီမှာ အလွန်အမင်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။
မွေးရာပါ ပါရမီဖြစ်နေဆဲ ဖြစ်သော်လည်း အရင်ကနှင့်တော့ ကွာခြားချက် ကြီးမားသွားခဲ့ပြီ ဖြစ်သည်။
"ဒါက သိုင်းပညာ ကောင်းကင်လှေကားရဲ့ ပထမအလွှာက ရတဲ့ ဆုလာဘ်ပဲ ရှိသေးတယ်။"
"ပထမအလွှာက ဆုလာဘ်ကတောင် ဒီလောက် အံ့မခန်းဖြစ်နေရင် နောက်ထပ်အလွှာတွေက ဘာတွေများ ပေးမလဲ မသိဘူး။"
ကျန်းယဲ့ အလွန်တရာ စိတ်အားထက်သန်နေမိသည်။
အခြားအရာများကို မဆိုထားနှင့်၊ ဒုတိယအလွှာက နောက်ထပ် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုကို ယူဆောင်လာပေးမည် ဆိုလျှင်ပင် ယုံနိုင်စရာမရှိလောက်အောင် အံ့သြဖွယ်ကောင်းနေမည် ဖြစ်သည်။
သို့သော် ဒုတိယအလွှာသို့ ဝင်ရောက်ရန်အတွက် တစ်စုံတစ်ယောက်သည် ကျင့်စဉ်ကို အထွတ်အထိပ်သို့ရောက်အောင် ကျင့်ကြံရန် လိုအပ်မည်ဖြစ်ပြီး သို့မဟုတ် ပထမဆုံးအကြိမ် အတားအဆီးကို ချိုးဖျက်ရန်ပင် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။
"ကိုကို.. ကိုကို~"
"ထမင်းစားဖို့ ထွက်ခဲ့တော့လေ။"
ကျန်းယဲ့ အတွေးရေယာဉ်ကြောထဲ နစ်မြောနေစဉ် အခန်းပြင်ပမှ ကျန်းထင်၏ ကြည်လင်ပြတ်သားသော အသံလေး ထွက်ပေါ်လာသည်။
"လာပြီ လာပြီ။"
မနက်ခင်းတစ်လျှောက်လုံး လက်သီးထိုး လေ့ကျင့်ထားသဖြင့် ဗိုက်ဆာနေပြီဖြစ်ရာ ကျန်းယဲ့ ပြန်ထူးလိုက်သည်။
...
ထမင်းစားပွဲ၌ ကျန်းထင်က ကျန်းယဲ့ကို ကြည့်ကာ မေးလိုက်သည်။ "ကိုကို.. ညက သမီးခေါ်တာ ဘာလို့ ထွက်မလာတာလဲ။ တံခါးတောင် သော့ခတ်ထားသေးတယ်။ ကိုကို အခန်းထဲမှာ မကောင်းတာ တစ်ခုခု လုပ်နေတာများလား။"
ပြီးခဲ့သည့်ညက သိုင်းပညာ ကောင်းကင်လှေကားထဲသို့ ဝင်ရောက်စဉ်က အကာအကွယ်အနေဖြင့် ကျန်းယဲ့ တံခါးကို သော့ခတ်ထားခဲ့ခြင်း ဖြစ်သည်။
"ဒီစကားတွေ ဘယ်သူ သင်ပေးလိုက်တာလဲ။"
ကျန်းယဲ့ သူ၏ ညီမလေးကို စောင်းငဲ့ကြည့်လိုက်သည်။
ကျန်းထင်က တခစ်ခစ် ရယ်မောကာ "သမီး အတန်းဖော်တွေက ပြောကြတယ်။ ယောကျာ်းလေးတစ်ယောက်က အခန်းကို သော့ခတ်ပြီး အပြင်မထွက်လာဘူးဆိုရင် မကောင်းတာ တစ်ခုခု လုပ်နေလို့တဲ့။"
ဤစကားကို ကြားလိုက်ရသောအခါ တစ်ညလုံး မိန်းမချောလေးမျိုးစုံ၏ ကုတင်ပေါ်တွင် ဖိချခံရသော သူ၏ အတွေ့အကြုံကို ကျန်းယဲ့ မအောက်မေ့ဘဲ မနေနိုင်တော့ချေ။
ကျန်းယဲ့၏ အတွေးနက်နေသော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းထင် သူမ၏ နောက်ပြောင်နေသောအပြုံးကို ရုပ်သိမ်းလိုက်သည်။
သူမ၏ မျက်နှာလေး တင်းမာသွားပြီး "ကိုကို ဘာတွေလုပ်ခဲ့လို့လဲ။ ရဲတွေလာပြီး ဖမ်းသွားမှာလားဟင်။" ဟု မေးလိုက်သည်။
သူမ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကျန်းယဲ့သည် သူမ၏ ခေါင်းကို ခေါက်လိုက်ပြီး "လျှောက်တွေးမနေနဲ့။ ထမင်းသာ စားစမ်းပါ။" ဟု ပြောလိုက်သည်။
