အခန်း (၄၅) မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံ
လုဟဲ့ထင်၏ ရင်ခုန်သံများက ရင်ဘတ်ထဲ၌ တဒိန်းဒိန်း ဆူညံနေခဲ့သည်။ ဆုဘင်း၏ အိမ်ခန်းလေးထဲသို့ သူ ပထမဦးဆုံးအကြိမ် ခြေလှမ်းလှမ်းဝင်ဖူးခြင်း ဖြစ်၏။
သူ့ရင်ထဲတွင် တားဆီးမရနိုင်သော စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးတစ်ခု တိုးဝှေ့နေခဲ့ပြီး... ၎င်းမှာ မိမိအလွန်လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သော ကစားစရာအရုပ်ကို နောက်ဆုံးတွင်မှ ရရှိသွားခဲ့သည့် ကလေးငယ်တစ်ဦးအလား ခံစားနေရခြင်း ဖြစ်သည်။
ဆုဘင်းအိမ်၏ အပြင်အဆင်မှာ လွန်စွာမှပင် ရိုးရှင်းလှပေသည်။ သူ အိမ်တံခါးဝသို့ ဝင်လိုက်သည်နှင့် တပြိုင်နက်... သူ၏ ခန္ဓာကိုယ်ပေါ်မှ စီးကျလာသော မိုးရေများက ကြမ်းပြင်ပေါ်တွင် ရေကွက်အဖြစ် စုဝေးသွားခဲ့ရ၏။
ထိုအချိန်ကျမှသာ ဆုဘင်းလည်း လုဟဲ့ထင်တစ်ယောက် မည်မျှလောက်အထိ ရွှဲရွှဲစိုနေခဲ့သည်ကို သတိပြုမိတော့သည်။
သူမသည် အိမ်စီးဖိနပ် ကို သူ့ထံသို့ ပျာပျာသလဲ ယူဆောင်ပေးလိုက်ရင်း... "အားနာလိုက်တာရှင်၊ ကျွန်မဆီမှာ အပိုဖိနပ် မရှိလို့ပါ။ ရှင့်အနေနဲ့ ကျွန်မရဲ့ ဖိနပ်ကိုပဲ စီးလိုက်ပါနော်။" ဟု ဆိုလိုက်၏။
"ကောင်းပြီလေ။" လုဟဲ့ထင်က ဖိနပ်ကို လှမ်းယူလိုက်ပြီး... ဖိနပ်ပေါ်က အမွှေးပွပွလေးကို ဖွဖွလေး ပွတ်သပ်လိုက်မိသည်။
"ရေချိုးခန်းက ဟိုဘက်မှာပါရှင်။ ကျွန်မ ရှင့်အတွက် ရေချိုးတံပတ်နဲ့ လဲဖို့ အဝတ်အစားအခြောက်တစ်စုံ သွားယူပေးပါ့မယ်။" ဆုဘင်းက ရေချိုးခန်းရှိရာဆီသို့ လက်ညှိုးညွှန်ပြရင်း ဆိုလိုက်သည်။
သူမသည် ဗီရိုထဲမှ ရေချိုးတံပတ်အသစ်တစ်ထည်ကို ထုတ်ယူလိုက်၏။ သို့သော်လည်း လဲလှယ်မည့် အဝတ်အစားများနှင့် ပတ်သက်လာသည့်အခါတွင်မူ သူမ တွန့်ဆုတ်သွားခဲ့ရသည်။ လုဟဲ့ထင်၏ ခန္ဓာကိုယ်နှင့် တော်စပ်နိုင်ခြေရှိသော တစ်ခုတည်းသော အဝတ်အစားမှာ... သူမ ကိုယ်ဝန်ဆောင်ထားစဉ်တုန်းက ဝတ်ဆင်ခဲ့သည့် ညအိပ်ဝတ်စုံအဟောင်းလေးတစ်စုံသာ ရှိသောကြောင့် ဖြစ်၏။
သူမ၏ အဝတ်အစားအသစ်များကတော့ သူ၏ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးနှင့် ဆိုလျှင် သေချာပေါက် သေးငယ်ကျပ်ညပ်နေပေလိမ့်မည်။
သူမ ရေချိုးခန်းတံခါးကို ခေါက်လိုက်ရင်း... "မစ္စတာလု... ရှင့်ရဲ့ စိုနေတဲ့ အဝတ်အစားတွေကို ကျွန်မကို ပေးပါလားဟင်။ လျှော်ပေးထားပါ့မယ်။" ဟု ပြောလိုက်သည်။
ရေချိုးခန်းတံခါးအဟအကွဲလေးကြားမှတစ်ဆင့် သူ၏ အဝတ်အစားအစိုများကို လှမ်းယူပြီးနောက်... ဆုဘင်းသည် အဝတ်အစားများကို အဝတ်လျှော်စက်ထဲသို့ ထည့်ကာ အခြောက်ခံစနစ် မနှိပ်ခင်... အိတ်ကပ်ထဲတွင် ရှိနေသော ပစ္စည်းများကို အကျင့်ပါအတိုင်း နှိုက်ယူစစ်ဆေးလိုက်၏။
