အခန်း (၁၀) သိုင်းပညာ ကောင်းကင်လှေကား
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - သာမန်ခန္ဓာကိုယ် (C အဆင့် မှ B အဆင့်သို့)]
မကြာမီမှာပင် ကျန်းယဲ့တစ်ယောက် သူ၏ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ခံစားလိုက်ရသည်။
အေးမြသော စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ ခြေလက်အင်္ဂါများနှင့် ကလီစာများဆီသို့ စတင်ပျံ့နှံ့သွား၏။
သူ၏ တစ်ကိုယ်လုံးရှိ ဆဲလ်များအားလုံးမှာ အသစ်တဖန် မွေးဖွားလာသည့်အလား သန့်စင်သွားပုံရသည်။
သူ၏ သွေးကြောများ၊ ကြွက်သားများ၊ သွေးကြောမကြီးများနှင့် အရေပြားများအားလုံး အရှိန်အဟုန်ဖြင့် တုန်ခါနေကြသည်။
ထို့အပြင် ကလီစာများဆီမှ ဟိန်းဟောက်သံကဲ့သို့ အသံမျိုးကိုပါ ကြားလိုက်ရပြီး သူ၏ အရိုးစုတစ်ခုလုံးမှာလည်း တကျွတ်ကျွတ် မြည်လာလေသည်။
"ငါ့ရဲ့ အရိုးတည်ဆောက်ပုံနဲ့ သွေးကြောတွေ ပြောင်းလဲနေတာပဲ။"
ထိုအရာကို ခံစားမိလိုက်သည့် ကျန်းယဲ့၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်များ ပေါ်လွင်လာသည်။
C အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကပင် သူ့ကို အလွန်အမင်း အကျိုးပြုနေခဲ့ပြီ ဖြစ်သည်။
B အဆင့်ဆိုလျှင်ရော။ ဒီအပြောင်းအလဲက အရင်ကထက် ပိုပြီး ကြီးမားလာတော့မှာ အသေအချာပင်။
"သိုင်းသခင်ကြီး?"
ကျန်းယဲ့ အချက်အလက်ပြဘောင်ကို ဆက်ကြည့်လိုက်သည်။
[သိုင်းသခင်ကြီး - ဖန်ဆင်းခြင်းလောကတွင် ပါဝင်ပတ်သက်နိုင်စွမ်းရှိပြီး သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သော ခွန်အားရှိသူ။ ကိုယ်ခံပညာဗဟုသုတတွင် ပြိုင်ဘက်ကင်းကာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန်နှင့် သိုင်းပညာအမွေ ဆက်ခံနိုင်ရန် လုံလောက်သော အရည်အချင်းရှိသူ။ လက်ရှိသိုင်းလောက၏ ထိပ်ခေါင်ပုဂ္ဂိုလ်ဖြစ်ပြီး မရေမတွက်နိုင်သော လူများ၏ လေးစားကြည်ညိုမှုကို ခံရသူ၊ သိုင်းသခင်ကြီးပင် ဖြစ်ပါသည်!]
[သင်သည် စနစ်၏ ကန့်သတ်ချက်များကို ချိုးဖျက်ပြီး သာမန်လောက၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထပ်မံရှေ့ဆက်ရန်အတွက် သင်သည် သိုင်းပညာ ကောင်းကင်လှေကားကို တက်လှမ်းရမည် ဖြစ်သည်။]
"..."
ဖန်ဆင်းခြင်းလောကတွင် ပါဝင်ပတ်သက်နိုင်စွမ်း၊ သာမန်လောက၏ အထွတ်အထိပ် ဟုတ်လား?!
