အခန်း (၄၆) တို့တွေမှာ အချိန်တွေအများကြီး ရှိပါသေးတယ်
ဤသို့ဝတ်ဆင်ထားသော လုဟဲ့ထင်၏ ပုံစံမှာ တကယ်ကို ရယ်ချင်စရာ ကောင်းလှပေသည်။
သို့သော်ငြားလည်း သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး ရိုးသားဖြူစင်လွန်းလှ၏။
ဆုဘင်းသည်လည်း မရယ်မိအောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ရသော်လည်း... သူ၏ ပိုက်ဆံအိတ်ထဲက ဓာတ်ပုံကို ခိုးမကြည့်လိုက်ရသဖြင့် ရင်ထဲ၌ အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။
သို့သော်လည်း သူမ အလျင်စလို မဖြစ်ပါချေ။ အချိန်တွေက ရှိပါသေးသည်။
သူမအနေဖြင့် သူ၏ နှုတ်ထွက်စကားကို နားထောင်ရခြင်းထက်... မိမိဘာသာ အမှန်တရားကို ရှာဖွေဖော်ထုတ်ခြင်းက ပိုမို၍ စိတ်ချရသည်ဟု တွေးတောမိသောကြောင့် ဖြစ်၏။
"ဂွတ်နိုက်ပါ မစ္စတာလု။" ဆုဘင်းသည် မတ်တတ်ရပ်လိုက်ပြီးနောက် အဓိက အိပ်ခန်းကြီးဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
အတန်ကြာမှသာ လုဟဲ့ထင်က သြဇာနက်ရှိုင်းသော လေသံဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်... "ဂွတ်နိုက်ဗျာ။"
အဓိက အိပ်ခန်းတံခါးကြီး ပိတ်သွားခဲ့ပြီ ဖြစ်၏။ အခန်းထဲတွင် ထိုမိန်းကလေး၏ သွယ်လျလှပသော ခန္ဓာကိုယ်နှင့် တောက်ပလှသော အပြုံးလေးကို မမြင်တွေ့ရတော့သော်လည်း... သူ၏ မျက်စိရှေ့မှောက်တွင်မူ သူမ၏ ပုံရိပ်လွှာက ထင်ဟပ်နေဆဲ ဖြစ်ပေသည်။
လွန်ခဲ့သော (၅) နှစ်က အသက် (၁၈) နှစ်အရွယ် ရင့်ကျက်မှုမရှိသေးသော မိန်းကလေးငယ်လေးနှင့် နှိုင်းယှဉ်လျှင်... ယခုအခါ သူမသည် အချိန်ကာလနှင့်အမျှ ပိုမို၍ ဆွဲဆောင်မှု ရှိလာခဲ့ပြီ ဖြစ်၏။ အချိန်တန်၍ ရင့်မှည့်လာပြီးနောက် ပိုမိုချိုမြိန်ကာ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တော့သည့် အသီးအနှံလေးတစ်ခုအလား ဖြစ်ပေသည်။
‘ဆုဘင်း... တို့တွေမှာ ကမ္ဘာမြေကြီး ပျက်သုဉ်းတဲ့အထိ အချိန်တွေ အများကြီး ရှိပါသေးတယ်’ ဟု သူ မိမိဘာသာ ကျိတ်၍ တွေးလိုက်မိ၏။
နောက်တစ်နေ့ မနက်ခင်းတွင်... ဆုဘင်းသည် ကုမ္ပဏီသို့ သွားရန်အတွက် ပြင်ဆင်လိုက်သည်။
သူမအနေဖြင့် အိုရီဆာ နိုင်ငံတကာ ဖက်ရှင်ရှိုးကြီးသို့ တက်ရောက်ရတော့မည် ဖြစ်ရာ... ပြင်ဆင်စရာ အရာများစွာ ရှိနေခဲ့ပေသည်။
လုဟဲ့ထင်က သူမကို ကုမ္ပဏီအထိ ကားလိုက်ပို့ရန် ကမ်းလှမ်းလာခဲ့သည်... "ကိုယ့်ရဲ့ကားကို ဒီနားတင် ရပ်ထားတာ။"
