အခန်း (၄၇) လာပြီးတော့ အာဏာရှင်ဥက္ကဋ္ဌကြီးလို ပုံစံမဖမ်းနဲ့
တုလော့က သိုးမွှေးသံလေးဖြင့် တိုးတိုးလေး မေးမြန်းလိုက်သည်... "ပထမအကြိမ် စမ်းသပ်ပွဲတုန်းက မင်း ဒိုင်လူကြီးတစ်ယောက်ကို ကွန်ဒွန် ပေးခဲ့တယ် မဟုတ်လား။ ဆုဘင်း... တကယ်လို့ ဒါက ကိုယ့်အပေါ် လက်စားချေဖို့ မင်း ကြံစည်ခဲ့တာဆိုရင်တော့... မင်း ကိုယ့်ခြေထောက်ကိုယ် ပြန်စိုက်တာပဲ ဖြစ်လိမ့်မယ်။ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်ကို သိလိုက်ရတဲ့အချိန်တုန်းက ကိုယ်တို့တွေ ဘယ်လောက်အထိ စိတ်ပျက်သွားခဲ့ရလဲ မင်းသိလား။"
အမှန်တရားမှာမူ... ဒိုင်လူကြီးထံသို့ ကွန်ဒွန် သွားရောက်ပေးအပ်ခဲ့သည့် မော်ဒယ်လ်မှာ ပြိုင်ပွဲကြီးမှနေ၍ အပြီးအပိုင် ပွဲပယ်ဆိုင်းငံ့ခြင်း ခံထားရပြီးသား ဖြစ်ပေသည်။
အစမှအဆုံးတိုင် ဆုဘင်းသည် ၎င်းရွံရှာဖွယ်ကောင်းလှသော လက်ဆောင်ဘူးကို မည်သူ့ထံသို့မှ မပေးခဲ့ပါချေ။ သူမကို အကြွင်းမဲ့ ယုံကြည်ပေးခဲ့သော လုဟဲ့ထင်တစ်ဦးတည်းကိုသာ ပေးခဲ့ခြင်း ဖြစ်၏။
သေချာတာပေါ့... တုလော့တစ်ယောက် ဤကွန်ဒွန်ကိစ္စကို သိရှိနေခြင်းအပေါ် ဆုဘင်းအနေဖြင့် အံ့သြမနေခဲ့ပါ။
သေချာပေါက် ဆုဟွေရှန်က သူ့ကို ပုံပြင်တစ်ပုဒ်လို လုပ်ကြံဖန်တီးပြီး ပြောပြထားခဲ့တာ ဖြစ်ပေလိမ့်မည်။
ဆုဘင်းသည် ၎င်းကွန်ဒွန်ကိစ္စနှင့် ပတ်သက်၍ ဆင်ခြေပေးကာ ရှင်းလင်းမနေတော့ပါချေ။ မိမိအပေါ် တစ်စက်ကလေးမျှ ယုံကြည်မှုမရှိသော လူတစ်ယောက်ကို လိုက်လံရှင်းပြနေခြင်းမှာ နွားနားတရားဟောနေသကဲ့သို့ပင် ရှိပေလိမ့်မည်။
ဒါက တကယ့်ကို အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်၏။
"ရှင်က တို့တွေ ဒုတိယအဆင့်ကို အရည်အချင်း ပြည့်မီသွားတာ... အဲ့ဒီလို အမှိုက်ကိစ္စတွေကြောင့်လို့ ထင်နေတာလား။" ဆုဘင်းက ခပ်အေးအေး လေသံဖြင့် မေးမြန်းလိုက်ရင်း ထိုင်ချလိုက်သည်။ သူမသည် သူမ၏ ဆံနွယ်ရှည်များကို ဘယ်ဘက်ပုခုံးထက်သို့ သပ်တင်လိုက်ပြီး... နီမြန်းလှသော နှုတ်ခမ်းအစုံကို အနည်းငယ် ကော့ညွှတ်လိုက်၏။
တုလော့က ပြန်လည်မဖြေကြားသော်လည်း... သူ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်မှာ အထင်အရှားပင် သိသာလှပေသည်။ သူ၏ မျက်လုံးထဲတွင် ဆုဘင်းသည် အမြဲတမ်း မာနထောင်လွှားသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။ သူမက ဉာဏ်ကောင်းသော်လည်း... ဘယ်တော့မှ ကြိုးစားအားထုတ်မှု မရှိခဲ့ပါချေ။