ကျန်းယဲ့၏ နှုတ်ခမ်းများ တွန့်ချိတ်သွားသည်။ ဤစနစ်ကတော့ လေလုံးထွားရန် သိပ်သိတာပဲ။
တကယ်သာ သူ ဒီလောက်အထိ စွမ်းအားကြီးနေရင် ဘယ်လောက်ကောင်းမလဲ။
သို့သော် အဆင့်နိမ့် ကိုယ်ခံပညာကမ္ဘာတစ်ခုတွင်ဆိုလျှင်တော့ သူသည် အမှန်တကယ်ပင် ဤမျှလောက် စွမ်းအားကြီးမားနိုင်ကြောင်း ကျန်းယဲ့ သိထားသည်။
သို့တိုင် ဤကမ္ဘာကြီးထဲတွင်မူ 'သိုင်းသခင်ကြီး' ဆယ်ယောက် ပေါင်းလျှင်တောင် အထက်တန်းကျောင်းသားတစ်ယောက်၏ လျှပ်စီးကြိမ်လုံးငါးချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"သိုင်းပညာ ကောင်းကင်လှေကား။ အဲဒါက ငါ့ကို ထပ်ပြီး ရှေ့ဆက်သွားခွင့် ပေးနိုင်တာလား။"
ကျန်းယဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
[သိုင်းပညာ ကောင်းကင်လှေကား - သိုင်းပညာဟူသည် ကောင်းကင်လှေကားတစ်ခုနှင့် အလားသဏ္ဌာန်တူသည်။ ခြေလှမ်းတိုင်းသည် အဆင့်တစ်ဆင့်ဖြစ်ပြီး ခြေလှမ်းတိုင်းသည် ချောက်ကမ်းပါးတစ်ခုလည်း ဖြစ်သည်! သိုင်းသခင်ကြီးအဆင့်မှ စတင်ကာ သင်သည် သိုင်းပညာ ကောင်းကင်လှေကားကို တက်လှမ်းနိုင်ပြီး မသေမျိုး ကျောက်စာတိုင်ကို ရယူနိုင်ပေမည်။]
ထို့နောက် စာတန်းများ မှေးမှိန်ပျောက်ကွယ်သွားသည်။
အချက်အလက်ပြဘောင် ပေါ်လာသည်။
——အဆင့်နိမ့် ကိုယ်ခံပညာ အောင်မြင်မှုစနစ်——
[အမည် - ကျန်းယဲ့]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - သာမန်ခန္ဓာကိုယ် (C အဆင့် မှ B အဆင့်သို့)]
[ပါရမီ - မွေးရာပါ ပါရမီ]
[ကျင့်စဉ်]
ကြယ်စင်ကိုယ်ခံပညာ ကျင့်စဉ် - ကျွမ်းကျင်မှုအဆင့်ကြီး (၁%)
[အောင်မြင်မှုများ]
သိုင်းသခင်၊ သိုင်းဘိုးဘေး၏ မိတ်ဆွေ၊ သိုင်းသခင်ကြီး
[သိုင်းပညာ ကောင်းကင်လှေကား]
တက်လှမ်းနိုင်ပါပြီ
——
အချက်အလက်ပြဘောင်ပေါ်တွင် 'သိုင်းပညာ ကောင်းကင်လှေကား' ဟူသော ရွေးချယ်စရာတစ်ခု တိတ်တဆိတ် ပေါ်လာခဲ့သည်။
"စနစ်ရဲ့ လုပ်ဆောင်ချက် အသစ်လား။ တက်သွားရင် ဘယ်လို ဆုလာဘ်တွေ ရမလဲ မသိဘူး။"
ကျန်းယဲ့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်မိသည်။
အပြောင်းအလဲက အပြည့်အဝ မပြီးဆုံးသေးချေ။
သို့ဖြစ်၍ သူ များစွာ တုံ့ဆိုင်းမနေတော့ဘဲ စိတ်ထဲမှ ချက်ချင်းပင် တွေးလိုက်သည်။
"တက်လှမ်းခြင်း စတင်ပါ။"
"ဝီ..."