သူမ နှိုက်ယူမိလိုက်သည့် ပစ္စည်းမှာ သူ၏ ပိုက်ဆံအိတ် ဖြစ်ပေသည်။ ၎င်းမှာ အနည်းငယ် စိုစွတ်နေသဖြင့်... သူမက ဆံပင်အခြောက်ခံစက် ဖြင့် သေသေချာချာ မှုတ်ပြီး အခြောက်ခံပေးလိုက်ရှာသည်။
သို့သော် ထိုခဏ၌ ပိုက်ဆံအိတ်သည် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် ပြုတ်ကျသွားခဲ့ပြီး ဘေးနှစ်ဖက်လုံး ပွင့်အာသွားခဲ့ရ၏။ သူမ ပျာပျာသလဲဖြင့် ကောက်ယူကာ ပြန်ပိတ်လိုက်သော်လည်း... ၎င်း၏ အထဲတွင် ထည့်ထားသော ဓာတ်ပုံတစ်ပုံကိုမူ မသိမသာ မြင်တွေ့လိုက်ရပေသည်။
၎င်းဓာတ်ပုံကို သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်ငြားလည်း... ၎င်းမှာ မိန်းကလေးတစ်ယောက်၏ ဓာတ်ပုံ ဖြစ်ကြောင်းကိုမူ သူမ အသေအချာ အာမခံနိုင်ပေသည်။
အခြားသူများ၏ ပိုင်ဆိုင်မှုကို ခိုးယူကြည့်ရှုခြင်းမှာ မကောင်းမှန်း သူမ သိရှိသော်လည်း... သူ၏ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းကိုမူ မချစ်သော်လည်း အောင့်ကာနမ်း စူးစမ်းချင်စိတ် ပေါက်ပွားလာခဲ့ရ၏။
အရေးအကြီးဆုံးအချက်မှာ... သူ၏ ရင်ထဲ၌ သူအလွန်အမင်း ချစ်မြတ်နိုးရသော အမျိုးသမီး ရှိနေသလား၊ မရှိဘူးလား ဆိုသည်ကို သူမ သိရှိလိုခြင်း ဖြစ်ပေသည်။
‘အမေရိကန်မှာတုန်းကတော့... ငါ့မှာ ဒါပေါင် ကို ကူညီစောင့်ရှောက်ပေးမယ့် သူငယ်ချင်းတွေ အများကြီး ရှိခဲ့တယ်။ ငါ လိုအပ်တဲ့ အချိန်တိုင်း သူ့ကို သူတို့ဆီမှာ အပ်နှံထားလို့ ရခဲ့တာပဲ။ ဒါပေမဲ့... လုဟဲ့ထင်က ဒါပေါင်ရဲ့ အရည်အသွေးတူ သွေးသားအရင်းအချာ ဖခင်အရင်းကြီးလေ။ ကလေးတစ်ယောက်အတွက်တော့ ပြင်ပလူတစ်ယောက်နဲ့ နေရတာထက် မိမိရဲ့ ဖခင်အရင်းနဲ့ အတူတူ နေထိုင်ရတာက ပိုမိုပြီး ကောင်းမွန်မှာ သေချာပါတယ်။ ဒါပေမဲ့... တကယ်လို့ လုဟဲ့ထင်ရဲ့ ရင်ထဲမှာ သူချစ်ရတဲ့ အမျိုးသမီး ရှိနေပြီးသားဆိုရင်တော့... ငါ သူ့ရဲ့ ဘဝထဲကို ဝင်ရောက်ပြီး မနှောင့်ယှက်သင့်တော့ဘူး။ ဒါပေါင်လည်း သူတစ်ပါးရဲ့ မိသားစုကို ဖျက်ဆီးပြီး အပိုလူတစ်ယောက်အဖြစ် အဖြစ်မခံနိုင်ဘူး။’ ဆုဘင်း မိမိဘာသာ တွေးတောမိနေ၏။
သူမသည် သူ၏ ပိုက်ဆံအိတ်ပေါ်သို့ လက်ကလေးတင်လိုက်ရင်း... ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ "ငါ အမြန်လေးပဲ တစ်ချက်လောက် ခိုးကြည့်လိုက်မယ်။ သူ ကြိုက်နေတဲ့သူ ရှိမရှိဆိုတာကိုပဲ သိချင်ရုံတင်ပါပဲ။ ဘာပဲဖြစ်ဖြစ်... ငါက သူ့ရဲ့ တရားဝင် ဇနီးအမည်ခံတစ်ယောက်ပဲဥစ္စာ... ဟုတ်တယ်မလား။"
