အခန်း (၅၀) ရပါတယ်... ရှင့်နားမှာ ကျွန်တော်ရှိသေးတယ်
ဆုဘင်းသည် ဝိုင်ပုလင်းတစ်ပုဒ်ကို ကောက်ကိုင်လိုက်ပြီး အဖုံးကိုဖွင့်ကာ တစ်ငုံမျှ လှမ်းသောက်လိုက်မိသည်။
ဤပါတီပွဲတစ်ခုလုံးမှာ သူမအတွက် ရည်ရွယ်၍ ကျင်းပပေးနေခြင်း ဖြစ်ပေသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းကို လုယူသွားခွင့် သူမ ဘယ်တော့မှ ပေးမည်မဟုတ်ပါချေ။
သို့သော်ငြားလည်း ဝိုင်အနည်းငယ် သောက်ပြီးသည့်နောက်... စင်မြင့်ထက်ဆီက ဝန်ထမ်းတစ်ဦးက အခြားတစ်ဦးကို ပြောဆိုနေသည့် စကားသံကို သူမ ကြားလိုက်ရလေသည်... "မင်း ဘာတွေလုပ်နေတာလဲ။ နာမည်မှားသွားပြီလေ။ 'ဆုဘင်း' ဆိုတဲ့ နာမည်ကို 'ဆုဟွေရှန်' လို့ မြန်မြန်ပြောင်းလိုက်တော့။"
"ဆုဘင်းအတွက် ကျင်းပတာ မဟုတ်ဘူးလား။"
"မဟုတ်ဘူး... ဆုဟွေရှန်က သူမရဲ့ နေရာမှာ အစားထိုးဝင်လာပြီ။ မြန်မြန်လုပ်စမ်းပါ။ တကယ်လို့ သူမ လျှောက်ဝင်လာလို့ ဒါကိုမြင်သွားရင် စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်။"
မကြာမီမှာပင်... နဖူးစည်းစာတန်း ပေါ်က နာမည်မှာ 'ဆုဟွေရှန်' အဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
ဆုဘင်းအနေဖြင့် ဖခင်ဖြစ်သူနှင့် တုလော့တို့မှာ ကွမ်းယု အနုပညာကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်အရာရှိများ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်လောက်အောင် အာဏာရှိကြမှန်း ကောင်းကောင်းသိရှိထားသည်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီသည် ဆုမိသားစုနှင့် တုမိသားစုတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကျောထောက်နောက်ခံပြုမှုအပေါ် မှီခိုနေရသည် မဟုတ်ပါလား။
အခြားတစ်ဖက်တွင်မူ... သူမ၌ အာဏာကော၊ ကျောထောက်နောက်ခံပါ မရှိသဖြင့် ဘာကောင်မှမဟုတ်သည့် သာမန်လူတစ်ယောက်မျှသာ ဖြစ်နေခဲ့ရ၏။
သူမသည် စိတ်မသက်သာစွာဖြင့် မျက်ဝန်းအစုံကို မှိတ်လိုက်ရင်း... ဝိုင်ကို နောက်ထပ် ကျိုက်ခနဲ ကျိုက်ခနဲ အတင်းသောက်လိုက်မိပြန်သည်။
သူမ၌ အစာအိမ်ကင်ဆာ ရှိနေကြောင်း ရောဂါရှာဖွေတွေ့ရှိကတည်းက... သူမအနေဖြင့် အရက်သေစာ လုံးဝ မသောက်ဖူးခဲ့ပါချေ။
သို့သော် ဤအခိုက်အတန့်တွင်မူ... ပူလောင်လှသော အယ်လ်ကိုဟောကသာ သူမ၏ နှလုံးသားအောက်ခြေက အထီးကျန်ဆန်မှုများကို ဖိနှိပ်ဖျောက်ဖျက်ပေးနိုင်လိမ့်မည်ဟု သူမ ခံစားနေရမိသည်။
သူမသည် ရှုကျိချင် က မိမိ၏ မိခင်ဖြစ်သူကို တိုက်ပေါ်ကနေ ပြုတ်ကျသွားအောင် အကျပ်ကိုင် အကျပ်ရိုက်ခဲ့သည့် အတိတ်ကာလကို ပြန်လည်အမှတ်ရမိသွားသည်။ မိခင်ဖြစ်သူသည် သူမ၏ မျက်စိရှေ့မှောက်တွင်တင် အသက်ပျောက်သွားခဲ့ရခြင်း ဖြစ်၏။
ထို့ကြောင့် သူမအနေဖြင့် ရှုကျိချင်နှင့် သူမ၏ သမီးအပေါ် ထားရှိသော အမုန်းတရားများကို ဘယ်သောအခါမှ စွန့်လွှတ်နိုင်မည် မဟုတ်ပါချေ။
သို့သော်လည်း... ဖခင်ဖြစ်သူကတော့ သူမ၏ ခံစားချက်များကို အလေးအနက် မထားခဲ့ပါဘူး။ ထိုအမျိုးသမီးနှစ်ဦးအပေါ် ထားရှိသော သူမ၏ အမုန်းတရားများကို ကလေးကလားဆန်သော မသိနားမလည်မှုနှင့် ပုန်ကန်မှုတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့သည်။