နောက်တစ်ခဏ၌ သူ၏ခေါင်းကို တုတ်နှင့် ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မူးဝေချာလည်သွားလေသည်။
ထို့နောက် သူ၏ အသိစိတ်က အောက်ဘက်သို့ နစ်မြုပ်သွား၏။
မြူခိုးများ ဖုံးလွှမ်းနေသော နေရာတစ်ခုတွင် ကျန်းယဲ့ ရုတ်တရက် မျက်လုံးပွင့်လာသည်။
သူ၏ရှေ့မှောက်တွင် ရွှေဝါရောင် တောက်ပနေပြီး ကြီးကျယ်ခမ်းနားလှသော ကောင်းကင်တိမ်တိုက်လှေကားကြီးတစ်ခု ထည်ဝါစွာ မတ်မတ်ရပ်တည်နေသည်။
တိမ်တိုက်လှေကားကြီးကို ကောင်းကင်ထက်သို့ ထိုးတက်သွားသော အထပ်ထပ်သော လှေကားထစ်များဖြင့် ဖွဲ့စည်းထားသည်။ လှေကားထစ်များ၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်လင်းလက်နေသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်အက္ခရာများကို ထွင်းထုထား၏။
"ဒါက သိုင်းပညာ ကောင်းကင်လှေကားလား။"
ခဏတာ မှင်သက်မိသွားပြီးနောက် ကျန်းယဲ့ လှေကားဆီသို့ လျှောက်သွားလိုက်သည်။
လှေကားဆယ်ထစ်တိုင်းတွင် အနားယူစရာ နေရာတစ်ခုနှင့်တူသော ကြီးမားသည့် စင်မြင့်တစ်ခု ရှိနေသည်ကို သူ သတိထားမိလိုက်သည်။
"အပေါ်ကို တက်သွားရုံပဲလား။"
ကျန်းယဲ့ လှေကားအနီးသို့ ရောက်သွားပြီး ခဏမျှ တွေးတောကာ တက်ရန်အတွက် ခြေလှမ်းစတင်လိုက်သည်။
"ဝီ..."
လှေကားတစ်ထစ်ကို တက်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားလှသော ဖိအားကြီးတစ်ခုကို သူ ချက်ချင်း ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် ယခု သူသည် ကျင့်စဉ်တွင် ကျွမ်းကျင်မှုအဆင့်ကြီးသို့ ရောက်ရှိနေပြီဖြစ်ရာ ဤဖိအားက သူ့အတွက် သိပ်တော့မပြင်းထန်လှပေ။
ကျန်းယဲ့ အပေါ်သို့ တစ်ထစ်ချင်း တက်လှမ်းလာခဲ့သည်။
အပေါ်သို့ ရောက်လေလေ သူခံစားရသည့် ဖိအားက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။
ဒသမမြောက် လှေကားထစ်သို့ ရောက်သောအခါ ထိုဖိအားမှာ သူ၏ ကန့်သတ်ချက်သို့ ရောက်လုနီးပါးပင် ဖြစ်နေချေပြီ။
"ဝုန်း!"
