အခန်း (၈) ငါးနှစ်ကြာပြီးနောက်
ငါးနှစ် ကြာပြီးနောက်...
ဆုဘင်းသည် ကျင်းတူးလေဆိပ် သို့ အခုလေးတင် ဆိုက်ရောက်လာခဲ့သည်။
ပခုံးပေါ်သို့ ဝဲကျနေသော အညိုရောင် ဆံနွယ်ရှည်များ၊ နို့ရောင် ကုတ်အင်္ကျီအရှည်ကြီးနှင့် ဒေါက်ဖိနပ်ကို စီးထားသော ထိုအမျိုးသမီးသည် ခရီးဆောင်အိတ်ကို ဆွဲရင်း ကောင်းကင်ယံထက်က စိမ်းသက်သော်လည်း ရင်းနှီးနေဆဲဖြစ်သော တိမ်တိုက်များကို မော့ကြည့်နေခဲ့၏။
သူမ အိမ်ကထွက်ခွာသွားစဉ်က အသက် (၁၈) နှစ်မျှသာ ရှိသေးသည်။ ယခု ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူမသည် အသက် (၂၃) နှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ ယခင်က ကလေးဆန်သော ပါးဖောင်းဖောင်းမျက်နှာလေး မှာ အချိန်ကာလနှင့်အမျှ ပိုမိုရင့်ကျက်ပြီး ပိုမိုလှပကျော့ရှင်းလာခဲ့ပြီ။
သူမ၏ ဘေးတွင်တော့ ဝတ်စုံပြည့် ကို ဆင်ယင်ထားသည့် အသက်လေးနှစ်အရွယ် ကောင်လေးတစ်ယောက် အဖော်အဖြစ် ပါဝင်လာခဲ့သည်။ သူ့၏ တည်တင်းလွန်းသော မျက်နှာလေးကို ကြည့်ရုံမျှဖြင့် နောင်တစ်ချိန်တွင် အလွန်ခန့်ညားမည့် အမျိုးသားတစ်ဦး ဖြစ်လာလိမ့်မည်ဟု အလွယ်တကူ ခန့်မှန်းနိုင်သည်။ သူက နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ကာ လျှောက်လှမ်းနေသော ဆုဘင်း၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။
"တာပေါင်... ရှောင်ဘင်း!" အမျိုးသမီးတစ်ဦးက ရုတ်တရက် ပြေးလာပြီး ဆုဘင်းကို ဖက်လဲတကင်း ပွေ့ဖက်လိုက်တော့သည်။
သူမ၏ သူငယ်ချင်းဟောင်းကြီး လင်းမိုလီ ကို မြင်လိုက်ရသဖြင့် ဆုဘင်းလည်း သူမကို ပြန်လည်ပွေ့ဖက်လိုက်မိ၏။
သူငယ်ချင်းဖြစ်သူကို လွှတ်လိုက်ပြီးနောက် လင်းမိုလီသည် တာပေါင် ကို ကြည့်ရန် ခေါင်းငုံ့လိုက်ပြီး အံ့ဩတသစွာဖြင့်... "ရှောင်ဘင်း... နင့်သားလေးက ဗီဒီယိုထဲမှာထက် အပြင်မှာ ပိုပြီး ချောတာပဲဟယ်။"
"ဒါပေါ့... ဘာပဲပြောပြော ငါ့သားပဲဟာကို" ဟု ဆုဘင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် မေမေမိုလီ။" တာပေါင်က လင်းမိုလီကို မော့ကြည့်ကာ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်ပြီးနောက် သူ့၏ အေးစက်စက် အမူအရာဆီသို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားခဲ့သည်။
လင်းမိုလီက သူ့ကို လက်မထောင်ပြလိုက်ပြီး... "မိုက်တယ်! အဲ့ဒီ CEO ပေါက်စလေးရဲ့ အထာကို ဆက်ထိန်းထားစမ်း!"
တာပေါင်က ထိုစကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခဏမျှ ပြုံးပြလိုက်ပြီးနောက် ချက်ချင်းပင် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာသေ ပုံစံသို့ ပြန်ပြောင်းသွားပြန်သည်။
လင်းမိုလီတစ်ယောက် စိတ်မကောင်းဖြစ်စွာဖြင့် ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ဆုဘင်းမှာ အမွှာလေးတွေ မွေးဖွားခဲ့ရမှာ ဖြစ်သော်လည်း ကံဆိုးစွာဖြင့် အခြားကလေးငယ်လေးမှာ မွေးရာပါ ရောဂါဝေဒနာကြောင့် ဆုံးပါးသွားခဲ့ရရှာသည်။ အကယ်၍ ထိုကလေးသာ အသက်ရှင်ခဲ့မယ်ဆိုရင်...