ယခုအခါတွင်မူ... သူသည် သူမနှင့် ထိုက်တန်စွာ ရရှိသင့်သော အလုပ်အကိုင် အခွင့်အရေးကို လုယူနိုင်ရန်အတွက် ဆုဟွေရှန်ကို အစွမ်းကုန် ကူညီပေးခဲ့ပြန်ပြီ ဖြစ်၏။
"ဟွေရှန် လာပြီဟေ့။" လူတိုင်းက သူမကို ကြိုဆိုရန်အတွက် တံခါးဝတွင် စုရုံးသွားခဲ့ကြသည်။
ဆုဘင်းသည် မျက်ရည်ဝိုင်းလျက်ဖြင့် ခန်းမဆောင်ကြီးထဲမှနေ၍ ထွက်ပြေးခဲ့ကာ... တံခါးဝဆီသို့ တရွေ့ရွေ့ဖြင့် ယိုင်တိယိုင်တိုင် လျှောက်လှမ်းလာခဲ့တော့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်မှသာ အရက်ကို ပြန်လည်သောက်မိခြင်းကြောင့် ဖြစ်ပေလိမ့်မည်... ဝိုင်အနည်းငယ် သောက်လိုက်ရုံမျှဖြင့် သူမအနေဖြင့် ခန္ဓာကိုယ်ကိုပင် ကောင်းကောင်း မထိန်းနိုင်တော့ပါချေ။
သူမ၏ နောက်ကွယ်မှနေ၍ ကျယ်လောင်လှသော "ဂုဏ်ယူပါတယ်" ဟူသော အော်ဟစ်သံများနှင့် ပျော်ရွှင်စရာ ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုပျော်ရွှင်မှုများနှင့် အောင်ပွဲခံမှုများအားလုံးမှာ သူမနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိတော့ပါဘူး။
သူမသည် ကုမ္ပဏီအဆောက်အအုံပြင်ပသို့ ရောက်ရှိသွားသည့်တိုင်အောင်... လမ်းမထက်တွင် ရည်ရွယ်ချက်မရှိဘဲ မိန်းမောစွာ လျှောက်လှမ်းနေမိခဲ့သည်။
ဘန်တလေ ကားကြီးတစ်စီးက သူမ၏ နောက်ကွယ်မှနေ၍ တရွေ့ရွေ့ လိုက်ပါလာခဲ့ပြီးနောက်... ဘေးနားတွင် ရပ်တန့်သွားခဲ့၏။
သူမ စိတ်ဓာတ်ကျနေသည်ကို သတိပြုမိသွားသော လုဟဲ့ထင်က... ကားထဲမှ ချက်ချင်းဆင်းလာပြီး သူမ၏ ထံသို့ အပြေးအလွှား လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် သူမ၏ ပုခုံးလေးကို သိုင်းဖက်ပွေ့ချီလိုက်ရင်း ကားရှိရာဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့တော့သည်။
သူမ၏ မျက်နှာလေးကို ငုံ့ကြည့်လိုက်သည့် အခါတွင်မူ... သူမ၏ မျက်ဝန်းအစုံမှာ နီမြန်းနေပြီး... မက်မွန်ပွင့်ဖတ်လေးများအလား အနည်းငယ် မို့အမ်းနေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် သူမ၏ ထံမှနေ၍ ဝိုင်နံ့သင်းပျံ့ပျံ့လေးလည်း ရရှိနေခဲ့သည်။
"မင်း အရက်သောက်ထားတာလား။" လုဟဲ့ထင်၏ မျက်ခုံးအစုံမှာ ပြင်းထန်စွာ တွန့်ကွေးသွားခဲ့ရ၏။
သူမ ထိုနေရာသို့ ရောက်ရှိသွားသည်မှာ ခဏမျှသာ ရှိသေးပြီး... ထိုနေရာက သူမ၏ ကုမ္ပဏီလည်း ဖြစ်ပေသည်။ သူမ ဘယ်နေရာမှာ ဤမျှလောက်အထိ အများကြီး သောက်လာခဲ့ရတာလဲ။
ဆုဘင်း၏ နှုတ်ခမ်းစွန်းများ ကော့ညွှတ်သွားခဲ့ရသည်။ သူမ သူ့ကို ပြုံးပြချင်သော်လည်း... မျက်ရည်များကမူ မတားဆီးနိုင်ဘဲ မျက်ဝန်းအစုံတွင် ဝိုင်းစပြုလာခဲ့၏။ "သူတို့က မနက်ဖြန် ဖက်ရှင်ရှိုးပွဲမှာ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးဖို့ တို့အတွက် အောင်ပွဲခံပါတီပွဲ ကျင်းပပေးကြတာလေ။ အဲ့ဒါကြောင့် တို့လည်း နည်းနည်းလောက် မြည်းစမ်းကြည့်လိုက်တာ..."
