အခန်း (၄၉) ဆုဘင်းကို အစားထိုးလိုက်ခြင်း
"မင်းရဲ့ ဖခင်တစ်ယောက်အနေနဲ့... ဟွေရှန်ရဲ့ သိက္ခာကို မင်း ထိခိုက်အောင် လုပ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သူမ ခံစားခဲ့ရသမျှ အရာအားလုံးအတွက် အခုပြိုင်ပွဲကနေ နှုတ်ထွက်ပေးဖို့ ငါ တောင်းဆိုတယ်။
ဆုဘင်း... မင်းက ဘယ်တုန်းကမှ စိတ်တည်ငြိမ်တဲ့သူ မဟုတ်ဘူး။ အမြဲတမ်း တစ်ခုခုကို စလုပ်ပြီးရင် လမ်းခုလတ်မှာတင် လက်လျှော့ပစ်တတ်တာ။ နောင်အနာဂတ်မှာ မင်းရဲ့ အသုံးစရိတ်တွေကို ငါ ဆက်ပြီး ထောက်ပံ့ပေးသွားနိုင်ပေမဲ့... ဟွေရှန်ကို နှောင့်ယှက်တာမျိုး ဒါမှမဟုတ် သူမရဲ့ အလုပ်အကိုင်ကို ဖျက်ဆီးတာမျိုးတော့ ငါ အဖြစ်မခံနိုင်ဘူး။"
ဆုရှင်းဖူက ပိုမိုခက်ထန်လေးနက်သော လေသံကြီးဖြင့် ပြောဆိုလိုက်သည်။
ဆုဘင်းသည် ဒေါသထွက်လွန်းသဖြင့် မယုံကြည်နိုင်လောက်အောင်ပင် ဟားခနဲ ရယ်မောလိုက်မိတော့၏။ မိမိ၏ ဖခင်အရင်းကြီးကပင် သူမအပေါ် ဤကဲ့သို့ ဆက်ဆံနေမှတော့... သူမအနေဖြင့် ဘာများ ထပ်ပြောနေစရာ လိုအပ်တော့မည်နည်း။
"တကယ်လို့ သမီးက သဘောမတူဘူးဆိုရင်ကော။" သူမ၏ လေသံမှာ ပျင်းရိပျင်းတွဲနှင့် အလှမ်းကွာဝေးလှပေသည်။
မိမိ၏ သမီးဖြစ်သူကို စိုက်ကြည့်နေဆဲဖြစ်သော ဆုရှင်းဖူက... "မစ်ချိုး... ဆုဘင်းအတွက် အဲ့ဒီအလုပ်ကို လက်ခံလိုက်ပါ။" ဟု အမိန့်ပေးလိုက်၏။
"စိတ်မပူပါနဲ့ မစ္စတာဆု။ တို့က သူမကိုယ်စား အဲ့ဒီအလုပ်ကို သဘောတူ လက်ခံပေးပြီးပါပြီ။"
ဆုဘင်းသည် သူမ၏ မန်နေဂျာထံသို့ ချက်ချင်းပင် သတိကြီးစွာဖြင့် မျက်စောင်းထိုး ကြည့်လိုက်သည်... "ရှင်တို့ ဘာအလုပ်အကြောင်း ပြောနေကြတာလဲ။"
ချိုးမင်းရွှမ်းက ယဉ်ကျေးပျူငှာစွာ ပြုံးလိုက်ရင်း... "ဆုဘင်း... မစ္စတာဆုရဲ့ ဆန္ဒအရ... မင်းအနေနဲ့ ကုမ္ပဏီတစ်ခုရဲ့ ဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးရမှာပါ။ ဒါပေမဲ့ အဲ့ဒီပွဲက အိုရီဆာ နိုင်ငံတကာ ဖက်ရှင်ရှိုးပွဲနဲ့ အချိန်တိုက်ဆိုင်နေတာမလို့... ဒါကြောင့်..."
