အခန်း (၄၈) ညစ်ပတ်တဲ့ အကွက်တွေ
ထိုစကားလုံးများကို ပြောဆိုပြီးနောက် ဆုဘင်းသည် တုလော့ကို တစ်ချက်ကလေးမျှပင် ပြန်လည်လှည့်မကြည့်တော့ဘဲ အပြင်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။
သူမသည် ဒေါသကြောင့် မည်းမှောင်သွားခဲ့ရသော သူ၏ မျက်နှာပြင်ကြီးကို လုံးဝ လျစ်လျူရှုထားခဲ့၏။
သူမအတွက်မူ... သူ မရှိတော့သည့် ပတ်ဝန်းကျင်က လေထုမှာ သိသိသာသာကို ပိုမိုလတ်ဆတ်သန့်စင်သွားခဲ့ရသည်။
ဆုဘင်းအနေဖြင့် ချိုးမင်းရွှမ်းကို ဆက်လက်၍ ယုံကြည်၍မရတော့မှန်း ကောင်းကောင်း သဘောပေါက်ထားခဲ့သည်။ ထို့ကြောင့် ဤဖက်ရှင်ရှိုးပွဲကြီး ပြီးဆုံးသွားသည်နှင့် တပြိုင်နက်... သူမအနေဖြင့် အခြားမန်နေဂျာ အသစ်တစ်ယောက် ပြောင်းလဲပေးရန် ကုမ္ပဏီထံသို့ သေချာပေါက် တောင်းဆိုရမည် ဖြစ်၏။
မဟုတ်လျှင်တော့... သူမသည် ဆုဟွေရှန်၏ လက်ချက်ဖြင့် ဘေးဖယ်ဖျောက်ဖျက်ခြင်းကို ထပ်မံခံရပေလိမ့်မည်။
"ဆုဘင်း။" ဆုဟွေရှန်က သူမ၏ ထံသို့ ညင်သာစွာ လျှောက်လှမ်းလာခဲ့သည်။ သူမက ဟန်ဆောင်အပြုံးလေးတစ်ခုဖြင့်... "ဖေဖေက ညီမလေး ပြန်ရောက်နေတာကို သိလို့ တွေ့ချင်နေတာ။ အဲ့ဒါကြောင့် အစည်းအဝေးခန်းထဲမှာ စောင့်ဆိုင်းပေးဖို့ ဖေဖေ့ကို တို့ ပြောထားခဲ့တယ်။"
ဆုဟွေရှန်သည် ဆုဘင်းနှင့် တုလော့တို့ကြားတွင် သဘောတူညီမှု မရရှိခဲ့ကြမှန်း ကောင်းကောင်းသိရှိထားခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ တုလော့က သူမကို ချက်ချင်းပင် လှမ်းပြီး ပြောပြခဲ့သောကြောင့် ဖြစ်၏။
ဆုဘင်းသည် ဘယ်တုန်းကမှ အညှိုးခံရလွယ်သော သစ်မာစေ့တစ်စေ့ မဟုတ်ခဲ့ပါချေ။
ကံကောင်းထောက်မစွာဖြင့်... သူမဆီမှာ အရန်စီမံကိန်း ရှိနေခဲ့သည်။ သူမသည် ဆုရှင်းဖူထံသို့ မိမိ၏ ပြဿနာများကို သွားရောက်တိုင်တန်းခဲ့ပြီး... မိမိကို ကူညီပေးရန်အတွက် ဤနေရာသို့ လာရောက်ပေးဖို့ရန် တောင်းဆိုထားခဲ့ခြင်း ဖြစ်ပေသည်။
ဖခင်တစ်ယောက်အနေဖြင့်... မိမိ၏ သမီးဖြစ်သူ ဆုဘင်းက ဒိုင်လူကြီးတစ်ယောက်ထံသို့ ကွန်ဒွန် သွားရောက်ပေးအပ်ခဲ့သည်ဟူသော အချက်ကို သိရှိလိုက်ရသည့်အခါတွင်မူ... သေချာပေါက် ဒေါသအိုး ပေါက်ကွဲသွားခဲ့ရရှာတော့သည်။
"ဆုဘင်း... ဖေဖေက ညီမလေးကိုမတွေ့ရတာ နှစ်တွေအများကြီး ကြာပြီဆိုတော့ အရမ်းသတိရနေတာ။ သွားပြီးတော့ တွေ့လိုက်ပါဦး။" ဆုဟွေရှန်က မုသားစကားများဖြင့် ညင်သာစွာ စည်းရုံးလိုက်၏။
ဆုဘင်းသည် အစည်းအဝေးခန်းရှိရာဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့တော့သည်။
သို့သော်လည်း ၎င်းမှာ ဆုဟွေရှန်၏ ဖျောင်းဖျမှုကို နားထောင်ခြင်းကြောင့် မဟုတ်ဘဲ... ဆုရှင်းဖူအနေဖြင့် သူမကို မတွေ့ရမချင်း ဘယ်တော့မှ လက်လျှော့မည့်သူ မဟုတ်မှန်း ကောင်းကောင်းသိရှိထားသောကြောင့် ဖြစ်၏။
သူမ အစည်းအဝေးခန်း တံခါးရှေ့သို့ ရောက်ရှိသွားပြီး... တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သည့် ထိုခဏမှာပင်...