ဆုဟွေရှန်ကတော့ သူမနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။
ထို့ကြောင့် ဆုဘင်းအနေဖြင့် မိမိလိုချင်သော ရလာဒ်ကို ရရှိရန်အတွက် ဖြတ်လမ်းနည်းများကို အသုံးပြုလိမ့်မည်ဟူသော အချက်ကို သူ စိုးစဉ်းမျှ သံသယမဝင်ခဲ့မိခြင်း ဖြစ်သည်။
"ဟွေရှန်က အရမ်းကြိုးစားတာ။ သူမက ဒီအလုပ်အကိုင်အပေါ်မှာ တကယ်ကို အလေးအနက်ထားတာ။ ဒါပေမဲ့ မင်းကတော့... မင်းက ဒါကို ပျော်ရုံသက်သက်ပဲ လုပ်နေတာလို့ ကိုယ်သိပါတယ်။" တုလော့က ဖောင်တိန်တစ်ချောင်းကို ထုတ်ယူကာ ဆုဘင်းထံသို့ လှမ်းပေးလိုက်၏။
ပမာဏ ရေးမထားသော ချက်လက်မှတ်အလွတ်ကြီးကို စိုက်ကြည့်ရင်း... ဆုဘင်းတစ်ယောက် တုလော့အနေဖြင့် ဆုဟွေရှန်အတွက် မည်မျှလောက်အထိ အနစ်နာခံရန် အဆင်သင့်ဖြစ်နေသည်ကို သဘောပေါက်သွားခဲ့သည်။
အကယ်၍ သူမသာ ပြိုင်ပွဲကနေ နှုတ်ထွက်ပေးလိုက်မည်ဆိုလျှင်... ဆုဟွေရှန်အနေဖြင့် အိုရီဆာ နိုင်ငံတကာ ဖက်ရှင်ရှိုး စင်မြင့်ထက်သို့ တက်လှမ်းခွင့်ရမည့် အခွင့်အရေးကို သေချာပေါက် ရရှိသွားပေလိမ့်မည်။
"ရှင်က အိုရီဆာ ဖက်ရှင်ရှိုးရဲ့ ဒိုင်လူကြီးတွေက သာမန်မော်ဒယ်လ်တစ်ယောက်ရဲ့ လာဘ်ထိုးမှုကို လက်ခံလိမ့်မယ်လို့ ထင်နေတာလား။ တကယ်လို့ သူတို့က တို့ဆီက လာဘ်ငွေကို လက်ခံတယ်ဆိုရင်... ဟွေရှန်ဆီက လာဘ်ငွေကိုကော ဘာလို့ လက်မခံနိုင်ရမှာလဲ။" ဆုဘင်းက လှောင်ပြုံးဖြင့် မေးခွန်းထုတ်လိုက်၏။
"သူမက အဲ့ဒီလိုအလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။" တုလော့က ဆုဘင်း၏ စကားကို ခက်ထန်စွာ ဖြတ်ပြောလိုက်သည်... "ဆုဘင်း... မင်းရဲ့အဖေကလည်း မင်းအတွက် စိုးရိမ်နေတာ၊ ဟွေရှန်လည်း စိုးရိမ်နေရှာတာ။ တကယ်လို့ မင်းက ဒီလိုမျိုး ပုံစံအတိုင်း ဆက်ပြီး အမူအကျင့်ဆိုး ပြနေမယ်ဆိုရင်... အနုပညာလောကထဲမှာ ဝေးဝေးလံလံ သွားနိုင်မှာ မဟုတ်ဘူး။ အခုပဲ ဒီကနေ ထွက်သွားလိုက်ပါ။"
ဆုဘင်းသည် တုလော့၏ လက်ထဲက ဖောင်တိန်ကို လှမ်းယူလိုက်ပြီး... နောက်ပြောင်ကျီစယ်သော အပြုံးလေးဖြင့် လက်ချောင်းများကြားတွင် လှည့်ကစားနေခဲ့သည်။
ထိုမြင်ကွင်းကြောင့် တုလော့တစ်ယောက် စိတ်အနည်းငယ် သက်သာရာရသွားခဲ့ရ၏။ ဆုဘင်းအနေဖြင့် သူ၏ အကြံပြုချက်ကို လက်ခံလိမ့်မည်ဟု သူ တွေးတောမိလိုက်သောကြောင့် ဖြစ်သည်။