"ဘာပြောတယ်..." ဆုဘင်း အော်ဟစ်လိုက်မိသည်။ သူမသည် ခံပြင်းဝမ်းနည်းလှသော မျက်ရည်များ ဝိုင်းစပြုနေသည့် မျက်ဝန်းအစုံဖြင့် ဖခင်ဖြစ်သူဘက်သို့ ဝုန်းခနဲ လှည့်ကြည့်လိုက်မိ၏။ "ရှင်က ဘာဖြစ်လို့ သမီးရဲ့ ဘဝကို ဒီလိုမျိုး စိတ်တိုင်းကျ ခြယ်လှယ်ဖို့ ကြိုးစားနေရတာလဲ။ သမီး အဲ့ဒီဖဲကြိုးဖြတ်ပွဲကို မသွားနိုင်ဘူး။ ဤအခွင့်အရေးကို ရဖို့အတွက် သမီး ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲ။ သမီး အိုရီဆာ ဖက်ရှင်ရှိုးကို သေချာပေါက် သွားရမှာ။"
"စိတ်မကောင်းပါဘူး ဆုဘင်းရယ်။ အိုရီဆာ ဖက်ရှင်ရှိုး ကော်မတီက ဟွေရှန်ကို နောက်ဆုံးစာရင်းထဲမှာ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း တို့ဆီကို အကြောင်းကြားလာပြီးပါပြီ။" ချိုးမင်းရွှမ်းက ပုခုံးတွန့်ရင်း ဆိုလိုက်၏။ ဆုရှင်းဖူနှင့် တုလော့တို့နှစ်ဦးစလုံးက ဆုဟွေရှန်အတွက် တစ်ပြိုင်နက်တည်း အာဏာသုံးကာ ဖိအားပေးလာခဲ့ကြရာ... အာဏာမရှိသော မန်နေဂျာတစ်ယောက်အနေဖြင့် သူမတို့ အလိုကျအတိုင်း လုပ်ဆောင်ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါချေ။
သိသာလှသည်မှာ... ဆုဟွေရှန်အနေဖြင့် မိမိ၏ ကြိုးစားအားထုတ်မှုကြောင့် အိုရီဆာ ဖက်ရှင်ရှိုး စင်မြင့်ထက်သို့ တက်လှမ်းခွင့် ရရှိခဲ့ခြင်း မဟုတ်ပါချေ။ ချိုးမင်းရွှမ်းသည် ဖက်ရှင်ရှိုးကော်မတီထံသို့ ဖုန်းဆက်ကာ... ဆုဘင်းအနေဖြင့် အခြားအလုပ်ကိစ္စများ ရှိနေသဖြင့် ပြိုင်ပွဲသို့ မတက်ရောက်နိုင်တော့ပါကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဆဋ္ဌမနေရာတွင် ရှိနေသော မော်ဒယ်လ် ဆုဟွေရှန်သည် ဆုဘင်း၏ နေရာတွင် အလိုအလျောက် အစားထိုး ဝင်ရောက်ခွင့် ရရှိသွားခဲ့တော့၏။
ဆုရှင်းဖူက သမီးဖြစ်သူကို စိုက်ကြည့်ရင်း... "တကယ်လို့ မင်း အဲ့ဒီဖဲကြိုးဖြတ်ပွဲကို မသွားချင်ဘူးဆိုရင်လည်း... အိမ်ကိုပဲ တန်းတန်းမတ်မတ် ပြန်လာခဲ့။ ငါ့ရဲ့ သမီးက လူတကာရှေ့မှာ လူပြက်တစ်ယောက်လို အရှက်ကွဲနေတာကို ငါ အဖြစ်မခံနိုင်ဘူး။" ဟု ဆိုလိုက်သည်။
"ဖေဖေ... စိတ်လျှော့ပါဦးရှင်။ ရေနွေးကြမ်းလေး တစ်ငုံလောက် သောက်လိုက်ပါဦး။" ဆုဟွေရှန်က ရေနွေးကြမ်းတစ်ခွက်ကို ကိုင်ဆောင်လျက် အခန်းထဲသို့ ညင်သာစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့၏။
သူမနှင့် နှိုင်းယှဉ်လျှင်... ဆုဘင်းမှာ လွန်စွာမှပင် မိဘအပေါ် မသိတတ်သော သမီးမိုက်တစ်ဦးအလား ထင်မှတ်ရပေသည်။
ဆုဟွေရှန်ကို မြင်တွေ့ရသည့် အခါတွင်မှ ဆုရှင်းဖူလည်း စိတ်အနည်းငယ် ပြေလျော့သွားခဲ့ရရှာသည်။ သူသည် ရေနွေးကြမ်းခွက်ကို လှမ်းယူလိုက်ရင်း သူမကို ပြောလိုက်၏... "ငါ ဆုဘင်းကို အိမ်ပြန်လာဖို့ ပြောထားလိုက်ပြီ။"
