အခန်း (၅) ဇာတ်လိုက်မင်းသားနှင့် စတင်ဆုံစည်းခြင်း
ဒီနေ့သည် မေလ (၂၀) ရက်နေ့ ဖြစ်သည်။ ယခုနိုင်ငံတွင် ထိုနေ့စွဲသည် "အချစ်" ကို ကိုယ်စားပြုသဖြင့် စုံတွဲအများအပြားက ဤနေ့တွင် လက်ထပ်စာချုပ်ချုပ်ဆိုရန် ရွေးချယ်လေ့ရှိကြသည်။
ဆုဘင်းသည် လက်ထပ်စာချုပ်ချုပ်ဆိုရေးရုံးတွင် လူစုလူဝေးဖြစ်နေမည်ကို ကြိုတင်စိုးရိမ်ခဲ့သည်။ ဒီနေ့ မင်္ဂလာဆောင်မှတ်ပုံတင်မရမှာ စိုးရိမ်သဖြင့် ရုံးမဖွင့်မီကတည်းက အိမ်စေတစ်ယောက်ကို မှတ်ပုံတင်နှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားအားလုံး ပေးကာ ရုံးသို့ ကြိုလွှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူမနှင့် ဒူလောတို့ အမြန်ဆုံး မင်္ဂလာမောင်နှံ ဖြစ်လာနိုင်မည် မဟုတ်ပါလား။
သို့သော် ယခုမူ သူမ အိမ်ကနေ ထွက်ခွာလာခဲ့ပြီဖြစ်ရာ ထိုနေရာသို့သွားပြီး သူမ၏ မှတ်ပုံတင်ကို အရင်ဆုံး ပြန်ယူရမည် ဖြစ်သည်။
လက်ထပ်စာချုပ်ချုပ်ဆိုရေးရုံးသို့ မောင်းနှင်လာစဉ် လမ်းခရီး၌ ဆုဘင်းတစ်ယောက် ခန္ဓာကိုယ်ထဲတွင် ထူးဆန်းစွာ ပူလောင်အောင်းအင်းလာပြီး စတင်မသက်မသာ ဖြစ်လာခဲ့သည်။ ဤခံစားချက်သည် သူမအတွက် အလွန်ပင် စိမ်းသက်လှ၏။
ထိုစဉ် သူမ ဦးနှောက်ထဲသို့ အတွေးတစ်ခု ဖြတ်ပြေးသွားသည်... သူမသည် ဆုဟွေရှန်၏ ဆေးခတ်ခြင်းကို တကယ်ပဲ ခံလိုက်ရပြီ ဖြစ်ကြောင်းပင်။
ထို့ပြင် ထိုဆေးအရှိန်က အလွန်ပြင်းထန်လှသည်။
ဆုဟွေရှန်သည် ငှက်သိုက်စွပ်ပြုတ်ထဲတွင် ဆေးမခတ်ခဲ့လျှင်ပင် အခြားတစ်နေရာရာ၌ တမင်သက်သက် ခတ်ထားခဲ့သည်မှာ သေချာသည်။ ဆုဘင်းသည် မနက်ခင်းတွင် မျက်နှာသစ် သန့်စင်ခဲ့ပြီး ရေလည်း သောက်ခဲ့သေးသည်။ ထို့ကြောင့် ဆုဟွေရှန်အတွက် ဆေးခတ်ရန် အခွင့်အရေးများစွာ ရှိနေခဲ့သည်လေ။
သို့သော် ယခုအချိန်တွင် ဆေးရှိန်တက်လာခဲ့လျှင်ပင် သူမအတွက် တရားမျှတမှု ပြန်လည်တောင်းခံရန်မှာ အချည်းနှီးသာ ဖြစ်လိမ့်မည်။
သူမ၏ ဖခင်ရော ဒူလောပါ ထိုအကြောင်းကို ကြားလျှင် မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ဆင်ခြေဆင်လက်အသစ်တစ်ခု ထွင်ပြန်ပြီဟုသာ သတ်မှတ်ကြမည်ကို သူမ ကောင်းကောင်းသိသည်။
ဆုဟွေရှန်က ဤမျှအထိ အကွက်ချပြီး သူမကို ထောင်ချောက်ဆင်လိမ့်မည်ဟု ဆုဘင်းတစ်ခါမျှ မတွေးမိခဲ့ဖူးချေ။
ဆုဘင်းသည် ဖြောင့်မတ်ပြီး ရိုးသားသူတစ်ဦးဖြစ်ရာ ဆုဟွေရှန်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသူကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။