ဆုဘင်းသည် ပြုံးနေမိသော်လည်း သားဖြစ်သူကို ကြည့်မိသည့် အကြိမ်တိုင်းတွင် လုဟဲ့ထင်၏ မျက်နှာကို မလွဲမသွေ သတိရမိနေဆဲ ဖြစ်သည်။ ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်မှာတင် တာပေါင်၏ ပုံစံမှာ သူ့ဖခင်နှင့် အလွန်တူလွန်းလှပြီး အမူအရာများကအစ ထပ်တူကျလှ၏။
သို့သော်လည်း ထိုအမျိုးသားက CEO တစ်ယောက်မဟုတ်ဘဲ လုမိသားစုရဲ့ ဒရိုင်ဘာတစ်ယောက်မျှသာ ဖြစ်ခဲ့သည်လေ။
သားအမိနှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ဧည့်ခံချင်သဖြင့် လင်းမိုလီက သူတို့ကို ဘူဖေး ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။
တာပေါင်သည် မိမိဘာသာ အစားအစာများကို ရွေးချယ်ယူဆောင်နိုင်လောက်အောင် လိမ္မာပါးနပ်သူဖြစ်သဖြင့် ဆုဘင်းအနေဖြင့် ကောင်လေးအနောက်သို့ လိုက်ပါသွားရန် မလိုခဲ့ချေ။
လင်းမိုလီသည် စားပွဲတွင် ထိုင်လိုက်သည်နှင့် သူမ၏ သူငယ်ချင်းဖြစ်သူထံသို့ တိုးတိုးလေး ကပ်မေးလိုက်သည်... "နင် တကယ်ပဲ ကလေးကို သူ့အဖေဆီ ပြန်ပေးတော့မလို့လား။"
"ငါ့မှာ အခြားရွေးချယ်စရာ မရှိဘူးလေ။" ထို့နောက် သူမက လေသံကို အနည်းငယ်မြှင့်ကာ ဆက်ပြောသည်... "သူ့ရဲ့ ဖခင်တစ်ယောက်အနေနဲ့ တာပေါင် အရွယ်မရောက်ခင်အထိ အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးနိုင်မယ့်သူက သူပဲ ရှိတာ။"
"နင့်ရဲ့ ရောဂါက တကယ်ပဲ ကုသလို့မရတော့ဘူးလားဟယ်" ဟု လင်းမိုလီက စိုးရိမ်တကြီး မေးရှာသည်။
"ငါ့မှာ နောက်ဆုံးအဆင့် အစာအိမ်ကင်ဆာ ရှိနေတာ။ ငါ့မှာ အချိန် တစ်နှစ်ပဲ ကျန်တော့တယ်။ အချည်းနှီးဖြစ်မယ့် ကုသမှုတွေပေါ်မှာ အချိန်တွေ မဖြုန်းတီးချင်တော့ဘူး။ ဒီတစ်နှစ်အတွင်းမှာ ငါ အစွမ်းကုန် ငွေရှာသွားမယ်။ ဒါမှသာ အဖေနဲ့သား နှစ်ယောက်လုံး ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်မှာ" ဟု သူမက ပြောလိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်များတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုခဏတာအတွင်းမှာတော့ သူမ ခံစားနေရသည့် ဝေဒနာနှင့် ဝမ်းနည်းမှုများကို မေ့လျော့နေပုံရ၏။
သူမက အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း သူမ ရင်ထဲ၌ မည်မျှအထိ နာကျင်ပူဆွေးမှုများကို အံကြိတ်ခံစားနေရသည်ကို မည်သူမျှ မသိနိုင်ကြချေ။
ထိုအခိုက်အတန့်တွင် လင်းမိုလီတစ်ယောက် ဘာပြောရမှန်း မသိတော့သဖြင့် ဆုဘင်း၏ ရှေ့သို့ ဆန်ပြုတ်ပန်းကန်လုံးလေးကို တိတ်တဆိတ် တိုးပေးလိုက်ပြီးမှ စကားကို ဆက်လိုက်သည်... "နင်ပြောတဲ့အတိုင်း အဲ့ဒီတုန်းက ကွာရှင်းစာချုပ်ကို ငါ သူ့ဆီ ပို့ပေးခဲ့ပါတယ်။ အခုအချိန်မှာ သူ အိမ်ထောင်ပြုသွားပြီလား၊ မပြုသေးဘူးလားဆိုတာတော့ ငါလည်း မသိဘူး..."
"ဒါကြောင့်မလို့ အခု လာမယ့် ရက်ပိုင်းအတွင်း တာပေါင်ကို စောင့်ရှောက်ပေးဖို့ နင့်ကို အကူအညီတောင်းရတာပေါ့။ ငါ သူ့အကြောင်းကို အရင်ဆုံး စုံစမ်းရဦးမယ်။ အကယ်၍ သူက အိမ်ထောင်အသစ်နဲ့ ကလေးတွေ ရှိနေပြီဆိုရင်တော့ ငါ သူ့ကို သွားပြီး မနှောင့်ယှက်တော့ဘူး။ ဒါပေမဲ့ သူ့မှာ ဘယ်သူမှမရှိဘဲ ငါတို့သားလေးအပေါ် တာဝန်ယူချင်တယ်ဆိုရင်တော့ သူက စိတ်ဓာတ်အောက်တန်းကျတဲ့ လူစားမျိုး မဟုတ်ဖို့ ငါ သေချာအောင် လုပ်ရဦးမယ်။ ဘာပဲဖြစ်ဖြစ် တာပေါင်က သူနဲ့အတူ နှစ်ပေါင်းများစွာ ဖြတ်သန်းသွားရမှာလေ။" သူမ ပြည်တော်မပြန်မီကတည်းက ဆုဘင်းသည် အရာအားလုံးကို အကွက်စေ့စေ့ တွေးတောထားခဲ့ပြီး ဖြစ်သည်။
"ဒါပေါ့... တာပေါင်ကို ငါ့ဆီသာ စိတ်ချလက်ချ အပ်ထားလိုက်စမ်းပါ။ ငါလည်း အခုလောလောဆယ် အလုပ်မရှိသေးတော့ အချိန်တွေ အများကြီး ထွက်နေတာ" ဟု လင်းမိုလီက စိတ်ချရန် အာမခံလိုက်ပြီး သော့တွဲတစ်ခုကို ကမ်းပေးလိုက်သည်... "နင် အဝယ်ခိုင်းထားတဲ့ အိမ်ကို ငါ ဝယ်ထားပေးပြီးပြီ။"