"အို... အို။"
ကျန်းထင် သူမ၏ လျှာလေးကို ထုတ်ပြလိုက်ပြီး လိမ္မာစွာဖြင့် ထမင်းစစားတော့သည်။
ကျန်းယဲ့ ထမင်းစားပွဲ၏ လွတ်နေသော ထောင့်တစ်နေရာကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။ "ဖေဖေနဲ့ မေမေ နှစ်ယောက်စလုံး အလုပ်သွားကြပြီပဲ။"
ကျန်းတာဟိုင်သည် ညကင်းစောင့်အဖြစ် အလုပ်လုပ်သော်လည်း တစ်ခါတစ်ရံ နေ့ဘက်တွင်ပါ တာဝန်ကျတတ်သည်။
လီအန်းဖျင်အတွက်မူ သူမ၏ ပင်မအလုပ်အပြင် အချိန်ပိုင်းအလုပ်တစ်ခုကိုပါ ရှာဖွေလုပ်ကိုင်နေရသည်။
မည်သို့ပင်ဆိုစေ ယခု ကျန်းယဲ့သည် အရေးကြီးသော ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကာ နေ့စဉ် စားသောက်မှုပုံစံမှာ အာဟာရပြည့်ဝသော အစားအစာများ လိုအပ်လာပြီဖြစ်ရာ မလွဲမသွေ ကြီးမားသော ကုန်ကျစရိတ်များ ရှိလာမည်သာ ဖြစ်သည်။
"ငါ ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ်ကို ကျွမ်းကျင်မှုအဆင့်ကြီးအထိ ချိုးဖျက်နိုင်ခဲ့ပြီ။ ဆရာမ ပြောပုံအရဆိုရင် ပိုက်ဆံရဖို့အတွက် ငါ စမ်းသပ်ပွဲတွေမှာ ပါဝင်လို့ ရနိုင်ပြီ။"
"ဒါပေမဲ့ နောက်စာသင်နှစ်အထိတော့ စောင့်ရကောင်း စောင့်ရလိမ့်မယ်။"
ဤအကြောင်းကို ပြောရလျှင် မနက်ဖြန်သည် နောက်ဆုံးအကဲဖြတ် စစ်ဆေးမှု ပြုလုပ်မည့်နေ့ဖြစ်ကြောင်း ကျန်းယဲ့ သတိရသွားသည်။
"နောက်ဆုံးအကဲဖြတ် စစ်ဆေးမှုမှာ ငါ ထိပ်ဆုံး သုံးယောက်စာရင်းဝင်အောင် လုပ်မယ်!"
ကျန်းယဲ့ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ထိပ်ဆုံး သုံးယောက်စာရင်းထဲ ဝင်နိုင်ခဲ့လျှင် သူသည် ပညာသင်ဆုငွေ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရရှိနိုင်မည်ဖြစ်ရာ သူ့အတွက်တော့ အလွန် အရေးပါလှပေသည်။
ငမ်းငမ်းတက် ထမင်းစားနေသော ကျန်းထင်ကို ကျန်းယဲ့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့သော အရိပ်အယောင်တစ်ခု လက်ကနဲ ပေါ်လာသည်။
ဤအိမ်လေးသည် ဘဝက ရိုးရှင်းသော်လည်း ဤကဲ့သို့ နေရသည်က အတော်လေး ကောင်းမွန်လှသည်။
အမြဲတမ်း ဤကဲ့သို့ပဲ ဖြစ်နေစေရန် သူ မျှော်လင့်မိသည်။
ရုတ်တရက်။
ကျန်းယဲ့ တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။
သူသည် ကျန်းထင်၏ ပါရမီကို စစ်ဆေးကြည့်နိုင်ရန် 'အဆင့်နိမ့် ကိုယ်ခံပညာ အောင်မြင်မှု' အချက်အလက်ပြဘောင်ကို တိတ်တဆိတ် ဖွင့်လိုက်သည်။
သူ၏ အချက်အလက်ပြဘောင်က ကျန်းထင်ဆီသို့ ဦးတည်သွားသည်နှင့် တစ်ပြိုင်နက်..
ကျန်းထင်၏ ခေါင်းလေးအပေါ်တွင် စာတန်းငယ်လေးများ ချက်ချင်း ပေါ်လာလေသည်။
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - သာမန်ခန္ဓာကိုယ်]