ကျန်းယဲ့သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကို ကြိတ်မှိတ်သည်းခံကာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြီး နောက်ဆုံးတွင် ပထမဆုံး စင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ချက်ချင်းပင် ထိုဖိအားကြီးမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် သူ၏ရှေ့၌ အချက်အလက်ပြဘောင်တစ်ခု ပေါ်လာသည်။
[သင်သည် သိုင်းပညာ ကောင်းကင်လှေကား၏ ပထမအလွှာသို့ တက်ရောက်နိုင်ခဲ့ပါပြီ။]
[ပထမအလွှာ စမ်းသပ်မှုကို ချက်ချင်း စတင်လိုပါသလား။]
အချက်အလက်ပြဘောင်ပေါ်ရှိ စာသားများကို မြင်လိုက်ရသောအခါ ကျန်းယဲ့ မှင်သက်သွားသည်။
စမ်းသပ်မှုပါ ရှိနေတာလား။
ဒါဆို ဒီကိုရောက်ဖို့ အပင်ပန်းခံ တက်လာခဲ့ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်သွားပြီလဲ။
"သိုင်းသခင်ကြီး အဆင့်လောက် စွမ်းအားရှိမှပဲ ပထမအလွှာ စမ်းသပ်မှုကို စတင်နိုင်မယ့်ပုံပဲ။"
"ဒီလောက်တောင် ဒုက္ခခံထားရတာဆိုတော့ ဆုလာဘ်တွေကလည်း အံ့မခန်း ဖြစ်ရလိမ့်မယ်။"
ကျန်းယဲ့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု လက်ကနဲ တောက်ပသွားသည်။
သူ ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ စိတ်ထဲမှ မြန်မြန်ဆန်ဆန်ပင် တွေးလိုက်သည်.. "ပထမအလွှာ စမ်းသပ်မှုကို စတင်ပါ။"
သူ၏ စိတ်အာရုံ စူးစိုက်မှု အဆုံးသတ်သွားသည်နှင့်..
"ဝီ..."
ပတ်ဝန်းကျင် အနေအထားမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။
အမှောင်ထု ပျောက်ကွယ်သွားပြီး ကျန်းယဲ့တစ်ယောက် ကြီးမားကျယ်ပြန့်သော ကုတင်ကြီးတစ်ခုပေါ်တွင် လှဲလျောင်းနေမိကြောင်း သတိထားလိုက်မိသည်။ နားထဲတွင် သာယာငြိမ့်ညောင်းသော တေးဂီတသံများကို ကြားနေရပြီး နွေးထွေးသော အလင်းရောင်များက သူ၏ ခန္ဓာကိုယ်ထက်သို့ ရီဝေဝေ အငွေ့အသက်မျိုးဖြင့် ကျရောက်နေသည်။
ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်တွင် မွှေးကြိုင်လှသော ရနံ့များ သင်းပျံ့နေသည့် အဆီပုလင်း အမျိုးမျိုးကို တန်းစီချထား၏။
"ဒါ.. ငါ အမြဲသွားနေကျ အနှိပ်ခန်း မဟုတ်ဘူးလား။"
ကျန်းယဲ့ တစ်ယောက် တွေဝေဝေဖြစ်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ထိုစဉ် တံခါးပွင့်လာလေသည်။
မြင့်မားသော ဆံထုံးကို ထုံးနှောင်ထားကာ အလွန်လှပသော မျက်နှာပေါက်ရှိသည့် ပိုးသားအဖြူရောင် ယူနီဖောင်းဝတ် မိန်းမချောလေးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။
"မင်္ဂလာပါရှင်။ ဝန်ထမ်းအမှတ် (၁၃) မှ လူကြီးမင်းကို ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်ရှင်။"
ကျန်းယဲ့ သူမကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိသည်။
"ဆရာမချန်?"
ပိုးသားအဖြူရောင် ယူနီဖောင်းဝတ် မိန်းမချောလေးမှာ အခြားသူမဟုတ်ဘဲ သူ၏ ကိုယ်ခံပညာဆရာမ ချန်ဇီလု ဖြစ်နေသည်လေ။
နေပါဦး.. ဒါက ဟုတ်လို့လား။
ချန်ဇီလုက သူ့ကို ချိုမြိန်သော အပြုံးလေးဖြင့် ပြုံးပြလိုက်ကာ နူးညံ့သော အသံလေးဖြင့် "လူစားလဲပြီး ကစားချင်ပြန်ပြီလား။ နောက်တစ်ခါကျရင် အဝတ်အစား နောက်တစ်စုံ ယူလာခဲ့မယ်နော်။" ဟု ပြောလာသည်။
စကားပြောရင်းနှင့်ပင် သူမသည် အနားသို့ရောက်လာကာ အလုပ်စတင်နေပြီ ဖြစ်သည်။
"နေ.. နေပါဦး!"