"ဆုဘင်း... ဖေဖေ ဒါတွေအားလုံး လုပ်တာက ညီမလေးရဲ့ ကောင်းကျိုးအတွက်ပဲလေ။ ဖေဖေ့ကို နားလည်ပေးဖို့ ကြိုးစားပါဦး။ ဖေဖေ ဒီနှစ်တွေတစ်လျှောက်လုံး ညီမလေးကို တကယ် သတိရနေခဲ့တာပါ။" ဆုဟွေရှန်က သဘောကောင်းလှသော မမကြီးတစ်ဦးအလား ညင်သာနူးညံ့စွာ ပြောဆိုလိုက်၏။
သို့သော်ငြားလည်း ဆုဘင်းကတော့ ၎င်းတို့နှစ်ဦးစလုံးကို အေးစက်စက်သာ စိုက်ကြည့်နေခဲ့သည်။ တကယ့်ကို ပြီးပြည့်စုံလွန်းလှတဲ့ ဖခင်နဲ့ သမီးပါပဲလား။ သူတို့နှစ်ဦးတည်းတင် မိသားစုအဖြစ် နေထိုင်ကြတာ မလုံလောက်သေးလို့လား။ သူမကိုကော ဘာဖြစ်လို့ ဒီမိသားစုထဲကို အတင်းဆွဲသွင်းချင်နေရတာလဲ။
"သမီး ဆုမိသားစုအိမ်ကို ဘယ်တော့မှ ပြန်မလာဘူး။" သူမက ပြတ်ပြတ်သားသားပင် ဆိုလိုက်၏။
ဆုရှင်းဖူသည် ဒေါသတကြီးဖြင့် သမီးဖြစ်သူ၏ ပါးကို ရိုက်နှက်ရန် လက်ကို မြှောက်လိုက်တော့သည်... "မင်းက တကယ့်ကို အရှက်မရှိတဲ့ ကောင်မလေးပဲ။"
ဆုဟွေရှန်က ဖခင်ဖြစ်သူ၏ လက်ကို ပျာပျာသလဲ ဖမ်းဆီး တားဆီးလိုက်ရင်း ဟန်ဆောင်ပန်ဆောင် ဖျောင်းဖျလိုက်ရှာသည်... "ဖေဖေရယ်... စိတ်လျှော့ပါဦးရှင်။ ဆုဘင်းက ခေါင်းနည်းနည်းမာနေလို့ပါ။ သူမကို အချိန်နည်းနည်းလောက် ထပ်ပေးလိုက်ပါဦး။ နောက်ကျရင် သူမ နားလည်လာမှာပါ။"
"သူမသာ မင်းရဲ့ တစ်ဝက်လောက်ပဲ လိမ္မာမယ်ဆိုရင်... ငါ ဒီလောက်အထိ စိတ်ပူနေရမှာ မဟုတ်ဘူး။" ဆုရှင်းဖူက နှာမှုတ်ကာ ခက်ထန်စွာ ဆိုလိုက်၏။
"သမီး ဆုဘင်းကို သေသေချာချာ ဖျောင်းဖျပေးပါ့မယ်။"
ဆုဘင်းသည် လှည့်ထွက်ခဲ့ကာ အခန်းထဲမှနေ၍ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။ သရော်စရာ ကောင်းလှသည်မှာ... ကုမ္ပဏီ၏ ခန်းမဆောင်ကြီးထဲတွင်မူ သူမ အိုရီဆာ ဖက်ရှင်ရှိုးပွဲသို့ တက်ရောက်ခွင့် ရရှိသွားခြင်းကို ဂုဏ်ပြုသောအားဖြင့် အောင်ပွဲခံပါတီပွဲကြီးတစ်ခုကို ကျင်းပနေခဲ့ကြခြင်းပင်။
ခန်းမဆောင်ကြီးတစ်ခုလုံးကို လှပဆန်းသစ်သော ပန်းမန်များဖြင့် အလှဆင်ထားခဲ့ကြပြီး... အလယ်က စားပွဲကြီးထက်တွင်မူ ခမ်းနားထည်ဝါလှသော (၃) ထပ် ကိတ်မုန့်ကြီးတစ်ခု တည်ရှိနေခဲ့၏။ သာယာငြိမ့်ညောင်းလှသော တေးဂီတသံစဉ်များလည်း ပျံ့လွင့်နေခဲ့ပေသည်။ ဤနေရာရှိ လူတိုင်းက သူမအနေဖြင့် မနက်ဖြန်ညတွင် ကျင်းပမည့် ဖက်ရှင်ရှိုးပွဲကြီး၌ ကြီးကျယ်သော အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးနေခဲ့ကြ၏။
၎င်းမှာ ပါတီပွဲအသေးစားလေးတစ်ခု ဖြစ်သော်ငြားလည်း... စနစ်တကျ ပြင်ဆင်မွမ်းမံထားခဲ့ကြပေသည်။
ဗူဖေး စားပွဲရှည်ကြီးထက်တွင်လည်း အမျိုးမျိုးသော သောက်စရာ အဖျော်ယမကာများဖြင့် ပြည့်နှက်နေခဲ့တော့သည်။