ဆုဘင်းကလည်း သူ့ကို ငြင်းဆန်မနေတော့ပါချေ။
သူမ ကားပါကင်ထဲသို့ ရောက်ရှိသွားသည့် အချိန်ကျမှသာ... လုဟဲ့ထင် မောင်းနှင်နေသည်မှာ လုဝေကျန့်၏ ကားဖြစ်သော... အမြင်မပြာသော်လည်း လွန်စွာမှပင် တန်ဖိုးကြီးမားလှသည့် ဘန်တလေ ဇိမ်ခံကားကြီး ဖြစ်နေသည်ကို သတိရသွားတော့သည်။
"ဟဲ့ထင်... ကုမ္ပဏီနဲ့ နည်းနည်းဝေးတဲ့ နေရာမှာပဲ ကျွန်မကို ချပေးပါလားဟင်။ ဒီကားကြီးက အရမ်းကို ထင်သာမြင်သာ ရှိလွန်းလို့။"
"ဒါဆိုရင်လည်း နောက်တစ်ခေါက်ကျရင် ကိုယ် တခြားကားတစ်စီး ပြောင်းမောင်းခဲ့ပါ့မယ်။" သူက ပြန်လည်ဖြေကြားလိုက်၏
"မလုပ်ပါနဲ့ရှင်။ ရှင့်အနေနဲ့ မစ္စတာဝေကျန့် ခိုင်းစေတဲ့အတိုင်း ရှင့်ရဲ့အလုပ်ကိုပဲ အာရုံစိုက်လုပ်ပါ။ ကျွန်မအတွက်နဲ့ ကားတွေကို လျှောက်ပြောင်းနေလို့ ဘယ်ဖြစ်မလဲ။"
သူမ၏ ကျိုးကြောင်းပြချက်ကို မချေပနိုင်တော့သဖြင့် လုဟဲ့ထင်တစ်ယောက် တိတ်ဆိတ်သွားခဲ့ရသည်။
ဘာပဲဖြစ်ဖြစ်... သူသည် မိမိ၏ မူလအဆင့်အတန်းအမှန်ကို အခုအချိန်မှာ အပေါက်ခံပြီး... သူမကို ထိတ်လန့်ကာ ထွက်ပြေးသွားအောင် မလုပ်ချင်ပါချေ။ အကယ်၍ သူမသာ နောက်ထပ် (၅) နှစ်လောက်အထိ ထပ်မံ၍ ထွက်ပြေး ပျောက်ကွယ်သွားခဲ့မည်ဆိုလျှင်... သူ ဘယ်လိုမှ တောင့်ခံနိုင်တော့မည် မဟုတ်ပါဘူး။
၎င်းတို့ ကွမ်းယု အနုပညာ ကုမ္ပဏီအနီးသို့ ရောက်ရှိသွားသည့်အခါ လုဟဲ့ထင်က ကားကို ရပ်တန့်လိုက်ပြီးနောက် သူမကို ပြောလိုက်သည်... "ညနေကျရင် ကိုယ် မင်းကို လာကြိုပါ့မယ်။"
"မလာပါနဲ့ရှင်... ရှင့်ကို အလုပ်မရှုပ်စေချင်ပါဘူး။ ကျွန်မ တက္ကစီပဲ စီးပြန်လိုက်ပါ့မယ်။"
"ဆုဘင်း... ဥပဒေကြောင်းအရ ပြောရရင် ကိုယ်က မင်းရဲ့ ခင်ပွန်းလေ... ဟုတ်တယ်မလား။"
လုဟဲ့ထင်က သူ၏ ဦးခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း... သူမ၏ မျက်ဝန်းများကို ကြင်နာစွာ စိုက်ကြည့်ကာ ဆိုလိုက်၏။
ဆုဘင်းက ပြုံးလိုက်မိရင်း သဘောတူလိုက်ရတော့သည်... "ကောင်းပါပြီရှင်... ဒါပေမဲ့ ရှင့်ရဲ့ အလုပ်တွေကိုတော့ မထိခိုက်ပါစေနဲ့နော်။ ညနေကျရင် ကျွန်မ ရှင့်ဆီ ဖုန်းဆက်လိုက်ပါ့မယ်။"
သူမ ကုမ္ပဏီထဲသို့ လျှောက်လှမ်းဝင်ရောက်လာပြီးနောက်... ဆုဘင်းသည် ချိုးမင်းရွှမ်း၏ ရုံးခန်းဆီသို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့သည်။