တစ်ခုခု မှားယွင်းနေသလို ခံစားရသဖြင့် ကျန်းယဲ့ သူ၏ခေါင်းကို ကိုင်ကာ ပြောလိုက်သည်။
"ဟင်?"
ချန်ဇီလုက သူ့ကို နားမလည်နိုင်စွာ ကြည့်လာသည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် တခစ်ခစ် ရယ်မောလိုက်ကာ.. "သတိရသွားပြီ.. ရှင်က ကျောက်စိမ်းလေးလို လှတဲ့ ခြေဖဝါးလေးတွေကို ကြိုက်တာမလား။"
ကျန်းယဲ့ တစ်ယောက် ဘာပြန်ပြောရမှန်း မသိခင်မှာပင် သူမသည် သားရေဖိနပ်လေးများကို ချွတ်လိုက်ပြီး ပိုးသားကဲ့သို့ ဖြူဖွေးနူးညံ့သော သူမ၏ ခြေဖဝါးလေးများနှင့် ဖိချလိုက်သည်။
အရေးကြီးသော ကိစ္စတစ်ခုခုကို မေ့လျော့နေသကဲ့သို့ ကျန်းယဲ့၏ ခေါင်းထဲတွင် မူးဝေလာသည်ကို ခံစားလိုက်ရသည်။
သို့သော် ချန်ဇီလု၏ အနှိပ်အနယ်များအောက်တွင် သူသည် သူ့ကိုယ်သူပင် သတိမထားမိဘဲ နစ်မြောသွားကာ စတင် သာယာလာမိတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီ...
ဝန်ဆောင်မှုပေးခြင်း အစီအစဉ်များ ပြီးဆုံးသွားပြီးနောက် ကျန်းယဲ့တစ်ယောက် လွတ်လပ်ပေါ့ပါးစွာဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေမိပြီး သူ၏ မျက်ဝန်းများမှာလည်း တဖြည်းဖြည်း ရီဝေလာသည်။
သို့သော် ထိုအချိန်မှာပင်။
ရုတ်တရက် ကျန်းယဲ့၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။ "နေဦး.. ဒါက ရှင်းရှင်းကြီးကို ငါ့အရင်ဘဝက အနှိပ်ခန်းပဲ။ ချန်ဇီလုက ဘယ်လိုလုပ် ဒီကို ရောက်နေမှာလဲ။"
"ဟုတ်သားပဲ.. ငါ သိုင်းပညာ ကောင်းကင်လှေကား စမ်းသပ်မှု ခံယူနေတာပဲ။ ဒါတွေအကုန်လုံးက ပုံရိပ်ယောင်တွေပဲ။"
ကျန်းယဲ့ ထိုအချက်ကို သတိပြုမိသွားသည့် အခိုက်အတန့်၌..
ပတ်ဝန်းကျင် မြင်ကွင်းတစ်ခုလုံး လွင့်စဉ်သွားသော လေနှယ် ပျောက်ကွယ်သွားတော့သည်။
သူ သိုင်းပညာ ကောင်းကင်လှေကားပေါ်သို့ ပြန်ရောက်သွား၏။
[စမ်းသပ်မှု ကြာမြင့်ချိန် - ၃ နာရီ နှင့် ၇ မိနစ်]
[သိုင်းပညာ စိတ်ဆန္ဒ စမ်းသပ်မှု ကျရှုံးပါသည်။]
[စမ်းသပ်မှု မအောင်မြင်ပါ!]