လက်ထပ်စာချုပ်ချုပ်ဆိုရေးရုံးသို့ ရောက်ရှိချိန်တွင်မူ သူမတစ်ကိုယ်လုံး အားအင်ကုန်ခမ်း နုံးချိနေခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာလေးမှာ ရဲရဲနီနေပြီး နဖူးပြင်ထက်တွင်လည်း ချွေးစေးများဖြင့် လျှံပတ်နေခဲ့၏။ သူမ မျက်တောင်လေးများကို ခပ်ဖွဖွခတ်လိုက်ရာ ရီဝေနေသော မျက်ဝန်းအစုံက ပေါ်လွင်နေသည်။
ဆုမိသားစုမှ လွှတ်လိုက်သော အိမ်စေကို ရှာဖွေတွေ့ရှိပြီးနောက် ဆုဘင်းသည် သူမ၏ မှတ်ပုံတင်ကို နောက်ဆုံးတွင် ပြန်လည်ရရှိခဲ့သည်။
"မမလေးဘင်း... ဒါက သခင်လေးလောရဲ့ မှတ်ပုံတင်ပါရှင့်။"
ဆုဘင်းက သရော်ပြုံးလေး ပြုံးလိုက်ပြီး... "နင်ပဲ သူ့ဆီ ကိုယ်တိုင် ပြန်ပေးလိုက်ပါ။"
ဒူလောဟူသော အမည်ကို တွေးမိရုံမျှဖြင့် သူမ၏ နှလုံးသားတစ်ခုလုံး အေးစက်သွားရသဖြင့် သူ့ပစ္စည်းများကိုပင် မထိတွေ့ချင်တော့ချေ။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော ခံစားချက်က တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာပြီး ထိန်းချုပ်ရ ခက်ခဲလာခဲ့ပြီ ဖြစ်သည်။ ဆုဟွေရှန်သည် ဒီနေ့တွင် သူမ၏ အပျိုစင်ဘဝကို ဖျက်ဆီးပစ်ရန် အသေအချာ ကြံစည်ထားခဲ့ခြင်း ဖြစ်ပုံရသည်။
သို့သော် ဆုဘင်းအတွက်မူ ယခုအချိန်တွင် ဘာမှ အရေးမကြီးတော့ချေ။ ဒီနေ့မှာ သူမ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်သည်။ ဖခင်၏ မေတ္တာကိုရော စေ့စပ်သူ၏ အချစ်ကိုပါ ဆုံးရှုံးခဲ့ရပြီးပြီဖြစ်ရာ ထပ်မံဆုံးရှုံးစရာ ဘာမျှမရှိတော့ပြီ။
သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရတော့မည်ဆိုလျှင်ပင် အနည်းဆုံးတော့ သူမ သဘောကျမည့် အမျိုးသားတစ်ယောက်ကိုသာ သူမဘာသာ ရွေးချယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူမသည် လက်ထပ်စာချုပ်ချုပ်ဆိုရေးရုံးအတွင်း ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်ရှုလိုက်၏။ ထိုစဉ် အခန်းတံခါးဝဆီမှ အမျိုးသားတစ်ဦး ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ သူသည် အချိုးအစားကျနစွာ ချုပ်လုပ်ထားသော ဝတ်စုံကို ဆင်ယင်ထားပြီး ထိုဝတ်စုံက သူ့၏ အရပ်အမောင်း မြင့်မားထည်ဝါမှုကို ပိုမိုပေါ်လွင်စေသည်။ ကောင်းကင်ယံမှ အလင်းရောင်တစ်ခုက သူ့ထံသို့ တိုက်ရိုက်ကျရောက်နေသကဲ့သို့ပင် သူ့ထံမှ အပြစ်ဆိုဖွယ်မရှိသော အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။