အထဲမှနေ၍ ဆုရှင်းဖူနှင့် ချိုးမင်းရွှမ်းတို့အကြား ရယ်ရယ်မောမော စကားပြောဆိုနေကြသံကို ကြားလိုက်ရလေသည်။
"မစ္စတာဆု... စိတ်မပူပါနဲ့ရှင်။ ဟွေရှန်က အရည်အချင်းလည်း ရှိသလို ကြိုးလည်းကြိုးစားရှာပါတယ်။ သူမက နောင်တစ်ချိန်မှာ အက်စ် နိုင်ငံရဲ့ ထိပ်တန်း စူပါမော်ဒယ်လ်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ။" ချိုးမင်းရွှမ်းက ဆုရှင်းဖူကို ပြုံးပြရင်း ဆိုလိုက်၏။
တစ်နည်းအားဖြင့် ပြောရလျှင်... သူမ၏ အမူအရာမှာ ကွမ်းယု အနုပညာကုမ္ပဏီ၏ သဘောထားကို ကိုယ်စားပြုနေခြင်းလည်း ဖြစ်ပေသည်။
ဆုရှင်းဖူကလည်း သူမ ဆိုလိုသည့် သဘောကို နားလည်သွားခဲ့သဖြင့် ပြုံးလျက် ဆိုသည်... "ဟွေရှန်က ကုမ္ပဏီရဲ့ ပြုစုပျိုးထောင်ပေးမှုနဲ့ မစ်ချိုးရဲ့ ပံ့ပိုးကူညီမှုတွေသာ မရှိရင်... ဒီလောက်အထိ ဝေးဝေးလံလံ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ မစ်ချိုး... ဟွေရှန်က နောင်အနာဂတ်မှာ မစ်ချိုးရဲ့ အကူအညီတွေကို ပိုပြီးတော့တောင် လိုအပ်ဦးမှာပါ။"
၎င်းစကားလုံးများမှာ အမှန်တကယ်တော့ ချိုးမင်းရွှမ်းတစ်ဦးတည်းအတွက် မဟုတ်ဘဲ ကုမ္ပဏီတစ်ခုလုံးကို ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်၏။ သူမအနေဖြင့် မိမိ၏ စကားကို အထက်လူကြီးများထံသို့ ပြန်လည်တင်ပြပေးလိမ့်မည်ဟု သူ သိရှိထားသောကြောင့် ဖြစ်သည်။
"သေချာတာပေါ့ မစ္စတာဆု။ တို့ကုမ္ပဏီက ဟွေရှန်အပေါ် အများကြီး မျှော်လင့်ချက် ထားထားတာပါ။ ပြီးတော့ သူမက တကယ်ကို အရည်အချင်းရှိတဲ့ မော်ဒယ်လ်တစ်ယောက်မလို့... ဒီလိုမျိုး အခွင့်အရေးတွေနဲ့ ထိုက်တန်ပါတယ်ရှင်။"
ဆုရှင်းဖူနှင့် ချိုးမင်းရွှမ်းတို့မှာ သိသိသာသာပင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မြှောက်ပင့်ကာ ချီးမွမ်းခန်း ဖွင့်နေကြခြင်း ဖြစ်ပေသည်။
ဆုဘင်းသည် မိမိ၏ လက်သီးစုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။
သူမသည်လည်း ဆုရှင်းဖူ၏ သမီးအရင်းအချာတစ်ယောက်ပင် မဟုတ်ပါလား။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင်မူ... ဆုဟွေရှန်တစ်ယောက်သာ အကောင်းဆုံး ဖြစ်နေခဲ့သည်။ သူမ ဘာတွေပဲလုပ်လုပ်... သူသည် ဆုဟွေရှန်၏ စကားကိုသာ အမြဲတမ်း ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
ဒါဆိုရင်... သူမကကော။ သူမက သူ၏ အမြင်မှာ ဘာကောင်မလို့လဲ။
ဆုရှင်းဖူသည် ဆုဘင်းကို မြင်လိုက်ရသည့်အခါ မတ်တတ်ရပ်လိုက်သည်။ သူမကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့်... သူ၏ မျက်နှာထက်၌ သံယောဇဉ် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ရ၏။