သူမ တံခါးကို ခေါက်လိုက်ရာ မကြာမီမှာပင် တစ်စုံတစ်ဦးက တံခါးကို လာရောက်ဖွင့်ပေးခဲ့၏။ သို့သော်လည်း သူမကို အံ့အားသင့်သွားစေသည်မှာ... တံခါးလာဖွင့်ပေးသူမှာ ချိုးမင်းရွှမ်း မဟုတ်ဘဲ... တုလော့ ဖြစ်နေခြင်းပင်။
ခဏမျှ ဆုဘင်းတစ်ယောက် ဆွံ့အသွားခဲ့ရသော်လည်း... မကြာမီမှာပင် သူမ၏ မျက်ဝန်းအစုံမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ် တောက်ပသွားခဲ့သည်။
သူ၏ ညင်သာလှသော မျက်နှာပြင်မှာမူ လွန်ခဲ့သော နှစ်ပေါင်းများစွာကအတိုင်း ခန့်ညားချောမောနေဆဲ ဖြစ်ပေသည်။ အရောင်ဖျော့ဖျော့ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားသော သူ၏ ပုံစံမှာ... အရင်တုန်းက ဆုဘင်း အလွန်အမင်း သဘောကျခဲ့ရသော လူငယ်လေးတစ်ဦး၏ ပုံစံအတိုင်းပင် ရှိနေသေး၏။
သို့သော်ငြားလည်း... သူသည် ကောင်ကလေးတစ်ယောက် မဟုတ်တော့ပါချေ။ ယခုအခါ ပိုမို၍ ရင့်ကျက်လာခဲ့ပြီ ဖြစ်သည့်အပြင်... မုတ်ဆိတ်မွေး ခပ်ရေးရေးကိုပင် မေးစေ့ထက်တွင် ထားရှိထားသေးသည်။
သူက သူမကို ပြုံးပြလိုက်ရင်း... "ဝင်ခဲ့လေ... ဆုဘင်း။" ဟု ဆိုလိုက်၏။
သူမ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်... အထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်... "ကျွန်မ မင်းရွှမ်းနဲ့ ချိန်းထားတာ ရှိလို့ပါ။ သူမ ဘယ်မှာလဲဆိုတာ ရှင်သိလား။"
"ဆုဘင်း... ကိုယ် မင်းနဲ့ အရင်ဆုံး စကားပြောချင်လို့ပါ။" တုလော့က ဆိုသည်... "မင်းရွှမ်းက မကြာခင် ရောက်လာလိမ့်မယ်။"
"တို့နှစ်ယောက်ကြားမှာ ပြောစရာ စကား ဘာမှရှိမယ် မထင်ဘူး။" ဆုဘင်းက ဘာမဆိုင်ညာမဆိုင် လေသံဖြင့် အေးစက်စွာ ပြန်လည်ဖြေကြားလိုက်၏။ သူက ဆုဟွေရှန်ကိုသာ အကြွင်းမဲ့ ယုံကြည်ရန် ရွေးချယ်ခဲ့ကတည်းက... သူမသည် သူ့ကို မိမိ၏ နှလုံးသားထဲကနေ အပြီးအပိုင် မောင်းထုတ်ပစ်ခဲ့ပြီးသား ဖြစ်သည်။
လွန်ခဲ့သော (၅) နှစ်တာ ကာလအတွင်း... ဒါပေါင် လေး၏ တည်ရှိမှုက သူမ၏ အတိတ်က ဒဏ်ရာဒဏ်ချက်များစွာကို ကုစားပေးခဲ့သော်လည်း... အယုံအကြည် ပျက်စီးသွားခဲ့ပြီးနောက်ပိုင်းတွင်မူ သူမအနေဖြင့် ၎င်းအရာကို အလွယ်တကူ ခွင့်လွှတ်တတ်သူ မဟုတ်ပါချေ။
တုလော့သည် စားပွဲပေါ်သို့ ပမာဏ ရေးသားမထားသော ချက်လက်မှတ်အလွတ် တစ်စောင်ကို တင်လိုက်ပြီးနောက်... သူမ၏ ရှေ့မှောက်သို့ တွန်းပေးလိုက်ရင်း... "ဆုဘင်း... ဒါက မင်းအတွက်ပါ။"
"ဒါက ဘာသဘောလဲ။" ဆုဘင်းက မျက်ခုံးပင့်လိုက်ရင်း... သူ့ကို အေးစက်လှသော အကြည့်များဖြင့် စိုက်ကြည့်ကာ မေးမြန်းလိုက်ပေတော့သည်။