ထိုအချိန်တွင် လုဟဲ့ထင်တစ်ယောက် ရေချိုးခန်းထဲမှ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။ ၎င်းညအိပ်ဝတ်စုံမှာ ဆုဘင်းပိုင်ဆိုင်သမျှ အဝတ်အစားများအနက် အကြီးဆုံး ဖြစ်သော်လည်း... သူ၏ ခန္ဓာကိုယ်နှင့်မူ အနည်းငယ် ကျပ်ညပ်နေဆဲ ဖြစ်ပေသည်။
သို့သော်ငြားလည်း... ၎င်းညအိပ်ဝတ်စုံထက်တွင် ဆုဘင်း၏ ခန္ဓာကိုယ်ဆီကရသော အနံ့အသက်လေးနှင့် ထပ်တူကျလှသော သင်းပျံ့သည့် ရနံ့လေးက စွဲကျန်နေသဖြင့်... သူ လွန်စွာမှပင် ကျေနပ်အားရနေခဲ့ရ၏။
သူသည် ဧည့်ခန်းထဲတွင် မတ်တတ်ရပ်လိုက်ရင်း... ဆုဘင်း၏ ကျော့ရှင်းလှပလှသော ကျောပြင်လေးကို စိုက်ကြည့်နေမိသည်။ မှောင်မိုက်လှသော ညဉ့်ရိပ်ကြားတွင် သူ၏ မျက်ဝန်းများမှာ ကြင်နာယုယမှုများဖြင့် အရောင်တောက်နေခဲ့၏
သူမသည် မည်သည့်ဇနီးမယားမဆို မိမိခင်ပွန်းအတွက် လုပ်ဆောင်ပေးလေ့ရှိသည့်အတိုင်း... သူ၏ အဝတ်အစားများကို လျှော်ဖွတ်ပေးကာ အခြောက်ခံပေးနေခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏ ကျောပြင်လေးကို နောက်ကနေ သိုင်းဖက်ပွေ့ဖက်ထားလိုက်ချင်သော အာသာဆန္ဒများက သူ့ရင်ထဲ၌ တားဆီးမရအောင် ပေါက်ပွားလာခဲ့ရ၏။
သို့သော်လည်း... သူမကို ထိတ်လန့်ခြောက်ခြားသွားအောင် မလုပ်ချင်သဖြင့်... သူသည် မိမိ၏ လက်သည်းများကို လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်စေရင်း မိမိကိုယ်ကိုယ် မနည်း ထိန်းချုပ်လိုက်ရရှာသည်။
ဆုံးဖြတ်ချက်ချပြီးနောက် ဆုဘင်းတစ်ယောက် ပိုက်ဆံအိတ်ကို ဖွင့်ရန် ပြင်လိုက်သည့် ထိုခဏမှာပင်... နောက်ကွယ်မှနေ၍ သြဇာနက်ရှိုင်းလှသော အမျိုးသားတစ်ဦး၏ လေသံကြီးက ထွက်ပေါ်လာခဲ့တော့သည်... "မစ်ဆု။"
မကောင်းမှုလုပ်နေစဉ် မိသွားသည့်အလား ဆုဘင်းတစ်ယောက် ရင်ထဲ၌ ထိတ်လန့်သွားရကာ... ချက်ချင်းလှည့်၍ ပိုက်ဆံအိတ်ကို သူ့ထံသို့ ပျာပျာသလဲ လှမ်းပေးလိုက်ရင်း... "မစ္စတာလု... ရှင့်ရဲ့ ပိုက်ဆံအိတ် ဒီမှာပါ။ အဲ့ဒါက အနည်းငယ် စိုနေလို့... ကျွန်မ ခုနက ဆံပင်အခြောက်ခံစက်နဲ့ မှုတ်ပြီး အခြောက်ခံပေးထားတာပါ။" ဟု ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ်ဗျာ။" လုဟဲ့ထင်က ပိုက်ဆံအိတ်ကို လှမ်းယူရင်း ဆိုလိုက်သည်။
ထိုအချိန်ကျမှသာ ဆုဘင်းလည်း သူမ၏ ပန်းရောင် ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားသော သူ၏ ပုံစံကြီးကို သေသေချာချာ သတိပြုမိတော့သည်။ ၎င်းဝတ်စုံမှာ သူမ ကိုယ်ဝန်ဆောင်ထားစဉ်တုန်းက ဝတ်ခဲ့ခြင်း ဖြစ်သော်လည်း... လုဟဲ့ထင်ကဲ့သို့ ထွားကျိုင်းလှသော အမျိုးသားကြီးအတွက်မူ လွန်စွာမှပင် သေးငယ်ပြီး တိုတောင်းလွန်းလှပေတော့သည်။