"ဆုဘင်း... မင်း နောက်ဆုံးတော့လည်း ပြန်လာခဲ့ပြီပဲ။ နှစ်တွေ အများကြီး ကြာသွားခဲ့ပြီနော်။ ဖေဖေ မင်းကို နေ့တိုင်း သတိရနေခဲ့တာ။ မင်းကတော့ ဖေဖေ့အပေါ် တကယ်ကို ရက်စက်လွန်းပါတယ်။ အိမ်ကနေ ထွက်သွားတာ ဒီလောက်တောင် နှစ်တွေကြာနေတာကို... ဖေဖေ့ဆီ ဖုန်းတစ်ချက်လေးတောင် မဆက်ဘူး။" သူ၏ နားထင်စွန်းများတွင် ယခုအခါ ဆံပင်ဖြူအချို့ စွန်းထင်းနေခဲ့ပြီ ဖြစ်၏။ စကားပြောဆိုသည့် အခါတွင်လည်း အရင်တုန်းကအတိုင်း ခက်ထန်ပြတ်သားသည့် လေသံမျိုး မရှိတော့ပါချေ။
ဆုဘင်းက ဝင်ထိုင်လိုက်ရင်း ခပ်အေးအေးလေး မေးလိုက်သည်... "သမီးကို ဘာကိစ္စကြောင့် တွေ့ချင်ရတာလဲ။"
ဆုရှင်းဖူသည် ဆုဘင်း၏ အေးစက်စက် အမူအရာကို သတိပြုမိသွားခဲ့သဖြင့်... သူ၏ ပုံမှန်ခက်ထန်သော မျက်နှာပေးကြီးသို့ ချက်ချင်း ပြန်လည်ပြောင်းလဲလိုက်ကာ... ဖခင်တစ်ယောက်၏ အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်... "ဆုဘင်း... မင်း အခုလိုမျိုး ပြန်လာတာက... ဟွေရှန်နဲ့ တမင်သက်သက် လာပြီး ပြိုင်ဆိုင်ဖို့အတွက်ပဲလား။"
"သူမနဲ့ တမင်လာပြိုင်ဖို့ ဟုတ်လား။ မဟုတ်ပါဘူး။ သမီးက အဲ့ဒီလောက်အထိ အားယားနေတဲ့သူ မဟုတ်သေးဘူး။"
"ဒါပေမဲ့ မင်း ပြန်လာတာနဲ့ တပြိုင်နက်... သူမရဲ့ အလုပ်အကိုင် အခွင့်အရေးကို လုယူလိုက်တာပဲ မဟုတ်လား။ ပြီးတော့ မင်း ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး... ညစ်ပတ်တဲ့ အကွက်တွေ သုံးပြီးတော့ အရှုပ်အထုပ်တွေ လုပ်ခဲ့တယ်လို့လည်း ဖေဖေ ကြားသိထားတယ်။ ဆုဘင်း... မင်းအနေနဲ့ ဖေဖေ့ကို ဒေါသအိုး ပေါက်ကွဲအောင် အပြီးအပိုင် မလုပ်ရရင် မနေနိုင်ဘူးလား။"
ဆုရှင်းဖူက ဒေါသတကြီး ပြောဆိုလိုက်ရှာသည်။ ဆုဘင်းတစ်ယောက် သူ၏ မျက်နှာကို တကယ်ပင် အိုးမဲသုတ် စုတ်ပြတ်သတ်သွားအောင် လုပ်ဆောင်နေခဲ့သည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်၏။
အစတုန်းကမူ... ဆုဘင်းတစ်ယောက် ရင်ထဲ၌ အနည်းငယ် အားနာစိတ် ဖြစ်ပေါ်မိခဲ့ပါသေးသည်။ ဆုရှင်းဖူတစ်ယောက် အသက်ကြီးရင့်လာခဲ့ပြီ ဖြစ်သော်လည်း... သူမအနေဖြင့် လွန်ခဲ့သော (၅) နှစ်တာ ကာလပတ်လုံး သူနှင့် အဆက်အသွယ် လုံးဝ မလုပ်ခဲ့သည် မဟုတ်ပါလား။ သူမ၏ နှလုံးသားလေးမှာ အနည်းငယ် ပျော့ပြောင်းလုနီးပါး ဖြစ်သွားခဲ့ရ၏။
သို့သော်လည်း... သူ ယခုလေးတင် ပြောဆိုလိုက်သော စကားလုံးများကြောင့်... သူမ၏ နှလုံးသားလေးမှာ ချက်ချင်းပင် ကျောက်ခဲအလား ပြန်လည် မာကျောသွားခဲ့ရပြန်သည်။
သူမသည် သူ့ကို စိုက်ကြည့်လိုက်ရင်း မေးခွန်းထုတ်လိုက်တော့သည်... "အဲ့ဒါတော့... ဘာဖြစ်လဲရှင်။"