ဆုဘင်းနှင့် ဟွေရှန်တို့အနေဖြင့် အဓိပ္ပာယ်မဲ့လှသော ပြိုင်ဆိုင်မှုများတွင် အားအင်ကုန်ခမ်းမခံတော့ဘဲ... မိမိတို့နှင့် ထိုက်တန်ရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြခြင်းကသာ ယုတ္တိအရှိဆုံး ဖြစ်ပေလိမ့်မည်။
သူသည် မတ်တတ်ရပ်လိုက်ပြီး ဆုဘင်းကို ကြင်နာစွာ စိုက်ကြည့်လိုက်၏။ သူမ ဤချက်လက်မှတ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်သည်နှင့်... အရာအားလုံး ငြိမ်းချမ်းသွားတော့မည် ဖြစ်သည်။
ဆုဘင်းက ဦးခေါင်းကို မော့ကာ သူ့ကို တစ်ချက် စိုက်ကြည့်လိုက်၏။ သူမ၏ နုနယ်လှပလွန်းလှသော မျက်နှာပြင်လေးကြောင့် တုလော့တစ်ယောက် ခဏမျှ ဆွံ့အမှင်သက်သွားခဲ့ရပြီး... ချက်ချင်းပင် မျက်နှာလွှဲလိုက်ရရှာသည်။
အချိန်တိုင်းမှာပင်... သူသည် ဆုဘင်း၏ လှပလွန်းလှသော အလှတရားကြောင့် မသိစိတ်ကနေ လှုပ်ခတ်သွားခဲ့ရစမြဲ ဖြစ်ပေသည်။ သို့သော်လည်း သူသည် မိမိ၏ စိတ်ဝိညာဉ်အဖော်မွန် (Soul mate) ကို ရွေးချယ်ပြီးသား ဖြစ်သဖြင့်... ရုပ်ရည်အလှအပကဲ့သို့ သာမန်အရာလေးတစ်ခုကြောင့် စိတ်ကစားသွားမည့်သူ မဟုတ်ပါချေ။
ဆုဘင်းသည် ခေါင်းကို ပြန်လည်ငုံ့လိုက်ပြီး ချက်လက်မှတ်အလွတ်ပေါ်တွင် သုည ဂဏန်းများစွာကို တန်းစီ၍ ရေးသားလိုက်တော့သည်။ သူမ ရေးသားပြီးသွားသည့် အခါတွင်မူ... ဖောင်တိန်ကို စားပွဲပေါ်သို့ ချလိုက်ပြီး ချက်လက်မှတ်ကို သူ့ထံသို့ လှမ်းပေးလိုက်၏။
တုလော့၏ မျက်နှာပြင်မှာ ချက်ချင်းပင် အရောင်ပြောင်းလဲသွားခဲ့ရသည်။ သူတို့တစ်မိသားစုလုံး၏ ပိုင်ဆိုင်မှုအားလုံးကို စုပေါင်းလိုက်လျှင်ပင်... သူမ တောင်းဆိုထားသော ပမာဏ၏ ဆယ်ပုံတစ်ပုံကိုပင် တတ်နိုင်ကြမည် မဟုတ်ပါချေ။
သူမက ဘယ်လိုဖြစ်လို့ ဤမျှလောက်အထိ မာနထောင်လွှားနေရတာလဲ။
"ဆုဘင်း... မင်းက အရင်တုန်းကအတိုင်း တစ်စက်ကလေးမှ မပြောင်းလဲသေးဘူးပဲ။" သူက သွားကြိတ်ရင်း ပြောဆိုလိုက်သည်။
"ရှင်က မတတ်နိုင်ဘူးဆိုရင်လည်း... လာပြီးတော့ အာဏာရှင်ဥက္ကဋ္ဌကြီး လို ပုံစံမျိုးနဲ့ ချက်လက်မှတ်အလွတ်ကြီး လာမပေးပါနဲ့။ ရှင်က ရုပ်ရှင်ရိုက်နေတယ်လို့ ထင်နေတာလား။"
ဆုဘင်းက မတ်တတ်ရပ်လိုက်သည်... "မစ္စတာလော့... ရှင်က ဒိုင်လူကြီးတွေကို လာဘ်ထိုးဖို့ ဒီလောက်တောင် လွယ်ကူတယ်လို့ ထင်နေတယ်ဆိုရင်လည်း... ဒီချက်လက်မှတ်ကို သူတို့ဆီ သွားပေးလိုက်လေ။ ပြီးတော့ တို့နေရာမှာ ဆုဟွေရှန်ကို အစားထိုးဖို့ သူတို့ သဘောတူ၊ မတူ ဆိုတာကို သွားပြီး စမ်းသပ်ကြည့်လိုက်ပါလားရှင်။"