[ပထမအလွှာ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်လိုပါသလား။]
သူ၏ရှေ့မှောက်ရှိ အချက်အလက်ပြဘောင်ကို မြင်လိုက်ရသောအခါ ကျန်းယဲ့မှာ မတတ်သာသည့်အပြုံးလေး ပြုံးလိုက်မိသည်။
သူ ကျရှုံးသွားနိုင်သည်ကို ကြိုတွေးထားသော်လည်း ပုံရိပ်ယောင်ကမ္ဘာထဲတွင် သုံးနာရီကျော်ကြာအောင် နစ်မြောသွားလိမ့်မည်ဟုတော့ တစ်ခါမှ မမျှော်လင့်ထားခဲ့မိချေ။
"ပထမအလွှာ စမ်းသပ်မှုက ငါ့ရဲ့ သိုင်းပညာ စိတ်ဆန္ဒကို အကဲဖြတ်တာ ထင်တယ်။"
ကျန်းယဲ့ စဉ်းစားခန်း ဝင်လိုက်သည်။
သိုင်းပညာ စိတ်ဆန္ဒ ဆိုသည်မှာ အခြား မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သိုင်းပညာအပေါ်၌သာ အာရုံစိုက်ထားသည့် စိတ်ပင် ဖြစ်သည်။
ကျန်းယဲ့သည် သိုင်းပညာကို တစ်စိုက်မတ်မတ် လိုက်စားသူဖြစ်၍ ဒီလောက်ကြီးတော့ မဆိုးရွားသင့်ပေ။
သူ၏ သိုင်းပညာ စိတ်ဆန္ဒတွင် စိတ်ပိုင်းဖြတ်မှု အားနည်းနေခြင်း မဟုတ်ကြောင်းကို သူ ပြန်လည် ဆင်ခြင်မိသည်။
အမှန်တော့ ထိုပုံရိပ်ယောင်ဖန်တီးမှုကပင် သူ့ကို မှိန်းမူးသွားစေခဲ့ခြင်း ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ပုံရိပ်ယောင်ဖန်တီးမှုက အလွန်တရာ အစစ်နှင့်တူလွန်းနေခြင်းပင်။ အာရုံငါးပါးစလုံးက အလွန်ရှင်းလင်းနေပြီး အနှိပ်ခံနေရသည်ကို အမှန်တကယ်ပင် ကိုယ်တွေ့ကြုံနေရသလို ခံစားရစေသည်။
ယခုအချိန်အထိ သူ၏ပတ်ဝန်းကျင်၌ သင်းပျံ့သော ရနံ့များ ကျန်ရစ်နေဆဲဖြစ်ကြောင်း သူ ခံစားမိနေသေးသည်။
ကံကောင်းစွာဖြင့် စမ်းသပ်မှုကို ပြန်လည်ခံယူရန် နောက်ထပ် အခွင့်အရေးတစ်ခု ရှိနေသေးသည်။"
ကျန်းယဲ့ သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ "အရမ်း အစစ်နဲ့တူနေတော့ ငါ သာယာသွားတာပါ။ နောက်တစ်ခေါက် ပြန်စမ်းကြည့်ကြတာပေါ့။"
သူ အနှိပ်ခန်းထဲသို့ ပြန်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယဲ့ စိတ်သက်သာရာ ရသွားသည်။
သို့သော် သူ ဒီကို ဘာကြောင့် ရောက်လာရသလဲဆိုသည်ကို မတွေးတတ်ခင်မှာပင် ရုံးဝတ်စုံ ပိုးသားအနက်ရောင်ကို ဝတ်ဆင်ထားသော မိန်းမချောလေးတစ်ဦးက တံခါးကို ဖွင့်လာလေသည်။
"မင်္ဂလာပါရှင်။ ဝန်ထမ်းအမှတ် (၁၃) မှ လူကြီးမင်းကို ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်ရှင်။"
ထိုကြည်လင်ပြတ်သားသော အသံလေးနှင့်အတူ ကျန်းယဲ့၏ မျက်ဝန်းများထဲတွင် သဘောပေါက်နားလည်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ငါ မှတ်မိပြီ.. ငါ ကြိုက်တဲ့အရာအတွက် ဒီကို ရောက်နေတာပဲလား။"