ထိုအမျိုးသား၏ တည်ရှိမှုက ဆုဘင်း၏ မှောင်မိုက်နေသော ကမ္ဘာငယ်လေးကို မျက်စိတစ်မှိတ်အတွင်း တောက်ပလင်းထိန်သွားစေခဲ့၏။
ထိုအမျိုးသား၏ အနောက်တွင် အခြားအမျိုးသားတစ်ဦး ထပ်ကြပ်မကွာ လိုက်ပါလာပြီး ခပ်တိုးတိုး ကပ်ပြောလိုက်သည်... "သခင်ကြီးလု... အဲ့ဒီအမျိုးသမီး ရောက်မလာဘူးခင်ဗျာ။"
"ဒါဆိုရင်လည်း သူမ နောက်ထပ် လာစရာမလိုတော့ဘူးလို့ ပြောလိုက်" ဟု လုဟဲ့ထင် က တည်ငြိမ်စွာပင် ပြောလိုက်သည်။ သို့သော် သူ့စကားလုံးများက ဘေးလူကို မမြင်ရသော ဖိအားတစ်ခု ပေးစွမ်းနေခဲ့၏။
ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်ရန်အပြုတွင် ဆုဘင်းက သူ့ရှေ့၌ ပိတ်ရပ်လိုက်လေပြီ။
ထိုအမျိုးသား၏ သတို့သမီး ရောက်မလာကြောင်း ကြားလိုက်ရသည်နှင့် ဆုဘင်းသည် ဤအမျိုးသားကိုသာ သူမ၏ "ပစ်မှတ်" အဖြစ် ချက်ချင်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
မိမိရှေ့တွင် စိမ်းသက်သော အမျိုးသမီးတစ်ဦးက လာရောက်ပိတ်ဆို့ထားသဖြင့် လုဟဲ့ထင်က မျက်တောင်ပင့်ကာ သူမ၏ မျက်နှာလေးကို စိုက်ကြည့်လိုက်သည်။ ထိုအမျိုးသမီး၏ မျက်နှာလေးမှာ ပန်းသီးနီလေးတစ်လုံးကဲ့သို့ ရဲရဲနီနေပြီး ရှည်လျားသော မျက်တောင်ကော့လေးများက တုန်ယင်နေခဲ့ရာ အလွန်ပင် ညို့ငင်ပဟေဠိဆန်ပြီး ချစ်စရာ ကောင်းလှသည်။ သူက တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေမိ၏။
"လူကြီးမင်း... ရှင်ရွေးထားတဲ့ သတို့သမီးက ရောက်မလာဘူးထင်တယ်နော်။ အဲ့ဒါဆိုရင် ကျွန်မ ရှင့်ကို အကူအညီအသေးအမွှားလေးတစ်ခုလောက် တောင်းချင်လို့ ရမလားဟင်" ဟု ထိုအမျိုးသမီးက ရှက်ကိုးရှက်ကန်းလေး ပြောလိုက်သည်။ သူမ၏ ငယ်ရွယ်နုပျိုသော လေသံလေးထဲတွင် စွမ်းအင်များ ပြည့်နှက်နေခဲ့၏။
"အကူအညီအသေးအမွှား? မင်းက ငါ ဘယ်သူလဲဆိုတာ သိလို့လား" လုဟဲ့ထင်က သူ့ကို မော့ကြည့်နေသော မျက်နှာလေးကို စူးစမ်းရင်း မေးလိုက်သည်။
"သိတာပေါ့! ရှင်က လုဝေကျန့် ရဲ့ ဒရိုင်ဘာ မဟုတ်လား။ သူ လာကြိုတုန်းက ရှင့်ကို ကျွန်မ နှစ်ခါတောင် မြင်ဖူးတယ်" ဟု ဆုဘင်းက စွဲမက်ဖွယ် မျက်နှာပေးလေးဖြင့် ပြောလိုက်သည်။
ခုနတင် သူမသည် သူ့သတို့သမီး ရောက်မလာဟူသော စကားကိုသာ ကြားခဲ့ရခြင်း ဖြစ်ပြီး၊ သူ့အနောက်က လူက "သခင်ကြီးလု" ဟု ခေါ်လိုက်သည့် ဂုဏ်ပုဒ်အသုံးအနှုန်းကိုမူ သဲသဲကွဲကွဲ မကြားလိုက်ရဖူးလေ။