သူမ ထိုမျှလောက်အထိ မူးဝေနေခဲ့ခြင်းကြောင့်ပင်... သူ သူမ၏ ပုခုံးကို သိုင်းဖက်ထားသည်ကိုပင် သတိမပြုမိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူမ မိမိကို အမှန်အတိုင်း အကုန်လုံး ပြောမပြနေမှန်း သူ ကောင်းကောင်း သဘောပေါက်ထားခဲ့သည်။
သူမကို ငုံ့ကြည့်လိုက်မိရင်း... သူ၏ မျက်ခုံးအစုံကြားတွင် သနားဂရုဏာသက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရ၏။ "ဘာဖြစ်ခဲ့လို့လဲဟင်။"
"သူတို့က တို့ရဲ့ နေရာမှာ... ဆုဟွေရှန်ကို အစားထိုးလိုက်ကြပြီ။" ဆုဘင်း၏ မျက်ဝန်းထဲက မျက်ရည်များမှာ နောက်ဆုံးတွင်မှ သူမ၏ မျက်တောင်ရှည်ကြီးများကို ဖြတ်ကျော်ကာ ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာခဲ့တော့သည်။
သူမ၏ မျက်နှာတစ်ဝက်မှာ ဆံနွယ်ရှည်များဖြင့် ဖုံးလွှမ်းနေခဲ့ပြီး... မျက်နှာထက်က အပြုံးလေးမှာလည်း အားနည်းလွန်းလှပေသည်။
လုဟဲ့ထင်သည် မသိစိတ်ကနေ လှုပ်ခတ်သွားခဲ့ရကာ... သူမကို မိမိ၏ ရင်ခွင်ကျယ်ကြီးထဲသို့ တင်းကြပ်စွာ ဆွဲသွင်းပွေ့ဖက်လိုက်တော့၏။
ဆုဘင်းကလည်း သူ့ကို ပြန်လည်ဖက်တွယ်လိုက်ရင်း... "သူတို့တွေ ပေါ်လာပြီးတဲ့နောက်ပိုင်း... တို့ရဲ့ မေမေ ဆုံးရှုံးခဲ့ရတယ်၊ ပြီးတော့ ဖေဖေလည်း ဆုံးရှုံးခဲ့ရတယ်၊ ပြီးတော့ တုလော့လည်း ဆုံးရှုံးခဲ့ရတယ်၊ အခုဆိုရင်... တို့ရဲ့ အလုပ်အကိုင်ကိုပါ ဆုံးရှုံးလိုက်ရပြန်ပြီ... တို့မှာ ဒီကမ္ဘာကြီးပေါ်မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး။"
"ရပါတယ်... စိတ်မကောင်းမဖြစ်ပါနဲ့တော့နော်။ ရှင့်နားမှာ ကျွန်တော် ရှိသေးတယ်မဟုတ်လား။" လုဟဲ့ထင်က သြဇာနက်ရှိုင်းပြီး နူးညံ့သိမ်မွေ့လှသော လေသံလေးဖြင့် တိုးတိုးလေး ကတိပေးလိုက်ပေတော့သည်။